လေတူရိယာ

ဝီကီပီးဒီးယား မှ

လေတူရိယာ[ပြင်ဆင်ရန်]

လေတူရိယာစုတွင် ရှေးဦးစွာပေါ်ပေါက်ခဲ့သော တူရိယာမှာ ရိုးရိုးပြွေပင်ဖြစ်လေသည်။ ပြွေသည် အခေါင်းပါသောဝါးနှင့် အလားတူပစ္စည်းများမှ ပြုလုပ်ထားသည့်တူရိယာဖြစ်၍ အခေါင်းကို လေဖြင့် မှုတ်ကာ အသံဖြစ်စေရသည်။ နောက်တွင် ထိုတူရိယာဖြင့် အသံနိမ့် အသံမြင့်များဖြစ်စေရန် ဘေးတစ်လျှောက် အပေါက်ငယ်များ ဖောက်၍ လက်ဖြင့်လိုသလို အဖွင့်အပိတ် ပြုပြင်ယူခဲ့ကြ၏။ ဤသို့ တစ်ဆင့် ထက် တစ်ဆင့် တိုးတက်တီထွင်လာကြသောအခါ ပြွေမှာတစ်မျိုးတည်း မဟုတ်တော့ ဘဲ အမျိုးမျိုးဖြစ်လာတော့၏။ အချို့က ဝါးဖြင့်ပြုလုပ်ကြ၍ အချို့က သစ်သားများကိုထွင်း၍ ပြုလုပ်ကြသည်။ အချို့က သားရိုး ငါးရိုး ဆင်စွယ်များဖြင့်လုပ်ကြ၏။ မှုတ်ပုံ မှုတ်နည်း၊ အပေါက်ဖောက်ပုံ စသည်တို့တွင် တစ်ခုနှင့်တစ်ခု မတူကြသော်လည်း ဤတူရိယာစု၏သဘောမှာ ပြွေသဘော ပင်ဖြစ်လေသည်။


မြန်မာတူရိယာတီးဝိုင်းများ၌ လေတူရိယာစုတွင် ပြွေ၊ နှဲကြီး၊ နှဲကလေးတို့သာ ပါဝင်တတ်သည်။ ပြွေကို များသောအားဖြင့် ဝါးဖြင့်ပြုလုပ် ၍ တစ်ခါတစ်ရံ ကြေးပိုက်များ၊ သံပိုက်များ ဖြင့်လည်းပြုလုပ်တတ်ကြ သည်။ နှဲကြီး နှဲကလေးတို့ကို သစ်သားဖြင့် ပြုလုပ်ရသည်။ ပြွေတွင် အသံ ဖြစ်စေသော လေပေါက်ကျယ်၍ မှုတ်သောလေအားဖြင့် အသံကိုပြုပြင်နိုင်သည်။ နှဲတွင် ထန်းဖူးမှပြုလုပ်သောအခင်ဖြင့် မှုတ်ရ၍ လေ ပေါက်ကျဉ်းသည်။ နှဲနှင့် ပြွေတို့၌ အဖွင့်အပိတ်ခလုတ် တစ်စုံတစ်ရာ မတတ်ဆင်ချေ။ နှဲတွင် နှဲတံကို အခေါင်းထွင်းရာ၌ အဖျားဘက်သို့ အနည်းငယ်ကား၍ ထွင်းသည်။ နှဲတံအဆုံးတွင် အသံကျယ်စေရန် နှဲခြေခေါ် ဂေါ်လန်ကို စွပ်ထားလေ့ရှိသည်။ မှုတ်ရာတွင် ပြွေထက် မှုတ်အားများစွာလိုလေသည်။


အနောက်တိုင်း ခေတ်မီသံစုံတူရိယာဝိုင်းကြီးများတွင် လေတူရိယာစုသည် များစွာအရေးပါအရာရောက်ခဲ့ရုံမျှမက အရေအတွက်လည်း များ ပေသည်။ အချို့လေတူရိယာစုကို သစ်သားဖြင့်ပြုလုပ်၍ အချို့ကို ကြေးဖြင့် ပြုလုပ်ထား၏။ အမျိုးအစားခွဲခြားရာတွင် သစ်သားလေတူရိယာများကို တစ်စုထား၍ ကြေးလေတူရိယာများကိုလည်း တစ်စုထားလေသည်။ သစ်သားလေတူရိယာစုတွင် ပြွေစုဟုခေါ်သော ပစ်ကိုလို၊ ဖိုက်၊ ဖလဂျော်လက်၊ အိုးဗို၊ အင်္ဂလိပ်နှဲ (ကော်အန်ဂလေ)၊ ဗတ်ဆွန်း၊ ကလဲရီ နက်နှင့် ဆက်ဆိုဖုန်းတို့ပါဝင်သည်။ ယင်းတို့တွင် ပြွေစုတူရိယာ များမှတစ် ပါး ကျန်တူရိယာများတွင် အသံဖြစ်စေရန် အခင်တပ်၍မှုတ်ရသည်။ ပါးစပ်ဖြင့် မှုတ်ရာတွင် ပြွေစုတူရိယာများကို ကန့်လန့်ကိုင်၍ မှုတ်ရသည်။ ပြွေခေါင်းများမှာ အရင်းအဖျားညီရ၏။ အိုးဗို၊ အင်္ဂလိပ်နှဲ၊ ဗတ်ဆွန်းတို့တွင် အခင်နှစ်ခုတပ်သည်။ ကျန်တူရိယာများတွင် အခင်တစ်ခု သာတပ်တည်။ အခေါင်းထွင်းရာတွင် ဆက်ဆိုဖုန်းမှတစ်ပါး အရင်းအဖျား အညီထားလေ့ရှိ၍ အိုးဗို၊ ကလဲရီနက်တို့တွင် အဖျား၌ ခပ်လန်လန်ထားလေ့ ရှိသည်။ ဆက်ဆိုဖုန်းတွင် အခင်တပ်သည့်နေရာ၌ သေး၍ အဖျားသို့ တဖြည်းဖြည်း ကား၍ထွင်းထားပြီးလျှင် အဝတွင် ကတော့မျက်နှာ ဝကဲ့သို့ အနည်းငယ်လှန်ထားသည်။ အားလုံးသော သစ်သားလေတူရိယာ များတွင် လေအပိတ်အဖွင့်အတွက် ခလုတ်များ တပ်ဆင်ထားသည်။ ကြေးလေတူရိယာများတွင် ထရမ်းပက်၊ ကောနက်၊ ထရွမ်ဗုန်း၊ ကျူဗာ၊ ပြင်သစ်ခရာစသည်တို့ပါဝင်၏။

ထြို့ပင် ဘာဂျာလက်ဆွဲဘာဂျာအကော်ဒီယန်အော်ဂန် (ပြွန် စန္ဒရား)၊ အိတ်ပြွေတို့သည်လည်း လေတူရိယာများတွင် အကျုံးဝင်လေသည်။


သံစုံတီးဝိုင်းကြီးများတွင် အရေးပါအရာရောက်ဆုံးမှာ ကြိုးတပ်တူရိယာများပင်ဖြစ်သော်လည်း လေတူရိယာများမပါလျှင် မပြည့်မစုံနိုင်ရုံမက ဂီတသံမှာလည်း မြိုင်လိမ့်မည်မဟုတ်ချေ။ လေတူရိယာစုတွင်လည်း ဆိုခဲ့သော သစ်သားလေတူရိယာစုသည် အသံအသာဆုံးနှင့် အမြိုင်ဆုံးဖြစ် လေသည်။ မြန်မာတူရိယာစုတွင် နှဲနှင့် ပြွေတို့သည် မည်သည့်တူရိယာမျိုးထဲတွင် မပါလျှင်မမြိုင်သော တူရိယာများဖြစ်သည်။ တူရိယာအလွန်နည်းစွာ ပါဝင်သည့် စည်တော်ဗျောစည် စသည်တို့၌ပင် နှဲပါရ၍ ဒိုးပတ်အိုးစည်တို့တွင်လည်း နှဲ သို့မဟုတ် ပြွေ တစ်ခုခုပါရလေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)