သင်္ဂဟဘွဲ့ဂုဏ်ထူး၊ ဘွဲ့၊ တံဆိပ် (၁၇-၁၂-၂၀၀၉ ပြဌာန်းချက်)

ဝီကီပီးဒီးယား မှ
အခြားကြည့်ရန်။ သင်္ဂဟ၊ ဘွဲ့၊ တံဆိပ်၊

နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီလက်ထက်တွင် "၂၀ဝ၉ ခုနှစ်၊ ဒီဇင်ဘာလ ၁၇ ရက် နေ့စွဲပါ အမိန့်ကြော်ငြာစာအမှတ်(၄၈/ ၂၀ဝ၉)" ဖြင့် ထုတ်ပြန်ခဲ့သော အခန်းပေါင်း (၁၉)ခန်းနှင့် အပိုဒ် (၇၇)ပိုဒ် ပါရှိသည့် "ပြည်ထောင်စုမြန်မာနိုင်ငံ ဂုဏ်ထူးဆောင်ဘွဲ့၊ ဂုဏ်ထူးဆောင်တံဆိပ်များဆိုင်ရာ ပြဋ္ဌာန်းချက်" [၁] [၂] တွင်ပါရှိသော နိုင်ငံတော်မှ ယနေ့အထိ ချီးမြှင့်လျက် ရှိသည့် "သင်္ဂဟဘွဲ့ဂုဏ်ထူး၊ ဘွဲ့ နှင့် တံဆိပ်"များ အကြောင်းဖြစ်သည်။

ဤပြဋ္ဌာန်းချက်သည် ဘွဲ့တံဆိပ်များအား အသစ်တီထွင်ပြဋ္ဌာန်းထားခြင်းမဟုတ်ဘဲ ယခင်ပြဋ္ဌာန်းထားသော သင်္ဂဟ၊ ဘွဲ့၊ တံဆိပ်[၃] ပြဋ္ဌာန်းချက်များနှင့် အခြားသော နိုင်ငံတော်မှ ချီးမြှင့်သည့် ဆုများကို ခေတ်နှင့်အညီ ပြန်လည်ပြင်ဆင်၍ ဘွဲ့တံဆိပ် ပုံသဏ္ဌာန်များအား မူလအနှစ်သာရကို အခြေခံ၍ ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ချီးမြှင့်ရန်အတွက် ပြဋ္ဌာန်းခဲ့ခြင်းဖြစ်လေသည်။

သမိုင်း[ပြင်ဆင်ရန်]

ပြည်ထောင်စု မြန်မာနိုင်ငံတော်တွင် မြန်မာမင်းများလက်ထက်မှစ၍ နိုင်ငံတော်အစိုးရအဆက်ဆက်တို့သည် နိုင်ငံတော်၏ ကျေးဇူးသစ္စာကိုစောင့်သိ၍ လုပ်ငန်းတာဝန်များကို ကျေပွန်စွာထမ်းဆောင်ကြသော ပုဂ္ဂိုလ်များအားလည်းကောင်း၊ နိုင်ငံတော်အား သက်စွန့်ကြိုးပမ်း၍ ကာကွယ်စောင့်ရှောက်သူများအားလည်းကောင်း၊ စာပေ၊ အနုပညာ၊ ယဉ်ကျေးမှုဆိုင်ရာ ထူးချွန်သူများအားလည်းကောင်း၊ သာသနာရေးအားပေးဆောင်ရွက်သော ပုဂ္ဂိုလ်များအားလည်းကောင်း၊ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရန် ဆောင်ရွက်သူများအားလည်းကောင်း ဂုဏ်ထူးဆောင်ဘွဲ့ နှင့် ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်ခြင်းသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ညီညွတ်ရေးအတွက် ကောင်းမြတ်သော အစဉ်အလာလုပ်ငန်းရပ်ကြီးပင်ဖြစ်သည်။

နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ လက်ထက်တွင် "ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များစိစစ်ရေး ဗဟိုကော်မတီ"ကို ၂၀ဝ၈ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်တွင် အမိန့်ကြော်ငြာစာအမှတ် (၃၈/၂၀ဝ၈) ဖြင့် ဖွဲ့စည်းခဲ့သည်။ ဗဟိုကော်မတီသည် ဂုဏ်ထူးဆောင်ဘွဲ့/ တံဆိပ်များကို အသစ်တီထွင်ပြဋ္ဌာန်းခြင်းထက် မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးနောက် ပါလီမန်ဒီမိုကရေစီခေတ်တွင် နိုင်ငံတော်သမ္မတ အိမ်တော် အထူးအမိန့်ပြန်တမ်းများဖြင့် ပြဋ္ဌာန်းချီးမြှင့်ပေးအပ်ခဲ့သော သင်္ဂဟအဖွဲ့၊ ဘွဲ့တံဆိပ် [၃] များကို ယနေ့ခေတ်နှင့်အညီ ပြန်လည်ပြင်ဆင်၍ ဘွဲ့တံဆိပ် ပုံသဏ္ဌာန်များအား မူလအနှစ်သာရကို အခြေခံ၍ ပိုမိုကောင်းမွန်အာင်ဆောင်ရွက်ချီးမြှင်ရန် -

  • သင်္ဂဟဘွဲ့ဂုဏ်ထူး
  • ဘွဲ့
  • တံဆိပ်

ဟူ၍ ချီးမြှင့်နိုင်ရေး ပြဋ္ဌာန်းပေးရန် ထောက်ခံ ဆုံးဖြတ်ခဲ့ကြသည်။

ထို့ပြင် ယခင်ထုတ်ပြန်ချက်များဖြစ်သော ၂၀ဝ၁ ခုနှစ်၊ ပညာရပ်ဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်များ ပြဋ္ဌာန်းချက်အရ ချီးမြှင့်အပ်နှင်းခဲ့သော သိပ္ပံပညာထူးချွန်တံဆိပ်၊ ဝိဇ္ဇာပညာထူးချွန်တံဆိပ်၊ ဆေးပညာထူးချွန်တံဆိပ်နှင့် နည်းပညာထူးချွန်တံဆိပ် များအစား သိပ္ပံပညာ၊ ဝိဇ္ဇာပညာ နှင့် အခြားသော ပညာရပ်တစ်ခုခုတွင် ထူးကဲကောင်းမွန်စွာ ဆောင်ရွက်သူများအတွက် "သိပ္ပကျော်စွာဘွဲ့"ကိုချီးမြှင့်ရန်၊ ၁၉၇၈ ခုနှစ်၊ ပြဋ္ဌာန်းချက်[၄] အရ ချီးမြှင့်လျက်ရှိသော လယ်ယာစီးပွားထူးချွန်တံဆိပ်၊ စက်မှုစီးပွားထူးချွန်တံဆိပ်၊ စီမံထူးချွန်တံဆိပ်နှင့် လူမှုထူးချွန်တံဆိပ် (၄) ခုကို ပေါင်းစည်းပြီး နိုင်ငံတော်၏ ကောင်းကျိုးဖြစ်ထွန်းအောင် ထူးကဲကောင်းမွန်စွာဆောင်ရွက်သူများကို "သီရိပျံချီဘွဲ့" အဖြစ် ပေးအပ်ချီးမြှင့်ရန် ထောက်ခံခဲ့သည်။ ထို့အတူ စစ်ဘက်ဆိုင်ရာအမှုထမ်းကောင်းခြင်းအတွက် "ဇေယျကျော်ထင်ဘွဲ့"နှင့် နယ်ဘက်ဆိုင်ရာအမှုထမ်းကောင်းခြင်းအတွက် "ဝဏ္ဏကျော်ထင်ဘွဲ့" ချီးမြှင့်ပေးအပ်ရန်နှင့် စာပေ၊ အနုပညာဆိုင်ရာကဏ္ဍအတွက် ထူးခြားကောင်းမွန်စွာ တတ်မြောက်သူများကို "အလင်္ကာကျော်စွာဘွဲ့"ကိုချီးမြှင့်ရန် ထောက်ခံခဲ့သည်။ ထို့ကြောင့် ဂုဏ်ထူးဆောင်ဘွဲ့၊ ဂုဏ်ထူးဆောင်တံဆိပ်များ ပြန်လည်စိစစ်ရေးဗဟိုကော်မတီ၏ ထောက်ခံတင်ပြချက်အရ နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီသည် ၂၀ဝ၉ ခုနှစ်၊ ဒီဇင်ဘာလ ၁၇ ရက် နေ့စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၄၈/ ၂၀ဝ၉) ဖြင့် "ပြည်ထောင်စုမြန်မာနိုင်ငံ ဂုဏ်ထူးဆောင်ဘွဲ့၊ ဂုဏ်ထူးဆောင် တံဆိပ်များဆိုင်ရာပြဋ္ဌာန်းချက်"အား ထုတ်ပြန်ကြေညာနိုင်ခဲ့သည်။ ပြဋ္ဌာန်းချက်တွင် အခန်းပေါင်း(၁၉)ခန်းနှင့် အပိုဒ်ပေါင်း(၇၇)ပိုဒ်ပါရှိလေသည်။[၃]

ဂုဏ်ထူးဆောင်ဘွဲ့၊ တံဆိပ် ချီးမြှင့်ခံထိုက်သည့် ပုဂ္ဂိုလ်များအဖြစ် သတ်မှတ်ထားသူများ[ပြင်ဆင်ရန်]

ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်းခြင်း ခံထိုက်သည့် ပုဂ္ဂိုလ်များ[၂]မှာ -

  • အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော် တည်ဆောက်ရာတွင် စွမ်းစွမ်းတမံ ဆောင်ရွက်ကြသည့် ပုဂ္ဂိုလ်များ။
  • နိုင်ငံတော်နှင့် ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြသည့် နိုင်ငံခြားတိုင်းပြည်များမှ ခေါင်းဆောင်များ၊ သံတမန်များနှင့် ပုဂ္ဂိုလ်များ။
  • အမျိုးသားရေးမူဝါဒဖြစ်သော ဒို့တာဝန်အရေးသုံးပါးကို ကာကွယ်စောင့်ရှောက်ရာ၌ သက်စွန့် ကြိုးပမ်း ဆောင်ရွက်ကြသည့် ပုဂ္ဂိုလ်များ။
  • ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေး၊ ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော် ဖြစ်ပေါ်လာစေရေးအတွက် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဦးတည်ချက်များနှင့်အညီ ထူးခြားစွာ အားထုတ်ကြိုးပမ်းဆောင်ရွက်ကြသည့် ပုဂ္ဂိုလ်များ။
  • သိပ္ပံပညာ၊ ဝိဇ္ဇာပညာနှင့် အခြားသော ပညာရပ်တစ်ခုခုတွင် ကမ္ဘာ့အဆင့်မီအောင်မြင်စွာ တီထွင်ဖန်တီး စွမ်းဆောင်နိုင်သော ပုဂ္ဂိုလ်များ။
  • စာပေနှင့် အနုသုခုမပညာများတွင် ထူးခြားကောင်းမွန်စွာ တတ်မြောက်သူ ပုဂ္ဂိုလ်များ။

ချီးမြှင့်အပ်နှင်းရန် သတ်မှတ်သည့် ဂုဏ်ထူးဆောင်ဘွဲ့များ နှင့် တံဆိပ်များ[ပြင်ဆင်ရန်]

ဂုဏ်ထူးဆောင်ဘွဲ့များနှင့် တံဆိပ်များကို သုံးမျိုးခွဲခြား၍ ထိုက်တန်စွာ ဂုဏ်ထူးဆောင်ဘွဲ့၊ ဂုဏ်ထူးဆောင်တံဆိပ်များကို ချီးမြှင့်အပ်နှင်းမည်ဖြစ်သည်။ သင်္ဂဟဂုဏ်ထူးဆောင်ဘွဲ့များ၊ ဘွဲ့များ၊  တံဆိပ်များဟူ၍ ဂုဏ်ထူးဆောင်ဘွဲ့ (၁၆)မျိုးနှင့် ဂုဏ်ထူးဆောင်တံဆိပ် (၂၂)မျိုးကို ချီးမြှင့်အပ်နှင်းမည်ဖြစ်သည်။ [၂]

“ဂုဏ်ထူးဆောင်တံဆိပ် ချီးမြှင့်ခြင်းခံရသူသည် သားစဉ်မြေးဆက် ဆက်လက်ထိန်းသိမ်းစောင့်ရှောက်ခွင့် ရရှိမည်ဖြစ်သည်။ [၂]

ဂုဏ်ထူးဆောင် သင်္ဂဟဘွဲ့များ နှင့် အဆင့်[ပြင်ဆင်ရန်]

သုဓမ္မသင်္ဂဟဘွဲ့များ[ပြင်ဆင်ရန်]

သုဓမ္မသင်္ဂဟဘွဲ့များတွင် အခြားဘွဲ့များထက် ထူးခြားချက်မှာ အဆောင်အယောင်တံဆိပ်များအပြင် ရွှေစလွယ်များပါ ချီးမြှင့်အပ်နှင်းခြင်းဖြစ်သည်။ ရွှေစလွယ်မှာ ဂုဏ်ထူးဆောင် အထိမ်းအမှတ်အဖြစ် လက်ဝဲပခုံးစွန်းမှ လက်ယာနံပါးသို့ သွယ်ချဆင်မြန်းရသော အဆောင်အယောင်ဖြစ်သည်။ စလွယ်တင်ခြင်းသည် မြင့်မြတ်ခြင်း၊ စင်ကြယ်ခြင်း၊ တင့်တယ်ခြင်း၊ ဘုန်းကံကြီးခြင်းဟူသော အဓိပ္ပာယ်များကို ဖော်ဆောင်ပေသည်။ သုဓမ္မသင်္ဂဟဂုဏ်ထူးဆောင်ဘွဲ့နှင့် အဆင့်မှာ အောက်ပါအတိုင်း အစဉ်လိုက်ဖြစ်သည် -

  1. အဂ္ဂမဟာသီရိသုဓမ္မဘွဲ့ - (၁၂)ကြိုး ရှိသော ရွှေစလွယ်။
  2. သတိုးသီရိသုဓမ္မဘွဲ့ - (၉)ကြိုး ရှိသော ရွှေစလွယ်။
  3. မဟာသီရိသုဓမ္မဘွဲ့ - (၆)ကြိုး ရှိသော ရွှေစလွယ်။

ပြည်ထောင်စုစည်သူသင်္ဂဟဘွဲ့များ[ပြင်ဆင်ရန်]

ပြည်ထောင်စုစည်သူသင်္ဂဟဘွဲ့များမှာ အောက်ပါအတိုင်း အစဉ်လိုက်ဖြစ်သည် -

  1. အဂ္ဂမဟာသရေစည်သူဘွဲ့။
  2. သတိုးမဟာသရေစည်သူဘွဲ့။
  3. မဟာသရေစည်သူဘွဲ့။
  4. သရေစည်သူဘွဲ့။
  5. စည်သူဘွဲ့။

ဂုဏ်ထူးဆောင် ဘွဲ့များ နှင့် အဆင့်[ပြင်ဆင်ရန်]

တပ်မတော်ဆိုင်ရာ စွမ်းရည်သတ္တိဘွဲ့ များနှင့် အဆင့်[ပြင်ဆင်ရန်]

တပ်မတော်ဆိုင်ရာ စွမ်းရည်သတ္တိဘွဲ့များမှာ အောက်ပါအတိုင်း အစဉ်လိုက်ဖြစ်သည် - 

  1. အောင်ဆန်းသူရိယဘွဲ့။
  2. သီဟသူရဘွဲ့။
  3. သူရဘွဲ့။

စွမ်းဆောင်မှုဆိုင်ရာ ဘွဲ့များ နှင့် အဆင့်[ပြင်ဆင်ရန်]

စွမ်းဆောင်မှုဆိုင်ရာ ဘွဲ့များမှာ အောက်ပါအတိုင်း အစဉ်လိုက်ဖြစ်သည် -

  1. သီရိပျံချီဘွဲ့၊
  2. ဇေယျကျော်ထင်ဘွဲ့၊
  3. ဝဏ္ဏကျော်ထင်ဘွဲ့၊
  4. အလင်္ကာကျော်စွာဘွဲ့၊
  5. သိပ္ပကျော်စွာဘွဲ့

ဂုဏ်ထူးဆောင် တံဆိပ်များ နှင့် အဆင့်[ပြင်ဆင်ရန်]

တပ်မတော်ဆိုင်ရာ စွမ်းရည်သတ္တိနှင့် စွမ်းဆောင်မှု ဂုဏ်ထူးဆောင်တံဆိပ်များ နှင့် အဆင့်[ပြင်ဆင်ရန်]

စွမ်းရည်သတ္တိ ဂုဏ်ထူးဆောင်တံဆိပ်[ပြင်ဆင်ရန်]
  1. အောင်ဆန်းတံဆိပ်၊
  2. သီဟဗလတံဆိပ်၊
  3. သူရဲကောင်းမှတ်တမ်းဝင်တံဆိပ်တို့ ဖြစ်သည်။
စွမ်းဆောင်မှု ဂုဏ်ထူးဆောင်တံဆိပ်[ပြင်ဆင်ရန်]
  1. မြန်မာနိုင်ငံစစ်မှုထမ်းသင်္ဂဟတံဆိပ်၊
  2. စစ်မှုထမ်းကောင်းတံဆိပ်၊
  3. ပြည်သူ့သားကောင်းတံဆိပ်၊
  4. နိုင်ငံတော်စစ်မှုထမ်းတံဆိပ်၊
  5. ပြည်ပရန်နှိမ်တံဆိပ်၊
  6. ပြည်သူ့စစ်တိုက်ပွဲဝင်တံဆိပ်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့ဆိုင်ရာ စွမ်းရည်သတ္တိနှင့် စွမ်းဆောင်မှု ဂုဏ်ထူးဆောင်တံဆိပ်များ နှင့် အဆင့်[ပြင်ဆင်ရန်]

စွမ်းရည်သတ္တိ ဂုဏ်ထူးဆောင်တံဆိပ်[ပြင်ဆင်ရန်]
  1. ရဲသီဟတံဆိပ်
  2. ရဲသူရတံဆိပ်
  3. ရဲဗလတံဆိပ်
စွမ်းဆောင်မှု ဂုဏ်ထူးဆောင်တံဆိပ်[ပြင်ဆင်ရန်]
  1. ရဲသူရိန်တံဆိပ်၊
  2. ရဲကျော်စွာတံဆိပ်၊
  3. ရဲကျော်သူတံဆိပ်၊
  4. ရဲမှုထမ်းကောင်းတံဆိပ်၊
  5. နိုင်ငံတော်ရဲမှုထမ်းတံဆိပ်
  6. မြန်မာနိုင်ငံရဲ ပူးတွဲတိုက်ပွဲဝင်တံဆိပ်

ပြည်သူ့ဝန်ထမ်းဆိုင်ရာ စွမ်းဆောင်မှု ဂုဏ်ထူးဆောင်တံဆိပ်များ နှင့် အဆင့်[ပြင်ဆင်ရန်]

  1. ပြည်သူ့ဝန်ထမ်းကောင်းတံဆိပ်၊
  2. ပြည်သူ့ဝန်ထမ်းတံဆိပ်၊
  3. ငြိမ်ဝပ်ပိပြားရေးနှင့် တရားဥပဒေစိုးမိုးရေးတံဆိပ်
  4. နိုင်ငံတော်အေးချမ်းသာယာရေးတံဆိပ်

နိုင်ငံတော်အကြီးအကဲအတွက် ဘွဲ့တံဆိပ်ဆိုင်ရာ ထူးခြားချက်[ပြင်ဆင်ရန်]

နိုင်ငံတော်အကြီးအကဲသည် နိုင်ငံတော်အကြီးအကဲအဖြစ်ဖြင့် တာဝန်ထမ်းဆောင်နေစဉ်အတွင်း ရာထူးအလျောက် သုဓမ္မသင်္ဂဟနှင့် ပြည်ထောင်စုစည်သူသင်္ဂဟများ၏ အကြီးအမှူးဖြစ်သည့်အပြင် သုဓမ္မသင်္ဂဟတွင် "အဂ္ဂမဟာသီရိသုဓမ္မ" ဖြစ်၍ ပြည်ထောင်စုစည်သူသင်္ဂဟတွင် "အဂ္ဂမဟာသရေစည်သူ"လည်း ဖြစ်သည်။

ထို့ပြင် “နိုင်ငံတော်အကြီးအကဲသည် တာဝန်ပြီးဆုံးသည့်အခါတွင် သုဓမ္မသင်္ဂဟတွင် အဂ္ဂမဟာသီရိသုဓမ္မ အဖြစ်လည်းကောင်း၊ ပြည်ထောင်စုစည်သူသင်္ဂဟတွင် အဂ္ဂမဟာသရေစည်သူ အဖြစ်လည်းကောင်း ဆက်လက်တည်မြဲ“ ကြောင်း နိုင်ငံတော်အကြီးအကဲအတွက် ထူးခြားစွာပြဋ္ဌာန်းထားရှိသည်။ [၂]

ဂုဏ်ထူးဆောင်ဘွဲ့များဆိုင်ရာ အရည်အချင်း သတ်မှတ်ချက်များ[ပြင်ဆင်ရန်]

ဂုဏ်ထူးဆောင် သင်္ဂဟဘွဲ့ နှင့် ဘွဲ့များပေးအပ်ချီးမြှင့်နိုင်ရန် သုံးသပ်ရမည့်အရည်အချင်းများအား ဘွဲ့တစ်ခုချင်းစီအလိုက် အောက်ပါအတိုင်းသတ်မှတ်ထားသည်- [၂]

သုဓမ္မသင်္ဂဟဘွဲ့[ပြင်ဆင်ရန်]

သုဓမ္မသင်္ဂဟဘွဲ့များအတွက် အရည်အချင်းသတ်မှတ်ချက်များမှာ နိုင်ငံတော်အတွက် ထူးကဲစွာ အမှုထမ်းသူများ၊ အကျိုးဆောင်သူများဖြစ်ရမည်။ ယင်းသုဓမ္မသင်္ဂဟသုံးမျိုးကို အဆင့်အလိုက်ချီးမြှင့်ရာတွင် စွမ်းဆောင်မှုအတိုင်းအတာပေါ်၍ သတ်မှတ်ထားသည်။

ပြည်ထောင်စုစည်သူသင်္ဂဟဘွဲ့[ပြင်ဆင်ရန်]

ပြည်ထောင်စုသင်္ဂဟဘွဲ့များအတွက် အရည်အချင်း သတ်မှတ်ချက်မှာ နိုင်ငံတော်အတွက် ထူးကဲစွာ အမှုထမ်းသူများ ဖြစ်ရန်လိုခြင်း ဖြစ်သည်။ ၎င်းပြည်ထောင်စုစည်သူသင်္ဂဟဘွဲ့များကို အဆင့်လိုက် ချီးမြင့်ရာတွင် စွမ်းဆောင်မှု အတိုင်းအတာပေါ် မူတည်၍ သတ်မှတ်ထားရှိသည်။

အောင်ဆန်းသူရိယဘွဲ့[ပြင်ဆင်ရန်]

အောက်ပါအချက်များကို သုံးသပ်၍ အောင်ဆန်းသူရိယဘွဲ့အား ပေးအပ်ချီးမြှင့်နိုင်သည် -

  1. လတ်တလောဖြစ်ပေါ်နေသော ကြီးမားသည့် စစ်ရေးအခက်အခဲ အကျဉ်းအကျပ်ကြောင့် အထူးနစ်နာဆုံးရှုံးရမည့် ထူးကဲသောအန္တရာယ်ကို ရင်ဆိုင်ကြုံတွေ့ရသော အခြေအနေမျိုးသို့ ဆိုက်ရောက်နေစဉ် တပ်အဖွဲ့အစည်း၏ စစ်ရေးအကျိုးငှာ မိမိအသက်ကို ပဓာနမထားဘဲ စံထားထိုက်သည့် ရဲစွမ်းသတ္တိ၊ ဂုဏ်ယူထိုက်သည့် စွန့်စားခြင်းမျိုးတို့ဖြင့် တာဝန်ကိုရဲဝံ့စွာ တစ်ဦးတည်း ဆောင်ရွက်ခြင်း၊
  2. ရန်သူနှင့်ရင်ဆိုင်တိုက်ခိုက်ရာတွင် မိမိအသက်ဘေးအန္တရာယ်ကို အလျဉ်းမငဲ့ကွက်ဘဲ မိမိထမ်းဆောင်ရမည့်တာဝန်ကို ခိုင်မြဲသောစိတ်ဓာတ်၊ မဆုတ်မနစ်သောရဲစွမ်းသတ္တိတို့ဖြင့် ဂုဏ်ယူထိုက်သည့် တာဝန်ထမ်းဆောင်မှုဖြစ်ခြင်း၊
  3. မိမိအသက်ဘေးအန္တရာယ်နှင့်တကွ အခြားသောကျရောက်နိုင်သည့် ဘေးရန်အန္တရာယ်များကို လျစ်လျူရှု၍ နိုင်ငံတော်၏စစ်ရေးအကျိုးငှာ ရဲဝံ့စွန့်စားစွာ သက်စွန့်ကြိုးပမ်း ချီးမွမ်းဂုဏ်ပြုထိုက်သည့် တာဝန်ထမ်းဆောင်မှုဖြစ်ခြင်း၊
  4. ရန်သူနှင့်ရင်ဆိုင်တိုက်ခိုက်စဉ်အတွင်း တပ်အဖွဲ့အစည်းအလိုက် ကြီးမားသောထိခိုက်ဆုံးရှုံးမှုအန္တရာယ်နှင့် တွေ့ကြုံလာမည့် စစ်ရေးအခြေ အနေမျိုးသို့ ဆိုက်ရောက်နေစဉ် တပ်အဖွဲ့အစည်းအလိုက် သက်ဆိုင်ရာတပ်မတော်သားများက မိမိအသက်အန္တရာယ်ကို ဥပေက္ခာပြု၍ ထူးကဲမြင့်မားသောစိတ်ဓာတ်တို့ဖြင့် ရဲဝံ့စွန့်စားစွာ တိုက်ခိုက်ကြခြင်း၊
  5. တပ်အဖွဲ့အစည်းအနေဖြင့် မိမိတို့၏ အသက်ဘေးအန္တရာယ်ကို လုံးဝမငဲ့ကွက်ဘဲ ပေးအပ်သည့်တာဝန်ကို ထူးကဲမြင့်မားသော ရဲစွမ်းသတ္တိ ကြံ့ခိုင်သော စိတ်ဓာတ်တို့ဖြင့် ချီးမွမ်းဂုဏ်ပြုထိုက်သည့် တာဝန်ထမ်းဆောင်မှုဖြစ်ခြင်း။

“အောင်ဆန်းသူရိယဘွဲ့အတွက် ပြည့်စုံရမည့် အရည်အချင်းများတွင် ထူးခြားချက်တစ်ရပ်မှာ ပုဂ္ဂိုလ်တစ်ဦးချင်းအလိုက် သော်လည်းကောင်း၊ တပ်အဖွဲ့အစည်းအလိုက် သော်လည်းကောင်း အောင်ဆန်းသူရိယဘွဲ့ကို ချီးမြှင့်နိုင် သည်။”

သီဟသူရဘွဲ့[ပြင်ဆင်ရန်]

အောင်ဆန်းသူရိယဘွဲ့ ချီးမြှင့်အပ်နှင်းခံထိုက်သည့်အရည်အချင်းကို ရာနှုန်းပြည့်မမီသော်လည်း ယင်းအရည်အချင်းနီးပါးမျှပြည့်စုံသော တပ်မတော်သားများအား သီဟသူရဘွဲ့ကို ချီးမြှင့်အပ်နှင်းနိုင်သည်။

သူရဘွဲ့[ပြင်ဆင်ရန်]

သီဟသူရဘွဲ့ ချီးမြှင့်အပ်နှင်းခံထိုက်သည့် အရည်အချင်းကို ရာနှုန်းပြည့်မမီသော်လည်း ယင်းအရည်အချင်းနီးပါးမျှပြည့်စုံသော တပ်မတော်သားများအား သူရဘွဲ့ကို ချီးမြှင့်အပ်နှင်းနိုင်သည်။

ထို့အပြင် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးအတွက် တပ်မတော်နှင့်တွဲဖက်ပေးထားသော "မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်အဖွဲ့ဝင်များ၊ ပြည်သူ့ဝန်ထမ်းများနှင့် ပြည်သူများ" ကိုလည်း စွမ်းရည်သတ္တိအတွက် သတ်မှတ်ချက်များ ပြည့်မီသည်အထိ သက်စွန့်ကြိုးပမ်းဆောင်ရွက်ပါက အောင်ဆန်းသူရိယဘွဲ့ (သို့မဟုတ်) သီဟသူရဘွဲ့ (သို့မဟုတ်) သူရဘွဲ့တစ်ခုခုကို ချီးမြှင့်အပ်နှင်းနိုင်ခွင့်ရှိသည်။

သီရိပျံချီဘွဲ့[ပြင်ဆင်ရန်]

ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ ကောင်းရာကောင်းကျိုးကို ဖြစ်ထွန်းအောင် ထူးကဲကောင်းမွန်စွာ ဆောင်ရွက်နေသူများအား သီရိပျံချီဘွဲ့ကို ချီးမြှင့်နိုင်သည်။

ဇေယျကျော်ထင်ဘွဲ့[ပြင်ဆင်ရန်]

စစ်ဘက်ဆိုင်ရာ ပုဂ္ဂိုလ်များအား ချီးမြှင့်နိုင်ရန် ပြဋ္ဌာန်းထားရှိသည်။ သို့ဖြစ်၍ စစ်ဘက်ဆိုင်ရာအမှုထမ်းကောင်းခြင်းအတွက် ဇေယျကျော်ထင်ဘွဲ့ကို ချီးမြှင့်အပ်နှင်းနိုင်သည်။

ဝဏ္ဏကျော်ထင်ဘွဲ့[ပြင်ဆင်ရန်]

မြို့ပြဘက်ဆိုင်ရာ အမှုထမ်းကောင်းခြင်းအတွက် ဝဏ္ဏကျော်ထင်ဘွဲ့ကို ချီးမြှင့်အပ်နှင်းနိုင်သည်။

အလင်္ကာကျော်စွာဘွဲ့[ပြင်ဆင်ရန်]

စာပေနှင့် အနုသုခုမပညာရပ်များတွင် ထူးခြားကောင်းမွန်စွာ တတ်မြောက်ကြသူများအား အလင်္ကာကျော်စွာဘွဲ့ ကို ချီးမြှင့်အပ်နှင်းနိုင်သည်။

သိပ္ပကျော်စွာဘွဲ့[ပြင်ဆင်ရန်]

သိပ္ပံပညာရပ်၊ ဝိဇ္ဇာပညာရပ် နှင့် အခြားသော ပညာရပ်တစ်ခုခုတွင် ထူးကဲကောင်းမွန်စွာ ဆောင်ရွက်သည့်သူများအား သိပ္ပကျော်စွာဘွဲ့ ကို ချီးမြှင့်အပ်နှင်းနိုင်သည်။

ဂုဏ်ထူးဆောင်ဘွဲ့များ၏ အဆောင်အယောင်များ[ပြင်ဆင်ရန်]

နိုင်ငံတော်ဂုဏ်ထူးဆောင်ဘွဲ့ (၁၆)မျိုးနှင့် ဂုဏ်ထူးဆောင်တံဆိပ် (၂၂)မျိုးကို ပေးအပ်ချီးမြှင့်ရာတွင် ဂုဏ်ထူးဆောင်ဘွဲ့၏ အဆောင်အယောင်တံဆိပ်၊ ပုံတူတံဆိပ်နှင့် ဂုဏ်ပြုစာလွှာတို့အပြင် ချီးမြှင့်ထောက်ပံ့ငွေများကိုလည်း ခံစားရရှိစေမည်ဖြစ်ပြီး သားစဉ်မြေးဆက်၊ ဆက်လက်၍ ထိန်းသိမ်းစောင့်ရှောက်ခွင့်ရရှိမည်ဖြစ်သည်။[၂]

ဂုဏ်ထူးဆောင်ဘွဲ့များ၏ အဆောင်အယောင်များ
စဉ် ဘွဲ့အမည် ချီးမြှင့်အပ်နှင်းသည့် အဆောင်အယောင်များ တံဆိပ်တွင် ပါဝင်သည့်

ရတနာပစ္စည်း

ဖဲကြိုးနမူနာ
ဘွဲ့တံဆိပ်တွင်

ပါဝင်သည့် ရွှေ

ရွှေစလွယ် ဂုဏ်ပြုစာလွှာ

အရောင်

အဂ္ဂမဟာသီရိသုဓမ္မဘွဲ့ ရွှေ ၁၀ ကျပ်သား

(၁၄ပဲ ရည်)

ရွှေ ၃၅ ကျပ်သား

(၁၄ပဲ ရည်)

ရွှေရောင် ပတ္တမြား

ကြီး(၁) + ငယ်(၈)

သတိုးသီရိသုဓမ္မဘွဲ့ ရွှေ ၉ ကျပ်သား

(၁၄ပဲ ရည်)

ရွှေ ၃၁ ကျပ်သား

(၁၄ပဲ ရည်)

ရွှေရောင် ပတ္တမြား

ကြီး(၁) + ငယ်(၈)

မဟာသီရိသုဓမ္မဘွဲ့ ရွှေ ၈ ကျပ်သား

(၁၄ပဲ ရည်)

ရွှေ ၂၇ ကျပ်သား

(၁၄ပဲ ရည်)

ရွှေရောင် ပတ္တမြား

ကြီး(၁) + ငယ်(၈)

အဂ္ဂမဟာသရေစည်သူဘွဲ့ ရွှေ ၈ ကျပ်သား

(၁၄ပဲ ရည်)

- ရွှေရောင် ကျောက်စိမ်း

ကြီး(၁) + ငယ်(၈)

သတိုးမဟာသရေစည်သူဘွဲ့ ရွှေ ၇.၅ ကျပ်သား

(၁၄ပဲ ရည်)

- ရွှေရောင် ကျောက်စိမ်း

ကြီး(၁) + ငယ်(၈)

မဟာသရေစည်သူဘွဲ့ ရွှေ ၇ ကျပ်သား

(၁၄ပဲ ရည်)

- ရွှေရောင် ကျောက်စိမ်း

ကြီး(၁) + ငယ်(၈)

သရေစည်သူဘွဲ့ ရွှေ ၆.၅ ကျပ်သား

(၁၄ပဲ ရည်)

- ရွှေရောင် ကျောက်စိမ်း

ကြီး(၁) + ငယ်(၈)

စည်သူဘွဲ့ ရွှေ ၆ ကျပ်သား

(၁၄ပဲ ရည်)

- ရွှေရောင် ကျောက်စိမ်း

ကြီး(၁) + ငယ်(၈)

အောင်ဆန်းသူရိယဘွဲ့ ရွှေ ၉ ကျပ်သား

(၁၄ပဲ ရည်)

- ရွှေရောင် -
၁၀ သီဟသူရဘွဲ့ ရွှေ ၇ ကျပ်သား

(၁၄ပဲ ရည်)

- ရွှေရောင် -
၁၁ သူရဘွဲ့ ရွှေ ၆ ကျပ်သား

(၁၄ပဲ ရည်)

- ရွှေရောင် -
၁၂ သီရိပျံချီဘွဲ့ ရွှေ ၆ ကျပ်သား

(၁၄ပဲ ရည်)

- ရွှေရောင် နီလာ

ကြီး(၁) + ငယ်(၈)

၁၃ ဇေယျကျော်ထင်ဘွဲ့ ရွှေ ၅ ကျပ်သား

(၁၄ပဲ ရည်)

- ရွှေရောင် နီလာ

ကြီး(၁) + ငယ်(၈)

၁၄ ဝဏ္ဏကျော်ထင်ဘွဲ့ ရွှေ ၅ ကျပ်သား

(၁၄ပဲ ရည်)

- ရွှေရောင် နီလာ

ကြီး(၁) + ငယ်(၈)

၁၅ အလင်္ကာကျော်စွာဘွဲ့ ရွှေ ၅ ကျပ်သား

(၁၄ပဲ ရည်)

- ရွှေရောင် နီလာ

ကြီး(၁) + ငယ်(၈)

၁၆ သိပ္ပကျော်စွာဘွဲ့ ရွှေ ၅ ကျပ်သား

(၁၄ပဲ ရည်)

- ရွှေရောင် နီလာ

ကြီး(၁) + ငယ်(၈)

၁၀-၁၂-၂၀၁၂ ပြင်ဆင်ချက် (ပြည်သူ့ဝန်ထမ်းကောင်းတံဆိပ်)[ပြင်ဆင်ရန်]

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတရုံး၏ ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက် နေ့စွဲပါ အမိန်ံကြော်ငြာစာအမှတ်(၉၆/၂၀၁၂)ဖြင့် ယခင် ၂၀၀၉ ခုနှစ် ပြဋ္ဌာန်းချက်[၁]၏ ပြည်သူ့ဝန်ထမ်းကောင်းတံဆိပ် ချီးမြင့်အပ်နှင်းခြင်းဆိုင်ရာ ပြဋ္ဌာန်းချက်အား အောက်ပါအတိုင်း[၅] ပြင်ဆင်ခဲ့သည် -


အပိုဒ်၂၇ (က) ပြည်သူ့ဝန်ထမ်းကောင်းတံဆိပ်

“(၁) အမှုထမ်းသက် အနည်းဆုံး၂၅ နှစ် ရှိခြင်း”(၂၀၀၉ မူလပြဋ္ဌာန်းချက်)

အစား

“(၁) အမှုထမ်းသက် အနည်းဆုံး၂၆ နှစ် ရှိခြင်း”(၂၀၁၂ ပြင်ဆင်ပြဋ္ဌာန်းချက်)


“ (၃) (ကက) ရေတွက်ခွင့်ရှိသော အမှုထမ်းသက်(၁ နှစ် ၁မှတ်နှုန်းဖြင့် အများဆုံး ၂၅ မှတ် အထိ)(၂၀၀၉ မူလပြဋ္ဌာန်းချက်)

အစား

“(၃) (ကက) ရေတွက်ခွင့်ရှိသော အမှုထမ်းသက်(၁ နှစ် ၁မှတ်နှုန်းဖြင့် အများဆုံး ၂၆ မှတ် အထိ)(၂၀၁၂ ပြင်ဆင်ပြဋ္ဌာန်းချက်)

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ပြည်ထောင်စုမြန်မာနိုင်ငံတော်၊ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (၂၀၀၉ ခုနှစ်၊ ဒီဇင်ဘာလ ၁၇ ရက်)။ အမိန့်ကြော်ငြာစာအမှတ်၊ ၄၈/၂၀၀၉။ “ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များဆိုင်ရာ ပြဋ္ဌာန်းချက်” (in မြန်မာဘာသာ)။ မြန်မာဥပဒေသတင်းအချက်အလက်စနစ်။ ၂၀၂၁-၀၉-၂၈ တွင် ပြန်စစ်ပြီး။
  2. ၂.၀ ၂.၁ ၂.၂ ၂.၃ ၂.၄ ၂.၅ ၂.၆ သန်းထွန်း(မော်လမြိုင်); et al. (မြန်မာ့ရည်ညွှန်းကျမ်းစီစဉ်ရေးအဖွဲ့) (၂၀၁၂)။ စာပေဗိမာန် မြန်မာ့စွယ်စုံကျမ်းနှစ်ချုပ် စာတည်းအဖွဲ့ (ed.)။ တိုင်းကျိုးပြည်ဆောင် ဂုဏ်ထူးဆောင်ဘွဲ့၊ ဂုဏ်ထူးဆောင်တံဆိပ်များ။ မြန်မာ့စွယ်စုံကျမ်း။ မြန်မာ့စွယ်စုံကျမ်းနှစ်ချုပ်(၂၀၁၂) (ပထမအကြိမ်၊ ၂၀၁၂ ခုနှစ် ed.)။ ဖိုတိုလစ်သို ပုံနှိပ်စက်ရုံ: စာပေဗိမာန်အဖွဲ့။ pp. ၂၈၄၊ ၂၈၅၊ ၂၈၆၊ ၂၈၇၊ ၂၈၈၊ ၂၈၉၊ ၂၉၀။
  3. ၃.၀ ၃.၁ ၃.၂ မြန်မာနိုင်ငံဘာသာပြန်စာပေအသင်း (၁၉၆၄)။ "ဘွဲ့၊ တံဆိပ်၊ သင်္ဂဟ"။ in စွယ်စုံကျမ်းစာတည်းအဖွဲ့ (ed.)။ မြန်မာ့စွယ်စုံကျမ်း (ပထမအကြိမ် ed.)။ စာပေဗိမာန်ပုံနှိပ်တိုက်ရန်ကုန်မြို့။: စာပေဗိမာန်။ pp. ၃၉၅ - ၄၀၁။
  4. မြန်မာ့ရည်ညွှန်းကျမ်းစီစဉ်ရေးအဖွဲ့။ စာပေဗိမာန် စာတည်းအဖွဲ့ (ed.)။ ဘွဲ့တံဆိပ်များ။ မြန်မာ့စွယ်စုံကျမ်း။ မြန်မာ့စွယ်စုံကျမ်းနှစ်ချုပ်(၁၉၇၉) (ပဌမအကြိမ်၊ ၁၉၇၉ ခုနှစ် ed.)။ စာပေဗိမာန်ပုံနှိပ်တိုက်: စာပေဗိမာန်အဖွဲ့။ pp. ၂၀၄၊ ၂၀၅။
  5. ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတရုံး (၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာ ၁၀ ရက်)။ အမိန့်ကြော်ငြာစာအမှတ်၊ ၉၆/ ၂၀၁၂။ “(ပြည်သူ့ဝန်ထမ်းကောင်းတံဆိပ် ချီးမြှင့်အပ်နှင်းခြင်းဆိုင်ရာ ပြဋ္ဌာန်းချက် ပြင်ဆင်ခြင်း)” (in မြန်မာဘာသာ)။ မြန်မာဥပဒေသတင်းအချက်အလက်စနစ်။ ၂၀၂၁-၀၉-၃၀ တွင် ပြန်စစ်ပြီး။

နောက်ထပ်ကြည့်ရန်[ပြင်ဆင်ရန်]