မာတင် လူသာ

ဝီကီပီးဒီးယား မှ
(မာတင်လူသာ မှ ပြန်ညွှန်းထားသည်)
မာတင်လူသာ (၁၄၈၃-၁၅၄၆)

မာတင်လူသာ(Martin Luther)(၁၄၈၃-၁၅၄၆)သည် ခရစ်ယာန်ကျောင်းတော်ကို ဆန့်ကျင်ပြီး ပရိုတက်စတင့်တော်လှန်ရေးကို အစပျိုးပေးခဲ့သူဖြစ်သည်။ သူ၏ တော်လှန်ရေးကြောင့် ခရစ်ယာန်ဘာသာကိုသာမက ကမ္ဘာ့သမိုင်း၏ စာမျက်နှာများပါ ပြောင်းလဲသွားခဲ့ရသည်။


ဘဝအစ[ပြင်ဆင်ရန်]

မာတင်လူသာအား ဂျာမနီနိုင်ငံ၊အိုင်လဲဗန်မြို့တွင် ဖွားမြင်သည်။ ဖခင်၏တိုက်တွန်းချက်ကြောင့် ဥပဒေပညာကို သင်ယူခဲ့ဖူးသည်။ သို့သော် ပညာကုန်မသင်ဘဲ ဩဂတ်စတီးနီးယား ရဟန်းဘောင်သို့ ဝင်ရောက်ပြီး ၁၅၁၂တွင် ပါရဂူဘွဲ့ ကို ဝတ်တင်ဘာ့ခ်တက္ကသိုလ်မှ ရရှိခဲ့သည်။ နောက် ထိုတက္ကသိုလ်အသိုင်းအဝန်းတွင် ပင်ပျော်ရွင်စွာနေထိုင်နေခဲ့သည်။ ဘာသာရေးအရ အလွန်ယုံကြည်သူ မာတင်လူသာသည် ခရစ်ယာန်ကျမ်းစာပါ လမ်းစဉ်များအတိုင်း လိုက်နာကျင့်သုံးနေထိုင်ခဲ့သည်ဟု ဆိုကြသည်။ မိမိကဲ့သို့ သာမန် ကျောင်းတော်ဂိုဏ်းအုပ်ကလေးသည်ပင်လျှင် ဤမျှ ဘာသာရေးကိုင်းရှိုင်းနေလျှင် အထက်နေရာတွင်ရှိကြသည့် ရောမမှဂိုဏ်းချုပ်၊ဂိုဏ်းအုပ် ဆရာတော်ကြီးများ ဆိုလျှင် သူတော်စင်ကြီးများသဖွယ် နေထိုင်ကြမည်ဟု ရိုးသားစွာယုံကြည်ခဲ့သည်။ သို့သော် ကျောင်းတော်မှ ဆောင်ရွက်ပုံ၊ အမိန့်ချပုံတို့ကို မူ စဉ်းစားဆင်ခြင်ဉာဏ်ရှိသည့် အခြားသူများနည်းတူ မကျေနပ်သော်လည်း တော်လှန်ပြောဆိုခြင်းမရှိခဲ့ပေ။

ဘာသာရေးတော်လှန်မှုစတင်ခြင်း[ပြင်ဆင်ရန်]

သို့သော် ၁၅၁၀တွင် ရောမသို့သွားရောက်ခဲ့သောအခါ မိမိအထင်နှင့် အမြင်မှာတစ်ခြားစီဖြစ်နေသည်ကိုတွေ့ရတော့သည်။ ဘုန်းတော်ကြီးများအနေဖြင့် ဘာသာရေးကျင့်ဝတ်များကို လှစ်လျှူရှုကာ လူဝတ်ကြောင်များကဲ့သို့ပင် ပေါ့ပျက်ဆိုးသွမ်းနေသည်ကို မျက်ဝါးထင်ထင်တွေ့မြင်ပြီးနောက် မာတင်လူသာအနေဖြင့် များစွာတုန်လှုပ်မိခဲ့ရှာသည်။ သို့သော် အမှန်တကယ် တော်လှန်ခြင်းအမှုကို ပြုသည်မှာ ကျောင်းတော်မှ အပြစ်လွှတ်လွှာများရောင်းချရာမှ အစပြုသည်။ ဗဟိုအဆင့်မှ ဂိုဏ်းအုပ်များ သုံးဖြုန်းပျော်ပါးရန် ငွေလိုသဖြင့် ယခုကဲ့သို့ ငွေရလမ်းရှာခြင်းဖြစ်သည်။ (အမှန်တွင် ခရစ်ယာန် ဘာသာအပြင် အခြားသော ထာ၀ရဘုရား အယူဝါဒများတွင် လူသားတို့တွင်ရှိသည့် အပြစ်မှာ ဘုရားသခင်နှင့်သာ တိုက်ရိုက်သက်ဆိုင်မှုရှိသည်။ ဘုရားသာလျှင် အပြစ်ပေးခွင့်၊အပြစ်မှနုတ်ခွင့်ရှိသည်။)

၁၅၁၇၊အောက်တိုဘာ၊၁၅တွင် မာတင်လူသာသည် စွဲချက် ၉၅ချက်ပါသည့် ကြေညာစာတမ်း(စွပ်စွဲချက်စာတမ်း)ကို ဝတ်တင်ဘာ့ခ်ကျောင်းတော် အဝင်တံခါးတွင် ချိတ်စွဲထားခဲ့သည်။ ထိုစွပ်စွဲချက်များတွင် ဂိုဏ်းအထက်ပိုင်းမှ အကျင့်ပျက်ပုံကို တိတိကျကျ စွပ်စွဲပြီးနောက် ယခုကဲ့သို့ အပြစ်လွှတ်လွှာများရောင်းချသည်ကိုလည်း ပြင်းထန်စွာ တိုက်ခိုက်ရှုံ့ချထားသည်။ မိတ္တူတစ်စောင်ကို သာသနာပိုင်ထံသို့ ပို့ပြီး နိုင်ငံတစ်ဝန်းသို့လည်း ပုံနှိပ်ပြီး ဖြန့်ဝေပေးသည်။

ထိုကဲ့သို့ ဝတ်ကျောင်းငယ်လေးမှ စတင်လိုက်သည့် မာတင်လူသာ၏ တော်လှန်ရေးသည် လျင်မြန်စွာပင် ပြန့်နှံ့သွားပြီး မကြာမီ အချိန်အတွင်းမှာပင် ပုပ်ရဟန်းမင်း၏ ဩဇာကိုမခံတော့ဟု လူအများက အတိအလင်းပြောဆိုရဲလာသည်အထိပင် ဖြစ်လာတော့သည်။ ထို့ပြင် ကျောင်းတော်မှ ကောင်စီချုပ်များကိုလည်း မလေးစားနိုင်ကြောင်း၊ သမ္မာကျမ်းစာကိုသာ ရှေ့ဆောင်လမ်းပြ အဖြစ်သုံးစွဲတော့မည့်အကြောင်း၊ သာမန်လူတို့၏ အတွေးမျိုးဖြင့်သာ ဘာသာရေးကို ယုံကြည်လိုက်နာတော့မည့် အကြောင်းများကိုပါ ထင်ထင်ရှားရှားပင် သဘောထားများကို ပြသလာကြသည်။ ထိုကဲ့သို့သော အဖြစ်မျိုးကို ကျောင်းတော်အနေဖြင့် မည်သို့မျှ လက်ခံနိုင်စရာမရှိသဖြင့် မာတင်လူသာအား ကျောင်းတော်အရာရှိများ ရှေ့မှောက်သို့ အစစ်ဆေးခံရန် ဆင့်ခေါ်သည်။ အကြိမ်ကြိမ် စစ်ဆေးပြီးနောက် ဘာသာစွန့်စေသည်။ နောက် ၁၅၂၁တွင် မိစ္ဆာဒိဋ္ဌိအဖြစ် စွပ်စွဲပြီး မာတင်လူသာရေးခဲ့သမျှ စာတို့ကို မီးတိုက်ဖျက်ဆီးစေသည်။

ထိုခေတ်ကာလက ကျောင်းတော်၏ ဥပဒေများအရ မိစ္ဆာဒိဋ္ဌိဟု အစွပ်စွဲခံရလျှင် ထိုသူမှာ ကားစင်တင်မီးရှို့သတ်ဖြတ်ခံရမည် သာဖြစ်သည်။ သို့သော် မာတင်လူသာကို ဂျာမနီတစ်ဝန်းရှိ ပြည်သူတို့ကသာမက၊ ခရစ်ကျောင်းတော်မှ ဂိုဏ်းအုပ်များ၏ နိုင်ငံရေးဩဇာကိုပါ ပယ်လှန်လိုကြသည့် ဂျာမန်မင်းဆွေစိုးမျိုးတို့ကပါ ဝိုင်းဝန်းထောက်ခံကြသဖြင့် အကောင်အထည်မပေါ်ခဲ့ပေ။ မာတင်လူသာမှာမူ တစ်နှစ်မျှ ထွက်ပြေးတိမ်းရှောင်နေခဲ့ရသေးသည်။ ဘာသာရေးရှေ့ဆောင်အဖြစ် ဇာတိဖြစ်သည့် အိုင်လဲဗန်တွင် နေထိုင်သွားပြီး ၁၅၄၆တွင် ကွယ်လွန်သည်။

စွမ်းဆောင်ချက်များ[ပြင်ဆင်ရန်]

မာတင်လူသာ၏ ဘာသာရေးတော်လှန်မှုကြောင့် သိသာထင်ရှားသည့် အပြောင်းအလဲများ ဖြစ်ပေါ်ခဲ့ရသည်။

  1. ပရိုတက်စတင့်တော်လှန်ရေးကြောင့် နောင်နှစ်ပေါင်း ၄၅၀အတွင်းတွင် ထိုပရိုတက်စတင့်ဝါဒကျင့်သုံးသည့် နိုင်ငံများမှ ထူးချွန်သူ လူစွမ်းကောင်း အများအပြားပေါ်ပေါက်လာရသည်။ တစ်နည်းဆိုရလျှင် ကျောင်းတော်၏ မျက်စိပိတ်၊ နားပိတ်ထားစေမှုကို ပယ်လှန်ပြီး အသစ်အဆန်းများဖန်တီးနိုင်သည့် အတွေးအခေါ်တို့ကို အုတ်မြစ်ချပေးခဲ့သည်ဟုဆိုနိုင်သည်။
  2. ပြုပြင်ပြောင်းလဲရေး၏ အကျိုးဆက်အနေဖြင့် ဥရောပတစ်လွှားတွင် ဘာသာရေးစစ်ပွဲများ ရာစုနှစ်နှင့်ချီကာ တိုက်ခိုက်ကြခြင်းဖြစ်သည်။ ဥပမာအားဖြင့် ဂျာမနီတွင် ဖြစ်ပွားခဲ့သည့် နှစ်သုံးဆယ်စစ်မျိုးမှာ အင်မတန် ရိုင်းစိုင်းကြမ်းကြုပ်သည့် စစ်ပွဲဟု အများကအသိအမှတ်ပြုကြရသည်။
  3. အကြီးဆုံးသောဘာသာမှ အကြီးဆုံးသော ဂိုဏ်းကွဲမှုကိုဖြစ်စေသော်လည်း ဘာသာဝင်တို့၏ ယုံကြည်ချက်ကိုမူ မပြောင်းလဲစေခဲ့ပေ။[၁]

လူသာ၊ မာတင်(ခရစ် ၁၄၈၃-၁၅၄၆)[ပြင်ဆင်ရန်]

မာတင်လူသာသည် ဂျာမန်လူမျိုးဖြစ်၍ ခရစ်ယာန် သာသနာပြုပြင်ပြောင်းလဲရေးတွင် ဂျာမနီ၌ ခေါင်းဆောင်တော်လှန်သူဖြစ်သည်။ ခရစ်ယာန်ဂိုဏ်း တစ်ခုဖြစ်သောပရိုတက်စတန့်ဂိုဏ်းကို စတင်တည်ထောင်သူအဖြစ် မှတ်တမ်းတင်ထိုက်သူ လည်းဖြစ်သည်။ ထို့ပြင် သမ္မာကျမ်းကို အများပြည်သူတို့ နားလည်နိုင်စိမ့် သောငှာ ဂျာမန်ဘာသာသို့ ပြန်ဆိုခြင်းဖြင့်လည်း ဂျာမန်ဘာသာကိုမြှင့်တင် ခဲ့သည်။ မာတင်လူသာသည် ဆက်ဆွန်နီနယ် အိုက်စလေးဗင်မြို့တွင် ခရစ် ၁၄၈၃ ခုနှစ်၌ ဖွားမြင်သည်။ ဖခင်မှာ ချမ်းသာကြွယ်ဝသူ မဟုတ် သော်လည်း သားဖြစ်သူအားပညာတတ်စေလိုသဖြင့် မက်ဂဒီဗတ်နှင့် အိုင်းဇနတ်မြို့များရှိ စာသင်ကျောင်းများသို့ပို့၍ သင်ကြားစေသည်။

လူသာသည် ထိုကျောင်းများတွင် စာသင်နေခိုက် ဘုရားရှိခိုးကျောင်း ဓမ္မတီး ဝိုင်း၌ သီချင်းဆိုခြင်းဖြင့်လည်းကောင်း၊ ကြေးရတတ်များ၏ အိမ်ရှေ့တွင် ဓမ္မ သီချင်းများကို သိဆိုခြင်းဖြင့်လည်းကောင်း ကျောင်းစရိတ် အထောက်အပံ့ရရန် ကြိုးပမ်းခဲ့လေသည်။ လူသာသည် ၁၅ဝ၁ ခုနှစ်တွင် အားဖတ် တက္ကသိုလ်သို့ တက်ရောက်သင်ကြား၍ ၁၅ဝ၅ ခုနှစ်တွင် မဟာဝိဇ္ဇာဘွဲ့ကို ရရှိသည်။ ဦးစွာ၌ လူသာသည် ရှေ့နေလုပ်ရန် ရည်ရွယ်ခဲ့သော် လည်း တက္ကသိုလ်သင်တန်း နှစ်ကုန်ခါနီးတွင် စိတ်ပြောင်းသွားခဲ့လေသည်။ ထို အချိန်တွင် အနောက်ဥရောပတိုက်၌ သာသနာရေး လှုပ်ရှားနေချိန်ဖြစ်ရာ ထို အရေးတွင် စိတ်ပါဝင်စားပြီးလျှင် ၁၅ဝ၇ ခုနှစ်တွင် ရဟန်းဘောင်သို့ ဝင် ရောက်ခဲ့သည်။ ၁၅ဝ၈ ခုနှစ်တွင် ဗစ်တင်ဗတ်တက္ကသိုလ်၌ ဒဿနိကဗေဒ ပါမောက္ခအဖြစ် ခန့်ထားခြင်းခံရလေသည်။ ၁၅၁၁ ခုနှစ်တွင် လူသာသည် ရောမမြို့သို့ သွားရောက်ခဲ့သည်။ ၁၅၁၂ ခုနှစ်တွင် ဗြဟဒေဝဗေဒ ဆိုင်ရာ ပါရဂူဘွဲ့ကိုရရှိပြီးလျှင် ဗစ်တင်ဗတ်တက္ကသိုလ်၌ ဗြဟဒေဝဗေဒ ဆိုင်ရာ ပါမောက္ခအဖြစ် ခန့်ထားခြင်းခံရလေသည်။ ထိုအခါ သမ္မာ ကျမ်းစာ သင်တန်းတစ်ရပ် ဖွင့်လှစ်ပို့ချခဲ့ရာ လူသာသည် ဆရာတစ်ဦး အဖြစ် နာမည် ရခဲ့သည်။ သာသနာနယ်ဆိုင်ရာ ဘုန်းကြီးအဖြစ်နှင့်လည်း မိမိသာသနာနယ် ဆိုင်ရာ ဘုရားရှိခိုးကျောင်း၌ နေ့စဉ်တရားဟောခဲ့သည်။ ထိုအချိန်အခါက ခရစ်ယန်အယူဝါဒီတို့သည် မိမိတို့၏ အပြစ် တို့မှ လွတ်မြောက်ရာ လွတ်မြောက်ကြောင်းအတွက် ခရစ်ယာန် သာသနာ့ အဖွဲ့က ပြဋ္ဌာန်းထားသည့် ဒဏ်ခံခြင်း၊ ဆုတောင်းခြင်း၊ အာဟာရ ဖြတ်ခြင်း၊ အလှူပေးခြင်း စသောအာပတ်ဖြေနည်းများကို လိုက်စားနေကြ၏။ ထိုအဖြစ် ကို လူသာ တွေ့ရှိသောအခါ များစွာစိတ်မချမ်းမသာဖြစ်ရ၏။ လူသာကမူ ခရစ်တော်၏တပည့်ကြီး စိန့်ပေါ၏ တရားစာများနှင့် စိန့်အော်ဂတ်စတင်း ၏ကျမ်းများကို ဖတ်ရှုခဲ့သူဖြစ်ပေရာ အထက်ပါနည်းအတိုင်း ပြုလုပ်ခြင်း ဖြင့် အပြစ်ဒဏ်မှ မလွတ်မြောက်နိုင်။ ခရစ်တော်ကို အကြွင်းမဲ့ယုံကြည်ကိုး စားခြင်းဖြင့်သာ အပြစ်မှ လွတ်မြောက်နိုင်မည်ဟု သဘောပေါက်ခဲ့လေသည်။ ထိုစဉ်က ပုပ်ရဟန်းမင်း ဒသမ လီယိုသည် ယိုဟန်းတက်ဇယ် အမည်ရှိသူ ပုဂ္ဂိုလ်တစ်ဦးအား အာပတ်ဖြေ ခွင့်လွှတ်နိုင်ရန် အာဏာပေး၍ ခွင့်ပြုထားသည့်အလျောက် တက်ဇယ်သည် ဗစ်တင်ဗတ်တက္ကသိုလ် အနီး တစ်ဝိုက်၌လာရောက်၍ ဟောပြောခဲ့သည်။ ရောမမြို့၌ ဆောက်လုပ်နေဆဲ ဖြစ်သော စိန့်ပေါကသီးဒရယ် ဘုရားရှိခိုးကျောင်းသို့ အလှူငွေထည့်ဝင်သူ များကိုလည်း အာပတ်ဖြေပေးလေသည်။

ဤသို့ဖြင့် ဘုန်းကြီးရဟန်းများက ဆင်းရဲသားတို့ထံမှ ဖြား ယောင်းငွေညှစ်နေသည့်အဖြစ်ကို လူသာတွေ့ရှိသောအခါ လူအပေါင်းတို့အဖို့ အကျိုးယုတ်သည့်အပြင် သာသနာ၏ အဆုံးအမနှင့်လည်း ဆန့် ကျင်သည် ဟု သဘောရကာ ဝေဖန်ရှုတ်ချသော စာတန်းကို လူသာကိုယ်တိုင်ရေး၍ ဗစ်တင်ဗတ် ဘုရားရှိခိုးကျောင်း၏ တံခါးဝတွင် ကပ်ထားခဲ့လေ သည်။ ယင်းသည် အချက်ကြီး ၉၅ ချက် ဟု ထင်ရှားလာခဲ့သည်။ ထိုအချိန် မှစ၍ လူသာနှင့် ခရစ်ယာန်သံဃာအဖွဲ့သည် ပဋိပက္ခဖြစ်လာသည်။ ဤ ပဋိပက္ခအတွင်း လူသာ၏ အယူအဆများမှာ လျင်မြန်စွာ ပျံ့နှံ့သွား ခဲ့သည်။ လူသာသည် ပုပ်ရဟန်းမင်း၏ ခေါင်းဆောင်မှုကိုပယ်သည်။ ခရစ် ယာန်ဘုန်းကြီးများသည် သာမန်လူထက် တန်ခိုးဣဒ္ဓိပါဒ် ရှိသည်ဟူသော အစွဲကို ချွတ်သည်။ ခရစ်ယာန် ဘုန်းကြီး၊ သီလရှင်တို့ အဓိဋ္ဌာန်ပြု သော အလုပ်သည် အလဟဿ ဖြစ်သည်ဟုဆိုသည်။ အဆုံး၌ ခရစ်ယာန်ဘုရား ရှိခိုးကျောင်းများသည်ပင် မလိုဟုပယ်လေသည်။ ထိုအခါ ပုပ်ရဟန်းမင်းက လူသာအား ခရစ်ယာန်သာသနာမှ ကြဉ်မည်ဟု ခြိမ်းခြောက်ခဲ့သည်။ ထိုသို့ ခြိမ်းခြောက်ပေးပို့ခဲ့သော ပုပ်ရဟန်းမင်း၏ အမိန့်စာချွန်ကို လူသာသည် လူ အများရှေ့တွင် မီးတင်ရှို့လိုက်လေသည်။ ထိုအချိန်တွင် လူသာအား ထောက် ခံသူများစွာရှိလေသည်။ အမှန်သော်ကား လူသာသည် ရောမ ကက်သလစ် အသင်းတော်(ဗရင်ဂျီဂိုဏ်း)ကို တော်လှန်ရန် မရည်ရွယ်ခဲ့စေကာမူ သာသနာ ပြုပြင်ပြောင်းလဲရေးနှင့် ပရိုတက်စတန့်ဂိုဏ်း ပေါ်ပေါက်လာအောင် ဖန်တီး ရာရောက်သွားခဲ့လေသည်။ လူသာ၏ အချက်ကြီး ၉၅ ချက်ကို ဂျာမန်ဘာ သာနှင့် အခြားဘာသာများသို့ ပြန်ဆိုခဲ့၏။ ပုံနှိပ်စက်များ ပေါ်ခါစအချိန် ဖြစ်သောကြောင့် အဆိုပါအကြောင်းအရာတို့သည် ဥရောပ တစ်တိုက်လုံးသို့ ပျံ့နှံ့သွားလေသည်။

ထို့နောက် လူသာကို ဘုရားရှိခိုးကျောင်းများတွင် ပါဝင်ဆောင် ရွက်ခြင်းမပြုရဟု ပုပ်ရဟန်းမင်းက တားမြစ်ပိတ်ပင်ခဲ့သည်။ ထို့ပြင် ၁၅၂၁ ခုနှစ်၊ ဧပြီလတွင် ဗန်းမြို့၌ ကျင်းပမည်ဖြစ်သော နိုင်ငံတော် လွှတ်တော် အစည်းအဝေးသို့ လာရောက်၍ အစစ်ခံရမည်ဟု ဆင့်ခေါ်ခြင်း ခံရလေသည်။ ထိုလွှတ်တော် ကိုဆင့်ခေါ်သူမှာ ဧကရာဇ် ဘုရင်သစ် ပဉ္စမချား ဖြစ်၍ ထိုစဉ် အခါက ဩဇာကိတ္တိကြီးသော ဂျာမန်မင်းညီမင်းသား မှူးမတ်များ နှင့် သာသနာ့အဖွဲ့ဝင်များ တက်ရောက်ကြလေသည်။ လူသာသည် မိတ်ဆွေများက တားမြစ်သော်လည်း ဆင့်ခေါ်သည့် အတိုင်း တက်ရောက်ခဲ့သည်။ ထိုအစည်းအဝေးက သူဟောပြော ရေးသားခဲ့ သမျှကို ပြန်လည်ရုပ်သိမ်းရမည်ဟု အမိန့်ပေးခဲ့သော်လည်း လူသာ ကမူ မရုပ်သိမ်းသည့်အပြင် သူ၏အယူအဆများ၌ ပိုမိုစွဲမြဲနေခဲ့သည်။ လူသာက သူမှားကြောင်း ကျမ်းဂန်အထောက်အထားနှင် မပြနိုင်သမျှ မရုပ်သိမ်းနိုင်ဟု ဆိုလေသည်။ ထိုအခါ ဧကရာဇ်ဘုရင်က လူသာ၏ စာအုပ်မှန်သမျှကို မီးတိုက်ရမည်ဟု အမိန့်ထုတ်ပြန်ခဲ့သည့်အပြင် လူသာသည် မိစ္ဆာဒိဋ္ဌိဖြစ် ကြောင်းကိုလည်း ထုတ်ပြန်ကြေညာခဲ့၏။ သို့သော် ဆက်ဆွန်နီနယ်စားကြီး ဖရက်ဒရစ်အား ပေးထားသည့်ကတိကြောင့် အိမ်သို့ပြန်ခွင့်ပြု လိုက်သည်။ အပြန်ခရီးတွင် လူသာသည် လူဆိုးများ၏ ဖမ်းဆီးခြင်းကိုခံရ၏။ အမှန်မှာ ဆက်ဆွန်နီနယ်စားကြီး၏ တပည့်များက လူသာအား တစ်ဖက် လှည့်ဖြင့် ဗတ်ဆုသို့ ခေါ်ဆောင်သွားခြင်းဖြစ်သည်။ ဤသို့ပြုရ ခြင်းမှာ လူသာအား အကာအကွယ်ပေးလိုသော်လည်း လူသိရှင်ကြား ပွင့်လင်းစွာ အကာအကွယ် မပေးဝံ့သောကြောင့်ဖြစ်၏။ လူသာသည် ဗတ်ဗုရဲတိုက်၌ ၁ဝ လမျှ နေထိုင်ခဲ့သည့်အတောအတွင်း ဓမ္မသစ်ကျမ်းကို မူရင်းဂရိဘာသာ မှ ဂျာမန်ဘာသာသို့ ပြန်ဆိုရေးသားခဲ့၏။

မာတင်လူသာသည် ရှေးဟောင်းအယူဝါဒများကို ပြုပြင်ပြောင်းလဲ ရန် ဆက်လက်၍ဆောင်ရွက်ခဲ့လေသည်။ ၁၅၂၂ ခုနှစ်၊ မတ်လ တွင် လူသာ သည် ဗစ်တင်ဗတ်သို့ပြန်ကာ ခရစ်ယာန် အသင်းတော်သစ် ထူထောင်ရေးကို လုံးပမ်းခဲ့လေသည်။ အသင်းတော်သစ်ဆိုင်ရာ စည်းကမ်းဥပဒေ များကိုလည်း ရေးဆွဲပေးခဲ့၏။ သာမန်လူများနားလည်အောင် အမေးအဖြေစာ များကို ရေး သား၍ တရားနာပရိသတ် အစုအဝေးအလိုက် ဓမ္မသီချင်းရင့်ကျူးခြင်းကို တီ ထွင်ခဲ့၏။ ဓမ္မသီချင်းများကိုလည်း စပ်ဆိုခဲ့သည်။ ထို့ပြင် ဘုန်းကြီးများ အိမ်ထောင်ပြုခွင့်ရှိကြောင်းကိုလည်း ဟောပြောခဲ့၍ မိမိကိုယ်တိုင် သီလရှင် လူထွက်တစ်ဦးနှင့် အိမ်ထောင်ပြုခဲ့လေသည်။ လူသာ၏ အိမ်ထောင်ရေးမှာ သာတောင့်သာယာရှိလေသည်။ လူသာသည် ၁၅၃၄ ခုနှစ်တွင် ဓမ္မဟောင်းကျမ်းကို ဂျာမန်ဘာ သာသို့ပြန်ဆိုခဲ့ရာ ထိုစဉ်က ကျန်းမာရေးချို့တဲ့နေသည့်အတွက် ပင်ပန်းကြီး စွာ ဆောင်ရွက်ခဲ့ရသည်။ စုစုပေါင်း စာအုပ်စာတန်းကြီးငယ် ၄ဝဝ ကျော် ပြုစုခဲ့သောဟူ၏။ မာတင်လူသာသည် ၁၅၃၆ ခုနှစ်တွင် ဖွားရာဇာတိဖြစ် သော အိုက်စလေးဗင်မြို့၌ ကွယ်လွန်လေသည်။[၂]

ကိုးကား[ပြင်ဆင်ရန်]

  1. ကျော်စွာ၁၀၀-ဒေါက်တာသန်းထွန်း
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)