သန္တာ

ဝီကီပီးဒီးယား မှ
သန္တာ (Coral)
Temporal range: 535–0 Ma
Red sea fingers (Alcyonium glomeratum), a soft coral
Grooved brain coral (Diploria labyrinthiformis), a hard coral
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Animalia
မျိုးပေါင်းစု: Cnidaria
မျိုးပေါင်း: Anthozoa
Ehrenberg, 1834
မျိုးကွဲများ

သန္တာကျွန်း၊ သန္တာကျောက်တန်း၊ သန္တာကျွန်းခွေများဖြစ်ပေါ်လာအောင် လုပ်ကိုင်ဆောင်ရွက်ပေးသော သေးငယ်သည့် သန္တာကောင်ကလေးများသည် ပင်လယ် အနီမိုနီနှင့်အတူ အန်သိုဇိုအာ (Anthozoa) မျိုးပေါင်း၌ပါဝင်ပြီး ၎င်းမျိုးပေါင်းသည်လည်း ပင်လယ်ရေခူနှင့်အတူ ဆင်နီတာရေးယား (Cnidaria) မျိုးပေါင်းစုတွင်ပါဝင်လေသည်။ သန္တာကောင်ကလေးများသည် ပူနွေးသောသမုဒ္ဒရာများတွင် ရေတိမ်ပိုင်း၌နေထိုင်ကျက်စားကြသည်။ မည်မျှပင်သေးငယ်ကြသော်လည်း မိမိတို့ဆိုင်ရာအလုပ်များကိုလုပ်ကိုင်ရာမှ တဖြည်းဖြည်းကျွန်းကြီးများ ကျောက်တန်းကြီးများ ဖြစ်ပေါ်လာလေသည်။

ခန္ဓာဗေဒ[ပြင်ဆင်ရန်]

သန္တာကောင်ခန္တာဗေဒပုံ

ပထမတွင် မိခင်သန္တာကောင်သည် ရေထဲတွင် လွတ်လပ်စွာသွားလာကျက်စားလျက်ရှိရာမှ အချိန် အတန်ကြာလတ်သော် ကျောက်ပေါ်၌သော်လည်းကောင်း၊ အခြား သန္တာအသေကောင်၏အရိုးပေါ်၌သော်လည်းကောင်း၊ ငြိတွယ်ကာ တစ်နေရာမှတစ်နေရာသို့ လှုပ်ရှားသွားလာမှုမပြုနိုင်တော့ဘဲ ရေအောက်အပင်ကဲ့သို့ တည်ငြိမ်နေတော့၏။ ထိုကြောင့်လည်း ရှေးအခါက သန္တာကောင်များကို သက်ရှိသတ္တဝါဟုမထင်ကြဘဲ ရေအောက်ပင်လယ်ပန်းပင် တစ်မျိုးဟုမှတ်ယူခဲ့ကြသည်။

စက်ဖမ်းလက် ထွက်လာပုံ

ယင်းသို့တစ်နေရာတွင် ငြိတွယ်၍တည်ငြိမ်နေရာမှ တဖြည်းဖြည်းခွက်ကလေးသဖွယ် ကိုယ်ထည်ဖြစ်ပေါ်လာပြီးလျှင် အပေါ်ဘက်ပါးစပ်ပေါက်နှုတ်ခမ်းမှ လက်တံကဲ့သို့သော အာရုံမှင်များထွက် ပေါ်လာလေသည်။ တစ်နေ့တစ်ခြား ထိုအာရုံမှင်များရှည်ထွက်ပြီးလျှင် ရေထဲ၌မျောပါနေသည့် လက်လှမ်းမီရာသတ္တဝါငယ်ကလေးများ ကိုဖမ်းစားခြင်းအားဖြင့် ထုံးဓာတ်ထုတ်ကာ အရိုးများကြီးထွား ရင့်သန်လာလေသည်။ အချို့သောသန္တာကောင်မျိုးများသည် တစ်ကောင်ထီးတည်းသာ အသက်ထက်ဆုံးနေတတ်ကြသော် လည်း များသောအားဖြင့်ကား ကုဋေပေါင်းထောင်သောင်းမက စုပေါင်းဖွဲ့စည်းကာ စုရုံးနေထိုင်တတ်ကြ သဖြင့် တစ်ကောင်နှင့်တစ်ကောင်ခွဲခြား၍ပင် မရနိုင်ချေ။

မိခင်သန္တာကောင်မှ အဖူးကလေးများထွက်လာပြီးလျှင် ထိုအဖူးကလေးများမှတစ်ဖန် ခွက်ကဲ့သို့ကိုယ်ထည်များ၊ အာရုံမှင်များထွက်လာကြပြန်သည်။ ထိုနောက် ထိုအဖူးများမှ အဖူးသစ်များထွက်လာပြန်ရာ အဆက်မပြတ်ပေါက်ပွားနေတော့၏။ သို့ဖြင့် တစ်ကောင်နှင့်တစ်ကောင်ဆက်၍ မိသားစုကြီးဖြစ်လာကာ တစ်ခါတစ်ရံ ဤမိသားစုကြီးသည် နှစ်ပေါင်းများစွာ တည်နေတော့၏။

သန္တာကျောက်တန်းများ ဖြစ်ပေါ်လာပုံ[ပြင်ဆင်ရန်]

ဩစတြေးလျရှိ မဟာ ဘယ်ရီယာ သန္တာကျောက်တန်းကြီးမှ တချို့

သန္တာကောင်များမှ ပေါက်ပွားထွက်လာသောထုံးကျောက်အစိုင်အခဲများသည် တစ်နှစ်ပြီးတစ်နှစ် တဖြည်းဖြည်းပွား၍ပွား၍လာခဲ့ရာမှ အစိုင်အခဲကြီးတစ်ခုဖြစ်အောင်ဆက်မိသွားတော့၏။ ယင်းသို့ဖြင့်ရာစုနှစ် ပေါင်းများစွာကြာလတ်သော် သန္တာအသေကောင် ကုဋေပေါင်းများစွာပါဝင်သော ကျောက်တန်းသစ်များဖြစ် ပေါ်လာလေသည်။ ထိုသို့ရှိစဉ် ကုဋေပေါင်းများစွာသော ဥများကိုအုကြပြန်ရာ ထိုဥများမှပေါက်သော အကောင်များသည် မျောပါလိုရာသို့မျောပါပြီးလျှင် ငြိတွယ်ချင်ရာတွင်ငြိတွယ်၍ ထုံးကျောက်အစိုင်အခဲများဖြစ်စေပြန်သည်။ သန္တာကောင်၏ အသက်ရှင်နေသော အပိုင်းသည် လိမ်မော်ဝါရောင်ဖြစ်၍ ရိုးတံမှာ ကားဆွတ်ဆွတ်ဖြူလျက်ရှိ၏။

ကျောက်မျက် သန္တာ[ပြင်ဆင်ရန်]

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - ကျောက်မျက် သန္တာ
ကျောက်မျက်တန်းဝင် အနီရောင်သန္တာ

အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါကမ်းခြေအလွန် ပင်လယ်ရေအောက်တွင် အလွန်လှပသော သမုဒ္ဒရာ ဥယျာဉ်များနှင့်တူသည့် သန္တာကျွန်းတန်းများဖြစ်ပေါ်လျက်ရှိသည်ကို တွေ့နိုင်သည်။ အချို့သည်အရွက်သန္တာများ ဖြစ်ကြ၍ အချို့ကား အိုးကြီးများသဏ္ဌာန်ရှိပြီးလျှင် အချို့မှာ ဆတ်ချိုများကဲ့သို့သော အခက်အလက်များ ထွက်လျက်ရှိသည်။ ဤသန္တာကျောက်ခက်များသည် မည်မျှပင်လှပသော်လည်း ပုတီးစေ့နှင့် ရင်ထိုးများပြုလုပ်ရန်အတွက် အသုံးမပြုနိုင်ချေ။ ယင်းတို့ကို ရေမှဆယ်ယူလိုက်သည်နှင့် အရောင်ပျက်သွား သည့်အပြင် အရောင်တင်နိုင်လောက်အောင်လည်း မမာလွန်းလှချေ။ အနီနှင့် ပန်းနုရောင်သန္တာတစ်မျိုးကို မြေထဲပင်လယ်အချို့အပိုင်းဖြစ်သော အာဖရိကကမ်းခြေအလွန်နှင့် ဣတလီနိုင်ငံအနောက်ဘက်ကမ်းခြေ တို့တွင်အများဆုံးတွေ့ရသည်။ ထိုဒေသများတွင် သန္တာကိုလိုက်လံရှာဖွေ၍ရောင်းသောလုပ်ငန်းသည် အတော်ပင်ကြီးကျယ်သည်။ နှင်းဆီပန်းနုသွေးရောင်အကောင်းဆုံးသန္တာ အကြီးစားမျိုးကို တစ်အောင်စလျှင် ပေါင်စတာလင်၈ဝ အထိပေးဝယ်ကြသည်။

သန္တာကျောက်တန်း တည်ရှိရာနေရာများ[ပြင်ဆင်ရန်]

ကမ္ဘာပေါ်ရှိ သန္တာကျောက်တန်းများ တွေ့ရှိရာ ဒေသများ

သန္တာကျွန်းနှင့် သန္တာကျောက်တန်းများကို ပစိဖိတ်သမုဒ္ဒရာနှင့် အိန္ဒိယသမုဒ္ဒရာ၏ပူနွေးသောအပိုင်းများ၌ အမြောက်အမြားတွေ့ရသည်။ သန္တာများကိုသုံးမျိုးသုံးစားတွေ့ရသည်။ သန္တာကျောက်တန်းများသည် ကမ်းခြေမှ အတော်ဝေးဝေးနေရာတွင် ရှိကြသည်။

ဩစတြေးလီးယားတိုက်မှ သန္တာကျောက်တန်းကြီးသည် မိုင် ၁ဝဝဝကျော်ရှည်လျား၍ ဆယ်မိုင်မှ မိုင် ၉ဝအထိကျယ်သည်။ သန္တာကျွန်းခွေများသည်ကမ်းခြေမှ ဝေးသောအရပ်၌ တည်ရှိ၍ဖန်သားကဲ့သို့ကြည်လင်ငြိမ်သက်လျက်ရှိသော ပင်လယ်ထုံးအိုင်ကြီးများကို ဝိုင်းရံလျက်ရှိတတ်သည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)