ဟရန်သီယို
ဟရန်သီယို (အင်္ဂလိပ်: Hrang Thio) သည် ချင်းအမျိုးသားဖြစ်ပြီး စစ်ဘက်တွင် ထူးချွန်စွာထမ်းရွက်ခဲ့သူဖြစ်သည်။
ငယ်ဘဝ
[ပြင်ဆင်ရန်]ဟရန်သီယိုသည် ခရစ် ၁၉၁၉ ခုနှစ်၊ မတ်လ ၁၅ ရက်နေ့တွင် ချင်းဝိသေသတိုင်း၊ ဖလမ်းနယ်၊ လယ်ဇိုးရွာ၌ ဖွားမြင်သည်။ သားသမီးခုနှစ်ဦးအနက် တစ်ယောက်တည်းသော သားဖြစ်သည်။
ငယ်စဉ်က ဖလမ်းမြို့ အစိုးရအထက်တန်းကျောင်းတွင် သတ္တမတန်းအထိ ပညာသင်ကြားခဲ့သည်။ [၁]
စစ်မှုထမ်း ဖြစ်လာခြင်း
[ပြင်ဆင်ရန်]အသက် ၂ဝ အရွယ်၌ ဘားမားရိုင်ဖယ် တပ်ရင်း(၂) သို့ ဝင်ရောက် အမှုထမ်းသည်။ ၁၉၄၁ ခု၊ ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်တပ်များ မြန်မာပြည် ဝင်လာသည့်အခါ တပ်ကြပ်ရာထူးဖြင့် ဘားမားရိုင်ဖယ်တပ်နှင့်အတူ အိန္ဒိယသို့ ပါသွားသည်။
၁၉၄၃ ခု၊ ဖေဖော်ဝါရီလတွင် ဝင်းဂိတ်၏ ခြင်္သေ့တပ်ဖွဲ့နှင့်အတူ မြန်မာပြည်သို့ ပြန်ဝင်လာသည်။ ကသာနယ်၊ ကလေးရွာ (ယခု ကလေးမြို့) အနီးဝယ် ဂျပန်တပ်များ အဝိုင်းခံရစဉ် ထိုးဖောက်ထွက်နိုင်ရုံမက ဒဏ်ရာရ ရဲဘော်တစ်ဦးကိုပါ ကယ်ထုတ်နိုင်သည့်အတွက် ဘီဂျီအမ်တံဆိပ် (Burma Gallantry Medal) ချီးမြှင့်ခံရသည်။
ဟရန်သီယိုသည် မြန်မာပြည် သူရဲကောင်း (Knight) ဘွဲ့ ရသူဖြစ်၏။ သူသည် ၁၉၄၃ ခုနှစ်တွင် ဘုရင်ခံအမိန့်တော်ခန့် စစ်ဗိုလ်ရာထူး ရရှိပြီး နောက်နှစ် စက်တင်ဘာလထဲတွင် ဗိုလ်မှူးရာထူးသို့ တိုးမြှင့်ခြင်း ခံရသည်။
အင်္ဂလန်နိုင်ငံသို့ သွားရောက်ကာ စစ်ပညာသင်ကြားပြီး ၁၉၄၇ ဒီဇင်ဘာလတွင်မြန်မာနိုင်ငံသို့ ပြန်လာရာ ကြည်း ၅၀၆၃ နံပါတ်ဖြင့် ဒုဗိုလ်မှူးကြီး ရာထူးသို့ တိုးမြှင့်၍ ချင်းရိုင်ဖယ်တပ်ရင်း (၁) တပ်မှူးရာထူးတွင် ခန့်ထားခံရသည်။ လွတ်လပ်ရေး ရပြီးနောက် မြန်မာ့ တပ်မတော် ချင်းလက်နက်ကိုင်တပ်ရင်း (၁) ကို ဗိုလ်မှူးကြီး ရာထူးဖြင့် အုပ်ချုပ်ခဲ့သည်။
နောက်ဆုံးတိုက်ပွဲ
[ပြင်ဆင်ရန်]၁၉၄၉ ခု၊ ဩဂုတ်လ ၅ ရက်တွင် ဗမာသေနတ်ကိုင်တပ်ရင်း(၁) (သနက-၁)၊ ချင်းသေနတ်ကိုင်တပ်ရင်း(၁) (ချင်း-၁)၊ အမှတ်(၂) တပ်ခွဲ (ခွဲ-၂) နှင့် အမှတ် (၃) တပ်ခွဲ (ခွဲ-၃) တို့ လှပဒါးကျေးရွာအနီး ခြေကုပ်ယူထားသော သောင်းကျန်းသူများနှင့် နေ့လယ်မှ နောက်တစ်နေ့နံနက်အထိ အပြင်းအထန်တိုက်ပွဲဖြစ်ရာ ချင်း(၁) မှ တပ်ကြပ်တစ်ဦး၊ တပ်သားတစ်ဦး ကျဆုံး၍ လေးယောက် ဒဏ်ရာရသည်။
ဒဏ်ရာရသူများအား အားပေးရန်နှင့် မြေပြင်အခြေအနေ အကဲခတ်ရန် ဟရန်သီယိုက ဆေးမှူး ဗိုလ်ကြီး ဒွေး၊ ဗိုလ်ကြီး လှမုန်း၊ ဒုဗိုလ် တိုက်ချွန်း၊ ဒုတပ်ကြပ် ဟိုခါး တို့ကိုခေါ်ကာ ဂျစ်ကားဖြင့် ၆ ရက်နေ့ နံနက်စောစောတွင် ရွာသို့ ထွက်လာကြသည်။ ရှေ့ခန်းတွင် တိုက်ချွန်းက မောင်း၍ ဟရန်သီယိုက ဘေးမှာလိုက်လာခြင်း ဖြစ်သည်။ မှော်ဘီမှ ထွက်လာချိန်မှာ အရုဏ်တက်ဖြစ်၍ တိုက်ချွန်းက အလင်းရောင်ကောင်းမှ သွားသင့်ကြောင်း ပြောရာ "ဟေ့ ... တိုက်ချွန်း၊ ဘာ ဖြစ်လို့ ပြန်လှည့် ရ မလဲ။ လူ ဆိုတာ တသက် မှာ နှစ်ခါ မသေ ဘူးကွ။ မင်း သေရမှာ ကြောက် သလား။ မင်းကို သတ္တိ ရှိတယ် ဆိုပြီး ငါ့ အနားမှာ ခေါ်ထားတာ" ဟု ဟရန်သီယိုက ဆိုသည်။
မှော်ဘီအထွက် ဘုန်းကြီးကျောင်းအနီးရောက်စဉ် လမ်းဘေး၌ စစ်ကူလာမည်ထင်၍ အသင့်စောင့်နေသော သောင်းကျန်းသူ အင်အား (၃၀) ခန့်တို့က ခြုံခိုတိုက်တော့သည်။ စတင်ပစ်ခတ်စဉ်ပင် ဆေးမှူး ဗိုလ်ကြီး ဒွေးမှာ ခေါင်းထိကာ ပွဲချင်းပြီး ကျဆုံးသည်။ ဗိုလ်ကြီး လှမုန်းမှာ ကျည်သင့်သော်လည်း ဒဏ်ရာမပြင်း။ ဗိုလ်မှူးကြီး ဟရန်သီယိုမှာမူ ပေါင်ကိုမှန်ကာ မထနိုင်တော့။ သို့ဖြစ်ရာ လက်နက်အင်အား၊ လူအင်အားမမျှသဖြင့် တပ်ရင်းသို့ပြန်ကာ စစ်ကူတောင်းရန် လိုလာသည်။
စစ်ကူခေါ်လာသည့် ဒုဗိုလ် တိုက်ချွန်း ပြန်လာချိန်၌ ရန်သူများဆုတ်ခွာသွားရာ ဗိုလ်မှူးကြီးအား မင်္ဂလာဒုံ စစ်ဆေးရုံသို့ အမ်းမတ် (Armored) ကားဖြင့် အမြန်ပို့သည်။ သို့သော် သွေးထွက်လွန်သဖြင့် ပေါင်ရင်းမှ ဖြတ်ကာ ကြပ်မတ်ကုသကြသည်။ သို့သော် ခဲဆိပ်တက်ခြင်းမှာ မသက်သာသဖြင့် ဩဂုတ်လ ၈ ရက်၊ ညနေ ၃ နာရီ၊ မိနစ် ၅၀ တွင် ကွယ်လွန် သွားသည်။ သေဆုံးချိန်တွင် အသက် ၃၀ မျှသာ ရှိသေးသည်။
နိုင်ငံတော် ဈာပန
[ပြင်ဆင်ရန်]ဩဂုတ်လ ၁၅ ရက်တွင် စစ်ဆေးရုံမှ မင်္ဂလာဒုံ-ပြည်လမ်းမကြီးဘေးရှိ အမှတ်(၁) ချင်းလက်နက်ကိုင်တပ်ရင်းသို့ အခမ်းအနားဖြင့်ပို့ဆောင်သည်။ ၁၇ ရက်နေ့မှစ၍ နိုင်ငံတော်ဈာပနအနေဖြင့် ချင်း(၁) စည်းဝေးခန်းမ၌ လူထုဂါရဝပြုရန် ထားရှိသည်။
ဂုဏ်ပြုခြင်း
[ပြင်ဆင်ရန်]ဘောလုံးကစားခြင်းအား ဝါသနာထုံပြီး ပေါင်တစ်ဖက်အား ဖြတ်ပြီးချိန်၌ပင် "ငါတော့ ခွကျတာပဲ။ ဆေးရုံကဆင်းရင် ခြေထောက်တစ်ဖက်မရှိပဲနဲ့ ဘယ်လိုလုပ်ပြီး ဘောလုံးကန်လို့ရလဲကွ" ဟု ဟာသနှောခဲ့သည့် ဗိုလ်မှူးကြီးအား ဂုဏ်ပြုသောအားဖြင့် ဖလမ်း၌ ဘောလုံးကွင်းတစ်ခုကို ဟရန်သီယို ဘောလုံးကွင်း ဟု အမည်ပေးထားသည်။
ဟရန်သီယို၏ အမည်အား သူရဲကောင်းဗိမာန် (နေပြည်တော်)၌ မော်ကွန်းတင်ကမ္ပည်းရေးထိုးထားရှိသည်။
ကိုးကား
[ပြင်ဆင်ရန်]- ↑ "ပြည်ထောင်စုသား သတင်းစာ"၊ အတွဲ ၁ အမှတ် ၂။ ၁၉၅၀ ဖေဖော်ဝါရီ ၂။