ကျောက်မျက် သန္တာ

ဝီကီပီးဒီးယား မှ
ကျောက်မျက်သန္တာ
(Precious coral)
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Animalia
မျိုးပေါင်းစု: Cnidaria
မျိုးပေါင်း: Anthozoa
မျိုးစဉ်: Alcyonacea
မျိုးရင်း: Coralliidae
မျိုးစု: Corallium
Cuvier, 1798
မျိုးစိတ်

မျိုးစိတ် (၃၁) ခု

ကျောက်မျက် သန္တာ (Precious Coral) သည် ဇီဝမူလ ကျောက်မျက်(Organic Gems)အမျိုးအစားဖြစ်ပြီး မြန်မာတို့၏ နဝရတ် ကိုးပါး စာရင်းဝင်ကျောက်မျိုးဖြစ်သည်။ အနောက်တိုင်းတွင်မူ လူနေအိမ်များ၊ ဧည့်ခန်းများတွင် အလှဆင်ပစ္စည်းအနေဖြင့်လည်း အသုံးပြုတတ်ကြသည်။

သန္တာ
ကျောက်မျက်တန်းဝင် အနီရောင်သန္တာ

တွင်းထွက်ကျောက်မျက်မဟုတ်၍ ပုံဆောင်စနစ်မရှိပေ။ ဓာတုဖွဲ့စည်းမှုမှာ ဟိုက်ဒရိုကာဘွတ် ဒြပ်ပေါင်းဖြစ်သည်။ သိပ်သည်းဆ ၂.၇ဝ ရှိပြီး မာဖြင့်မှာ ၄ အောက်သာရှိသည်။ ဆီရောင်လက်ဖြစ်သော်လည်း အရောင်တင်ရာတွင် အကောင်းဆုံးအနေအထားကို မရနိုင်ပေ။ သန္တာသည် မာကြောမှုအား မကြီးသော်လည်း ပျင်းတွဲမှုအားကောင်းသည်။

ထွက်ရှိရာဒေသများ[ပြင်ဆင်ရန်]

ပင်လယ်ပြင်နှင့်ထိစပ်နေသော ကမ်းနီးရေတိမ်ပိုင်းဒေသများတွင် များပြားစွာတွေ့ရှိရသည်။

သန္တာ[ပြင်ဆင်ရန်]

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - သန္တာ

သန္တာကျွန်း၊ သန္တာကျောက်တန်း၊ သန္တာကျွန်းခွေများဖြစ်ပေါ်လာအောင် လုပ်ကိုင် ဆောင်ရွက်ပေးသော သေးငယ်သည့်သန္တာကောင်ကလေးများ သည် ပင်လယ်မှိုကောင်၊ ပင်လယ်ခူတို့နှင့်အတူ ဆီလင် တာရေးတားမျိုးပေါင်းစုတွင်အန်သိုဇိုအာမျိုးပေါင်း၌ပါဝင်သည်။ သန္တာကောင်ကလေးများသည် ပူနွေးသောသမုဒ္ဒရာများတွင် ရေတိမ်ပိုင်း၌နေထိုင်ကျက်စားကြသည်။ မည်မျှပင်သေးငယ် ကြသော်လည်းမိမိတို့ ဆိုင်ရာအလုပ်များကိုလုပ်ကိုင်ရာမှ တဖြည်းဖြည်းကျွန်းကြီးများ ကျောက်တန်းကြီးများ ဖြစ်ပေါ်လာလေသည်။

သန္တာကောင်များမှ ပေါက်ပွားထွက်လာသောထုံးကျောက်အစိုင်အခဲများသည် တစ်နှစ်ပြီးတစ်နှစ် တဖြည်းဖြည်းပွား၍ပွား၍လာခဲ့ရာမှ အစိုင်အခဲကြီးတစ်ခုဖြစ်အောင်ဆက်မိသွားတော့၏။ ယင်းသို့ဖြင့်ရာစုနှစ် ပေါင်းများစွာကြာလတ်သော် သန္တာအသေကောင် ကုဋေပေါင်းများစွာပါဝင်သော ကျောက်တန်းသစ်များဖြစ် ပေါ်လာလေသည်။ ထိုသို့ရှိစဉ် ကုဋေပေါင်းများစွာသော ဥများကိုအုကြပြန်ရာ ထိုဥများမှပေါက်သော အကောင်များသည် မျောပါလိုရာသို့မျောပါပြီးလျှင် ငြိတွယ်ချင်ရာတွင်ငြိတွယ်၍ ထုံးကျောက်အစိုင်အခဲများဖြစ်စေပြန်သည်။ သန္တာကောင်၏ အသက်ရှင်နေသော အပိုင်းသည် လိမ်မော်ဝါရောင်ဖြစ်၍ ရိုးတံမှာ ကားဆွတ်ဆွတ်ဖြူလျက်ရှိ၏။ အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါကမ်းခြေအလွန် ပင်လယ်ရေအောက်တွင် အလွန်လှပသော သမုဒ္ဒရာ ဥယျာဉ်များနှင့်တူသည့် သန္တာကျွန်းတန်းများဖြစ်ပေါ်လျက်ရှိသည်ကို တွေ့နိုင်သည်။ အချို့သည်အရွက်သန္တာများ ဖြစ်ကြ၍ အချို့ကား အိုးကြီးများသဏ္ဌာန်ရှိပြီးလျှင် အချို့မှာ ဆတ်ချိုများကဲ့သို့သော အခက်အလက်များ ထွက်လျက်ရှိသည်။

ဤသန္တာကျောက်ခက်များသည် မည်မျှပင်လှပသော်လည်း ပုတီးစေ့နှင့် ရင်ထိုးများပြုလုပ်ရန်အတွက် အသုံးမပြုနိုင်ချေ။ ယင်းတို့ကို ရေမှဆယ်ယူလိုက်သည်နှင့် အရောင်ပျက်သွား သည့်အပြင် အရောင်တင်နိုင်လောက်အောင်လည်း မမာလွန်းလှချေ။ အနီနှင့် ပန်းနုရောင်သန္တာတစ်မျိုးကို မြေထဲပင်လယ်အချို့အပိုင်းဖြစ်သော အာဖရိကကမ်းခြေအလွန်နှင့် ဣတလီနိုင်ငံအနောက်ဘက်ကမ်းခြေ တို့တွင်အများဆုံးတွေ့ရသည်။ ထိုဒေသများတွင် သန္တာကိုလိုက်လံရှာဖွေ၍ရောင်းသောလုပ်ငန်းသည် အတော်ပင်ကြီးကျယ်သည်။ နှင်းဆီပန်းနုသွေးရောင်အကောင်းဆုံးသန္တာ အကြီးစားမျိုးကို တစ်အောင်စလျှင် ပေါင်စတာလင်၈ဝ အထိပေးဝယ်ကြသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)