စမတောင်

ဝီကီပီးဒီးယား မှ

စမတောင်သည် နေပြည်တော်ကောင်စီနယ်မြေလယ်ဝေးမြို့နယ်၊ သာဝတ္ထိကျေးရွာအုပ်စုတွင် တည်ရှိသည်။ ပဲခူးရိုးမအရှေ့ဘက်သို့ ဖြာထွက်နေသော တောင်စွယ်အပွား တောင်ငယ်တစ်ခု ဖြစ်သည်။ ရန်ကုန်-မန္တလေး မီးရထားလမ်း၊ သာဝတ္ထိဘူတာအနောက်ဘက် (၃)မိုင်(၄)ဖာလုံခန့်အကွာ ကြံဖိုစုရွာအနီးတွင် တည်ရှိသည်။

စမတောင်၏ မြောက်ဘက် အရပ်မျက်နှာမှတစ်ပါး အရှေ့ဘက်၊ တောင်ဘက်နှင့် အနောက်ဘက်တို့မှာလျှိုမြောင်များ ပတ်လည်ဝိုင်းလျက်ရှိသည်။ ရှေးအခါက စမတောင်သည် သစ်ကြီးဝါးကြီးများ ဖုံးလွှမ်းခဲ့ကာ ယခုအချိန်ထိ သစ်ပင်၊ ဝါးပင်များဖြင့် စိမ်းလန်းနေဆဲဖြစ်သည်။

သမိုင်းကြောင်း[ပြင်ဆင်ရန်]


သက္ကရာဇ် (၁၃ဝ၅) ခုနှစ်၊ ဝါဆိုလပြည့်ကျော် နံနက်ပိုင်းတွင် ယခုစမတောင်ဟု ခေါ်ဆိုကြသောတောင်ထိပ် မြေကွက်လပ်၌ စဓဗဝ အက္ခရာများနှင့် က မှ အ အထိ အက္ခရာများ ထူးခြားစွာ အလိုအလျောက် ပေါ်ပေါက်ခဲ့သည်။ အက္ခရာများမှာ လင်ဗန်းကြီးတစ်ချပ်စာခန့်ရှိပြီး လက်နှင့်ဖျက်ကြည့်ကြသော်လည်း တစ်ခဏအတွင်း ပြန်လည်ပေါ်လာကြပြန်၏။ တဖန်ပြန်ပေါ်လာသော အက္ခရာများကို ဓားနှင့်ခြစ်ဖျက်ကြည့်ကြရာ ရှေးနည်းတူပင် ပြန်ပေါ်လာကြလေသည်။[ကိုးကားချက်လိုသည်]

စမအက္ခရာများမှာ တောင်ပေါ်တွင်သာမက တောင်စောင်းရှိ ဖရုံသီးများ၊ ဝါးပင်များ၊ ညောင်ပင်များ၏ ပင်စည်များ၊ အရွက်များပေါ်တွင်ပါ ပေါ်ပေါက်ခဲ့ပြီး ကမ္မဌာန်းကျောင်းနံရံများပေါ်တွင်ပါ ထူးခြားစွာပေါ်ခဲ့လေ၏။ ထိုအချိန်က တစ်ပါးတည်းရှိသော ဦးပဥ္စင်းဦးကဝိ၏ ခန္ဓာကိုယ်ပေါ်တွင်ပါ စမ အက္ခရာများ အံ့အားသင့်ဖွယ် ပေါ်ပေါက်ပြန့်နှံ့လာလေသည်။[ကိုးကားချက်လိုသည်]

အက္ခရာများမှာ တစ်လုံးချင်းသာမက စဓဗဝ လေးလုံးထပ်များ၊ တဝမ်းပူ အထပ်များ အမျိုးစုံတွေ့ကြသည်။ စမအက္ခရာများမှာ လအတန်ကြာမပျက်ဘဲ ပေါ်နေသည့်အတွက် ရပ်နီးရပ်ဝေးမှ လာရောက်ကြည့်ရှုသူများ အလွန်များပြားလှသဖြင့် စမများကို ရာဇမတ်များဖြင့် ကာရံပြသထားကြရသည်။ စမအက္ခရာများ အလိုအလျောက် ပေါ်ထွက်ကာ နှစ်ဆတိုး၍ စမတန်ခိုးပြခဲ့သော ဖြစ်ရပ်ဆန်းကြောင့် စမတောင်ဟု ခေါ်တွင်ခြင်းဖြစ်သည်။ စမအက္ခရာများ ပေါ်ပေါက်ခဲ့သော ပတ်ဝန်းကျင်တောင်ကုန်းပေါ်၌ (၁၃ဝ၅)ခုနှစ်မှစတင်ကာ တန်ဆောင်မုန်းလပြည့်နေ့ညရောက်တိုင်း ဆီမီးများ ထွန်းညှိပူဇော်ခဲ့ကြသည်။

စမတောင် ကမ္ဘာ့ကပ်ကျော်စေတီတော်[ပြင်ဆင်ရန်]

သက္ကရာဇ် (၁၃ဝ၉) ခုနှစ်၊ ကဆုန်လဆန်း(၁ဝ) ရက်တွင် ဓမ္မဝိဇ္ဇာ ပါရမီလမ်းစဉ်ဆရာကြီးများဖြစ်သော ဦးသာနွဲ့နှင့် ဦးဘိုးလူတို့မှ ဘုရားငါးဆူ ကမ္ဘာ့ကပ်ကျော်စေတီတော်ကြီးအား စတင်ပန္နက်တင်တည်ဆောက်ခဲ့ပြီး (၁၃၁၃)ခုနှစ်တွင် အပြီးသတ်ကာ တပေါင်းလဆန်း(၁၃)ရက်မှ လပြည့်ကျော် (၂) ရက်နေ့အထိ စေတီတော်ကြီးထီးတော်တင်ပွဲကို ကျင်းပခဲ့သည်။ သက္ကရာဇ် (၁၃၂၁) ခုနှစ်တွင် ကမ္ဘာ့ကပ်ကျော်စေတီတော်ကြီး၏ အနောက်မြောက်ထောင့်၌ ကြေးချိန် (၁ဝ၈) ပိဿာရှိ ခေါင်းလောင်းကြီးတစ်ခုကို ခေါင်းလောင်းတင်ပွဲပြုလုပ်ခဲ့သည်။ လူသိများထင်ရှားလာသည်နှင့်အမျှ စမတောင်သာသနာ့ကုန်းမြေပေါ်တွင် သာသနာ့ဝိသုဒ္ဓိသိမ်တော်ကြီး၊ ကမ္ဘာ့ဓာတ်ပေါင်းစုစေတီတော်၊ ကမဌာန်းကျောင်းများ၊ အာရုံခံတန်ဆောင်းများ စသည့်သာသနိက အဆောက်အဦများဖြင့် စည်ကားလာသည်။

စမတောင်ပေါ်ရှိ ကမ္ဘာ့ကပ်ကျော်စေတီတော်ကြီးတွင် နှစ်စဉ်သင်္ကြန်အတက်နေ့၌ အနန္တောအနန္တ (၅) ပါး ကန်တော့ပွဲ၊ ဝါဆိုလပြည့်နေ့၌ ဆွမ်း (၅၀၀၀) ကပ်လှူပူဇော်ပွဲ၊ တန်ဆောင်မုန်းလပြည့်နေ့ ည၌ ဆီမီး (၅၀၀၀)ကပ်လှူပူဇော်ပွဲ စသည့်ပွဲတော်ကြီး (၃)ကြိမ်ကို နှစ်စဉ်နှစ်တိုင်း ကျင်းပပြုလုပ်လေ့ရှိသည်။ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာရောက်သူအပေါင်းအား သက်သတ်လွတ် ထမင်းဟင်းလျာများဖြင့် ကျွေးမွေးဧည့်ခံကြသည်။

မဟာပရဟိတ လူငယ်ဖွံ့ဖြိုးရေးဥယျာဉ်[ပြင်ဆင်ရန်]

စမတောင်တွင် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနလူမှုဝန်ထမ်းဦးစီးဌာနအသိအမှတ်ပြု[၁] မဟာပရဟိတ လူငယ်ဖွံ့ဖြိုးရေးဥယျာဉ် (စမတောင်) ကို တည်ထောင်ထားကာ ရပ်ဝေးရပ်နီးမှ ခိုကိုးရာမဲ့ ကလေးသူငယ်များကို ပြုစုပျိုးထောင်ပေးလျက်ရှိသည်။ ဖွံ့ဖြိုးရေးကျောင်းရှိ လူငယ်များအား ယဉ်ကျေးလိမ္မာသင်တန်းများ ဖွင့်လှစ်သင်ကြားပေးခြင်း၊ အခြေခံပညာများသင်ကြားပေးခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ လူမှုရေးစောင့်ရှောက်မှုပေးခြင်း အစရှိသော ပရဟိတလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။ မဟာပရဟိတ လူငယ်ဖွံ့ဖြိုးရေးဥယျာဉ်ကို စမတောင်ဆရာတော် ဘဒ္ဒန္တဝိမလနှင့် ဘဒ္ဒန္တဉာဏိန္ဒတို့က ၁၉၉ဝ ပြည့်နှစ်တွင် စတင်တည်ထောင်ခဲ့ပြီး[၂] ယခုလက်ရှိအချိန်အထိ မဟာပရဟိတလူငယ်ဖွံ့ဖြိုးရေးဥယျာဉ်(စမတောင်) တွင် ဆရာတော် သံဃာတော်များ သီတင်းသုံးလျက်ရှိသည့်အပြင် မိဘမဲ့ ဘွဲ့ရရှိပြီးသူ (၂၁) ဦး၊ အဆင့်မြင့်ပညာသင်ကြားနေသူ (၄၁) ဦး၊ အထက်တန်းပညာသင်ကြားနေသူ (၈၉) ဦး၊အလယ်တန်းပညာသင်ကြား နေသူ (၂ဝ၇) ဦး၊ မူလတန်းပညာ သင်ကြားနေသူ (၁၉၅) ဦး၊ မူကြိုအရွယ် (၄ဝ)ဦး၊ တစ်နှစ်အောက်ကလေး (၃ဝ)ဦး၊ တစ်နှစ်မှ သုံးနှစ်အရွယ် ကလေးငယ် (၃၆) ဦးနှင့် ဝေယျာဝစ္စ (၁ဝ) ဦး၊ စုစုပေါင်း (၆၇၂) ဦးရှိသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. စမတောင် ပရဟိတဂေဟာသို့ ရွှေပါရမီပဲနို့အာဟာရဖောင်ဒေးရှင်းမှ ပဲနို့စက်နှင့် ဆက်စပ်ပစ္စည်းများလှူဒါန်းပွဲအခမ်းအနား။ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန (၁၀ ဇန်နဝါရီ ၂၀၁၈)။ ၂၉ နိုဝင်ဘာ ၂၀၁၈ တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]
  2. စမတောင် မဟာပရဟိတ လူငယ်ဖွံ့ဖြိုးရေးဥယျာဉ်တွင် ယဉ်ကျေးလိမ္မာသင်တန်းနှင့် အထွေထွေရောဂါအခမဲ့ကုသပေးခြင်း ဖွင့်ပွဲကျင်းပ။ သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း (၂၆ အောက်တိုဘာ ၂၀၁၄)။ ၂၉ နိုဝင်ဘာ ၂၀၁၈ တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]