ဖောင်တော်ချက်မဘုရား

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
ဖောင်တော်ချက်မဘုရား
အချက်အလက်များ
ကိုဩဒိနိတ် 19°38′00″N 96°06′17″E / 19.6333009°N 96.1047339°E / 19.6333009; 96.1047339ကိုဩဒိနိတ်: 19°38′00″N 96°06′17″E / 19.6333009°N 96.1047339°E / 19.6333009; 96.1047339
ဘာသာရေး နှီးနွယ်မှု ထေရဝါဒ ဗုဒ္ဓဘာသာ
Municipality လယ်ဝေးမြို့နယ်
ခရိုင် လယ်ဝေးမြို့
နယ်မြေ နေပြည်တော်ပြည်ထောင်စုနယ်မြေ
နိုင်ငံ  မြန်မာ
ဗိသုကာ
တည်ထောင်သူ အလောင်းစည်သူ

ဖောင်တော်ချက်မဘုရားသည် နေပြည်တော်ပြည်ထောင်စုနယ်မြေလယ်ဝေးမြို့နယ်လယ်ဝေးမြို့တွင် တည်ရှိသော ရှေးဟောင်းသမိုင်းဝင် စေတီတစ်ဆူဖြစ်သည်။

အမည်ရင်းမြစ်နှင့် သမိုင်းကြောင်း[ပြင်ဆင်ရန်]

အလောင်းစည်သူမင်းသည် သက္ကရာဇ် (၄၇၅)ခုနှစ်မှ (၅၂၄)ခုနှစ်ထိ ပေါက္ကံပြည်ကြီးကို စိုးစံတော်မူစဉ် ဖောင်တော်ရတနာရွှေစင်္ကြာဖြင့် မြန်မာပြည်တွင်း တိုင်းခန်းလှည့်လည်တော်မူရာ ဖောင်တော်ရတနာ ရပ်တန့်ရာဌာန၊ ဗဟိုချက်မတွင် စေတီတော်မြတ်တည်ထားသဖြင့် ဖောင်တော်ချက်မစေတီတော်ဟု အမည်တွင်သည်။

ပြုပြင်မွမ်းမံမှုများ[ပြင်ဆင်ရန်]

သက္ကရာဇ် (၁၂၀၀)ခန့်တွင် သုံးထပ်ဇေတဝန်ကျောင်းဆရာတော် ဦးနန္ဒိယကြီးမှူးကာ စေတီဟောင်းကို ထိန်းသိမ်းပြုပြင်ခဲ့သည်။ ထီးတော်မတင်နိုင်ခဲ့ပေ။ သက္ကရာဇ် (၁၂၉၃) ခုနှစ်တွင် ပေါက်မြိုင်ကျောင်းဆရာတော် ဦးဇောတထေရ်ဦးဆောင်မှုဖြင့် စေတီတော်ဟောင်းကိုငုံ၍ မွမ်းမံခဲ့သည်။ မြို့သူမြို့သား နယ်သူနယ်သားများနှင့် ကုသိုလ်ရှင်အသီးသီး၏ စုပေါင်းပါဝင်လှူဒါန်းမှုဖြင့် ဘိနပ်တော် (၄၄) တောင်၊ ပစ္စယံ (၃) ဆင့်၊ အရံစေတီ (၂၉) ဆူပါဝင်သော စေတီတော်မြတ်ကြီးကို တည်ထားအောင်မြင်ခဲ့လေသည်။

အလှူရှင်များ[ပြင်ဆင်ရန်]

မြို့သစ်ရပ်မြေပိုင်ရှင် ဦးရွှေပိုး-ဒေါ်ကွန်းနှင့် နယ်သူနယ်သားအများတို့က ဘုံ(၉)ဆင့်ရှိ ရွှေထီးတော်ကို လှူဒါန်းခဲ့သည်။ လယ်ဝေးမြို့နယ် ရှားချောင်းရွာကျောင်းဆရာတော် ဦးနန္ဒမဥ္ဇူနှင့် ဒါယကာ ဒါယိကာမတို့က စိန်ဖူးတော်ကို လှူဒါန်းခဲ့သည်။ သက္ကရာဇ် (၁၂၉၉) ကဆုန်လဆန်း(၉)ရက်နေ့တွင် ရွှေထီးတော်နှင့်စိန်ဖူးတော်တို့ကို မြို့တွင်းသို့ လှည့်လည်ပင့်ဆောင်ကာ ဖူးမြော်အပူဇော်ခံကြ၏။ ကဆုန်လပြည့်နေ့၌ မန္တလေးမြို့ဘုရားကြီးတိုက်၊ ပိဋ္ဋကတ်တိုက်ကျောင်းဆရာတော် ဦးတေဇဝန္တ၊ ပေါက်မြိုင်ကျောင်းဆရာတော် ဦးဇောတတို့ကြီးကြပ်၍ စေတီတော်မြတ်အား ရွှေထီးတော်၊ စိန်ဖူးတော်တို့ကို အောင်မြင်စွာ တင်လှူနိုင်ခဲ့သည်။ ညောင်ရေသွန်းပွဲတော်ကိုပါ တပါတည်းကျင်းပခဲ့သည်။

ခေတ်အဆက်ဆက် ပြုပြင်မွမ်းမံမှုများ[ပြင်ဆင်ရန်]

သက္ကရာဇ် (၁၃၁၃) ခုနှစ်မှ (၁၃၂၀) ခုနှစ်အထိ သခင်ကြည်ရှိန်ဥက္ကဋ္ဌအဖြစ်ကြီးမှူးသော ဥပါသကာဂေါပကအဖွဲ့က ဆရာတော်ဦးဇောတ၏ ဩဝါဒကိုခံယူ၍ ဗုဒ္ဓဝေယျာဝစ္စအဝဝကို ဆောင်ရွက်ခဲ့သည်။ ဦးဘိုးစီတံဆောင်း၊ အတွင်းမဟာရာမ်တံတိုင်းနှင့် ရွှေချခြင်း၊ ကန်တော်တူးဖော်ခြင်း၊ မြေဖို့ခြင်း စသောကောင်းမှုများအား အလှူရှင်အသီးသီးတို့၏ ကောင်းမှုဖြင့် ဆောင်ရွက်ခဲ့သည်။ သက္ကရာဇ် (၁၃၁၆) ခုနှစ် ဝါဆိုလပြည့် နံနက် (၁၀) နာရီအချိန်တွင် ဂေါပကအဖွဲ့ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော်အမတ် သခင်ကြည်ရှိန်နှင့် ဇနီးဒေါ်ခင်သိန်းတို့က လေးမျက်နှာပတ်လည် မဟာရာမ်တံတိုင်းကို အုဌ်မြစ်ချခဲ့သည်။ သက္ကရာဇ် (၁၃၂၁) ခုနှစ်တွင် ဆရာတော်ဦးဇောတမှ ကြီးမှူးကာ ဦးမောင်က ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်လျက် ဥပါသကာဂေါပကအဖွဲ့ကို ဖွဲ့စည်း၍ ဗုဒ္ဓဝေယျာဝစ္စကိစ္စအဝဝကို ထမ်းဆောင်ခဲ့သည်။ သက္ကရာဇ် (၁၃၂၃) ခုနှစ် တန်ဆောင်မုန်းလဆန်း (၁၄) ရက်တွင် ဆရာတော်ဦးဇောတ ဘဝနတ်ထံ ပျံလွန်တော်မူသဖြင့် ဆရာတော်ဦးကေသရမှ ဂေါပကအဖွဲ့ကို ဆက်လက်စောင့်ရှောက်တော်မူသည်။

ပေါက်မြိုင်ကျောင်းတိုက်ဆရာတော် ဦးကေသရသည် ဦးမောင် ဥက္ကဋ္ဌအဖြစ် ကြီးမှူးသော ဂေါပကအဖွဲ့ဝင် (၂၅) ဦးတို့ဖြင့် စေတီတော်ကြီးကို ဆက်လက်ပြုပြင် စောင့်ရှောက်ခဲ့သည်။ ထိုကာလအတွင်းကုသိုလ်ရှင်များ သဒ္ဒါပွားကာ စေတီတော်မြတ်ကြီးအား ပလ္လင်ရှစ်ဒေါင့်ချိုးအထိ ရွှေသင်္ကန်းများ ဆက်ကပ်လှူဒါန်းခြင်း၊ ကုသိုလ်ရှင် ဒေါ်နု-သား-သမီး-မြေး တစ်စုတို့က ဆုတောင်းပြည့် ရှမ်းဘုရားရုပ်ပွားတော်မြတ်အား ဂန္ဓကုဋီတိုက် ဆောက်လုပ်လှူဒါန်းခြင်း၊ ရွှေမန်းသဘင်အာရုံခံ၊ ဦးခင်မောင်အာရုံခံ၊ ဒေါ်ကျင်ဟုံ အာရုံခံ၊ ရာဟုဒေါင့်ဓမ္မာရုံ၊ အနောက်ဖက်တန်ဆောင်းကြီး စသောကောင်းမှုများကို ကုသိုလ်ရှင်အသီးသီး၏ ဆန္ဒအလျောက် အောင်မြင်စွာဆောက်လုပ်ခဲ့ပါသည်။ ဆက်လက်၍ ဘုရားကြီးကန်တော်အား တူးဖော်မွန်းမံခြင်းနှင့် ဘုရားရင်ပြင်တော်အား အုတ်၊ အင်္ဂတေများဖြင့် အညီအညွှတ်ခင်းခြင်း တို့ကို ဆောင်ရွက်ခဲ့သည်။

သက္ကရာဇ် (၁၃၃၁)ခုနှစ် ၊ တော်သလင်းလဆုတ်(၃)ရက်နေ့တွင် ဆရာတော်ဦးကေသရ ဘဝနတ်ထံပျံလွန်တော်မူသဖြင့် ဆရာတော်၏ တူတပည့်ရင်း အရှင်ဇနိန္ဒ(သာသနာ့ဓဇ-ဓမ္မာစရိယ)မှ ပေါက်မြိုင်စာသင်တိုက်အား ဆက်ခံခဲ့သည်။ အရှင်ဇနိန္ဒမှပင်စေတီတော် ဥပါသကာဂေါပကအဖွဲ့အား ဆက်လက်ကြီးမှူးဦးဆောင်ခဲ့သည်။ ဆရာတော်ဦးဆောင်မှုဖြင့် ဓာတ်တော်တိုက်နှင့် ပျံလွန်တော်မူကြသော ဩဝါဒစရိယဆရာတော်အဆက်ဆက်တို့၏ ရုပ်တုပြတိုက်၊ ဦးမောင်အာရုံခံ၊ ဦးကျော်မြင့်တန်ဆောင်း၊ ရွှေနဂါးတန်ဆောင်း၊ ကန်သာယာတံတား၊ ဝတ္တကမြေ အပြင်တံတိုင်း အစရှိသည့် သာသနိကအဆောက်အဦများကို အလှူရှင်များမှ လှူဒါန်းခဲ့ကြသည်။

အချိန်ကာလကြာမြင့်လာသည်နှင့်အမျှ ရာသီဥတုဒဏ်ကြောင့် စေတီတော်မြတ်၏ကိုယ်လုံးတော်မှ ရွှေသင်္ကန်းများ အချပ်လိုက်ကွာကျပျက်စီးခဲ့ရာ (၁၃၃၇)ခုနှစ် သီတင်းကျွတ်လတွင် သရိုးသင်္ကန်းတော်အဟောင်းကို စတင်ခွာယူပြုပြင်ခဲ့ပြီး (၁၃၃၈) ခုနှစ် ဝါဆိုလတွင် ပိုမိုခိုင်ခန့်သော သရိုးသင်္ကန်းတော်အသစ်ကို အောင်မြင်စွာ ဆက်ကပ်ပြီးစီးခဲ့သည်။

ကဆုန်လပြည့်နေ့ညောင်ရေသွန်းပွဲနှင့် ဘုရားပွဲတော်[ပြင်ဆင်ရန်]

သက္ကရာဇ် (၁၂၉၉) ခုနှစ် ကဆုန်လပြည့်နေ့ ၊ စေတီတော်မြတ်ကြီး၏ မူလထီးတင်ပွဲမှ စတင်ကျင်းပခဲ့သော ကဆုန်ညောင်ရေသွန်းပွဲတော်ကိုလည်း နှစ်စဉ်ကျင်းပသည်။ အထက်မြန်မာပြည်ဘုရားပွဲတော်များအနက် ဖောင်တော်ချက်မ ဘုရားပွဲတော်ကာလမှာ ရက်အကြာဆုံးဖြစ်ပြီး ၂၂ ရက် ကြာမြင့်သည်။[၁] နယ်လှည့်ဈေးဆိုင်ခန်းပေါင်း ၁၀၀၀ ကျော်ပါဝင်ကာ နိုင်ငံကျော်ဇာတ်သဘင်အဖွဲ့အသီးသီး လာရောက်ကပြဖျော်ဖြေကြသဖြင့် ရပ်နီးရပ်ဝေးမှ ဘုရားဖူးလာဧည့်သည်များဖြင့် စည်ကားသည်။[၂]

ဓာတ်ပုံများ[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

  1. နေပြည်တော်လယ်ဝေး ဖောင်တော်ချက်မဘုရားပွဲတော် စည်ကားစွာကျင်းပMRTV-4။ ၁၅ နိုဝင်ဘာ ၂၀၁၈ တွင် ပြန်စစ်ပြီး။
  2. မင်းမင်းလတ်(မန်းတက္ကသိုလ်) (၂၂ မေ ၂၀၁၃)။ သမိုင်းဝင်လယ်ဝေး ဖောင်တော်ချက်မ စေတီတော် ဗုဒ္ဓပူဇနိယပွဲတော်နှင့် ကဆုန်ညောင်ရေသွန်းပွဲတော် ကျင်းပ။ သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း။ ၁၅ နိုဝင်ဘာ ၂၀၁၈ တွင် ပြန်စစ်ပြီး။
  3. ဖောင်တော်ချက်မ သမိုင်းကျောက်စာ