ဝီကီပီးဒီးယား:ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိ
| ဤ စာမျက်နှာ သည် မြန်မာဝီကီပီးဒီးယား အကြောင်းအရာ လမ်းညွှန်ချက် စာတမ်းဖြစ်သည်။ ဤအရာကို ယေဘုယျအားဖြင့် တည်းဖြတ်သူများမှ လိုက်နာရန် ဖြစ်ပြီး ဆင်ခြင်တုံတရားရှိရှိ ပြုမူကာ၊ ရံဖန်ရံခါ ခြွင်းချက်များ ရှိမည်ဖြစ်သည်။ စာမျက်နှာရှိ မည်သည့် ထိရောက်သော တည်းဖြတ်ပြင်ဆင်မှုမဆို အများဆန္ဒဖြင့် ပြင်ဆင်သင့်သည်။ သံသယရှိပါက ဆွေးနွေးချက် စာမျက်နှာတွင် ဦးစွာ ဆွေးနွေးပါ။ |
| ဤစာမျက်နှာကို တိုတိုပြောရလျှင်: မရှင်းလင်းသည့် အချက်အလက်အမှားများကို ပြင်ဆင်ခြင်းမှလွဲ၍ သင့်အကြောင်း ဆောင်းပါးတစ်ခုကို ရေးသားခြင်း သို့မဟုတ် ပြင်ဆင်တည်းဖြတ်ခြင်း (သို့မဟုတ် အခြားသူတစ်ဦးအား အခကြေးငွေပေး၍ ရေးသားတည်းဖြတ်စေခြင်း) ကို ရှောင်ကြဉ်ရမည်။ |
ဝီကီပီးဒီးယားပေါ်တွင် ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိကို ရေးသားခြင်းသည် ကိုယ်ကျိုးအတွက် တည်းဖြတ်ခြင်း ပဋိပက္ခနမူနာ တစ်ခုဖြစ်ပြီး ယင်းကို ပြင်းထန်စွာ အားမပေးပါ။ သင့်အကြောင်း အတ္ထုပ္ပတ္တိဆောင်းပါးတစ်ခုမှ မရှင်းလင်းသော လက်သရမ်းခြင်းများကို ဖယ်ရှားခြင်း သို့မဟုတ် ကျွန်ုပ်တို့၏ သက်ရှိပုဂ္ဂိုလ်များ၏ အတ္ထုပ္ပတ္တိ မူဝါဒ ကို ထင်ထင်ရှားရှား ချိုးဖောက်မှုများကို ဖယ်ရှားခြင်းတို့ကို သင့်အနေဖြင့် ပြင်ဆင်ခြင်းကိုသာလျှင် လက်ခံသည်။
ထိုသို့သော ဆောင်းပါးများ၏ ဘက်မလိုက်မှု၊ အချက်အလက်တိကျမှုနှင့် ထင်ရှားမှုတို့နှင့် ပတ်သက်သော ရှည်လျားသည့် အငြင်းပွားဖွယ်ရာများ ဝီကီပီးဒီးယားတွင် ဖြစ်ပွားခဲ့ပြီး ဖြစ်သည်။[၁] ထိုသို့သော တည်းဖြတ်မှုများကို ရှောင်ကြဉ်ခြင်းက ဝီကီပီးဒီးယားကို ဘက်မလိုက်မှုဖြစ်စေပြီး တစ်ဖက်သက်အမြင်တို့ကို ဖယ်ရှားစေနိုင်ရန် ကူညီပေးသည်။
ဘက်မလိုက်သော၊ စိစစ်အတည်ပြုနိုင်သော ကိုယ်တိုင်ရေးအတ္တုပ္ပတ္တိတစ်ခုကို ရေးသားရန် ခက်ခဲခြင်းနှင့် ထောက်ချောက်များစွာ ရှိနေနိုင်ခြင်းကြောင့် ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိများ ရေးသားခြင်းကို အားမပေးပါ။
သင့်အနေဖြင့် အကြောင်းအရာတစ်ခုခုနှင့် ပတ်သက်၍ ဖြန့်ချိထုတ်ဝေခဲ့ခြင်းရှိပါက သင့်ကျွမ်းကျင်မှုကို ဝီကီပီးဒီးယား ဆောင်းပါးများတွင် အသုံးချနိုင်ရန် ကြိုဆိုပါသည်။ သို့သော်လည်း ဝီကီပီးဒီးယား ဆောင်းပါးတိုင်းသည် ဘက်မလိုက်မှု၊ မျှတမှုနှင့် အကြောင်းအရာအား ဗဟုသုတရစေရန် ပြည့်စုံစွာ ရှင်းလင်းမှုများ ရှိရမည် ဖြစ်သည်။ ဝီကီပီးဒီးယား ဖတ်ရှုသူများ၏ ဗဟုသုတကို ဖြည့်တင်းပေးရာတွင် သင်၏ ဘက်လိုက်မှုများကို အနည်းဆုံးဖြစ်စေရန် ဂရုပြုပါ။ ပံ့ပိုးရေးသားသူ၏ အကျိုးစီးပွားကို ဖြစ်ထွန်းစေရန် ရည်ရွယ်သော ဆောင်းပါးများသည် ဖျက်ပစ်ခြင်း ခံရမည် ဖြစ်သည်။
ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိများ၏ ပြဿနာများ
ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိများသည် များသောအားဖြင့် ဘက်လိုက်မှုများ ပါဝင်နေလေ့ရှိသည်။ မိမိကိုယ်အကြောင်း ဖော်ပြရာတွင် အကောင်းဖက်မှ လွန်ကဲစွာ ရေးသားဖော်ပြကြမည် ဖြစ်ပြီး အထင်အမြင်များကို အချက်အလက်အဖြစ် ပုံဖော်ကြလေ့ရှိသည်။ (ဘက်မလိုက်သော အမြင်ဆိုသည်မှာ တတိယလူနေရာမှ ရေးသားခြင်းဟု မဆိုလိုပါ။)
- ယင်းတို့သည် မစိစစ်နိုင်သော အချက်များ ဖြစ်နိုင်သည်။ သင့်အကြောင်း အချက်အလက်တစ်ခုအတွက် ရရှိနိုင်သော တစ်ခုတည်းသော ကိုးကားရင်းမြစ်မှာ သင်ကိုယ်တိုင် ဖြစ်နေပါက ယင်းအချက်ကို စာဖတ်သူအနေဖြင့် စိစစ်နိုင်မည် မဟုတ်ပါ။ (နမူနာအနေဖြင့် အတွေးများ၊ အိပ်မက်များ၊ မျှော်လင့်ချက်များ ဖြစ်သည်။ သင်တွေးခေါ်နေသည့်အရာကို စာဖတ်သူအနေဖြင့် စိစစ်နိုင်မည် မဟုတ်ပေ။) ဝီကီပီးဒီးယား ဆောင်းပါးများအတွင်းရှိ အရာအားလုံးသည် စိစစ်အတည်ပြုခြင်း ခံနိုင်ရမည် ဖြစ်သည်။
- ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိများတွင် ကိုယ်တိုင်ထုတ်ဖော်ထားသော သုတေသနများပါဝင်နိုင်သည်။ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိများတွင် ယခင်က ထုတ်ဝေဖြန့်ချိထားခြင်းမရှိသော အချက်အလက်များ သို့မဟုတ် ကိုယ်တွေ့အချက်အလက်များကို ထည့်သွင်းလေ့ရှိကြသည်။ စာဖတ်သူများအနေဖြင့် အဆိုပါ အချက်အလက်များအတွက် စိစစ်အတည်ပြုနိုင်ရန် ပင်မသုတေသနပြုလုပ်ရန် လိုအပ်လာနိုင်သည်။ ဝီကီပီးဒီးယားတွင် ယခင်က ဖြန့်ချိထားခြင်းမရှိသည့် အချက်အလက်များကို ဖြန့်ဝေခြင်း မပြုလုပ်ပါ။ ကိုယ်တိုင်ဖော်ထုတ်ထားသော သုတေသနများကို ဝီကီပီးဒီးယားတွင် လက်မခံပါ။
"ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိ" ဟု ဆိုရာတွင် သင့်အကြောင်း သင်ကိုယ်တိုင်ရေးသားခြင်းသာမက သင့်ကိုယ်စား ရေးသားပေးရန် တစ်စုံတစ်ဦးအား အခကြေးငွေပေး၍ ခိုင်းစေခြင်း၊ ညွှန်ကြားခြင်းများလည်း ပါဝင်သည်။
မိမိကိုယ်တိုင်အကြောင်း ဆောင်းပါးဖန်တီးခြင်း
အရည်အချင်းနှင့် ကျော်ကြားမှုမရှိသောသူများစွာတွင် ရုပ်တုကိုယ်စီရှိကြသော်လည်း၊ ကေတို (Cato) တွင်မူ ဘာကြောင့် ရုပ်တုမရှိသနည်းဟု သူ၏သူငယ်ချင်းများက အံ့အားသင့်စွာ မေးကြရာ ကေတိုက "ငါ့မှာ ဘာကြောင့် ရုပ်တုရှိနေတာလဲလို့ အမေးခံရတာထက်၊ ဘာကြောင့် ရုပ်တုမရှိတာလဲလို့ အမေးခံရတာကိုပဲ ငါပိုနှစ်သက်တယ်" ဟု ပြန်လည်ဖြေကြားခဲ့သည်။
— Encyclopaedia Britannica (1797)
ဝီကီပီးဒီးယား၏ အခြေခံမူမှာ အကယ်၍ သင်သည် ဝီကီပီးဒီးယား၏ ပါဝင်ခွင့်စံနှုန်းများနှင့် အမှန်တကယ် ကိုက်ညီပါက အနှေးနှင့်အမြန် အခြားသူတစ်ဦးဦးက သင့်အကြောင်းကို ဆောင်းပါးရေးသားလာလိမ့်မည်ဟူသော အချက်ဖြစ်သည်။ ထို့ကြောင့် မိမိကိုယ်တိုင်အကြောင်း ဆောင်းပါးရေးသားခြင်းကို ဝီကီပီးဒီးယားက ပြင်းထန်စွာ တားမြစ်ထားသည်။ ဝီကီပီးဒီးယားသည် စွယ်စုံကျမ်းဖြစ်သဖြင့် မိမိကိုယ်တိုင် ရေးသားသော ကိုယ်ရေးအတ္ထုပ္ပတ္တိများထက် အခြားသူများက ပြုစုသော အတ္ထုပ္ပတ္တိများကိုသာ လက်ခံလိုခြင်းဖြစ်သည်။
- အခြားသူတစ်ဦးက ရေးသားခြင်းသည် ထိုသူ၏ ထင်ရှားမှုနှင့် အချက်အလက်များ၏ မှန်ကန်မှုကို လွတ်လပ်စွာ ဆန်းစစ်အတည်ပြုနိုင်ရန် အထောက်အကူပြုသည်။ လူသားတို့၏ သဘာဝအရ မိမိကိုယ်မိမိ ပြန်လည်ရေးသားရာတွင် အမွှမ်းတင်မိတတ်ကြသည်။
- အကယ်၍ မည်သည့်ပြင်ပပုဂ္ဂိုလ်ကမျှ သင့်အကြောင်းကို ဆောင်းပါးမရေးသားသေးပါက သင်သည် ဝီကီပီးဒီးယား၏ လူသိထင်ရှားမှုစံနှုန်းနှင့် မပြည့်မီသေးခြင်း ဖြစ်နိုင်သည်။ ပုံမှန်အားဖြင့် ခိုင်လုံသော ပြင်ပရင်းမြစ် အနည်းဆုံး ၃ ခုတွင် သင့်အကြောင်းကို (ဖြတ်ခနဲဖော်ပြရုံမျှမဟုတ်ဘဲ) အသေးစိတ် ဖော်ပြထားရန် လိုအပ်သည်။ သို့သော် ဩဇာညောင်းသော ပညာရှင်များကဲ့သို့သော အခြေအနေမျိုးတွင်မူ အချို့သော ချွင်းချက်များ ရှိနိုင်သည်။
- မိမိကိုယ်တိုင် ဖန်တီးထားသော ဆောင်းပါးများသည် အများအားဖြင့် အခြားအယ်ဒီတာများ၏ စောင့်ကြည့်မှု နည်းပါးတတ်သဖြင့်၊ အကယ်၍ တစ်စုံတစ်ဦးက မှားယွင်းသော အချက်အလက်များဖြင့် ဖျက်ဆီးပါက အချိန်ကြာမြင့်စွာ မပြင်ဆင်ဘဲ ရှိနေနိုင်သည့် အန္တရာယ်ရှိသည်။
- ကိုယ်တိုင်ရေးသားထားသော ဆောင်းပါးများသည် မကြာခဏဆိုသလို ဖျက်သိမ်းရန် အဆိုပြုခြင်း ခံရလေ့ရှိသည်။ ထိုသို့ ဆွေးနွေးရာတွင် အယ်ဒီတာများ၏ မှတ်ချက်များသည် ကာယကံရှင်အတွက် စိတ်မချမ်းမြေ့စရာ ဖြစ်နိုင်ပြီး၊ အချို့က စေတနာ့ဝန်ထမ်း ပရောဂျက်ကို မိမိကိုယ်ကိုယ် ကြော်ငြာရန် အသုံးချသည်ဟု ယူဆကြသည်။
- သင် တင်သွင်းသမျှ အချက်အလက်များကို ဝီကီပီးဒီးယား အသိုင်းအဝိုင်းက ဘက်မလိုက်သော အမြင် ဖြစ်စေရန် ညှာတာမှုကင်းမဲ့စွာ တည်းဖြတ်ကြလိမ့်မည်။ ထို့ကြောင့် ကိုယ်တိုင်ရေးသားသူ အများအပြားသည် ၎င်းတို့၏ ဆောင်းပါးကို အခြားသူများ တည်းဖြတ်ပြီးနောက်ပိုင်းတွင် မူလအခြေအနေနှင့် ကွဲပြားသွားသဖြင့် စိတ်ပျက်အားငယ်ကာ ဆောင်းပါးကို ပြန်လည်ဖျက်သိမ်းပေးရန် တောင်းဆိုကြသည်အထိ ဖြစ်ပွားလေ့ရှိသည်။
အကယ်၍ သင်သည် အမှန်တကယ် စံနှုန်းနှင့် ကိုက်ညီသည်ဟု ယုံကြည်ပါက ဆောင်းပါးကို တိုက်ရိုက်မဖန်တီးဘဲ "ဆောင်းပါးဖန်တီးရန် တောင်းဆိုခြင်း" မှတစ်ဆင့် မူကြမ်းတင်သွင်းသင့်သည်။ ၎င်းသည် ပြင်ပအမြင်ဖြင့် စစ်ဆေးမှုကို ခံယူခြင်းဖြစ်ပြီး စေတနာ့ဝန်ထမ်း အယ်ဒီတာများ၏ အချိန်ကို တန်ဖိုးထားရာလည်း ရောက်သည်။
တစ်စုံတစ်ဦးကို အခကြေးငွေပေး၍ ရေးသားခိုင်းပါကလည်း AfC မှတစ်ဆင့် တင်သွင်းရမည်။ အခကြေးငွေယူ၍ တည်းဖြတ်သူများသည် ၎င်းတို့၏ အလုပ်ရှင်နှင့် အခကြေးငွေ ရယူထားကြောင်းကို မဖြစ်မနေ ထုတ်ဖော်ပြောကြားရမည် ဖြစ်သည်။ ထို့အပြင် "ဆောင်းပါးကို ဖျက်သိမ်းခြင်းမှ ကာကွယ်ပေးနိုင်သည်" ဟု ဆိုကာ ငွေကြေးတောင်းခံသော လိမ်လည်မှုများကိုလည်း သတိပြုရမည်။
အဘယ်ကြောင့် ဤပြဿနာများ ရှိနေသနည်း
လူသားတိုင်းတွင် မိမိကိုယ်မိမိ ပြန်လည်သုံးသပ်ရာ၌ ပြင်ပရင်းမြစ်များ သို့မဟုတ် ဘက်မလိုက်သော ဝေဖန်ဆန်းစစ်မှုများ မပါဝင်ဘဲ မိမိ၏ ဘက်မလိုက်မှုကို မိမိဘာသာ တိကျစွာ ဆုံးဖြတ်နိုင်ခြင်း မရှိပါ။ မိမိကိုယ်တိုင်အကြောင်း ရေးသားသော ဆောင်းပါးများတွင် "မသိစိတ်၌ ကိန်းအောင်းနေသော ဘက်လိုက်မှုများ" မှာ အဖြစ်များလေ့ရှိပြီး၊ ၎င်းသည် ဆောင်းပါး၏ ဘက်မလိုက်မှုနှင့် အတည်ပြုနိုင်စွမ်းရှိမှုတို့အပေါ် ကြီးမားသော အဟန့်အတား ဖြစ်စေသည်။ ထို့အပြင် ဝီကီပီးဒီးယားသို့ အသစ်ရောက်ရှိလာသော အယ်ဒီတာများသည် မိမိကိုယ်တိုင်အကြောင်း ရေးသားရန် ပိုမိုစိတ်အားထက်သန်လေ့ရှိကြရာ၊ ဝီကီပီးဒီးယား၏ တည်းဖြတ်မှုစနစ်နှင့် မကျွမ်းကျင်သေးသည့် အခက်အခဲများပါ ပေါင်းစပ်သွားသည့်အခါ ပြဿနာမှာ ပိုမိုကြီးထွားလာတတ်သည်။
သင်သည် ကိုယ်ပိုင်အမြင်ဖြင့် အနက်ဖွင့်ဆိုချက်များ မပါဝင်ဘဲ အတည်ပြုနိုင်သော ကိုယ်ရေးအတ္ထုပ္ပတ္တိတစ်ခုကို ရေးသားနိုင်သည်ဟု ယုံကြည်နေလျှင်ပင်၊ လက်တွေ့တွင်မူ ဘက်မလိုက်သော ရလဒ်တစ်ခု ရရှိရန်မှာ မလွယ်ကူလှပါ။ လူသိထင်ရှားသော ပုဂ္ဂိုလ်တစ်ဦးအနေဖြင့် သင်သည် မိမိ၏ ထုတ်ဝေပြီးသော စာအုပ်အရေအတွက် အမြောက်အမြား သို့မဟုတ် မိမိ၏ လက်ရာများကို ဘာသာစကားအမျိုးမျိုးသို့ ပြန်ဆိုထားခြင်း၊ နိုင်ငံတကာတွင် ဖျော်ဖြေတင်ဆက်ခဲ့ရခြင်း စသည့် ခိုင်လုံသော အချက်အလက်များကိုသာ ဦးစားပေး ဖော်ပြမိနိုင်သည်။ သို့ရာတွင် ထိုကဲ့သို့သော အတိုင်းအတာ သို့မဟုတ် ပမာဏကိုသာ အသားပေးဖော်ပြခြင်းသည် တမင်တကာ မိမိကိုယ်မိမိ အမွှမ်းတင်လိုသော လေသံမျိုး ပေါက်သွားစေနိုင်သည်။ ထို့အတူပင် အလွန်အမင်း အသေးစိတ်ကျသော ကိုယ်ရေးကိုယ်တာ အချက်အလက်များဖြစ်သည့် သင်၏ ဘာသာရေး ယုံကြည်ချက်များ၊ လူသိမထင်ရှားသော သင်၏ မိသားစုဝင်များ၏ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ၊ သင့်တွင် ကျော်ကြားသော သူငယ်ချင်းများ ရှိနေသည်ဟူသော အချက်များ အစရှိသည်တို့မှာ စွယ်စုံကျမ်းတစ်ခုအတွက် အတည်ပြုရန် ခက်ခဲနိုင်သကဲ့သို့ ဆီလျော်မှုလည်း ရှိချင်မှ ရှိပါလိမ့်မည်။ ထို့ကြောင့် ဝီကီပီးဒီးယား၏ အရည်အသွေးကို ထိန်းသိမ်းရန်အတွက် မိမိကိုယ်တိုင်အကြောင်း ရေးသားခြင်းထက် အခြားသူများ၏ ရေးသားမှုကို ခံယူခြင်းကသာ အကောင်းဆုံးသော နည်းလမ်းဖြစ်သည်။
ဝီကီပီးဒီးယားတွင် သင်၏အကြောင်း ဆောင်းပါးရှိနေပါက
မိမိကိုယ်တိုင်အကြောင်းကို ဘက်မလိုက်ဘဲ တရားမျှတစွာ ရေးသားရန်မှာ အလွန်ခက်ခဲသောအရာ ဖြစ်သည်။ ထို့ကြောင့် ပုံမှန်အားဖြင့် အခြားသူများကိုသာ ရေးသားခွင့်ပြုသင့်သည်။
အကယ်၍ သင်သည် အချက်အလက်များ ဖြည့်စွက်လိုခြင်း သို့မဟုတ် အကြံပြုလိုခြင်းများ ရှိပါက ဆောင်းပါး၏ ဆွေးနွေးချက်စာမျက်နှာတွင် ရေးသားတင်ပြခြင်းသည် အသင့်တော်ဆုံး ဖြစ်သည်။ လွတ်လပ်သော အယ်ဒီတာများက သင်၏အကြံပြုချက်ကို စစ်ဆေးအတည်ပြုပြီးမှသာ ဆောင်းပါးအတွင်းသို့ ထည့်သွင်းပေးပါလိမ့်မည်။ ထိုသို့ ဆောင်ရွက်ရာတွင် {{edit COI}} ဟူသော တမ်းပလိတ်ကို အသုံးပြု၍ တောင်းဆိုနိုင်သကဲ့သို့၊ သင်သည် ကာယကံရှင်ဖြစ်ကြောင်းကိုလည်း {{Connected contributor}}တမ်းပလိတ်ဖြင့် ဆွေးနွေးချက်စာမျက်နှာတွင် အသိပေးထားနိုင်သည်။
သင်၏အကြောင်း ဆောင်းပါးပါ အချက်အလက်ဆိုင်ရာ ပြဿနာများ
ဝီကီပီးဒီးယားသည် သင်၏အကြောင်းကို တိကျမှန်ကန်ပြီး မျှတသော အမြင်ဖြင့် ဖော်ပြလိုသည်။ အကယ်၍ ဆောင်းပါးသည် ပိုမိုမျှတမှုရှိစေရန်အတွက် ခိုင်လုံသော ရင်းမြစ်များရှိသည်ဟု သင်ယူဆပါက အခြားအယ်ဒီတာများအား ထိုရင်းမြစ်များဆီသို့ လမ်းညွှန်ပေးခြင်းဖြင့် ကူညီနိုင်သည်။
မိမိတင်ပြသော ပြင်ဆင်ချက်များကို ချက်ချင်းလက်မခံသည့်အခါမျိုးတွင် စိတ်ပျက်စရာ ဖြစ်နိုင်သော်လည်း အခြားအယ်ဒီတာများနှင့် ဆက်သွယ်ပြောဆိုရာတွင် အစဉ်အမြဲ ယဉ်ကျေးပျူငှာစွာ ဆက်ဆံရန် လိုအပ်သည်။ အကယ်၍ အယူအဆကွဲလွဲမှုများ ရှိလာပါက အငြင်းပွားမှု ဖြေရှင်းခြင်း လုပ်ငန်းစဉ်များ သို့မဟုတ် သက်ရှိပုဂ္ဂိုလ်များဆိုင်ရာ အသိပေးစာမျက်နှာတို့တွင် တင်ပြ၍ ဘက်မလိုက်သော ပြင်ပပုဂ္ဂိုလ်များ၏ အကူအညီကို ရယူနိုင်သည်။
အချို့သော ရှင်းလင်းပြတ်သားသည့် အခြေအနေမျိုးတွင်မူ ကာယကံရှင်ကိုယ်တိုင် တည်းဖြတ်ခြင်းကို ခွင့်ပြုထားသည်။ ထိုသို့ဆောင်ရွက်ရာတွင် ထင်ရှားသော ဖျက်ဆီးမှုများကို ပြန်လည်ပြင်ဆင်ခြင်းမျိုး ပြုလုပ်နိုင်သည်။ သို့ရာတွင် ၎င်းသည် ရိုးရှင်းပြီး အထင်အရှား သိသာသော ဖျက်ဆီးမှုမျိုးသာ ဖြစ်ရမည်ဖြစ်ပြီး၊ အချက်အလက်ဆိုင်ရာ အယူအဆကွဲလွဲမှုမျိုး မဖြစ်စေရန် သတိပြုရမည်။ ထို့အတူပင် မိမိ၏ အိမ်ထောင်ရေးအခြေအနေ၊ လက်ရှိအလုပ်အကိုင်၊ မွေးရပ်မြေ စသည့် မိမိနှင့် ပတ်သက်၍ အထင်အရှား မှားယွင်းနေသော အချက်အလက်များကိုလည်း ဖယ်ရှားခွင့်ရှိသည်။ ထိုသို့ပြုလုပ်ပြီးပါက ဆွေးနွေးချက်စာမျက်နှာတွင် အသိပေးချက် ရေးသားထားသင့်သည်။ သို့ရာတွင် အချက်အလက်တစ်ခုသည် အနက်ဖွင့်ဆိုချက် အမျိုးမျိုး ကွဲပြားနိုင်ပါက မိမိဘာသာ မပြင်ဘဲ အယ်ဒီတာများထံ တည်းဖြတ်ရန် တောင်းဆိုခြင်းကသာ ပို၍ ဘေးကင်းသည်။
အကယ်၍ မိမိနှင့် သက်ဆိုင်သော ဆောင်းပါးပါ အချက်အလက်များကြောင့် ဥပဒေကြောင်းအရ ပြဿနာတစ်စုံတစ်ရာ ရှိလာပါက info-en-q@wikimedia.org သို့ အသေးစိတ် အချက်အလက်များနှင့်တကွ အမြန်ဆုံး အီးမေးလ်ပေးပို့ ဆက်သွယ်သင့်သည်။ သို့သော် ဝီကီပီးဒီးယား၏ ဆောင်းပါးများ၊ ဆွေးနွေးချက်စာမျက်နှာများနှင့် အသိပေးစာမျက်နှာများပေါ်တွင် ဥပဒေကြောင်းအရ ခြိမ်းခြောက်မှုများကို မည်သည့်အခါမျှ မပြုလုပ်ရပါ။ ထိုသို့ပြုလုပ်ခြင်းသည် ဝီကီပီးဒီးယား၏ စည်းမျဉ်းကို ပြင်းထန်စွာ ချိုးဖောက်ခြင်းဖြစ်ပြီး၊ ထိုခြိမ်းခြောက်မှုကို ပြန်လည်ရုပ်သိမ်းခြင်း မပြုသရွေ့ သင်၏ တည်းဖြတ်ခွင့်ကို ချက်ချင်း ပိတ်ပင်တားဆီး ခံရမည် ဖြစ်သည်။
အကယ်၍ သင့်အကြောင်း ရေးသားထားသော ဆောင်းပါးတွင် ဓာတ်ပုံမပါရှိသေးပါက သို့မဟုတ် ပိုမိုကောင်းမွန်သော ဓာတ်ပုံကို သင်ကိုယ်တိုင် ပံ့ပိုးပေးနိုင်ပါက သင့်တင့်လျောက်ပတ်သော အခမဲ့လိုင်စင်ဖြင့် ပေးပို့လှူဒါန်းနိုင်သည်။ အကယ်၍ ထိုဓာတ်ပုံကို သင်ကိုယ်တိုင် ရိုက်ကူးထားခြင်း မဟုတ်ပါက (ဥပမာ- ကြော်ငြာလုပ်ငန်းသုံး ဓာတ်ပုံများ) ထိုဓာတ်ပုံအား အများပြည်သူသုံး လိုင်စင်ဖြင့် ထုတ်ဝေနိုင်ရန်အတွက် သင့်တွင် ဥပဒေကြောင်းအရ ခွင့်ပြုပိုင်ခွင့်အပြည့်အဝရှိရန် လိုအပ်သည်။
ကိုးကား
- ↑ Rogers Cadenhead (2005-12-19)။ Wikipedia Founder Looks Out for Number 1။ cadenhead.org။