လယ်ဝေးမြို့

ဝီကီပီးဒီးယား မှ
လယ်ဝေးမြို့
လယ်ဝေးမြို့ သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
လယ်ဝေးမြို့
ကိုဩဒိနိတ်: 19°38′0″N 96°7′0″E / 19.63333°N 96.11667°E / 19.63333; 96.11667ကိုဩဒိနိတ်: 19°38′0″N 96°7′0″E / 19.63333°N 96.11667°E / 19.63333; 96.11667
နိုင်ငံ မြန်မာ
ဒေသနေပြည်တော်ပြည်ထောင်စုနယ်မြေ
မြို့နယ်လယ်ဝေးမြို့နယ်
လူဦးရေ (2014)၂၈၄,၃၉၃ ေယာက္
 • ကိုးကွယ်မှုဗုဒ္ဓဘာသာ
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6.30)

လယ်ဝေးမြို့သည် နေပြည်တော် ပြည်ထောင်စုနယ်မြေတွင် ပါဝင်သော လယ်ဝေးမြို့နယ် မြို့ပိုင်ရုံးစိုက်ရာမြို့ဖြစ်သည်။ စတုရန်း လေးမိုင်ခန့် ကျယ်ဝန်း၍ ပျဉ်းမနားမြို့၏ အနောက်တောင်ဘက် ၁ဝ မိုင်အကွာတွင် တည်ရှိသည်။ ပျဉ်းမနား - ကျောက်ပန်းတောင်း မီးရထားလမ်းပေါ်တွင် တည်ရှိသည့်ပြင် ရန်ကုန် - မန္တလေး မော်တော်ကားလမ်းမကြီးသည် လယ်ဝေးမြို့ကို ဖြတ်သွားသဖြင့် အရောင်းအဝယ်စည်ကားသောမြို့ဖြစ်၍ ဆန်စပါးတင်ပို့ရာ အချက်အချာမြို့ တစ်မြို့လည်းဖြစ်ပေသည်။

သမိုင်းကြောင်း[ပြင်ဆင်ရန်]

သက္ကရာဇ် ၁၉၁ ခုနှစ်တွင် မောင်နွဲ့ဆိုသည့် ပုဂ္ဂိုလ်တစ်ဦးက တောင်ကုန်းတစ်ခုပေါ်တွင် စတင်တည်ထောင်သောကြောင့် လယ်ဝေးမြို့ကို ရှေးကနဦး ကအစ "ငနွဲ့ကုန်းမြို့၊ ငနွယ်ကုန်းမြို့" ဟုခေါ်သည်။ ထိုနောက် တစ်ဖန် ဝါးနွယ်ကုန်းဟု တွင်ပြန်သည်။ ဝါးနွယ်ကုန်းမြို့ဟောင်း တည်နေရာသည် ယခုလယ်ဝေးမြို့၏ အနောက်တောင်ဘက်တွင် ရှိသော မြို့ကုန်းနေရာပင် ဖြစ်သည်။ မြို့ဟောင်း၏ အကျယ်အဝန်းမှာ အရှေ့အနောက် တာ (၁၀၀)၊ ပေပေါင်း ၁၀၅၀ ရှည်ပြီး တောင်မြောက်မှာ တာ(၈၀) ပေပေါင်း ၈၄၀-ပေ ရှည်လျားသည်။ မြို့ရိုးတံတိုင်းမှာ ၁၅'ခန့် မြင့်ပြီး မြို့ရိုးအပြင် ပတ်လည်တွင် ရေကျုံးတစ်ခု တူးဖော်ထားခဲ့သည်ဟု ရှေးဟောင်း ရာဇဝင် မှတ်တမ်းတို့တွင် ဖော်ပြထားသည်ကို တွေ့ရသည်။ မြို့တည်ဆောက်ရာတွင် တာဝန်ယူတည်ဆောက်ခဲ့သူ ငနွယ်အား အစွဲပြု၍ ငနွယ်ကုန်းဟု ခေါ်တွင်ခဲ့ရာမှ ဝါးနွယ်များလည်း ပေါက်ရာအရပ်ဖြစ်သဖြင့် တစ်တစ ရွေ့လျော၍ ဝါးနွယ်ကုန်းဟုလည်း တွင်ခဲ့ကြောင်း အဆိုရှိပေသည်။[၁]

မြန်မာသက္ကရာဇ် ၁၉၁-ခုနှစ်တွင် မင်းနဂါးသည် ဝါးနွယ်ကုန်းမြို့စားအဖြစ် အုပ်ချုပ်ခဲ့သည်။ မင်းနဂါးသည် သက္ကရာဇ် ၂၀၂-ခုနှစ်တွင် တောင်တွင်းကြီးဘုရင်အဖြစ် စိုးစံရသည့်အခါ ဝါးနွယ်ကုန်းမြို့ကို အမတ် ဦးရွှေလူအား မြို့စားအဖြစ်ခန့်ထားခဲ့သည်။ ဤကဲ့သို့ ဝါးနွယ်ကုန်းမြို့ကို မင်းအဆက်ဆက် မြို့စားများဖြင့် အုပ်ချုပ်ခဲ့သည်။[၂]

သက္ကရာဇ် ၁၇၈၈ ခုနှစ်မှ ယနေ့အထိ လယ်ဝေးမြို့ဟု အမည်တွင်သည်။ အမည်ဝေါဟာရဆိုသည်မှာ ခေတ်အပြောင်းအလဲအလျောက် အမျိုးမျိုးပြောင်းလဲလေ့ရှိသည်။ သက္ကရာဇ် ၈၉၂ ခုနှစ်တွင် ကေတုမတီ တောင်ငူရွှေနန်းကို သိမ်းမြန်းစိုးစံတော်မူသော တစ်ပင်ရွှေထီး (တောင်ငူဘုရင် မင်းကြီးညို၏သား) ၏ မယ်တော်သည် ဤ ငနွယ်ကုန်းမြို့သူကြီး၏သမီး (ခင်ဦး) ပင်ဖြစ်သည်။

ဆင်အုံကန်ခေါ် ပြည်လုံးချမ်းသာ ကန်တော်ကြီးကို ပြန်လည်တူးဖော်သည့် အချိန်မှစ၍ လယ်ဝေးမြို့နယ်တွင် လယ်ယာစိုက်ပျိုးခြင်းများ တိုးတက်ဖွံ့ဖြိုးလာသည့်အလျောက် လယ်ဝေးမြို့တွင် ဆန်စက်များ၊ သစ်စက်များ၊ ဆီစက်များ ရှိသည်။ သစ်တောကြိုးဝိုင်းများနှင့်လည်း နီးကပ်စွာ တည်ရှိသဖြင့် သစ်လုပ်ငန်းထွန်းကားရာ မြို့တစ်မြို့လည်းဖြစ်သည်။ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ လယ်ဝေးမြို့နယ်ရှိ လူဦးရေမှာ ၂၈၄,၃၉၃ ယောက် ဖြစ်သည်။[၃]

အုပ်ချုပ်ရေးနယ်မြေ[ပြင်ဆင်ရန်]

လယ်ဝေးမြို့နယ်ကို မြို့ပေါ်ရပ်ကွက် ၇ ရပ်ကွက်ဖြင့် ဖွဲ့စည်းထားသည်။[၁]


အထင်ကရနေရာများ[ပြင်ဆင်ရန်]

လယ်ဝေးမြို့မှ ထင်ရှားသောသူများ[ပြင်ဆင်ရန်]

ဓာတ်ပုံများ[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ လယ်ဝေးမြို့နယ် ဒေသဆိုင်ရာအချက်အလက်များ (PDF)လယ်ဝေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန။ 26 November 2018 တွင် မူရင်း (PDF) အား မော်ကွန်းတင်ပြီး။ ၂၂ နိုဝင်ဘာ ၂၀၁၈ တွင် ပြန်စစ်ပြီး
  2. လွင်မောင်၊ မှတ်တမ်းသမိုင်း မန်းဇေယျာတိုင်း၊ ၁၉၇၃-ခု၊ ဇွန်လ
  3. Provisional Results Census 26 August 2014 FINAL (PDF)၊ ပြည်သူ့အင်အားဦးစီးဌာန၊ 26 August 2014၊ p. ၃၆၊ 12 September 2014 တွင် မူရင်း (PDF) အား မော်ကွန်းတင်ပြီးFebruary 23, 2015 တွင် ပြန်စစ်ပြီး
  4. မော်ကွန်းတင်ပြီးမိတ္တူ။ 14 January 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 27 November 2018 တွင် ပြန်စစ်ပြီး။
  5. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)