သင်္ဘောလက်ပံပင်

ဝီကီပီးဒီးယား မှ

သင်္ဘောလက်ပံပင်မှ လဲ၊ သို့မဟုတ် မှို့ရရှိသဖြင့် ထိုအပင်ကို လဲပင်ဟူ၍လည်းကောင်း၊ မှို့ပင်ဟူ၍လည်းကောင်း ခေါ်ကြသေးသည်။ ပင်စည်ဖြောင့်မတ်၍ မြင့်မားသော သင်္ဘောလက်ပံပင်များသည် ကမ္ဘာ့အပူပိုင်းဇုန်တွင် ပေ ၂ဝဝဝ မြင့်သောဒေသများအထိ ပေါက်ရောက်ဖြစ်ထွန်းသည်ကို တွေ့ရသည်။ လက်ပံပင်နှင့် မျိုးရင်းတူဖြစ်၍ ဗုံဗာကေစီအီး မျိုးရင်းတွင်ပါဝင်လေသည်။ မျိုးခွဲပေါင်း ၂၁မျိုးနှင့်မျိုးစိတ်ပေါင်း ၁၅ဝ ခန့်ရှိလေရာထင်ရှားသော မျိုးခွဲတို့မှာ စီဗာ၊ ဗုံဗတ်၊ ကော်ရီရှား နှင့်အော့ကရိုးမားတို့ဖြစ်လေသည်။ ယင်းအပင်မျိုးတို့၏အသီးအတွင်း၌ အစေ့များသည် လဲ၊ သို့မဟုတ် မှို့ဟုခေါ်ကြသော အမွေးများထဲ၌နစ်မြုပ်နေကြလေသည်။

သိပ္ပံအမည်[ပြင်ဆင်ရန်]

သင်္ဘောလက်ပံမျိုးတို့အနက် အထင်ရှားဆုံး အမျိုးကိုရုက္ခဗေဒအမည်ဖြင့် စီဗာပင်တန်ဒြာ ၊သို့မဟုတ် တနည်းအားဖြင့် အီရီယိုဒင်ဒရွန်အမ်ဖရက်တျူအိုဆမ်ဟု ခေါ်သည်။ ထိုသင်္ဘောလက်ပံမျိုးတို့သည် အမေရိကတိုက်၌ မူလပေါက်ရောက်သည်ဟုယူဆကြသည်။ သို့သော် အာရှတိုက်အမျိုးနှင့် အမေရိကတိုက်မျိုးတို့၌ပင်စည်တွင်ဆူးထွက်ပုံ၊ အကိုင်းအခက်ထွက်ပုံ၊ အသီး၏အရွယ်အစား၊ အသီး မှည့်ပွင့်ဟပုံ၊ လဲမျှင်၏အရှည်၊ အရောင်နှင့်လဲ၏ ရုန်းကန်မှုတို့၏ခြားနားကွဲပြားခြင်းတို့သည် အနည်းနှင့်အများ ရှိကြ သဖြင့်ယင်းခြားနားမှုတို့ကို အခြေပြုကာ မျိုးပြား ခွဲခြားလိုက်သည်။ ခွဲခြားလိုက်သောမျိုးပြားမှာ သုံးမျိုးဖြစ်၍ အိန္ဒိယမျိုးကို စီဗာပင်တန်ဒြာအင်ဒီကာဟူ၍လည်းကောင်း၊ အာဖရိကန်မျိုးကို စီဗာပင် တန်ဒြာကာရစ်ဗီယာ ဟူ၍လည်းကောင်း၊ အာဖရိကမျိုးကို စီဗာပင်တန်ဒြာ အာဖရိကားနား ဟူ၍လည်းကောင်းဖြစ်ပေသည်။ ထိုအပင်များသည် အိန္ဒိယနိုင်ငံအနောက်ပိုင်းနှင့် တောင်ပိုင်းပူအိုက်သောဒေသများ၊ သီဟိုဠ်ကျွန်းကပ္ပလီကျွန်းစု၊ မြန်မာနိုင်ငံ၊ မလ္လာယုကျွန်းဆွယ်၊ ဂျားဗားကျွန်း၊ အင်ဒိုချိုင်းနားနှင့် အခြား အရှေ့တောင်အာရှ နိုင်ငံများ၌ ပျံ့နှံ့ပေါက်ရောက်သည်။ အထူးသဖြင့်ဂျားဗားနှင့် ဖိလစ်ပိုင်ကျွန်း တို့၌ အကြီးအကျယ်စိုက်ပျိုးလုပ်ကိုင်လေသည်။

ပုံသဏ္ဌာန်[ပြင်ဆင်ရန်]

သင်္ဘောလက်ပံပင်တို့သည် ပေ၅ဝမှ၁ဝဝအထိ မြင့်မားနိုင်သော အပင်လတ်မျိုးဖြစ်သည်။ ပင်စည် ၏အရင်းတွင် ပျဉ်ပြားချပ်ကြီးများသဖွယ် ကျားကန်မြစ်ကြီးများရှိခြင်းသည် ထိုအပင်များ၏ ထူးခြားချက် တစ်ရပ်ပေတည်း။ ထိုကျားကန်မြစ်များသည် ၁၂ ပေမျှပင် ရှည်လျားသည်လည်းရှိ၍ ဗြက်မှာမူ လက်မအနည်းငယ်မျှသာ ကျယ်သည်။ အကိုင်းများသည် ဘေးသို့ ဖြောင့်တန်းစွာဖြန့်ကားလျက် ခရု ပတ်လည်၍ထွက်ကြသည်။ အကိုင်းအခက်များ နုစဉ်အခါနှင့် အပင်ပျိုများတွင် ဆူးရှိသည်။ အရွက်တို့ သည်ရွက်မြွှာခြောက်ခုမှ ကိုးခုအထိပါရှိတတ်သော ရွက်ပေါင်းဖြစ်၍ လက်ဝါးပုံသဏ္ဌာန် ရှိလေသည်။ နွေရာသီတွင် အရွက်များကြွေလေရာ ရွက်သစ် မလောင်းမီ အပွင့်များပွင့်သည်။ အပွင့်တို့သည် စိမ်း ဖန့်ဖန့်၊ သို့မဟုတ် ပန်းနုရောင်ရှိ၍ ပွင့်ဖတ်ငါးခုပါသော တစ်ပွင့်ချင်း ပန်းပွင့်မျိုးဖြစ်ပြီးလျှင် ပွင့်ဖတ်အပြင်သားတွင် အမွှေးနုနု ကလေးများ ရှိလေသည်။

အသီးသည်ထိပ်ချွန်သော ဘဲဥပုံသဏ္ဌာန်ရှိ၍ မာကျောသည်။ ခြောက်လက်မခန့်ရှည်၍ အချင်းနှစ်လက်မခန့် ရှိသည်။ အပွင့်ပွင့်ပြီးသည်မှ နှစ်လသုံးလအတွင်း၌ အသီးများမှည့်ကြသည်။ အသီးအတွင်း၌ပဲစေ့နှင့် သဏ္ဌာန်တူသော အနက်ရောင် အစေ့များစွာရှိရာ ယင်းတို့သည် ဖြူဖွေး၍ အရောင်ထွက်နေသောလဲ၊ မှို့များအတွင်း၌ နစ်မြုပ်နေကြလေသည်။

အသုံးချပုံ[ပြင်ဆင်ရန်]

အသီးများမှည့်လာလျှင် ပေါက်ကွဲထွက်ပြီးသော် အတွင်းမှလဲများ ထွက်ကျလာတတ်သည်။ ထိုကြောင့် အသီးတောင့်များကို မမှည့်မီခူး၍ နေခြောက်လှန်း ပြီးမှ လဲထုတ်ယူကြရလေသည်။ အသီးထဲမှ ထုတ်ယူသော လဲကိုနေလှန်း၍ တုတ်ဖြင့် မွှေပေးကာ အစေ့များ အောက်ကျကုန်အောင် ပြုလုပ်ကြရသည်။ ဂျားဗားကျွန်းနှင့် ဖိလစ်ပိုင်နိုင်ငံများတွင်မူ စက်များဖြင့်လဲနှင့်အစေ့များကိုခွဲထုတ်ကြသည်။ လဲပင်တစ်ပင်၏ မှို့အထွက်သည် အပင်သက်ကိုလိုက်၍အနည်းအများရှိတတ်သည်။ လေးနှစ်ငါး နှစ်သားအပင်များသည် လဲတစ်ပေါင်ခွဲမှ နှစ်ပေါင်အထိ ထွက်တတ်၍ ၁၅နှစ်သားအပင်များသည် ခြောက်ပေါင်မှ ကိုးပေါင်အထိထွက်တတ်သည်။ တစ်ပင်တည်းသည်ပင် တစ်နှစ်နှင့်တစ်နှစ် လဲထွက်မတူချေ။ တခါတရံ အထွက် လျော့၍ တခါတရံ အထွက်ပိုပြန်သည်။ ပျမ်းမျှခြင်းအားဖြင့် အသီးတောင့် ၈ဝမှ ၁ဝဝ ဆိုလျှင်လဲတစ်ပေါင်ထွက်လေသည်။ လဲတွင်အမျှင်ထဲ၌ လေခိုအောင်းနိုင်သော သတ္တိရှိသဖြင့် စပရိန်ကဲ့သို့ ငြိမ့်သောသဘော ရှိသည်။ ထို့ပြင် လဲ၏အခြား နှစ်လိုဖွယ်ရာကောင်းသော အချက်များမှာ ပိုးမွှားများ ခိုအောင်းပေါက်ပွားခြင်း မရှိနိုင်ချေ။ ရေအလွယ်တကူမစိုနိုင်ချေ။ (ဖော့ထက်ပင် ရေတွင်ပေါ်နိုင်သော သတ္တိ ခြောက်ဆမျှ ပို၍ ရှိသည်။) ဓာတ်မလိုက်နိုင်ခြင်း၊ အပူဓာတ်၊ အအေးဓာတ်တို့ကို ကာကွယ်နိုင်ခြင်း၊ အသံလုံနိုင်ခြင်း စသည်တို့ဖြစ်ကြပေသည်။ ထို့ကြောင့် လဲကို ခေါင်းအုံး၊ မွေ့ရာ ပြုလုပ်ရာ၌ အသုံးပြုကြသည်။ အနည်းဆုံး သုံးခါမျှ အခြောက်ပေါင်းတင်ခံနိုင်ခြင်း၊ စုခဲ၍ ချပ်ပြားဖြစ်ခြင်းမရှိသောကြောင့် ဆေးရုံသုံး ခေါင်းအုံးမွေ့ရာများအတွက် အထူး အသုံးဝင်လေသည်။ ထို့ပြင် အသံလုံအခန်းများ၊ အအေးခန်းများ၌လည်း လဲကို အတွင်းမှခံ၍ အသုံးပြုကြသည်။ လဲကို ဒုတိယကမ္ဘာစစ်အတွင်းက သင်္ဘောနှင့် လေယာဉ်တို့၌သုံးသော အသက်ကယ်အဝတ်များကိုလည်း လဲဖြင့်ပင် ပြုလုပ်ကြသည်။ တင့်ကားများ ဓာတ်မလိုက်နိုင်ရန် ဘော့တံတားများ ပြုလုပ်ရန်အတွက်လည်းလဲကို အသုံးပြုကြသည်။ ထို့ပြင် ရေမစိုစေလိုသော ပစ္စည်းများ၊ ရေ ပေါ်တွင် ပေါ်စေလိုသော ပစ္စည်းများပြုလုပ်ရာ၌လည်း ဖော့အစားလဲကိုပင် အသုံးပြုခဲ့ကြလေသည်။

ယခင်က သင်္ဘောလက်ပံပင်မှရသော လဲသည် အထည်အလိပ် ရက်လုပ်၍ မရနိုင်ဟု ယူဆခဲ့ကြသည်။ အဘယ်ကြောင့်ဆိုသော် ထိုလဲ၏ အမျှင်တို့သည် ပြတ်လွယ်၍ ချောမွတ်ပြီး အကိုင်ရခက် သောကြောင့်ဖြစ်၏၊ သို့သော်ထိုလဲ၏ ချည်မျှင်တို့ကိုရက်လုပ်နိုင်မည့် စက်မျိုးကိုတီထွင်၍လည်းကောင်း၊ အခြားချည်မျှင်တို့နှင့် ရောနှော၍ လည်းကောင်း အထည် ရက်လုပ်နိုင်ခဲ့ရာယခုအခါ ကတ္တီပါမွေးရှည်၊ အားကစားဝတ်စုံစသည်တို့ကို ရက်လုပ်နိုင်ကြပေသည်။ မျိုးရင်းခြင်းတူသော လက်ပံပင်မှလည်း သင်္ဘောလက်ပံ လဲနှင့်ဆင်ဆင် တူသောလဲကိုရရှိနိုင်သည်။ သို့သော် လက်ပံပင်တို့သည် ဆူးများသဖြင့် အပင်ပေါ်သို့တက်ရန် ခဲယဉ်းသောကြောင့် ထိုလဲကိုရောင်းချနိုင်လောက်အောင်စုဆောင်းခြင်းမပြုကြချေ။

ကမ္ဘာပေါ်တွင် သင်္ဘောလက်ပံလဲမျိုးသည် ဂျားဗားကျွန်းနှင့်ဖိလစ်ပိုင်နိုင်ငံမှ အများဆုံးထွက်ရှိ ၍ထိုလဲမျိုးကို အသုံးပြုဆုံးသောနိုင်ငံမှာ အမေရိကန်ပြည်ထောင်စု ဖြစ်လေသည်။ သင်္ဘောလက်ပံစေ့မှ ဆီထုတ်ယူရရှိနိုင်ရာ ဝါစေ့ဆီနှင့် ဆင်ဆင်တူသည်။ ထိုဆီကို စားသုံးနိုင်သည့်အပြင် ဆပ်ပြာ လုပ်ငန်း၌လည်း အသုံးပြုကြသည်။ တရုတ်နိုင်ငံတွင် မြေပဲဆီနှင့်ရောနှောရောင်းကြသည်။ ဥရောပတိုက်တွင် သင်္ဘောလက်ပံစေ့ဆီ အကောင်းစားများကို ထောပတ်တု လုပ်ကိုင်ရာ၌ အသုံးပြုကြသည်။ ဆီထုတ်ပြီးသော အဖတ်များသည် အလွန်ကောင်းမွန်သော နွားစာ ဖြစ်လေသည်။ သင်္ဘောလက်ပံသားသည်ပေါ့ပါး၍ပျော့သည်။ အဖိုးတန် သစ်မျိုးမဟုတ်ချေ။ ဘောက်တူနှင့်ကလေးကစားစရာများကို သင်္ဘောလက်ပံသားဖြင့်ပြုလုပ်ကြသည်။ ထို့ပြင် မီးခြစ်များလည်းထိုအသား ဖြင့်ပင်လုပ်ကိုင်ကြလေသည်။ အခေါက်မှဆေးဝါး၌ အသုံးပြုနိုင်သော ကော်တစ်မျိုး ရရှိနိုင်သည်။ ထို့ပြင်အခေါက်ကိုသားရေ နယ်ရာ၌ ဆိုးဆေးအဖြစ်အသုံးပြုသည့် လျှော်အညံ့စားတစ်မျိုးကိုလည်း အခေါက်မှ ထုတ်ယူရရှိနိုင်သည်။

ဆေးဖက်ဝင်[ပြင်ဆင်ရန်]

အိန္ဒိယဆေးကျမ်းများအလိုအရ သင်္ဘောလက်ပံပွင့်ကို ဘိန်းစေ့နှင့်ရော၍ ပြုတ်ပြီးလျှင် သကြား၊ ဆိတ်နို့တို့ဖြင့် ပျစ်ပျစ်ဖျော်၍ တိုက်လျှင် မြင်းသရိုက်နာအတွက် ကောင်းသည်ဟုဆိုသည်။ ကင်းကိုက်သော် အမြစ်ကိုသွေး လိမ်းရသည်။ အပင်ငယ်၏ ရေသောက်မြစ်သည် ဝမ်းကိုက်ရောဂါ၊ ညောင်းကျရောဂါများအတွက် ကောင်းသည်။ ညောင်းကျရောဂါအတွက် အရွက်များကိုကြိတ်၍လည်း အသုံးပြုနိုင်လေသည်။ သင်္ဘောလက်ပံပင်ကို အစေ့စိုက်၍လည်းရသည်။ သို့သော် အကိုင်းဖြတ်စိုက်ခြင်းက ပို၍ကောင်းသည်။ စိုက်ခင်းများတွင် တစ်ပင်နှင့်တစ်ပင် ၁၅ ပေခန့်ခွာ၍စိုက်ပျိုးသင့်သည်။ လမ်းဘေးများတွင်မူတစ်ပင်နှင့်တစ်ပင် ရှစ်ပေမှ ၁ဝပေခန့်အထိ ခွာ၍စိုက်သင့်သည်။ အချို့ဒေသများတွင် ထိုအပင်များ၌ ငရုတ် ကောင်းပင်များကို နွယ်တက်စေလေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)