ကိုယ်ခံပညာ

ဝီကီပီးဒီးယား မှ

ကိုယ်ခံပညာ ဆိုသည်မှာ မိမိ၏ လုံခြုံမှုအတွက် ခုခံကာကွယ်သော နည်းပညာများကိုဆိုလိုသည်။ တစ်နည်းအားဖြင့် ကိုယ်လုံပညာဟုလည်းခေါ်ဝေါ်သုံးစွဲကြသည်။ မည်သူမဆို မိမိ၏လုံခြုံမှုကို ထိပါးနှောက်ယှက်လာလျှင် ခုခံကာကွယ်ခွင့်ရှိပေရာ ခုခံကာကွယ်မှုနည်းပညာများသည်လည်း နိုင်ငံအလိုက် လူမျိုးစုအလိုက် အမျိုးမျိုး ပေါ်ထွန်းလာကြပေသည်။ မြန်မာနိုင်ငံတွင် ရှေးမြန်မာ ဘုရင်များလက်ထက်မှ စ၍ ဓားခုတ်လှံထိုး ပညာရပ်များအပါအဝင် အခြားပညာရပ်ကို မြန်မာယောက်ျားများအဖို့ အဌာရဿ ၁၈ ရပ် အနေဖြင့်သင်ကြားလေ့ကျင့်ခဲ့ကြရပေသည်။ တတိယ မြန်မာနိုင်ငံကို ထူထောင်ခဲ့သော အလောင်းမင်းတရား(ဦးအောင်ဇေယျ) လက်ထက်မှစ၍ မြန်မာ့သိုင်းဟု ခေါ်သော ဗန်တို၊ ဗန်ရှည် ပညာ မှာ ထွန်းကားလာခဲ့ပေသည်။

ကိုယ်ခံပညာအနေဖြင့် မိမိအား နှောက်ယှက်ထိပါး စော်ကားသူများအား အချိန်မဆိုင်းပဲ ချက်ချင်း ခုခံကာကွယ်ခြင်းဖြစ်ပေရာ မိမိအနေဖြင့် လက်ချည်းသက်သက်(လက်နက်မဲ့) ခုခံကာကွယ်ခြင်း၊ နီးစပ်ရာ လက်နက်ဖြင့် ခုခံကာကွယ်ခြင်း ၊ ကြိုတင်စီမံထားသော လက်နက်ဖြင့် ခုခံကာကွယ်ခြင်း စသည်ဖြင့် အမျိုးအစား ခွဲခြားနိုင်ပေသည်။

လက်နက်မဲ့ ခုခံကာကွယ်ခြင်း လက်နက်မဲ့ ခုခံကာကွယ်ခြင်းမှာ မိမိအနေဖြင့် တိုက်ခိုက်သူ၏ မမျှော်လင့်နိုင်သော တိုက်ခိုက်မှုကို ရုတ်တရက် လျင်မြန်စွာ ရှောင်တိမ်းကာ ၎င်းတိုက်ခိုက်သူအား မိမိကို ဆက်လက်မတိုက်ခိုက်နိုင်စေရန် ချက်ချင်း ပြန်လည် ခုခံထိန်းချုပ်ကာကွယ်ခြင်းပင်ဖြစ်သည်။ မိမိမှ ကြိုတင် တိုက်ခိုက်ခြင်း မဟုတ်ပဲ မိမိအား လာရောက်ထိပါးမှသာ တုံ့ပြန်ကာကွယ်ခြင်းပင်ဖြစ်သည်။

နီးစပ်ရာ လက်နက်ဖြင့် ခုခံကာကွယ်ခြင်း မိမိကို လာရောက်တိုက်ခိုက်သူအား နီးစပ်ရာ လက်နက်ဖြင့် ခုခံကာကွယ်ခြင်း သည် သာမန်လူများအဖို့ လက်နက်မဲ့ခုခံကာကွယ်ခြင်းထက် ပိုမိုထိရောက်သောနည်းလမ်းဖြစ်သည်။ ဥပမာအားဖြင့် မိမိက စာရေးနေစဉ် လာရောက်ထိပါးနှောက်ယှက်ပါက မိမိအနေဖြင့်အနီးစပ်ဆုံး လက်နက်ဖြစ်သော မိမိစာရေးနေသည့် ဘောလ်ပင် သို့မဟုတ် ခဲတံဖြင့် ပြန်လည်ခုခံခြင်း မျိုးကို ဆိုလိုသည်။

ကြိုတင်စီမံထားသော လက်နက်ဖြင့် ခုခံကာကွယ်ခြင်း ကြိုတင်စီမံထားသော လက်နက်ဖြင့် ခုခံကာကွယ်ခြင်းမှာ မိမိအနေဖြင့် ကိုယ်ခံပညာ တစ်ရပ်ရပ်ကို တတ်ကျွမ်းထားသဖြင့် တုတ်ဓားလှံ စသည်တို့ကို မိမိနှင့် တကွ ဆောင်ထားပြီး လာရောက်ထိပါးနှောက်ယှက်သူများကို ခုခံကာကွယ်ခြင်းပင် ဖြစ်သည်။ မြန်မာ့သိုင်းတွင် ဗန်ရှည်ပညာမှာ တုတ်ဓားလှံ စသည့် လက်နက်များကို စံနစ်တကျ ကိုင်တွယ် ခုခံတတ်စေရန် သင်ကြားပေးသော နည်းစံနစ် ဖြစ်ပေသည်။

ကိုယ်ခံပညာမှာ မိမိအနေဖြင့် လာရောက်ထိပါးသူများကိုသာ ခုခံကာကွယ်ခြင်းဖြစ်ပြီး ၎င်းထိပါးသူများအား အကျိုးနစ်နာစေရန် ရည်ရွယ်တိုက်ခိုက်ခြင်း မရှိရပေ။ မိမိနှင့် မိမိပတ်ဝန်းကျင် လုံခြုံမှု အတွက်သာ ကိုယ်ခံပညာကို အသုံးပြုရပေသည်။


[၁]

သမိုင်းကြောင်း[ပြင်ဆင်ရန်]

ကိုယ်ခံပညာများသည် ရှေးယခင် သက်ဦးဆံပိုင်ဘုရင်များလက်ထက်တွင် စစ်ပွဲများတွင်အသုံးပြုရန် ကိုယ်ခံပညာ (ဝါ) စစ်အသွင်ဆောင်သောတိုက်ခိုက်ရေးအနုပညာ (Martial Art) အဖြစ်ပေါ်ပေါက်လာခဲ့သော်လည်း နောက်ပိုင်းတွင် သာမန်ပြည်သူများပါ မိမိကိုယ်ကို ခုခံကာကွယ်ခြင်း(Self-defense) အဖြစ်အသုံးပြုလာကြသည်။ ကိုယ်ခံပညာသမိုင်းကြောင်းများကို အမျိုးအစားခွဲကြည့်လျှင် အဓိကအားဖြင့် ဥရောပကိုယ်ခံပညာသမိုင်းကြောင်းနှင့် အာရှကိုယ်ခံပညာသမိုင်းကြောင်း ဟူ၍တွေ့နိုင်ပေသည်။