လေ

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

လေ[ပြင်​ဆင်​ရန်​]

ထမင်းအသက်ခုနစ်ရက်၊ ရေအသက်တစ်မနက်ဟူ၍ ရှေးလူကြီး များဆိုရိုးစကား ရှိခဲ့သော်လည်း အမှန်စင်စစ် လေသာမရှိပါက သတ္တဝါ မှန်သမျှသည် သုံးမိနစ်မျှပင် အသက်ရှင်နိုင်ရန်လမ်းမရှိပေ။ ကျွန်ုပ်တ ို့သည် နေ့စဉ်အမြဲလေနှင့်ထိတွေ့နေရ၏။ လေကိုရှူရှိုက်နေရ၏။ လေမှသက ်ရောက် လာသည့် အကျိုးကျေးဇူးများကို ခံစားနေရ၏။ ကျွန်ုပ်တို့ ကိုယ်အတွင်း၌ လည်း လေသည် တစ်ကိုယ်လုံးသို့ ပျံ့နှံ့လျက်ရှိ၏။ ထိုမျှသာမဟုတ်သေး၊ ပေါင်ချိန်အားဖြင့် ထောင်ပေါင်းများစွာလေးသည့် လေထုသည် ကျွန်ုပ်တို့ အပေါ်တွင် အချိန်မလပ်ဖိနှိပ်လျက်ရှိ၏။ သို့သော် ကျွန်ုပ်တို့သည် လေကို မမြင်ရသည့်အတွက် များသောအားဖြင့် လေရှိသည်ဟူ၍ အမှတ်မထင် ဂရု မပြုမိဘဲ နေထိုင်ခဲ့ကြလေသည်။ လေသည် ကမ္ဘာကြီးတစ်ခုလုံးကို အံ့ဩဖွယ်ကောင်းလောက် အောင် ဝိုင်းရံလွှမ်းခြုံထားရာ ထိုလွှမ်းခြုံထားသော လေသမုဒ္ဒရာကြီးကို လေထုဟု ခေါ်လေသည်။ ဤလေထုမည်မျှလောက် ထူမည်ကိုမည်သူမျှ အသေအချာမသိကြပေ။ မိုင်ပေါင်း ၂ဝဝ မှ ၄ဝဝ အထိထူမည်ဟူ၍သာ ခန့်မှန်းရပေသည်။ သို့ရာတွင် လေထု၌ တိကျသောအဆုံးသတ်မရှိ။ လေထု ၏ အစွန်းအဖျားသည် မြေပြင်မှအထက်သို့ မိုင်ပေါင်း ၁ဝဝဝ ကျော် ၂ဝဝဝ ထိအောင်ပင် တစ်စွန်းတစ်စပျံ့နှံ့ကာ အာကာသ လဟာပြင်ကြီးနှင့် တဖြည်းဖြည်း ထိစပ်ပျောက်ကွယ်သွားစရာရှိသည်ဟု ယူဆရပေသည်။ လေရှိပေ၍သာ ကျွန်ုပ်တို့ကမ္ဘာကြီးမှာ သက်ရှိသတ္တဝါ၊ သစ်ပင်ပန်းပင်တို့ ဖြင့် ပြည့်စုံဝေဆာ၍ကမ္ဘာကြီးသည် အသက်ရှင်နေနိုင်ခြင်းဖြစ်သည်။ လကဲ့ သို့ လေထုကင်းမဲ့သော အခြားဂြိုဟ်၊ သို့မဟုတ် ဂြိုဟ်ရံများမှာမူ သက်ရှိ သတ္တဝါနှင့် အပင်ဆို၍ လုံးဝဆိတ်သုဉ်းလျက်ရှိကြပေသည်။ လေသည် လူတိရစ္ဆာန်နှင့် အပင်တို့ကို အသက်ဆက်ပေးရုံ သာမက အသက်ရှင်ရေးနှင့် သက်ဆိုင်သော အခြေအနေများကိုလည်း ပြု ပြင်ဖန်တီးပေးလျက်ရှိသည်။ နွေ၊ မိုး၊ဆောင်းနှင့်တကွ နေပူခြင်း၊ မိုးရွာ ခြင်း၊ နှင်းကျခြင်း၊ လေတိုက်ခြင်း၊ ပူအိုက်ခြင်း၊ ချမ်းအေးခြင်း စသော ရာသီဥတုတို့ ဖြစ်ပေါ်ရခြင်းမှာ ကျွန်ုပ်တို့ ကမ္ဘာနှင့် နေတို့၏အကွာအဝေး ပြောင်းလွဲမှုကိုလိုက်၍ လေတွင် ဖြစ်ပေါ်လာသော လှုပ်ရှားမှု အပူအအေး ပြောင်းလွဲမှုတို့ကြောင့်ပင်ဖြစ်လေသည်။ လေသည် အရာဝတ္ထုသန့်သန့်တစ်ခုတည်း မဟုတ်ပေ။ လေသည် ဒြဗ်ရောဖြစ်၍ လေတွင် အောက်ဆီဂျင်၊ နိုက်ထရိုဂျင်၊ အားဂွန်၊ ဇီနွန်၊ နီယွန်၊ ဟီလီယမ်၊ ကရစ် ရစ်ပတမ် ဓာတ်ငွေ့များအပြင် ရေခိုးရေငွေ့၊ ဟိုက်ဒြိုဂျင်ဓာတ်ငွေ့၊ ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့နှင့် ဖုန်မှုန့်များ ပါဝင်ကြောင်းသိရှိရသည်။ လေတွင်ပါဝင်သည့် အချိုးအစားများမှာ ရာခိုင် နှုန်းအားဖြင့် နိုက်ထရိုဂျင် ၇၈၊ အောက်ဆီဂျင် ၂၁ ဖြစ်၍ ကျန် ၁ ရာခိုင် နှုန်းတွင် အားဂွန်ဓာတ်ငွေ့ အများဆုံးပါဝင်ပြီးလျှင် နီယွန်၊ ဇီနွန်၊ ဟီလီ ယမ်၊ ကရစ်ပတွန်ခေါ် ရှားပါးသည့်ဓာတ်ငွေ့များ အနည်းအကျဉ်းနှင့် ဟိုက် ဒြိုဂျင်ဓာတ်ငွေ့ မဆိုစလောက်မျှပါဝင်သည်။ ရေငွေ့၊ ကာဗွန်ဒိုင်အောက် ဆိုက်ဓာတ်ငွေ့နှင့် ဖုန်မှုန့်တို့မှာမူ အခါကာလကိုလိုက်၍ အနည်းအများ ပါဝင်ကြလေသည်။ အောက်ဆီဂျင်ဓာတ်ငွေ့သည် ကျွန်ုပ်တို့၏ ကိုယ်ခန္ဓာဟု ဆိုအပ် သော စက်ယန္တရားလည်ပတ်ရေးအတွက် ထင်းမီးလောင်စာသဖွယ်ဖြစ်သည်။ အောက်ဆီဂျင်သည် အသက်ရှင်မှုနှင့် လောင်ကျွမ်းမှုမှန်သမျှအတွက် ကျော ထောက်နောက်ခံဖြစ်သည်။ အကယ်၍ လေထုတစ်ခုလုံးသာ အောက်စီဂျင် အတိ ဖြစ်သွားမည်ဆိုပါက သက်ရှိသတ္တဝါအားလုံးသည် ယခုထက် အဆ မတန် ပိုမိုထကြွပြီး အဆမတန် အသက်တိုသွားစရာရှိသည်။ သစ်ခြောက်၊ မြက်ခြောက်တို့သည်လည်း ရုတ်တရက် မီးထတောက်ကောင်း ထတောက ်ကြ ကာ ကမ္ဘာတွင် မတွေ့ဘူသေးသည့် အံ့ဩဖွယ်အဖြစ်အပျက်မျိုး အများ အပြားပင် ဖြစ်ပေါ်လာနိုင်စရာ အကြောင်းရှိသည်။ သို့ရာတွင် အောက်ဆီ ဂျင်၏ စွမ်းအားသတ္တိ ယခုထက် ပိုကဲလာခြင်းမရှိအောင် အောက်ဆီဂျင် တစ်ဆလျှင် လေးဆနီးပါးရှိသော နိုက်ထရိုဂျင်က ရောနှောပြီး ထိန်းထား လေသည်။ နိုက်ထရိုဂျင်မှာ အခြားဓာတ်ပစ္စည်းတို့နှင့် အလွယ်တကူ ပေါင်း စပ်ခြင်းမရှိသော ဓာတ်ငွေ့ဖြစ်သည်။ သို့သော် နိုက်ထရိုဂျင်၏ ဒြဗ်ပေါင်း ဖြစ်သည့် နိုက်ထရိတ်အမျိုးမျိုးတို့မှာ စိုက်ပျိုးရေးလုပ်ငန်းအတွက် မြေဩဇာ ပြုလုပ်ရာ၌လည်းကောင်း၊ ပေါက်ကွဲစေတတ်သည့် လက်နက်ပစ္စည်းများ လုပ်ကိုင်ရာ၌လည်းကောင်း လွန်စွာအသုံးဝင်သဖြင့် အဆိုပါ နိုက်ထရိုဂျင် ဒြဗ်ပေါင်းများကို ငွေကုန်ကြေးကျခံ၍ အမြောက်အမြား ပြုလုပ်ကြရလေ သည်။ ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့သည် ကာဗွန်နှင့် အောက်ဆီဂျင် တို့ ပေါင်းစပ်မှုကြောင့် ဖြစ်ပေါ်လာသော ဒြဗ်ပေါင်းဖြစ်သည်။ ကျွန်ုပ်တို့ အသက်ရှူထုတ်လိုက်သည့်အခါတိုင်းနှင့် အရာဝတ္ထုတစ်ခုခု မီးလောင် သည့် အခါတိုင်းတွင် ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ ဖြစ်ပေါ်လာမြဲဖြစ်သည်။ လူနေထူထပ်၍ စက်ရုံ၊ အလုပ်ရုံပေါများသော မြို့ကြီးများတွင် လေထဲ၌ ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ အများအပြားပါရှိတတ်သည်။ ယင်းသို့ ပါရှိ ခြင်းသည် လူတို့၏ကျန်းမာရေးကို ထိခိုက်စေသည်။ ကာဗွန်ဒိုင်အောက် ဆိုက်ကို ကျွန်ုပ်တို့သည် ရှူထုတ်လျက်ရှိသောကြောင့် လေထဲ၌ တစ်နေ့ ထက်တစ်နေ့ များ၍မလာပေလောဟု မေးစရာအကြောင်းရှိသည်။ သို့သော် စိမ်းလန်းသောအပင်ဟူသမျှတို့က ကာဗွန်ဒိုင်အောက်ဆိုက်ကို အမြဲတစေ ရှူရှိုက်စုတ်ယူလျက်ရှိသဖြင့် ဤဓာတ်ငွေ့၏ အဝင်အထွက်မှာ လေထဲတွင် မျှတ၍သွားလေသည်။ ရေငွေ့သည် ကျွန်ုပ်တို့ မြန်မာနိုင်ငံကဲ့သို့ လယ်ယာစိုက်ပျိုးရေး၌ မိုးကို အများဆုံးအားကိုနေရသော တိုင်းပြည်တို့အဖို့ မရှိမဖြစ်အောင် အရေး ကြီးပေသည်။ လေထုသည်နေပူရှိန်ကြောင့် ပင်လယ်သမုဒ္ဒရာ အင်း အိုင် ချောင်း မြောင်းတို့မှ အငွေ့ပြန်တက်လာသော ရေငွေ့တို့ကို စုတ်ယူလက်ခံ ပြီးနောက် ကမ္ဘာမြေပြင်ပေါ်၌ နေရာအနှံ့ရောက်အောင် ဖြန့်ကြဲပေးသည်။ အအေးဓာတ်နှင့် တွေ့သောအခါ ထိုရေငွေ့တို့သည် မြူ၊ နှင်း၊ မိုးသီးမိုး ပေါက်အဖြစ် ရွာသွန်းလေသည်။ ထို့ကြောင့် အကယ်၍ ဤကမ္ဘာ၌ လေထု သာမရှိဆိုပါက ပင်လယ်သမုဒ္ဒရာတို့မှအပ ကုန်းမြေဟူသမျှသည် သဲကန္တာရ အတိ ဖြစ်သွားစရာအကြောင်းရှိလေသည်။ လေထဲ၌ ဖုန်မှုန့်များဖြင့် ပြည့်နှက်လျက်ရှိသည့်ဟုဆိုလျှင်လည်း ယုံလိုသော်မှ ယုံကြပေမည်။ သိုု့သော် အကယ်ပင်ရှိကြောင်းကို မှောင်မည်း နေသော အခန်းထဲသို့ သေးငယ်သော အပေါက်တစ်ခုမှနေ၍ နေရောင ်ခြည် မျှင်တစ်ခုကို ထိုးဝင်စေ၍ကြည့်ပါ။ ထိုအခါ အဆိုပါရောင်ခြည်ထဲ၌ သာမန် အားဖြင့် မမြင်ရသော ဖုန်မှုန့်ကလေးများ ကုဋေကုဋာမက လွင့်ပါလျက်ရှိ သည်ကို အသေအချာ တွေ့မြင်ရပေလိမ့်မည်။ ကျွန်ုပ်တို့သည် လေကိုဖောက်ထွင်းမြင်နိုင်သော အလင်းပေါက် အရာဝတ္ထုဖြစ်သည်ဟု ပေါ့ပေါ့ဆဆ ပြောဆိုမိကြသည်။ အကယ်၍ လေထု ကိုဖောက်ထွင်း၍မြင်နိုင်မည်ဆိုပါက အာကာသကောင်းကင်ပြင်၏ အရောင် သည် နေ့အခါတွင်လည်း ညဉ့်ဘက်မှာကဲ့သို့ပင် မည်းနက်၍နေပေမည်။ သို့ သော် နေမှ အလင်းရောင်ခြည်သည် လေထုကို ဖြတ်သန်းချိန်တွင် လေထု အတွင်းရှိ ရေငွေ့၏ မြူမှုန်တို့ကနေ ရောင်ခြည်တွင်ပါသည့် အနီရောင်ကို သာ ဖြတ်သန်းခွင့်ပေး၍ အပြာရောင်ကိုမူ ကောင်းကင်တစ်ပြင်လုံးသို့ ပျံ့နှံ့ သွားစေသည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် ကောင်းကင်ပြင်ကို နေ့အခါ၌ အပြာရောင်အဖြစ် မြင်ရခြင်းဖြစ်သည်။ နံနက်နေထွက်ပြူနှင့် ညနေ နေဝင် ဆည်းဆာအချိန်များတွင် ရှုချင်စဖွယ် နီရဲလှပသော ကောင်းကင်ပြင်ကို မြင် ရခြင်းမှာ နေရောင်ခြည်သည် ထိုအချိန်၌ လေထုကို ဘေးတိုက်ဝင်ကာ လေ ထုတွင်းသို့ များများဖြတ်သန်း သွားရသည့်အတွက် အပြာရောင်ကို များများ ပျံ့လွင့်စေပြီးလျှင် အနီရောင်ကိုသာ ချန်ထားခဲ့သောကြောင့်ဖြစ်လေသည်။ လေထုသည် အလွှာများအဖြစ်ဖြင့် ခွဲခြား၍တည်ရှိသည်။ အောက် ဆုံးအလွှာကို ထရိုပိုစဖီးယား ဟုခေါ်၍ ထိုအလွှာတွင် မိုးသားတိမ်လိပ် များ တည်ရှိကြသည်။ ထိုအလွှာအထက် ကမ္ဘာမြေပြင်မှ ၁ဝ မိုင်ခန့်အမြင့် တွင် စထရက်တိုစဖီးယား ဒုတိယအလွှာရှိသည်။ စထရက်တို စဖီးယား နှင့် တြိုပိုစဖီးယား နှစ်ခုစပ်ကြားနေရာကို ထရိုပိုပေါ့ ဟုခေါ်၍ အမြင့် ဆုံးတိမ်တို့သည် ထိုနေရာအထိသာ ရောက်ရှိကြလေသည်။ စထရက်တို စဖီးယားအထက်တွင် အိုဇိုနိုစဖီ၏ယား အလွှာရှိ၍ ထိုအလွှာတွင် အိုဇုန်း ဓာတ်ငွေ့ အနည်းငယ်ပါရှိသည်။ ထိုအလွှာ၏ အထက်မှ အလွှာ ကို အိုင်ယွန်နိုစဖီးယား ဟုခေါ်၍ ထိုအလွှာသည် ကမ္ဘာမြေပြင်မှ နေ့ အခါတွင် ၃၁ မိုငခန့်၊ ညဉ့်အခါတွင် ၅၆ မိုင်ခန့် မြင့်လေသည်။ ကျွန်ုပ်တို့သည် ထရိုပိုစဖီးယားအကြောင်းကို အတော်ပင် လေ့ လာသိရှိထားပြီးဖြစ်သော်လည်း စထရက်တို စဖီးယားအကြောင်းနှင့် စပ် လျဉ်း၍မူ အနည်းအကျဉ်းလောက်သာ သိရသေးသည်။ ရုရှားလူမျိုးထဲမှ မီး ပုံးပျံဖြင့် အထက်သို့တက်ကြည့်ရာ ၁၃ မိုင်ခွဲကျော်ကျော်မျှသာ အမြင့်ဆုံး ရောက်ခဲ့လေသည်။ အလိုအလျောက် မှတ်သားတိုင်းတာနိုင်သော ကိရိယာ များ တပ်ဆင်ပေးထားသည့် လူမပါသော မီးပုံးပျံကလေးများမှာ ၂၅ မိုင် အမြင့်အထိသာ ရောက်ဖူးကြသည်။ ထိုကဲ့သို့ လေ့လာစုံးစမ်းကြည့်ရာမှ စိတ်ဝင်စားဖွယ် သိရှိရသောအချက်မှာ လေသည် အထက်သို့မြင့်သွားတိုင်း တဖြည်းဖြည်းပါးလိုက်လာခြင်းဖြစ်သည်။ အထက် ၁ဝ မိုင်ခန့်အမြင့်တွင်ရှိ သော လေသည် ပင်လယ်ပြင်ညီတွင်ရှိသော လေနှင့်စာလျှင် ဆယ်ပုံတစ်ပုံ လောက်သာ သိပ်သည်းတော့၏။ အထက် ၂၅ မိုင်ခန့်အမြင့်တွင်ဆိုလျှင် အပုံသုံးထောင်ပုံတွင် တစ်ပုံမျှလောက်သာ သိပ်သည်းလေတော့သည်။ မြေ ပြင်မှ အထက်သို့တက်သောအခါ တဖြည်းဖြည်းအေးလာပြီးလျှင် စထရက် တိုစဖီးယားအလွှာသို့ ရောက်သောအခါ အပူချိန်သည် စင်တီဂရိတ် ဒီဂရီ သုညအောက် ၇၅ ဒီဂရီခန့်၌ တစ်သမတ်တည်း တည်မြဲနေတော့သည်။ စထရက်တိုစဖီးယားတွင် ရေခိုးရေငွေ့၊ မိုးသားတိမ်လိပ်၊ လေမုန်တိုင်း စသည်တို့ကင်းစင်သည်။ ထိုထက်မြင့်သော အလွှာများအကြောင်းကိုမူ ကျွန်ုပ်တို့သည် ကောင်းစွာမသိရသေးပေ။ ထိုနေရာများတွင် လေသည် လုံးဝမရှိသလောက် ပါးရှားပေသည်။ သို့သော် ကြယ်ပျံများ ပျံသန်းနိုင်ပုံကို ထောက်ခြင်းဖြင့် လေရှိကြောင်းကို သိရလေသည်။ ကြယ်ပျံတို့သည် လက်ဦးတွင် အေးလျက် ရှိကြသည်။ သို့ရာတွင် ကမ္ဘာမြေပြင်ပေါ်သို့ အလွန်လျင်မြန်သောအဟုန်ဖြင့် စိုက်ကျလာစဉ်တွင် လေနှင့် ထိတွေ့ပွတ်တိုက်မိသောကြောင့် မီးထတောက် သည်အထိ ပူသွားရလေသည်။ လေကိုအကောင်အထည်ဟူ၍ ရှာမတွေ့နိုင်သည့်အတွက် လေ၌ အလေးအချိန်မရှိဟု ထင်မိကြပေမည်။ သို့သော် ကြက်ပေါင်စေး ပူဖောင်း တစ်လုံးကို လေမသွင်းမီနှင့် လေမှုတ်သွင်းပြီးနောက် ချိန်တွယ်ကြည့်ပါက လေသွင်းပြီး ပူဖောင်းအလေးချိန်သည် လေမသွင်းမီ ပူဖောင်းအလေးချိန် ထက် ပိုသည်ကိုတွေ့ရမည်။ လေသွင်းပြီးနောက် ပူဖောင်းတွင် အလေးချိန် တိုးလာသည်ကိုထောက်လျှင် လေ၍အလေးချိန်ရှိကြောင်းကို သိနိုင်ပေမည်။ ပင်လယ်ပြင်တွင် လေသည် ပျမ်းမျှခြင်းအားဖြင့် တစ်ကုဗပေလျှင် .ဝ၇၂၉ ပေါင်မျှလေး၍ ထိုထက်မြင့်သွားသောအခါ လေသည် တဖြည်းဖြည်း ပါး သွားသည့်အတိုင်း လေ၏အလေးချိန်လည်း တဖြည်းဖြည်း လျော့သွားလေ သည်။ ဤသို့ဖြင့် လေထုသည် ကမ္ဘာမြေပြင် တစ်မျက်နှာလုံးကို ဖိနှိပ်ထားလျက်ရှိရာ ထိုဖိနှိပ်ထားသော လေထု၏ အလေးချိန်ကို လေထု ဖိအား ဟုခေါ်သည်။ လေ၏ဖိအားသည် အလွန်ဆန်းကြယ်သည်။ ကမ္ဘာ ပေါ်ရှိ နေရာတိုင်းတွင် လေသည် အရပ်မျက်နှာအားလုံးသို့ တညီတညာ တည်း တွန်းကန်ဖိနှိပ်ထားပေသည်။ ဖန်ခွက်တစ်လုံးတွင် ရေအပြည့်ထည့်၍ အဝကိုစက္ကူဖြင့်ပိတ်ပါ။ ထို့နောက် စက္ကူကို လက်နှင့်ဖိကာ ဖန်ခွက်ကို စောက်ထိုးလှန်ပြီးလျှင် လက်ကို ရုပ်လိုက်ပါက ရေသည် အောက်သို့မကျဘဲ စက္ကူပေါ်၌ တည်နေသည်ကို ထူဆန်းစွာတွေ့ရပေမည်။ ဤသို့ဖြစ်ခြင်းမှာ လေက မိမိ၏ ဖိအားဖြင့် စက္ကူကိုပင့်ထား၍ စက္ကူကတစ်ဖန် ရေကို ပင့် ထားသောကြောင့်ဖြစ်လေသည်။ ပင်လယ်ပြင်ညီတွင် လေထု၏ဖိအားသည် ပျမ်းမျှခြင်းအားဖြင့် စတုရန်း တစ်လက်မရှိသော မျက်နှာပြင်ပေါ်၌ ၁၄.၇ ပေါင်ဖြစ်သည်။ သာမန်လူကြီးတစ်ယောက်၏ ကိုယ်ခန္ဓာတစ်ခုလုံးရှိ အပေါ်ယံမျက်နှာပြင် အကျယ်အဝန်းမှာ စတုရန်းလက်မ ၂ဝဝဝ ခန့်ရှိသည်။ ထို့ကြောင့် လူတစ် ယောက်အပေါ်၌ အမြဲတမ်းဖိလျက်ရှိသော လေထု၏ဖိအားသည် ပေါင် ၃ဝဝဝဝ ခန့်မျှ ကြီးမားပေသည်။ သို့သော် ကိုယ်ခန္ဓာတွင်းရှိလေကလည်း ထိုအပြင်ဘက်ဖိအားနှင့်အမျှ အတွင်းဘက်မှ တွန်းကန်လျက်ရှိနေသော ကြောင့် ကျွန်ုပ်တို့သည် အဆိုပါလေထုဖိအားကို သိသိသာသာ ခံစားရခြင်း မရှိပေ။ လေယာဉ်တစ်ခုခုဖြင့် အလွန်မြင့်မားသောနေရာကို ပျံတက်သည့် အခါမျိုးတွင် အပြင်ဘက်မှ လေထုဖိအားက ကိုယ်အတွင်းမှ ဖိအားထက် အဆမတန်နည်းပါးသဖြင့် လေယာဉ်အတွင်း လိုက်ပါသွားသူတို့သည် နားမှ သွေးယိုထွက်တတ်ပြီးလျှင် တစ်ခါတစ်ရံ ဦးခေါင်းသို့ သွေးရောက်ကာမူးမေ့ ၍ပင် သွားတတ်ကြပေသည်။ သို့သော် အကယ်၍ လေသာမရှိပါက လေ ယာဉ်ပျံ၏တောင်ပံကို ပင့်ပေးမည့်အရာ မရှိတော့သဖြင့် မည်သည့်လေ ယာဉ်ပျံမျှ အမြင်သို့ ပျံတက်နိုင်မည်မဟုတ်ချေ။ တစ်ဖန် အလွန်မြင့်မား သော နေရာများတွင် အသက်ကိုဝအောင်ရှူနိုင်ရန် အောက်ဆီဂျင် အလုံ အလောက် မရှိသည့်အတွက် အလွန်မြင့်မားစွာ ပျံတက်မည့်သူများသည် အသက်ရှူစရာ အောက်ဆီဂျင်ဓာတ်ငွေ့ဘူးများကို အပိုဆောင်ယူသွားကြရ လေသည်။ လေသည် ကြက်ပေါင်စေးကဲ့သို့ ကျုံ့နိုင် စန့်နိုင်သော သတ္တိရှိ သည့်ပစ္စည်းဖြစ်သည်။ လေ၌ ထိုသတ္တိမျိုးရှိကြောင်း သိသာရန်အတွက် ဖန် ခွက်တစ်လုံးကို ရေပေါ်တွင် စောက်ထိုးမှောက်ပြီး ဖန်ခွက်ဖင်ကို လက် နှင့်ဖိချကြည့်ပါ။ ဖန်ခွက်တစ်လုံးလုံးရေအောက်သို့ နစ်သွားသောအခါ ဖန် ခွက်အတွင်းသို့ ရေအနည်းငယ် ဝင်လာသည်ကို တွေ့ရလိမ့်မည်။ အဓိပ္ပာယ် မှာ မူလက ဖန်ခွက်အပြည့်ရှိသော လေသည် ရေ၏ဖိအားကြောင့် ကျုံ့သွား ခြင်းပင်ဖြစ်လေသည်။ တစ်ဖန် လေတော်ရုံမှုတ်သွင်းထားသော ကြက်ပေါင် စေးပူဖောင်းတစ်လုံးကို မီးနားတွင်ပြကြည့်ပါက အပူရှိန်ကြောင့် လေစန့် ထွက်လာကာ ပူဖောင်းကြီးထွားလာပုံကို တွေ့ရပေမည်။ လေမီးဖို၊ အောက် လင်းမီးအိမ်၊ မီးရထားဘီး၊ မော်တော်ကားဘီးတို့တွင် တပ်ဆင်ထားသော လေဘရိတ် စသည်တို့မှာ ဖိနှိပ်ထားသောလေကို အသုံးချထားသည့် ကိရိ ယာများပင်ဖြစ်ပေသည်။ လေကို ကျုံ့သွားအောင် ဖိနှိပ်ပေး၍ ဖာရင်ဟိုက်ဒီဂရီ သုည အောက် ၃၁၂ ဒီဂရီသို့ တိုင်အောင် အအေးခံပေးလိုက်ပါက လေသည် အငွေ့မှ အရည်အဖြစ်သို့ ပြောင်းလဲသွားသည်။ ထို လေရည် ၌ စိတ်ဝင် စားဖွယ် ကောင်းသော ဂုဏ်သတ္တိများရှိပေသည်။ [၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)