မာတိကာသို့ ခုန်သွားရန်

အာဇာနည် ခေါင်းဆောင်ကြီးများ

ဝီကီပီးဒီးယား မှ
(အာဇာနည်(၉)ဦး မှ ပြန်ညွှန်းထားသည်)

၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့တွင် ရန်ကုန်မြို့ရှိ ဝန်ကြီးများရုံးဗိုလ်ချုပ် အောင်ဆန်း အပါအဝင် မြန်မာ့နိုင်ငံရေးတွင် အလွန်အရေးပါသော ခေါင်းဆောင်ကြီး (၉) ဦးဖြစ်သည့် -

  1. ဗိုလ်ချုပ် အောင်ဆန်း
  2. သခင်မြ
  3. ဒီးဒုတ်ဦးဘချို
  4. ဦးရာဇတ်
  5. မန်းဘခိုင်
  6. မိုင်းပွန်စော်ဘွားကြီး စဝ်စံထွန်း
  7. ဦးဘဝင်း
  8. ဦးအုန်းမောင်
  9. ရဲဘော် ကိုထွေး

တို့ ကျဆုံးခဲ့သည်။ ထိုနေ့ကို အာဇာနည်နေ့ဟု သတ်မှတ်ပြီး ယနေ့ထက်တိုင် အောက်မေ့ သတိရလျက် နှစ်စဉ် အာဇာနည်နေ့ အခမ်းအနား ကျင်းပလျက်ရှိသည်။

ဗိုလ်ချုပ် အောင်ဆန်း (၁၉၁၅ - ၁၉၄၇)

[ပြင်ဆင်ရန်]
အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - ဗိုလ်ချုပ် အောင်ဆန်း
ဗိုလ်ချုပ် အောင်ဆန်း

၁၉၁၅ ခု၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် မကွေးတိုင်း၊ တောင်တွင်းကြီး ခရိုင်၊ နတ်မောက်မြို့တွင် ရှေ့နေ ဦးဖာ - ဒေါ်စု တို့မှ နောင်တစ်ခေတ်တွင် ဗိုလ်ချုပ် အောင်ဆန်း ဟူ၍ မြန်မာနိုင်ငံ သမိုင်း၌ တွင်စေမည့် သားရတနာကို ဖွားမြင်ခဲ့သည်။ ဇာတာအမည်မှာ မောင်ထိန်လင်း ဖြစ်သော်လည်း ငယ်စဉ်ကပင် မောင်အောင်ဆန်းဟု တွင်သည်။ ငယ်စဉ်က နတ်မောက်မြို့ ဆရာတော် ဦးသောဘိတကျောင်း၌ နေခဲ့သည်။ ၁၉၂၈ ခုနှစ်တွင် ရေနံချောင်း အမျိုးသား အထက်တန်း ကျောင်းသို့ ပြောင်းရွှေ့ ပညာသင်ယူခဲ့ပြီး၊ ယင်းကျောင်းမှ မြန်မာ၊ ပါဠိ ၂ ဘာသာ ဂုဏ်ထူးဖြင့် ၁ဝ တန်း အောင်မြင်ခဲ့သည်။ ပညာထူးချွန်သူဖြစ်၍ အထက်တန်း စကောလားရှစ်နှင့် ဦးရွှေခိုဆု ရရှိခဲ့ဖူးသည်။ ထိုနောက် ရန်ကုန်တက္ကသိုလ်သို့ တက်ရောက်ပြီး ဆက်လက် ပညာဆည်းပူးခဲ့သည်။ ၁၉၃၅ - ၃၆ ပညာသင်နှစ်မှစ၍ ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ အမှုဆောင်အဖွဲ့ဝင် ဖြစ်လာခဲ့ပြီး၊ သမဂ္ဂ၏ အာဘော် အိုးဝေမဂ္ဂဇင်း အယ်ဒီတာလည်းဖြစ်လာခဲ့သည်။ ကိုအောင်ဆန်း အယ်ဒီတာအဖြစ် ဆောင်ရွက်သော အိုးဝေမဂ္ဂဇင်းတွင် ယမမင်း အမည် အိုးဝေ ညိုမြ ရေးသားသော “ငရဲခွေးကြီး လွတ်နေပြီ" ခေါင်းစဉ်ဖြင့် စာတစ်စောင်သည်လည်း ၁၉၃၆ ခုနှစ် ဒုတိယ ကျောင်းသားသပိတ် ဖြစ်ပွားစေခဲ့သော အဓိက အကြောင်းရင်း တစ်ချက်ဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်းသည် ၁၉၃၆ ဒုတိယ ကျောင်းသားသပိတ်၏ သပိတ်မှောက်ကောင်စီ အဖွဲ့ဝင်တစ်ဦးလည်း ဖြစ်ခဲ့သည်။ ၁၉၃၆ ခုနှစ် တက္ကသိုလ်သပိတ်အပြီးတွင် ပေါ်ပေါက်လာသော ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂကြီးကို ဦးစီး တည်ထောင်သူ တစ်ဦးလည်းဖြစ်ပြီး၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂတွင် ပထမဆုံး အတွင်းရေးမှူးဖြစ်လေသည်။ ၁၉၃၇ - ၃၈ တွင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သည်။ ၁၉၃၇ ခုနှစ်တွင် ဝိဇ္ဇာတန်းကို အောင်ပြီး၊ ဥပဒေ ဝိဇ္ဇာတန်းသို့ ဆက်တက်ခဲ့သည်။ ၁၉၃၈ ခုနှစ်တွင် တက္ကသိုလ်မှ ထွက်ပြီး သခင်ကိုယ်တော်မှိုင်း ကြီးမှူးသော တို့ဗမာအစည်းအရုံးသို့ ဝင်ရောက်၍ သခင်အောင်ဆန်းအဖြစ် နိုင်ငံရေးနယ်ပယ်သို့ ခြေစုံပစ်ဝင်ခဲ့သည်။ ၁၉၃၉ တွင် တို့ဗမာအစည်းအရုံး၏ အတွင်းရေးမှူးအဖြစ် တက်မြောက်ခြင်းခံရသည်။

သခင်အောင်ဆန်းသည် ဒုတိယကမ္ဘာစစ် ဖြစ်လာ၍ မြန်မာ့လွတ်လပ်ရေးအတွက် စည်းစည်းလုံးလုံး ဆောင်ရွက်နိုင်ရန် ဖွဲ့စည်းခဲ့သော ဗမာထွက်ရပ်ဂိုဏ်းတွင် အတွင်းရေးမှူးအဖြစ်လည်း တာဝန်ယူခဲ့သည်။ မြန်မာ့လွတ်လပ်ရေးအတွက် လက်နက်ကိုင်တော်လှန်ရေး ဆင်နွဲရန် ပေါ်ပေါက်ခဲ့သော ပြည်သူ့အရေးတော်ပုံပါတီ (ဆိုရှယ်လစ်ပါတီ)၏ ပြည်ပဆက်သွယ်ရေးခေါင်းဆောင် တာဝန်ကိုလည်း ယူခဲ့သည်။ ၁၉၄ဝ မတ်လ အတွင်း အိန္ဒိယနိုင်ငံ၊ ရမ်းဂါးမြို့၌ ကျင်းပသော အိန္ဒိယ အမျိုးသား ကွန်ဂရက် ညီလာခံသို့ တက်ရောက်ခဲ့သည်။ သခင်အောင်ဆန်းအား အင်္ဂလိပ်နယ်ချဲ့အစိုးရကို ဆန့်ကျင်ဟောပြောမှုဖြင့် ဖမ်းဆီးရန် ဟင်္သာတခရိုင် ရာဇဝတ်ဝန် ဆုငွေ ၅ ကျပ်ဖြင့် ဖမ်းဝရမ်း ထုတ်ခဲ့သည်။ ၁၉၄ဝ ဩဂုတ်လအတွင်း မြန်မာ့ လွတ်လပ်ရေးအတွက် အင်္ဂလိပ်နယ်ချဲ့အစိုးရအား မြန်မာ့ မြေပေါ်မှ လက်နက်အားဖြင့် မောင်းထုတ်နိုင်ရန်အတွက် နိုင်ငံခြားမှ အကူအညီရယူရန် တရုတ်နိုင်ငံသို့ စွန့်စားထွက်ခွာခဲ့သည်။ တရုတ်ပြည်၌ သောင်တင်နေစဉ် မြန်မာနိုင်ငံမှ ရဲဘော်များ၏ စီစဉ်ဆောင်ရွက်ပေးမှုကြောင့် ဂျပန်အရာရှိနှင့် အဆက်အသွယ်ရကာ ဂျပန်နိုင်ငံသို့ ရောက်သွားသည်။ ဂျပန်ပြည်တွင် ‘ဗမာ့လွတ်လပ်ရေးစီမံကိန်း’ စာတမ်းတစ်ရပ်ကို ရေးဆွဲကာ ဂျပန် စစ်အာဏာပိုင်များနှင့် ညှိနှိုင်းခဲ့သည်။ ယင်းစီမံကိန်းအရ မြန်မာပြည်အတွင်းမှ မျိုးချစ် လူငယ်များကို စုစည်းကာ အလီလီ ခွဲလျက် ဂျပန်ပြည်သို့ ပို့ပေးခဲ့သည်။ ဤမျိုးချစ် လူငယ်တစ်စုသည်ပင်လျှင် နောင်သောအခါတွင် ဗိုလ်တေဇ (ခေါ်) ဗိုလ်အောင်ဆန်း ခေါင်းဆောင်သည့် ရဲဘော်သုံးကျိပ် ဖြစ်လာခဲ့သည်။ ဤမျိုးချစ်လူငယ်များသည် ဗမာ့လွတ်လပ်ရေးတပ်မတော် (ဘီအိုင်အေ) ကို ယိုးဒယားနိုင်ငံ (ယခု ထိုင်းနိုင်ငံ)၊ ဘန်ကောက်မြို့တွင် ဖွဲ့စည်းတည်ထောင်ကာ မြန်မာနိုင်ငံအတွင်းသို့ ဂျပန်များနှင့်အတူ ဝင်ရောက်တိုက်ခိုက်ခဲ့သည်။

ဂျပန် တပ်မတော်က မြန်မာနိုင်ငံကို သိမ်းပြီးသောအခါ အင်အားကြီးထွားပြီး ဗရမ်းဗတာဖြစ်လာသော ဗမာ့လွတ်လပ်ရေးတပ်မတော်ကို အင်အားလျော့ချပြီး ဗမာ့ကာကွယ်ရေးတပ်မတော် (ဘီဒီအေ) အဖြစ် ပြန်လည်ဖွဲ့စည်းသည့်အခါ ဗိုလ်ချုပ် အောင်ဆန်းသည် ဘီဒီအေ၏ စစ်သနာပတိဖြစ်လာသည်။ ၁၉၄၂ ခုနှစ်၊ စက်တင်ဘာလတွင် သူနာပြုဆရာမ ဒေါ်ခင်ကြည်နှင့် လက်ထပ်သည်။ မြန်မာနိုင်ငံကို ဂျပန်က ရွှေရည်စိမ် လွတ်လပ်ရေးပေးသောအခါ ဗိုလ်ချုပ် အောင်ဆန်းသည် စစ်ဝန်ကြီးနှင့် စစ်သေနာပတိ ဖြစ်လာသည်။ ဖက်ဆစ် ဂျပန် စစ်အုပ်ချုပ်ရေးသမားများသည် မြန်မာနိုင်ငံနှင့် ပြည်သူတို့အား ဖက်ဆစ်နိုင်ငံ၏ လက်အောက်ခံ နိုင်ငံ တစ်နိုင်ငံသဖွယ် သဘောထားလာကြသည်။ ထို့ကြောင့် ၁၉၄၄ ခုနှစ်၊ ဩဂုတ်လအတွင်းမှာ ဗိုလ်ချုပ် အောင်ဆန်းနှင့် သခင် စိုးတို့ ဦးဆောင်ပြီး ဖက်ဆစ်တိုက်ဖျက်ရေးနှင့် ပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ် (ဖဆပလ) ကို ဖွဲ့စည်းတည်ထောင်ကာ ၁၉၄၅ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့တွင် ဗမာ့ကာကွယ်ရေးတပ်မတော်သည် ဗိုလ်ချုပ် အောင်ဆန်း၏ တိုက်ရိုက်ကွပ်ကဲညွှန်ကြားမှုဖြင့် ဖက်ဆစ် ဂျပန်တို့ကို အတိအလင်း စစ်ကြေညာကာ ဖက်ဆစ်တော်လှန်ရေးကို ဆင်နွှဲခဲ့သည်။ ဒုတိယကမ္ဘာစစ်ကြီး ပြီးနောက်တွင် ဗမာ့တပ်မတော်ကို ဂန္ဒီစာချုပ်အရ ဆက်လက် ဖွဲ့စည်းတည်ထောင်ပြီးနောက် ဗိုလ်ချုပ် အောင်ဆန်းသည် တပ်မတော်မှ နုတ်ထွက်ကာ နိုင်ငံရေး ခေါင်းဆောင် ဖဆပလ ဥက္ကဋ္ဌအဖြစ် တိုင်းပြည် တာဝန်ကို ဆက်လက် ထမ်းဆောင်ခဲ့သည်။

ဒုတိယကမ္ဘာစစ်အပြီးတွင် မြန်မာနိုင်ငံ ဘုရင်ခံ ဆာဒေါ်မန်စမစ်က ဗိုလ်ချုပ် အောင်ဆန်း အပါအဝင် ဖဆပလ ခေါင်းဆောင်များအား ဘုရင်ခံ၏ အမှုဆောင် ကောင်စီတွင် ရာထူးလက်ခံရန် စကားကမ်းလှမ်းသော်လည်း ဖဆပလမှ ချမှတ်ထားသော စည်းကမ်းချက်များအတိုင်း မရ၍ ဗိုလ်ချုပ် အောင်ဆန်းတို့က လက်မခံခဲ့ဘဲ၊ ဘုရင်ခံရဲ့ စက္ကူဖြူ စီမံကိန်း တိုက်ဖျက်ရေးကိုသာ ပြည်သူလူထုအား စည်းရုံးကာ အင်တိုက်အားတိုက် ဆောင်ရွက်ခဲ့သဖြင့်၊ ပုလိပ် သပိတ် အပါအဝင် အထွေထွေ အမူထမ်းပေါင်းစုံ သပိတ်ကြီး ပေါ်ပေါက်လာပြီး၊ နယ်ချဲ့အင်္ဂလိပ်တို့၏ အုပ်ချုပ်ရေး ရပ်တန့်သွားခဲ့ရသည်။ ဗြိတိသျှ အစိုးရလည်း ဘုရင်ခံ ဆာဒေါ်မန်စမစ်ကို အင်္ဂလန်သို့ပြန်ခေါ်ပြီး၊ ဘုရင်ခံအသစ်အဖြစ် ဆာဟူးဘတ်ရန်စ်ကို ခန့်အပ်လိုက်သည်။ ဘုရင်ခံသစ် ဆာဟူးဘတ်ရန်စ်က ဗိုလ်ချုပ်တို့အလိုကျ အစိုးရ ဖွဲ့စည်းရန် စကားကမ်းလှမ်းလာတော့သည်။ ထိုကမ်းလှမ်းချက်များကို ဖဆပလနှင့် ဆွေးနွေးညှိနှိုင်းကြပြီးနောက် ဗိုလ်ချုပ် အောင်ဆန်းနှင့် ဖဆပလ ခေါင်းဆောင်များသည် ဘုရင်ခံ၏ အမှုဆောင် ကောင်စီဝင် ရာထူးကို ယူလိုက်ကြသည်။ ထိုကြောင့် ၁၉၄၆ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်နေ့မှစ၍ ဗိုလ်ချုပ် အောင်ဆန်းသည် ဘုရင်ခံ၏ အမှုဆောင်ကောင်စီ ဒုတိယဥက္ကဋ္ဌဖြစ်လာသည်။ ထိုနောက် တစ်နှစ်အတွင်း လုံးဝ လွတ်လပ်ရေးရရှိရေး ဆောင်ပုဒ်အရ မြန်မာ့လွတ်လပ်ရေးကိစ္စ ဆွေးနွေးရန် ဗြိတိသျှ လေဘာ အစိုးရ၏ ဖိတ်ကြားချက်အရ မြန်မာကိုယ်စားလှယ်အဖွဲ့ကို ဗိုလ်ချုပ် အောင်ဆန်း ဦးဆောင်ပြီး ၁၉၄၇ ခု၊ ဇန်နဝါရီလတွင် လန်ဒန်သို့ သွားရောက် ခဲ့သည်။ ထိုဆွေးနွေးပွဲမှ မြန်မာနိုင်ငံအား တစ်နှစ်အတွင်း လွတ်လပ်ရေးပေးမည့် အောင်ဆန်း - အက်တလီ စာချုပ် ချုပ်ဆိုနိုင်ခဲ့သည်။

သို့သော် မြန်မာနိုင်ငံကို လွတ်လပ်ရေး ပေးရာတွင် ဗြိတိသျှတို့က တောင်တန်း ဒေသများကို ချန်ထား လိုသောကြောင့် ဗိုလ်ချုပ် အောင်ဆန်းက တောင်တန်း ဒေသ ကိုပါ တပါတည်း လွတ်လပ်ရေး ပေးရန် တောင်းဆို ခဲ့ပြီး၊ တောင်တန်း ဒေသနှင့် မြန်မာပြည်ပ ပေါင်းစည်း အတွက် အားသွန် ကြိုးပမ်း ခဲ့ပြန်သည်။ ဗိုလ်ချုပ် အောင်ဆန်း၏ ကြိုးစား ရိုးသားမှုကြောင့် တောင်တန်း ဒေသ တိုင်းရင်းသား ခေါင်းဆောင်များ၏ ယုံကြည် ကိုးစားမှု ကိုပါ ရရှိခဲ့ပြီး၊ မြန်မာနိုင်ငံ သမိုင်းတွင် အရေးပါသော တိုင်းရင်းသား ပေါင်းစုံ သွေးစည်း ညီညွတ်ရေး သင်္ကေတ ဖြစ်ခဲ့သည့် ပင်လုံ စာချုပ် ချုပ်ဆို နိုင်ခဲ့သည်။

သခင်မြ (၁၈၉၇ - ၁၉၄၇)

[ပြင်ဆင်ရန်]
အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - သခင်မြ
သခင်မြ

သခင်မြသည် ပြည်မြို့နယ် ထုံးဘိုရွာ ဇာတိ ဖြစ်သည်။ အဖ ဦးဘိုးချွန်နှင့် အမိ ဒေါ်သက်လယ် တို့မှ ၁၈၉၇ ခုနှစ် အောက်တိုဘာလ ၇ ရက်နေ့တွင် ဖွားမြင်သည်။ ငယ်နာမည် မောင်ဘရွှေ ဖြစ်သည်။ ညီမ မမြငွေ တစ်ဦးသာ ရှိ၍ နောင်အခါ သီလရှင် ဝတ်သွားပြီး ဒေါ်ခေမာဝတီ ဖြစ်လာခဲ့သည်။သာယာဝတီ အေဘီအမ် ကျောင်းမှ သတ္တမတန်း အောင်ပြီး ဆယ်တန်းကို ရန်ကုန် ဘက်ပတစ် အထက်တန်း ကျောင်းမှ အောင်သည်။ ၁၉၁၈ ခုနှစ်တွင် ရန်ကုန် ကောလိပ်နှင့် ကာလတ္တား တက္ကသိုလ်တို့မှ အိုင်အက်စ်စီ တန်းကို ဓာတုဗေဒ ဂုဏ်ထူးဖြင့် အောင်သည်။

၁၉၂ဝ ပြည့်နှစ် တက္ကသိုလ် သပိတ်မှောက် ကောင်စီတွင် ဒုတိယ ဥက္ကဋ္ဌ ဖြစ်ခဲ့သည်။ ယင်း သပိတ်နောက် ပေါ်လာသော အမျိုးသား ပညာရေး ကောင်စီ တွင်လည်း အဖွဲ့ဝင် တစ်ဦး ဖြစ်ရုံမက ကြည့်မြင်တိုင် အမျိုးသား အထက်တန်း ကျောင်းအုပ်လည်း လုပ်ခဲ့ ဖူးသည်။ ၁၉၂၄ ခုနှစ်တွင် ဘီအက်စ်စီတန်းကို ဓာတုဗေဒ ဂုဏ်ထူးဖြင့် အမျိုးသား ကောလိပ်မှပင် အောင်သည်။ ၁၉၂၆ ခုနှစ်တွင် ဒေါ်ခင်ညွန့်နှင့် လက်ထပ်သည်။

၁၉၂၇ခုနှစ်တွင် ဥပဒေ ဝိဇ္ဇာဘွဲ့ အောင်ပြီးသောအခါ သာယာဝတီသို့ ပြန်၍ ရှေ့နေ အလုပ်ဖြင့် အသက် မွေးသည်။ ၁၉၃ဝ ပြည့်နှစ် တောင်သူ လယ်သမား အရေးတော်ပုံတွင် အရေးတော်ပုံ သားများ ဘက်မှ ရှေ့နေ လိုက်ရာမှ ထင်ရှား လာသည်။

၁၉၃၆ ခုနှစ် ရောက်သော် တို့ ဗမာ အစည်းအရုံး ဝင်ရာမှ သခင် ဖြစ်လာပြီး သခင်မြဟု ထင်ရှား လာခဲ့သည်။

ထို့နောက် တို့ဗမာ အစည်းအရုံး၏ ကိုယ်ပွား ဖြစ်သော ‘ကိုယ့်မင်းကိုယ်ချင်း အဖွဲ့’၏ ဥက္ကဋ္ဌ ဖြစ်လာသည်။ ကိုယ်မင်းကိုယ်ချင်းအဖွဲ့၏ တာဝန်ပေးချက်အရ သာယာဝတီ တောင်ပိုင်းမှ အမတ်အဖြစ် ဝင်ရောက် ယှဉ်ပြိုင်ရာ အရွေးခံရ၍ ၉၁ ဌာနခေတ် ဥပဒေပြု လွှတ်တော် အမတ် ဖြစ်လာသည်။ ထို့ကြောင့် ဥပဒေပြု လွှတ်တော် အတွက် ပထမဆုံး အရွေးခံ ရသော သခင် အမတ် သုံးဦး အနက် တစ်ဦး အပါအဝင် ဖြစ်ခဲ့သည်။ ထိုသို့ အမတ် အဖြစ် အရွေးခံ ရသော်လည်း အင်္ဂလိပ် နယ်ချဲ့ အုပ်စိုးမှုကို ဆန့်ကျင်သည့် အနေဖြင့် အမတ်လစာ မယူသည့် သခင်အမတ်တစ်ဦးလည်း ဖြစ်သည်။

ပြည်သူ့ အရေးတော်ပုံပါတီ ဖွဲ့သော အခါတွင် သခင်မြက ပြည်တွင်း ခေါင်းဆောင် တာဝန် ယူခဲ့ ရသည်။ ၁၉၄၁ ခုတွင် တို့ဗမာအစည်းအရုံး ဥက္ကဋ္ဌ အဖြစ် တင်မြှောက် ခံရသည်။ ရဲဘော် သုံးကျိပ် ဂျပန် နိုင်ငံသို့ စစ်ပညာသင် သွားနိုင်ရေး အတွက် စီစဉ် ဆောင်ရွက် ပေးခဲ့ရသူ တဦးလည်း ဖြစ်သည်။ ဒေါက်တာ ဘမော် ဦးဆောင်သော ဂျပန်ခေတ် လွတ်လပ်ရေး အစိုးရ အဖွဲ့တွင် ဒုတိယဝန်ကြီးချုပ် ဖြစ်သည်။ ဖက်ဆစ် တော်လှန်ရေး အတွက် ဖဆပလကို ဖွဲ့သော အခါ ပြည်သူ့ အရေးတော်ပုံ ပါတီကို ကိုယ်စားပြု၍ သခင်မြလည်း ပါဝင် ခဲ့သည်။

၁၉၄၅ ခုနှစ်တွင် ပြည်သူ့ အရေးတော်ပုံ ပါတီကို မြန်မာပြည် ဆိုရှယ်လစ် ပါတီဟု ပြင်ဆင် ဖွဲ့စည်းသောအခါ သခင်မြပင် ဥက္ကဋ္ဌ ဖြစ်လာသည်။ စစ်ပြီးစ ဖဆပလ အဖွဲ့၏ ဗဟို အလုပ်အမှုဆောင် တဦးလည်း ဖြစ်ခဲ့သည်။ စစ်ပြီးခေတ် ဗိုလ်ချုပ် အောင်ဆန်း ဦးစီးသော ကြားဖြတ် အစိုးရ အဖွဲ့တွင် ဘဏ္ဍာရေးနှင့် အခွန်တော် ဌာန ဝန်ကြီး တာဝန်များ ယူခဲ့ရ သူလည်း ဖြစ်သည်။

ထို့နောက် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ရေးဆွဲရေး ကော်မတီ ဥက္ကဋ္ဌနှင့် တိုင်းပြု ပြည်ပြု လွှတ်တော် ယာယီ သဘာပတိ တာဝန်များ အပေး ခံရသည်။ အောင်ဆန်း - အက်တလီ စာချုပ် ချုပ်ဆိုရန် ဗိုလ်ချုပ် အောင်ဆန်း ခေါင်းဆောင်သည့် လန်ဒန်သွား မြန်မာ ကိုယ်စားလှယ် အဖွဲ့တွင်လည်း ပါဝင် ခဲ့သည်။

ဦးဘချို (၁၈၉၃ - ၁၉၄၇)

[ပြင်ဆင်ရန်]
အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - ဒီးဒုတ်ဦးဘချို
ဒီးဒုတ် ဦးဘချို

ဒီးဒုတ်ဦးဘချိုမှာ မြောင်းမြ ဇာတိ ဖြစ်သည်။ အဖ မြန်မာဆေးဆရာကြီး ဦးဘိုးစာနှင့် အမိဒေါ်မြစ် တို့မှ ၁၈၉၃ ခု ဧပြီလ ၂၃ ရက်နေ့တွင် ဖွားမြင်သည်။ အသက် ၁၄ နှစ်တွင် မြောင်းမြမြို့ ဆရာ ဦးမောင်မောင် ကျောင်းမှ သတ္တမတန်းကို အထူး အောင်၍ စကောလားရှစ် ပညာသင်ဆု ရရှိ ခဲ့သည်။ ထိုနောက် ရန်ကုန်မြို့ရှိ စိန်ပေါလ်ကျောင်းတွင် ဆက်လက် ပညာ သင်ယူရာ ၁ဝ တန်းကို အထူး အောင်သောကြောင့် ပညာသင်ဆု ထပ်ရသည်။ ရန်ကုန် တက္ကသိုလ်တွင် ဘီအေ အထက်တန်း တက်နေဆဲ မျက်စိ ရောဂါကြောင့် တက္ကသိုလ်မှ ထွက်ခဲ့ ရသည်။ ပေါင်းတည်နှင့် ဟင်္သာတ မြို့များတွင် အစိုးရ ကျောင်းဆရာ အဖြစ် အမှုထမ်းခဲ့သည်။ ပညာအုပ်လည်း လုပ်ခဲ့ ဖူးသည်။ ၁၉၂ဝ တွင် ဒေါ်လှမေနှင့် လက်ထပ်သည်။ အမျိုးသား ကျောင်းများ ဖွင့်လာသော အခါ အစိုးရဝန်ထမ်းအဖြစ်မှ ထွက်ပြီး အမျိုးသားကောလိပ်တွင် မြန်မာစာ ဆရာ ဝင်လုပ်သည်။ အစိုးရ အထောက်အပံ့ မယူသော အမျိုးသား ကျောင်းဆရာလည်း လုပ်ခဲ့ ဖူးသည်။ ၁၉၂၄ ခုနှစ်တွင် မြို့မအမျိုးသားကျောင်း (သရက်တော) ၌ ကျောင်းဆရာအဖြစ် ဆောင်ရွက်ခဲ့သည်။တပတ် တကြိမ်ထုတ် မြန်မာ့ ရီဗျူးဂျာနယ်ကို အယ်ဒီတာချုပ် အဖြစ် ဦးစီး ထုတ်ဝေ ခဲ့သည်။ ထိုနောက် ဒီးဒုတ် ဂျာနယ် ကို ၁၉၂၅ ခုနှစ်တွင် ဦးစီး ထုတ်ဝေရာတွင် ဒီးဒုတ် ဦးဘချိုဟု ထင်ရှား လာသည်။

ဆရာကြီးသည် အင်္ဂလိပ် - မြန်မာနှင့် ပါဠိစာပေများတွင် နှံ့စပ်ပြီး ဆေးကျမ်းဗေဒင်နက္ခတ်နှင့် အဂ္ဂရပ် ပညာ များကိုလည်း လိုက်စား ခဲ့သည်။ မြန်မာ သီချင်း ကြီးကိုလည်း စည်းစနစ် ကျစွာ တတ်မြောက်သူ တဦးဖြစ်ပြီးတူရိယာ၊ ကဗျာ၊ ဂီတကို မြတ်နိုးပြီး စောင်းကောက်ကိုလည်း ပိုင်နိုင်စွာ တီးတတ်သည်။ မြန်မာ သီချင်းကြီး သီချင်းခန့် များကို မူမှန် အတိုင်း ဖြစ်စေရန် ဂီတဝိသောဓနိ ကျမ်းကိုလည်း တည်းဖြတ် ခဲ့သည်။ ၁၉၃၈ ခုနှစ် အတွင်း ဒီးဒုတ် နေ့စဉ် သတင်းစာကို ထုတ်ဝေ ခဲ့သည်။ ဆရာကြီးသည် သတင်းစာ ဆရာ၊ အယ်ဒီတာ၊ စာရေးဆရာ စသည့် စာပေ သမား တဦး အနေဖြင့် ပြည်သူလူထု နိုင်ငံရေး အသိတရား နိုးကြား စေသည့် စာပေ များကိုလည်း ရေးသား ခဲ့သည်။ အင်္ဂလိပ်တို့ ပေးသော ဒိုင်အာခီအုပ်ချုပ်ရေးနှင့် ၉၁ ဌာနအုပ်ချုပ်ရေး တို့ကို ဆန့်ကျင် ခဲ့သည်။မြန်မာနိုင်ငံစာရေးဆရာအသင်း ဥက္ကဋ္ဌလည်း ဖြစ်ခဲ့ သေးသည်။ ၁၉၃၆ ခုနှစ် တက္ကသိုလ် သပိတ်မှောက် ကျောင်းသားများ စောင့်ရှောက်ရေး အဖွဲ့ဝင် တဦးလည်း အဖြစ်လည်း တာဝန် ယူခဲ့သည်။ မြန်မာနိုင်ငံ လုံးဝ လွတ်လပ်ရေး ရရှိ ကြိုးပမ်းရန် အတွက် ဖဆပလ အဖွဲ့ချုပ် ဖွဲ့စည်းသော အခါ ဝင်ရောက် ဆောင်ရွက်သည်။ ဗိုလ်ချုပ် အောင်ဆန်း ခေါင်းဆောင်သော ဖဆပလ ကြားဖြတ် အစိုးရ အဖွဲ့တွင် ပြန်ကြားရေး ဝန်ကြီး အဖြစ် တာဝန် ယူခဲ့သည်။ တိုင်းပြု ပြည်ပြု လွှတ်တော်တွင် မြန်မာနိုင်ငံ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ရေးဆွဲရေး ကော်မတီ အဖွဲ့ဝင် အဖြစ် ဗိုလ်ချုပ်အောင်ဆန်း၊ သခင်မြ တို့နှင့် အတူ အထူး အပင်ပန်း ခံ၍ ဆောင်ရွက် ခဲ့သည်။ ချင်းပြည်နယ် ထီးလင်း မြို့တွင် ကျင်းပသော ချင်း - ဗမာ ချစ်ကြည်ရေး ကျောက်တိုင် ဖွင့်ပွဲ အခမ်းအနားသို့ ဗိုလ်ချုပ် အောင်ဆန်း ကိုယ်စား အဖြစ် လည်းကောင်း၊ ပြန်ကြားရေး ဝန်ကြီး အနေဖြင့် လည်းကောင်း တက်ရောက် ခဲ့သည်။

ဦးရာဇတ် (၁၈၉၈ - ၁၉၄၇)

[ပြင်ဆင်ရန်]
အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - ဦးရာဇတ်
ဦးရာဇာတ်

ဦးရာဇတ်သည် အငြိမ်းစား တိုက်ပိုင် အင်စပက်တော် မစ္စတာ အေရာမန်နှင့် ဒေါ်ညိမ်းလှ တို့၏ သားဖြစ်သည်။ ဆရာကြီးကို မိတ္ထီလာ၌ ၁၈၉၈ ခုနှစ် ဇန်နဝါရီ ၂၀ ရက်နေ့တွင် ဖွားမြင်သည်။ မန္တလေး စက်စလီ ယောက်ျားလေးကျောင်းမှ ဆယ်တန်းကို ပါဠိအင်္ဂလိပ်စာ ဂုဏ်ထူးတို့ဖြင့် အောင်မြင်ခဲ့သည်။ တက္ကသိုလ်တွင် ပညာ သင်နေစဉ် ၁၉၂ဝ ပြည့်နှစ် တက္ကသိုလ် သပိတ်တွင် ပါဝင် ခဲ့သည်။ အစ္စလာမ် ဘာသာ ကိုးကွယ်သည်။

၁၉၂၁ ခုတွင် မန္တလေး ဗဟိုအမျိုးသားအထက်တန်း ကျောင်းကြီးကို ဦးစီး ဖွင့်လှစ်ခဲ့ပြီး ထိုကျောင်း၌ အထက်တန်းပြဆရာ လုပ်သည်။ ၁၉၂၂ ခုတွင် အမျိုးသား ပညာရေး အဖွဲ့ကြီး၏ ဘီအေ စာမေးပွဲကြီးကို အောင်ခဲ့သည်။၁၉၂၂ ခုနှစ်မှ ၁၉၄၁ ခုနှစ်တိုင် ဗဟို အမျိုးသား အထက်တန်း ကျောင်းတွင် ကျောင်းအုပ်ဆရာကြီး အဖြစ် ထမ်းရွက်ခဲ့သည်။ ဗဟိုအမျိုးသားအထက်တန်း ကျောင်းအုပ် အဖြစ် ဆောင်ရွက်စဉ် ရဲညွန့်တပ် ဖွဲ့စည်းပြီး ကျောင်းသား လူငယ် များကို စစ်ပညာသင်ပေးရုံမက မျိုးချစ်စိတ်လည်း သွင်းပေးသည်။ ၁၉၃၈ ခုတွင် ရွှေဘိုသူ ဒေါ်ခင်ခင်နှင့် လက်ထပ်သည်။ ၁၉၄၅ ခုနှစ်တွင် စစ်အတွင်းက ပိတ်ထား ခဲ့ရသော အမျိုးသား ကျောင်းကြီးကို ပြန်လည် ဖွင့်လှစ်သော အခါ ထိုကျောင်းတွင် ဆရာ ပြန်လုပ်သည်။ အထက် မြန်မာ နိုင်ငံလုံး ဆိုင်ရာ ဖဆပလ အဖွဲ့ ဥက္ကဋ္ဌလည်း ဖြစ်လာသည်။ ဗမာမွတ်စလင် ကွန်ဂရက် (ဗ.မ.က) ဥက္ကဋ္ဌလည်း ဖြစ်ခဲ့သည်။ မြန်မာ နိုင်ငံ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ရေးဆွဲရေး ကော်မတီဝင် တဦးလည်း ဖြစ်သည်။ ဗိုလ်ချုပ် အောင်ဆန်း ဦးဆောင်သော ကြားဖြတ် အစိုးရ အဖွဲ့တွင် ပညာရေးနှင့် အမျိုးသား စီမံကိန်း ဌာန ဝန်ကြီးလည်းဖြစ်သည်။

မန်းဘခိုင် (၁၉ဝ၃ - ၁၉၄၇)

[ပြင်ဆင်ရန်]
အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - မန်းဘခိုင်
မန်းဘခိုင်

မန်းဘခိုင်သည် ဟင်္သာတမြို့နယ် ယုန်တလင်းရွာ ဇာတိ ဖြစ်သည်။ အဖ ယုန်သလင်း ရွာသူကြီး မန်းပေကုန်းနှင့် အမိ ဒေါ်ပု ဖြစ်သည်။ မွေးသက္ကရာဇ်မှာ ၁၉ဝ၃ ခုနှစ် အောက်တိုဘာလ ၂၆ ရက်ဖြစ်သည်။ ဟင်္သာတမြို့ အေဘီအမ် ကျောင်းတွင် ပညာ သင်ယူ ခဲ့ရာ ၁၉၂ဝ ပြည့်နှစ်တွင် သတ္တမတန်း အောင်သည်။ ကရင်ဘာသာသင်ကျောင်း တစ်ကျောင်းကို ဦးစီးဖွင့်လှစ်ခဲ့သူတစ်ဦး ဖြစ်သည်။ ၁၉၃၇ ခုတွင် ပုသိမ် မြောက်ပိုင်းမှ အမတ် အဖြစ် အရွေး ခံရသည်။ ၁၉၃၈ ခုတွင် ပဲခူးသူ ဒေါ်ခင်နီနှင့် လက်ထပ်သည်။ ၁၉၄၁ ခုတွင် တရားရေး ဌာန အတွင်းဝန် ဖြစ်ခဲ့သည်။ ဖက်ဆစ်တော်လှန်ရေးတွင်လည်း ပါဝင်ခဲ့ရုံမက ကရင် - ဗမာ ချစ်ကြည်ရေးကို အထူး ဆောင်ရွက်ခဲ့သူ တစ်ဦးလည်း ဖြစ်သည်။ စစ်ပြီး ခေတ်တွင် ဖဆပလ ဗဟိုအမှုဆောင် လူကြီးတစ်ဦး ဖြစ်လာသည်။ ကရင်လူငယ်များအစည်းအရုံး ဥက္ကဋ္ဌအဖြစ် တင်မြှောက်ခြင်းခံရသည်။ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော ကြားဖြတ် အစိုးရ အဖွဲ့တွင် စက်မှုလက်မှုနှင့်အလုပ်သမားဝန်ကြီး ဌာန ဝန်ကြီးလည်း ဖြစ်သည်။

မိုင်းပွန်စော်ဘွားကြီး စဝ်စံထွန်း (၁၉ဝ၇ - ၁၉၄၇)

[ပြင်ဆင်ရန်]
အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - မိုင်းပွန်စော်ဘွားကြီး စဝ်စံထွန်း
မိုင်းပွန်စော်ဘွားကြီး စဝ်စံထွန်း

မိုင်းပွန်စော်ဘွားကြီး စပ်ခွန်ထီးနှင့် မြောက်နန်းဆောင် မဟာဒေဝီ နန်းစိန်ဥ တို့၏ သား စပ်စံထွန်းသည် ၁၉ဝ၇ မေလ ၃၁ ရက်နေ့ဖွား ဖြစ်သည်။ တောင်ကြီးမြို့ ရှမ်းစော်ဘွား သားများ အထက်တန်း ကျောင်းမှ ဆယ်တန်း အောင်သည်။ မန္တလေးပုလိပ် အတတ်သင် ကျောင်းလည်း တက်ခဲ့ ဖူးသည်။ ထို့နောက် ပုလိပ် အရာရှိ အဖြစ် ခေတ္တ အမှု ထမ်းခဲ့သည်။ ၁၉၂၈ ခုတွင် စော်ဘွား အဖြစ် ခံယူ လိုက်၍ မိုင်းပွန် စော်ဘွားကြီး ဖြစ်လာသည်။ ၁၉၃၂ ခုတွင် မိုးမိတ် စော်ဘွားကြီး၏ သမီး စပ်ခင်သောင်းနှင့် လက်ထပ်သည်။ ရှမ်းပြည်နယ်တွင် သိပ္ပံနည်းကျ စိုက်ပျိုးရေး လုပ်ငန်းများ ထွန်းကား လာစေရန် ကြိုးပမ်း ခဲ့သူ တဦးလည်း ဖြစ်သည်။ အင်္ဂလန် နိုင်ငံမှ စိုက်ပျိုးရေး ဆိုင်ရာ ခေတ်မီ စာအုပ်များ၊ ကိရိယာ တန်ဆာ ပလာများနှင့် သီးနှံ မျိုးစေ့များ ကိုပင် မှာယူ ခဲ့ဖူးသည်။ ဒုတိယ ကမ္ဘာစစ်ကြီး ပြီး၍ အင်္ဂလိပ်များ မြန်မာ နိုင်ငံသို့ ပြန်ဝင် လာသော် ယင်းနှင့် အတူ ပါလာသော စက္ကူဖြူ အုပ်ချုပ်ရေးကို ဆန့်ကျင် ခဲ့သူ ဖြစ်သည်။ တောင်တန်းနှင့် မြေပြန့် သွေးခွဲ၍ အုပ်ချုပ် သည်ကို မလိုလား၍ မြေပြန့်နှင့် တောင်တန်း စည်းလုံး ညီညွတ်ရေး အတွက် လုံးပမ်းခဲ့သူ ဖြစ်သည်။ပင်လုံ စာချုပ်ကို လက်မှတ် ရေးထိုး ခဲ့သည့် စော်ဘွားလည်း ဖြစ်သည်။ ဗိုလ်ချုပ် အောင်ဆန်း ဦးဆောင်သော ကြားဖြတ် အစိုးရ အဖွဲ့တွင် အတိုင်ပင်ခံ တောင်တန်း ဒေသရေးရာ ဝန်ကြီး ဖြစ်လာသည်။ ထို့ပြင် တိုင်းပြု ပြည်ပြု လွှတ်တော်၏ ပြည်ထောင်စုနှင့် ပြည်နယ် ဆိုင်ရာ ဆပ် ကော်မတီ၊ လူနည်းစု ဆိုင်ရာ ဆပ် ကော်မတီ၏ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ရေးဆွဲရေး ကော်မတီ များတွင် အဖွဲ့ဝင်လည်း ဖြစ်ခဲ့သည်။

ဦးဘဝင်း (၁၉ဝ၁ - ၁၉၄၇)

[ပြင်ဆင်ရန်]
အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - ဦးဘဝင်း
ဦးဘဝင်း

နတ်မောက်မြို့ ရှေ့နေ ဦးဖာ၊ ဒေါ်စုတို့၏ သားသမီး ၉ ယောက် အနက် ဦးဘဝင်းသည် အကြီးဆုံးသား ဖြစ်သည်။ ဗိုလ်ချုပ် အောင်ဆန်း၏ အစ်ကို အကြီးဆုံး ဖြစ်ပြီး၊ ၁၉ဝ၁ ခု၊ ဇွန်လ ၁၁ ရက်နေ့တွင် ဖွားမြင်သည်။ ငယ်နာမည်မှာ မောင်စံတင်ဖြစ်သည်။၁၉၁၄ ခုတွင် နတ်မောက် အလယ်တန်း ကျောင်းမှ သတ္တမတန်း အောင်သည်။ မြန်မာလို ကိုးတန်း အောင်ပြီးနောက် အလယ်တန်း ဆရာဖြစ် စာမေးပွဲလည်း အောင်သော အခါ နတ်မောက်၌ပင် ကျောင်းအုပ် ခေတ္တ လုပ်သည်။ ထို့နောက် ရေနံချောင်း၌ ကျောင်းဆရာ၊ ဘီအိုစီ စာရေး ဘဝဖြင့် ကျင်လည်ရင်း အင်္ဂလိပ်စာ အလွတ် ပညာသင်ကျောင်း တက်သည်။ ၁၉၂၄ ခုတွင် ရေနံချောင်း အမျိုးသား အထက်တန်း ကျောင်းမှ ဆယ်တန်းကို သုံးဘာသာ ဂုဏ်ထူးဖြင့် အောင်ရုံမက ပထမလည်း ရသည်။ ၁၉၂၉ ခုတွင် ရန်ကုန် တက္ကသိုလ်မှ သင်္ချာဂုဏ်ထူးတန်း အောင်၍ ဘီအက်စ်စီ ဘွဲ့ရသည်။ ပထမဆုံး တက္ကသိုလ် ဘွဲ့ရ နတ်မောက်သားလည်း ဖြစ်သည်။ ဘွဲ့ရပြီးနောက် ရေနံချောင်း အမျိုးသား အထက်တန်း ကျောင်းတွင် အထက်တန်းပြ ဆရာ အဖြစ် လည်းကောင်း၊ ဖြူးမြို့ အမျိုးသား အထက်တန်း ကျောင်းတွင် အထက်တန်း ကျောင်းအုပ် အဖြစ်လည်းကောင်း ဆောင်ရွက် ခဲ့သည်။ ၁၉၃၅ ခုတွင် ဒေါ်ခင်စောနှင့် လက်ထပ်သည်။ စစ်ပြီးခေတ်တွင် ရေနံချောင်း မြို့နယ် ဖဆပလ ဥက္ကဋ္ဌ ဖြစ်လာသည်။ ၁၉၄၇ ခုနှစ်တွင် ထောက်ပံ့ရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီး အဖြစ် တာဝန် ထမ်းဆောင်သည်။ တိုင်းပြု ပြည်ပြု လွှတ်တော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ရေးဆွဲရေး ကော်မတီ တွင်လည်း ပါဝင် ခဲ့သည်။

ဦးအုန်းမောင် (၁၉၁၃ - ၁၉၄၇)

[ပြင်ဆင်ရန်]
အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - ဦးအုန်းမောင်
ဦးအုန်းမောင်

ဦးအုန်းမောင်သည် မင်းဘူးမြို့ မစ္စတာ အိပ်ချ်ဒဗလျူတရပ်(တ်)ဝန်း၊ ဒေါ်ရွှေမြင့် တို့၏ ဒုတိယ သားဖြစ်သည်။ မွေးသက္ကရာဇ်မှာ ၁၉၁၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်ဖြစ်သည်။ တက္ကသိုလ်ကျောင်းသားဘဝက ရန်ကုန်တက္ကသိုလ် တပ်ရင်းတွင် တပ်ခွဲတပ်ထောက်အဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၃၄ ခုနှစ်တွင် ဝိဇ္ဇာတန်း အောင်သည်။ ၁၉၃၇ ခုနှစ်တွင် အိုင်စီအက်(စ်) စာမေးပွဲ ဖြေသူ ၃ ဦး အနက် ပထမ ရသည်။ ၁၉၃၉ ခုနှစ်တွင် မန္တလေးမြို့၊ အရှေ့နယ်ပိုင် ဝန်ထောက်အဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၄၇ ခုနှစ်တွင် မြစ်ကြီးနား အရေးပိုင်အဖြစ် ခန့်အပ်ခြင်းခံရသည်။ ထို့နောက် လမ်းပန်းဆက်သွယ်ရေး အတွင်းဝန်အဖြစ် ခန့်အပ်ခြင်း ခံရသည်။

ရဲဘော် ကိုထွေး (၁၉၂၉ - ၁၉၄၇)

[ပြင်ဆင်ရန်]
အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - ရဲဘော် ကိုထွေး
ရဲဘော် ကိုထွေး

ရဲဘော် ကိုထွေးသည် မန္တလေးမြို့ တောင်ပြင်သိပ္ပံရပ် ပင်စင်စား လယ်ယာစိုက်ပျိုးရေး ဝန်ထောက် ဦးကိုကိုလေး၊ ဒေါ်မင်းရီ တို့၏ ဆဋ္ဌမမြောက် သားဖြစ်သည်။ နဝမတန်းအထိ ပညာ သင်ကြားခဲ့သည်။ အသက် ၁၈ နှစ် အရွယ်တွင် ပညာရေးဝန်ကြီး ဦးရာဇတ်၏ သက်တော်စောင့်အဖြစ် ခန့်အပ်ခြင်းခံရသည်။

ကိုးကားချက်

[ပြင်ဆင်ရန်]

ရင်းမြစ်များ

[ပြင်ဆင်ရန်]
  • မှူးသက်ရှည် (၁၉၈၀). "“ဇူလိုင် ၁၉ နှင့် သူတို့ ၉ ဦး” (သမိုင်းတကွေ့ မှတ်တမ်း)". ပန်မဂ္ဂဇင်း (၁၉၈၀ ပြည့်နှစ် ဇူလိုင်လထုတ် အမှတ် (၂၂)). 
  • မြဟန် (၁၉၉၉)။ ကိုလိုနီခေတ် မြန်မာ့သမိုင်း အဘိဓာန် (တတိယအကြိမ် ed.)။ တက္ကသိုလ်များသမိုင်း သုတေသနဌာန၊ ဂျီအီးစီ (ပညာရေး) သမဝါယမအသင်း။
  • ၁၉၆ဝ ခုနှစ်ထုတ်၊ သမဂ္ဂ အိုးဝေ နှစ်ပတ်လည် စာစောင်။