ဝင်းဝင်းလတ် (စာရေးဆရာမ)

ဝီကီပီးဒီးယား မှ
ဝင်းဝင်းလတ်
ဝင်းဝင်းလတ်
မွေးသက္ကရာဇ် ၁၉၅၁ ခုနှစ်၊ ဇူလိုင် လ ၁၁ ရက်
ကွယ်လွန် ၂၀၀၆ ခုနှစ်၊ မေ လ ၁၉ ရက်(အသက် ၅၄)
အမည်ရင်း ဝင်းဝင်းရှိန်
နိုင်ငံ မြန်မာ
မိဘအမည် ဒု-ဗိုလ်မှူးကြီး ထွန်းရှိန် (အငြိမ်းစား)+ဒေါ်မြအုန်း
ကိုးကွယ်သည့်ဘာသာ ဗုဒ္ဓဘာသာ
ကလောင် အမည်ခွဲများ
အလုပ်အကိုင် စာရေးဆရာ၊
မွေးဖွားရာဒေသ လက်ပံတန်းမြို့ပဲခူးတိုင်း
ထင်ရှားကျော်ကြားမှု ၁၉၇၃-၂၀၀၆

အမည်ရင်း ဝင်းဝင်းရှိန် ဖြစ်ပြီး၊ ၁၉၅၁ ခုနှစ်၊ ဇူလိုင် လ ၁၁ ရက်နေ့မှာ လက်ပံတန်းမြို့ အဖ ဒု-ဗိုလ်မှူးကြီး ထွန်းရှိန် (အငြိမ်းစား) အမိ ဒေါ်မြအုန်း တို့က မွေးဖွား ခဲ့သည်။


၁၉၆၈ ခုနှစ်တွင် ရန်ကုန်မြို့ မရမ်းခြံ အမျိုး သမီး အထက်တန်းကျောင်း၊ အထက (၁) ကမာရွတ်က အခြေခံ ပညာ အထက်တန်း အောင်မြင် ခဲ့သည်။ ၁၉၇၆ ခုနှစ် ရန်ကုန် ဆေးတက္ကသိုလ် (၁) က ဆရာဝန် (ဆေးပညာ) ဘွဲ့ ရရှိ ခဲ့သည်။ ၁၉၈၁ ခုနှစ်မှ ၁၉၉၅ ခုနှစ် အထိ စစ်တွေ၊ ရန်ကုန်၊ မိုးကောင်း မြို့တွေမှာ လက်ထောက် ဆရာဝန် အဖြစ် ပြောင်းရွှေ့ တာဝန် ထမ်းဆောင် ခဲ့သည်။ ၁၉၉၅ ခုနှစ်မှာ ဆင်ပေါင်ဝဲ မြို့နယ် ကျန်းမာရေး ဦးစီး ဌာနမှူး အဖြစ် ကနေ အငြိမ်းစား ယူခဲ့သည်။ ၁၉၉၇ ခုနှစ် ဧပြီလက စလို့ ကုလ သမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ် တခု ဖြစ်သည့် ဝေးလံ ခေါင်ဖျား မြို့နယ်တွေ ဖွံ့ဖြိုးရေး စီမံကိန်းတွင် လူမှုရေး အရာရှိ အဖြစ် တာဝန် ထမ်းဆောင် ခဲ့သည်။ ၂ဝဝ၁ ခုနှစ် ဖေဖော်ဝါရီမှ စပြီး ကလေး သူငယ်များ စောင့်ရှောက်ရေး အဖွဲ့ မျိုးဆက်ပွား ကျန်းမာရေး စီမံချက်တွင် တာဝန် ထမ်းဆောင် ခဲ့သည်။ Care International in Myanmar NGO တွင် Assistant Health Program Coordinator အဖြစ် ကွယ်လွန်ချိန်အထိ အလုပ် လုပ်ကိုင် နေခဲ့သည်။


၁၉၇၃ ခုနှစ်မှ စလို့ စာပေ နယ်ကို ဝင်ရောက် ခဲ့ပြီး ရှုမဝ၊ စန္ဒာ၊ ဟန်သစ်၊ စံပယ်ဖြူ၊ မဟေသီ မဂ္ဂဇင်းတို့တွင် ဝတ္ထုတို၊ ဝတ္ထုရှည်များရေးသား ခဲ့သည်။ ၁၉၉ဝ တွင် တိုယိုတာ ဖောင်ဒေးရှင်း၏ ယဉ်ကျေးမှု ဖလှယ်ရေး အစီအစဉ် နှင့် လူငယ် ဆရာဝန် စာရေး ဆရာ ၁၂ ဦးရဲ့ ဝတ္ထုတိုများကို ဂျပန် ဘာသာ ပြန်ဆို ထုတ်ဝေ ရာတွင်လည်း ပါဝင်ခဲ့သည်။ "အချစ်၏ နောက်ဆက်တွဲ စာမျက်နှာ" ဝတ္ထုကို မဟေသီမဂ္ဂဇင်းတွင် အခန်းဆက် ဝတ္ထုရှည် အဖြစ် ၁၉၉၆ ခုနှစ် ဧပြီလ မှ ၁၉၉၇ ခုနှစ် ဩဂုတ်လ အထိ ရေးသား ခဲ့ပြီး၊ ၁၉၉၇ မှာ လုံးချင်း ဝတ္ထု အဖြစ် ထုတ်ဝေ ခဲ့သည်။ ဤဝတ္ထုနှင့် ၁၉၉၇ ခုနှစ် အတွက် အမျိုးသား စာပေဆု ရရှိ ခဲ့သည်။ ၂ဝဝ၅ခုနှစ် ဩဂုတ်လ မှစပြီး မဟေသီ မဂ္ဂဇင်းတွင် "ဘဝ၊ အလုပ်နှင့် အချစ်ကို တည်ဆောက်ခြင်း" အခန်းဆက် ဝတ္ထုရှည် ရေးသား နေစဉ်တွင် ကွယ်လွန် ခဲ့ခြင်းဖြစ်သည်။


သူ၏ ခင်ပွန်း ဒါရိုက်တာ စိန်လှကျော်နှင့် သားများ ဖြစ်သည့် လင်းဝင်းကျော်၊ ချမ်းငြိမ်းကျော်၊ ကျော်ဇံဝင်း တို့နှင့် အတူ တိုက် (၃၈/၁၉) ဗဟိုစည် အိမ်ရာ စခန်း လမ်းမတော် မြို့နယ် ရန်ကုန်မြို့တွင် နေထိုင်နေစဉ် ကားတိုက် ခံရပြီး ကွယ်လွန် ခဲ့ခြင်း ဖြစ်သည်။

၂ဝဝ၆ ခုနှစ် မေလ ၁၉ ရက်က ရန်ကုန်မှာ ကားတိုက် ခံရပြီး ကွယ်လွန် ခဲ့တဲ့ မြန်မာ စာပေ လောကတွင် ဝတ္ထုရှည် အရေး ကောင်းသူ တဦး အဖြစ် ထင်ရှားခဲ့သည် စာရေး ဆရာမ ဝင်းဝင်းလတ် အကြောင်း စုစည်း တင်ပြ ထားခြင်းဖြစ်သည်။

ဝင်းဝင်းလတ် ရေးသား ထုတ်ဝေ ခဲ့တဲ့ စာအုပ် များမှာ[ပြင်ဆင်ရန်]

  1. ကတ္တီပါ ကားလိပ်များ ကြားမှာနှင့် အခြား ဝတ္ထုတိုများ
  2. နားကြပ်ကိုဆောင် ကလောင်ကို ကိုင်ဆွဲ (ဝင်းဝင်းလတ် အပါအဝင် လူငယ် ဆရာဝန် ၁၂ ဦး၏ သရုပ်မှန် ဝတ္ထုများ) - ၁၉၈၉ ခုနှစ်
  3. နန်းထဲမှာပင် အိုလေ့ ပျော်မရွှင် - ၁၉၉၇ ခုနှစ်
  4. အချစ်၏ နောက်ဆက်တွဲ စာမျက်နှာ - ၁၉၉၇ ခုနှစ်