မာတိကာသို့ ခုန်သွားရန်

ဝန်ထမ်းအဖွဲ့အစည်း

ဝီကီပီးဒီးယား မှ

ပြည်ထောင်သမ္မတမြန်မာနိုင်ငံတော်အစိုးရ၏ ရုံး၊ ကော်မရှင်၊ အဖွဲ့၊ တရားလွှတ်တော်ချုပ်၊ ဝန်ကြီးဌာနများ အောက်ရှိ ဌာနများကို ဝန်ထမ်းအဖွဲ့အစည်း (Service Organization) ဟုခေါ်သည်။ ယင်းဝန်ထမ်းအဖွဲ့အစည်းများ၌ တာဝန်ထမ်းဆောင်နေသည့် အစိုးရဝန်ထမ်းအားလုံးကို နိုင်ငံ့ဝန်ထမ်း (Civil Servant) ဟုခေါ်သည်။ နိုင်ငံ့ဝန်ထမ်း အဖြစ် ယျေဘုယျအားဖြင့် စီမံအုပ်ချုပ်ရေးအာဏာရရှိထားသည့် ရာထူးအဆင့်များ၌ တာဝန်ထမ်းဆောင်နေသည့် နိုင်ငံ့ဝန်ထမ်းများကို အရာထမ်း (Government Official) ဟုခေါ်၍ ယင်းတို့မဟုတ်သည့် အခြားရာထူးအဆင့်များ၌ တာဝန်ထမ်းဆောင်နေသည့် နိုင်ငံ့ဝန်ထမ်းများကို အမှုထမ်း (Government Servant) ဟုခေါ်သည်။ အရာထမ်းတို့၏ ရာထူးတာဝန် တိုးမြှင့်/ရွှေ့ပြောင်း/ခန့်ထားမှုများအား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၏ မှတ်တမ်း စာစောင်ဖြစ်သော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ပြန်တမ်း တွင် မှတ်တမ်းတင်ထားပြီး အရာထမ်းများကို ပြန်တမ်းဝင်အရာရှိ (Gazetted Officer) ဟူသော အခေါ် အဝေါ်ဖြင့် တရားဝင်သတ်မှတ်ထားသည်။

အမျိုးအစား

[ပြင်ဆင်ရန်]

ဝန်ထမ်းအဖွဲ့အစည်းများကို ယျေဘုယျအားဖြင့် ရုံး၊ ဗဟိုဌာန၊ ဌာန၊ ဦးစီးဌာန၊ ညွှန်ကြားမှုဦးစီးဌာန၊ အဖွဲ့၊ ကော်ပိုရေးရှင်း၊ လုပ်ငန်း၊ ဘဏ်၊ ကော်မတီ၊ ပို့ဆောင်ရေး၊ အာဏာပိုင်၊ တက္ကသိုလ်၊ တပ်ဖွဲ့ စသည်ဖြင့် ကဏ္ဍအမျိုးမျိုးခွဲခြားထားပြီး ကဏ္ဍများ အလိုက် ယင်းဝန်ထမ်းအဖွဲ့အစည်းများ၏ လုပ်ငန်းတာဝန်နှင့် အခွင့်အာဏာတို့လည်း ကွဲပြားကြသည်။

  • ရုံး (Office) ဆိုသည်မှာ အစိုးရအဖွဲ့အစည်းတစ်ခုခုသော်လည်းကောင်း၊ အစိုးရအကြီးအကဲတစ်ဦးဦး သော်လည်းကောင်း၊ အစိုးရအာဏာပိုင်တစ်ခုခုသော်လည်းကောင်း ယင်းတို့၏ စီမံခန့်ခွဲရေး အစရှိသည့် ရုံးလုပ်ငန်း တာဝန်များအား ဆောင်ရွက်ရသည့် ဝန်ထမ်းအဖွဲ့အစည်းမျိုးဖြစ်သည်။ ဥပမာ - နိုင်ငံတော်သမ္မတရုံး၊ ပြည်ထောင်စု လွှတ်တော်ရုံး၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ငွေချေးသက်သေခံလက်မှတ်ကြီးကြပ်ရေး ကော်မရှင်ရုံး။
  • ဗဟိုဌာန (Central Office) ဆိုသည်မှာ ဝန်ကြီးဌာနတစ်ခု၏ လုပ်ငန်းတာဝန်ဆောင်ရွက်ရန် ဦးစီးဌာနအဖြစ် မဟုတ်ဘဲ သီးခြားဖွဲ့စည်းထားသော ဝန်ထမ်းအဖွဲ့အစည်းမျိုးဖြစ်သည်။ ၎င်းသည် သီးခြားဌာနတစ်ခုထက် ၎င်း၏ ဝန်ကြီးဌာနအောက်ရှိ ဌာနခွဲတစ်ခုအဖြစ် လုပ်ငန်းတာဝန်ကို ဆောင်ရွက်ရသည်။
  • ဌာန (Department) ဆိုသည်မှာ ဝန်ကြီးဌာနမဟုတ်သော ပြည်ထောင်စုအစိုးရအဖွဲ့အစည်းတစ်ခုခု၏ ဌာနအဖြစ် ယင်းပြည်ထောင်စုအစိုးရအဖွဲ့အစည်း၏ လုပ်ငန်းတာဝန်တစ်စိတ်တစ်ပိုင်းကို ဆောင်ရွက်ရသည့် ဝန်ထမ်းအဖွဲ့အစည်းမျိုးဖြစ်သည်။ ဥပမာ - မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ မူဝါဒနှင့် စည်းမျဉ်းဥပဒေရေးဆွဲရေးဌာန
  • ဦးစီးဌာန (Department) ဆိုသည်မှာ အစိုးရ၏ မူဝါဒ၊ တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများအား အစိုးရအတွင်း၌ သော်လည်းကောင်း၊ အများပြည်သူအရပ်ဘက်၌ သော်လည်းကောင်း၊ နိုင်ငံတကာနှင့်ဆက်ဆံရာ၌ သော်လည်းကောင်း စိုးမိုးသက်ရောက်မှုရှိစေရန်ဖြစ်စေ၊ ၎င်းတို့ကို အမှီပြု၍ လုပ်ငန်းတာဝန်ဖော်ဆောင်ရန်ဖြစ်စေ၊ ၎င်းတို့စိုးမိုးသက်ရောက်မှုရှိစေရန် အရေးယူဆောင်ရွက်ရန်ဖြစ်စေ၊ ၎င်းတို့စိုးမိုးသက်ရောက်မှုမရှိလျှင် ၎င်းတို့ပါအကြောင်းအရာများအရ အရေးယူဆောင်ရွက်ရန်ဖြစ်စေ၊ အစိုးရ၏ လုပ်ငန်းတာဝန်တစ်ရပ်ရပ်ကို ဦးစီးဆောင်ရွက်ရန်ဖြစ်စေ ဖွဲ့စည်းထားရှိသော ဝန်ထမ်းအဖွဲ့အစည်းမျိုးဖြစ်သည်။ ဥပမာ - စီမံကိန်းဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ငွေတိုက်ဦးစီးဌာန
  • ညွှန်ကြားမှုဦးစီးဌာန (Directorate) ဆိုသည်မှာ အစိုးရ၏ အာဏာပိုင်စိုးသက်ရောက်မှု (Enforcement) ကို သီးခြားနယ်ပယ်/ကဏ္ဍ/နေရာတစ်ခုခု၌ ကြီးကြပ်ကွပ်ကဲရန် ဖွဲ့စည်းထားရှိသည့် ဝန်ထမ်းအဖွဲ့အစည်းမျိုးဖြစ်သည်။ ၎င်းတို့သည် ဦးစီးဌာနများ၏ ထုတ်ပြန်ထားသည့် မူဝါဒ၊ အမိန့်နှင့် ညွှန်ကြားချက် အစရှိသည်တို့ကိုလည်း စိုးမိုး သက်ရောက်မှုရှိစေရေး ကြီးကြပ်ကွပ်ကဲရသည်။ ဥပမာ - အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန
  • အဖွဲ့ (Organization) ဆိုသည်မှာ အစိုးရ၏ သီးခြားတာဝန်တစ်ရပ်ရပ်ကို ‌ဆောင်ရွက်ရန်ဟူသော သီးခြား လုပ်ငန်းတာဝန်အတွက် ဆောင်ရွက်ရသည့် ဝန်ထမ်းအဖွဲ့အစည်းမျိုးဖြစ်သည်။ ဥပမာ - ဗဟိုစာရင်းအင်းအဖွဲ့၊ လူမှု ဖူလုံရေးအဖွဲ့
  • ကော်ပိုရေးရှင်း (Corporation) ဆိုသည်မှာ အစိုးရ၏ ဝန်ဆောင်မှုလုပ်ငန်းတစ်ရပ်ရပ်ကို ကြီးကြပ်ကွပ်ကဲ ဆောင်ရွက်ရန်သော်လည်းကောင်း၊ ယင်းဝန်ဆောင်မှုလုပ်ငန်းမှ အစိုးရထံသို့ အကျိုးအမြတ်ရရှိမှုကို ဦးစီး‌လျက် ယင်းဝန်ဆောင်မှုလုပ်ငန်းနှင့် ပတ်သက်ဆက်နွယ်သည့် နယ်ပယ်များတွင် အစိုးရ၏ စိုးမိုးသက်ရောက်မှုအား ကြီးကြပ်ကွပ်ကဲရန်သော်လည်းကောင်း ဖွဲ့စည်းထားရှိသည့် ဝန်ထမ်းအဖွဲ့အစည်းမျိုးဖြစ်သည်။ ဥပမာ - ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း
  • လုပ်ငန်း (Enterprise) ဆိုသည်မှာ နယ်ပယ်/ကဏ္ဍတစ်ခုခု၌ သီးခြားလုပ်ငန်းတစ်ရပ်ရပ်ကို လုပ်ကိုင် ဆောင်ရွက်ခြင်းအားဖြင့် ယင်းနယ်ပယ်/ကဏ္ဍတစ်ခုခုမှ အစိုးရထံသို့ အကျိုးအမြတ်ရရှိ‌စေရန် ဦးစီးဆောင်ရွက်ရန် ဖွဲ့စည်းထားရှိသည့် ဝန်ထမ်းအဖွဲ့အစည်းမျိုးဖြစ်သည်။ ဥပမာ - မြန်မာ့သစ်လုပ်ငန်း၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း
  • ဘဏ် (Bank) ဆိုသည်မှာ အစိုးရနှင့် အခြားနယ်ပယ်/ကဏ္ဍ၊ အဖွဲ့အစည်း၊ ပုဂ္ဂိုလ်တို့အကြား ငွေကြေးစနစ် လည်ပတ်ဆောင်ရွက်ရန်နှင့် အစိုးရ၏ ငွေရေးကြေးရေးမူဝါဒတို့အား အဆိုပါငွေကြေးစနစ်များအကြား ခိုင်မာမှု ရှိစေရန် ကြီးကြပ်ဆောင်ရွက်ရသော ဝန်ထမ်းအဖွဲ့အစည်းမျိုးဖြစ်သည်။ ဥပမာ - မြန်မာ့စီးပွားရေးဘဏ်၊ မြန်မာ့ လယ်ယာဖွံ့ဖြိုးရေးဘဏ်
  • ကော်မတီ (Committee) ဆိုသည်မှာ အစိုးရ၏ သီးခြားတာဝန်တစ်ရပ်ရပ်ကို ကြီးကြပ်ဆောင်ရွက်ရန် ယင်းသီးခြားတာဝန်အတွက် အထူးပြုဖွဲ့စည်းထားသော ဝန်ထမ်းအဖွဲ့အစည်းမျိုးဖြစ်သည်။ ဥပမာ - ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ
  • ပို့ဆောင်ရေး (Transport) ဆိုသည်မှာ အစိုးရ၏ ပို့ဆောင်ရေးဝန်ဆောင်မှုအား အစိုးရ၏ မူဝါဒများနှင့်အညီ ကြီးကြပ်ကွပ်ကဲလျက် ယင်းပို့ဆောင်ရေးဝန်ဆောင်မှုမှ အစိုးရအတွက် အကျိုးအမြတ်ရရှိမှုကို ဦးစီးရန် ဖွဲ့စည်းထား ရှိသော ဝန်ထမ်းအဖွဲ့အစည်းမျိုးဖြစ်သည်။ ဥပမာ - ကုန်းလမ်းပို့ဆောင်ရေး၊ မြန်မာ့မီးရထား
  • အာဏာပိုင် (Authority) ဆိုသည်မှာ နယ်ပယ်/ကဏ္ဍတစ်ခုခုတွင် အစိုးရ၏ စိုးမိုးသက်ရောက်မှုကို ကြီးကြပ် ကွပ်ကဲရန်နှင့် ယင်းနယ်ပယ်/ကဏ္ဍအား ကြီးကြပ်ကွပ်ကဲရန် ဖွဲ့စည်းထားရှိသော ဝန်ထမ်းအဖွဲ့အစည်းမျိုးဖြစ်သည်။ ဥပမာ - မြန်မာ့ဆိပ်ကမ်းအာဏာပိုင်
  • တက္ကသိုလ် (University/Academy) ဆိုသည်မှာ စာပေ/စက်မှုလက်မှု/နည်းပညာ/အခြားပညာရပ်တို့အား အစိုးရ၏ မူဝါဒနှင့်အညီ သီးခြားသင်ကြားပို့ချရန်သော်လည်းကောင်း၊ အစိုးရ၏ သီးခြားသင်ကြားပို့ချစေလိုသည့် ပညာရပ်တစ်ခုခုအား သင်ကြားပို့ချ၍ ယင်းပညာရပ်ဆိုင်ရာတွင် စိစစ်အသိအမှတ်ပြုနိုင်ရန်သော်လည်းကောင်း၊ လက်အောက်ခံကောလိပ်များ၏ ကွပ်ကဲမှုရုံးချုပ်ကြီးအဖြစ် လုပ်ငန်းတာဝန်ဆောင်ရွက်ရန်သော်လည်းကောင်း၊ ပညာရေးနယ်ပယ်တစ်ခုခု၌ အစိုးရ၏ စိုးမိုးသက်ရောက်မှုကို ကြီးကြပ်ကွပ်ကဲရန်သော်လည်းကောင်း၊ အထက်ပညာရေးဌာနများ၏ ချမှတ်ထားသော ပညာရေးဆိုင်ရာ မူဝါဒ၊ ရည်မှန်းချက်၊ စနစ် အစရှိသည်တို့ကို ပိုမိုခိုင်မာစေရန်သော်လည်းကောင်း၊ အဆင့်မြင့်ပညာရေးဆိုင်ရာ အစိုးရ၏ ပညာရေးအသိအမှတ်ပြုခြင်းအား စိစစ်ဆောင်ရွက်နိုင်ရန်သော်လည်းကောင်း ဖွဲ့စည်းထားရှိသည့် ဝန်ထမ်းအဖွဲ့အစည်းမျိုး ဖြစ်သည်။ ဥပမာ - ရန်ကုန် တက္ကသိုလ်၊ မုံရွာစီးပွားရေးတက္ကသိုလ်၊ ကလေးတက္ကသိုလ်၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်)
  • တပ်ဖွဲ့ (Force) ဆိုသည်မှာ နယ်ပယ်/ကဏ္ဍတစ်ခုခု၌ အစိုးရ၏ စိုးမိုးသက်ရောက်မှုအား ကြီးကြပ်ကွပ်ကဲရန် လိုအပ်သည့် တရားဥပဒေစိုးမိုးရေးအာဏာနှင့် လက်နင်ကိုင်ဆောင်ခွင့်ကို ရရှိထားသည့် နိုင်ငံတော်၏ စစ်ဘက်ဆိုင်ရာမဟုတ်သော ဝန်ထမ်းအဖွဲ့အစည်းမျိုးဖြစ်သည်။ ဥပမာ - မြန်မာနိုင်ငံရဲတပ်ဖွဲ့

ဖွဲ့စည်းထားသော ဝန်ထမ်းအဖွဲ့အစည်းများ

[ပြင်ဆင်ရန်]

ဖွဲ့စည်းထားရှိသော ဝန်ထမ်းအဖွဲ့အစည်းများမှာ အောက်ပါအတိုင်းဖြစ်သည်-

ကိုးကား

[ပြင်ဆင်ရန်]