လီမာ

ဝီကီပီးဒီးယား မှ
လီမာ
Lemurs
Temporal range: Pleistocene–Present[၁][၂]
A sample of lemur diversity; 8 of 15 biological genera are depicted (from top, left to right): Lemur, Propithecus, Daubentonia, Archaeoindris, Microcebus, Lepilemur, Eulemur, Varecia.
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Animalia
မျိုးပေါင်းစု: Chordata
မျိုးပေါင်း: Mammalia
မျိုးစဉ်: Primates
မျိုးစဉ်သေး: Strepsirrhini
Infraorder: Lemuriformes
Superfamily: Lemuroidea
Gray 1821
မျိုးရင်းများ
ဇီဝမျိုးစုံမျိုးကွဲ
About 100 living species
အားလုံးသော လီမာမျောက် မျိုးစိတ်များ ကျက်စားရာ ဒေသများ[၃]

မျောက်နှင့်တူသော လီမာမျောက် (အင်္ဂလိပ်: Lemur) များသည် တိရစ္ဆာန်လောကတွင် အတော်စိတ်ဝင်စားဖွယ်ကောင်းသော အစိတ်အပိုင်းများဖြစ်ကြသည်။ လီမာမျောက်တွင် မြေခွေးဦးခေါင်းကဲ့သို့ ချွန်သောဦးခေါင်းရှိ၍ ပုံဏ္ဌာန်နှင့် သွားပုံလာပုံ အမူအရာမှာလည်း ခြေလေးချောင်း သတ္တဝါများအတိုင်းဖြစ်ရာ သာမန်အပေါ်ယံ ကြည့်ခြင်းအားဖြင့် မျောက်နှင့်တူသော အချက်အလက်များကို ထင်ရှားစွာမတွေ့နိုင်ပေ။ သို့သော် ခန္ဓာကိုယ်ဖွဲ့စည်းမှု အနေအထားအရ လီမာမျောက်သည် မျောက်မျိုးတွင် ပါဝင်သည်ဟူသော အကြောင်းပြချက်မှာ မျောက်ကဲ့သို့ ကိုင်တွယ်နိုင်သော ခြေချောင်းလက်ချောင်းများ ရှိခြင်းကြောင့်ဖြစ်သည်။ မျောက်မျိုးတွင် အသိဉာဏ်အနည်းဆုံး တိရစ္ဆာန်များဖြစ်ကြသည်။

လီမာမျောက်တွင် အရွယ်အစားစား၊ ပုံသဏ္ဌာန်အမျိုးမျိုး၊ အလေ့အထအဖုံဖုံရှိကြရာ တစ်မျိုးနှင့်တစ်မျိုး အလွန်ကွဲပြားကြ၏။ ပုံစံအားဖြင့် အကောင်ကြီး အင်ဒရီလီမာမျောက်သည် နှာခေါင်းမှ အမြီးရင်းအထိ နှစ်ပေ ရှည်၍ ကြွက်လီမာမျောက်မှာ ကြွက်အရွယ်မျှသာရှိသည်။ အချို့လီမာမျောက်များသည် မျောက်ကဲ့သို့ ပေါ့ပါးလျင်မြန်၍ လိုရစ်ခေါ် နှာတံရှည် လီမာမျောက်မျိုးနှင့် နှေးကွေးသော လီမာမျောက်မျိုးတို့မှာ အလွန်အေးအေးဆေးဆေး နေထိုင်သွားလာလေ့ရှိသည်။ အချို့သော လီမာမျောက်များသည် နေ့ အချိန်တွင်သာ ထွက်၍ အချို့သည် ညဉ့်တွင်သာ ထွက်လေ့ရှိသည်။ များသောအားဖြင့်ညဉ့်အချိန်ထွက်ကြသည်။ အပင်စားလီမာမျောက်၊ သားစား လီမာမျောက်၊ ဆူညံကြမ်းတမ်းသော လီမာမျောက်၊ စိတ်ဆိုး၍ ထိတ်လန့်သည့်အခါမှအပ မည်သည့်အခါမျှ အသံမပြုတတ်သော လီမာမျောက်၊ သစ်ပင်ပေါ်မှ ဆင်းလေ့မရှိသော လီမာမျောက်၊ ကျောက်တောင်များ၌ နေလေ့ရှိသော လီမာမျောက်၊ အမွေးဖွား၍ ရှည်သောအမြီးရှိသည့် လီမာ မျောက်၊ တိုတုတ်သော အမြီးရှိသည့် လီမာမျောက်၊ အမြီးအရှင်းမရှိသည့်လီမာမျောက်ဟူ၍ အစားစားရှိသည်။ အမြီးရှည်ရှိသော လီမာမျောက်များသည် အချို့သောမျောက်များကဲ့သို့ အမြီးဖြင့်သစ်ကိုင်းတွင် တွဲလဲဆွဲ၍ မနေနိုင်ကြပေ။ လီမာမျောက်များ၏ နောက်ခြေများသည် လက်များထက်ရှည်သောကြောင့် လေးဖက်ထောက်လျှောက်ရာ၌ ကုံးကုံးကွကွ ဖြစ်နေတတ်သည်။

လီမာမျောက်များသည် ညဉ့်အချိန်တွင် ပြူး၍တောက်ပြောင်သော မျက်လုံးများနှင့် တစ္ဆေ မှင်စာများပမာ အသံမမြည်အောင် သွားလာလေ့ရှိသောကြောင့် အချို့ကြောက်လန့်ကြသည်။ နေ့အချိန်၌ ထွက်လေ့မရှိဘဲ သစ်ပင်ခွကြား၌သော်လည်းကောင်း၊ သစ်ခေါက်ထဲ၌သော်လည်းကောင်း ကွေး၍ အိပ်နေတတ်ကြသည်။ မှောင်စပျိုးသည်နှင့် အိပ်ရာမှထ၍ တစ်ပင်ဆင်း တစ်ပင်တက် အစာရှာထွက််ကြသည်။ ကြက်၊ ငှက်၊ ဖား၊ ပုတ်သင်၊ ပင့်ကူ၊ ငှက်ဥ၊ သစ်သီး စသည်တို့ကိုစားသည်။ အရုဏ်ကျင်း၍ လင်းလုနီးတွင် မိမိတို့ ခိုအောင်းရာသို့ ပြန်ကြသည်။

လီမာမျောက်မျိုးပေါင်း ကိုးဆယ်ကျော်ခန့်ရှိရာ ငါးဆယ်ကျော် ကျော်လောက်ကို မက်ဒါဂက်စကာကျွန်းတွင် တွေ့ရသည်။ အားလုံးသော လီမာမျောက်များသည် အာဖရိကတိုက်အိန္ဒိယနိုင်ငံသီဟိုဠ်ကျွန်းဖိလစ်ပိုင်ကျွန်း စသော ကမ္ဘာဟောင်းတောင်ပိုင်းဒေသများတွင် နေထိုင်ကြသည်။ သို့သော် လီမာမျောက်အစစ်များကိုကား မက်ဒါဂက်စကာနှင့် ကိုမိုရိုကျွန်းများတွင်သာ တွေ့ရသည်။ အမွေးဖွား၍ ရှည်သောအမြီးတွင် အဖြူတွင် အဖြူတစ်ရစ်၊ အမည်းတစ်ရစ်ဖြင့် အရစ်များရှိသည့်လီမာကက်တာ (ခေါ်) လီမာမျောက်မျိုးသည် လှပ၍ထူးဆန်း၏။ ယင်းသည် ညဉ့်အချိန်မထွက်ဘဲ နေ့အချိန်၌သာ အစာရှာထွက်လေ့ရှိလေသည်။[၄]


ကိုးကား[ပြင်ဆင်ရန်]

  1. "Lemuriform origins as viewed from the fossil record" (2006). Folia Primatologica 77 (6): 446–464. doi:10.1159/000095391. PMID 17053330. 
  2. Sussman 2003, pp. 149–229.
  3. IUCN ၂၀၁၄IUCN ၏ အန္တရာယ်ကျရောက်နေသော မျိုးစိတ်များဆိုင်ရာ အနီရောင်စာရင်း မူကွဲပုံစံ 2014.3နိုင်ငံတကာ သဘာဝထိန်းသိမ်းစောင့်ရှောက်ရေး အသင်း (၂၀၁၂)။ ၁၂ မတ်လ ၂၀၁၅ တွင် ပြန်စစ်ပြီး။
  4. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)