ရှူးပျံ

ဝီကီပီးဒီးယား မှ
ရှူးပျံ (Flying Squirrel)
Temporal range: Early Oligocene – Recent
Glaucomys sabrinus.jpg
Northern flying squirrel (Glaucomys sabrinus)
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Animalia
မျိုးပေါင်းစု: Chordata
မျိုးပေါင်း: Mammalia
မျိုးစဉ်: Rodentia
မျိုးရင်း: Sciuridae
မျိုးရင်းသေး: Sciurinae
မျိုးဇာတ်: Pteromyini
Brandt, 1855
မျိုးစု

Aeretes
Aeromys
Belomys
Biswamoyopterus
Eoglaucomys
Eupetaurus
Glaucomys
Hylopetes
Iomys
Petaurillus
Petaurista
Petinomys
Priapomys
Pteromys
Pteromyscus
Trogopterus

ရှူးပျံ (Flying Squirrel) ဟူသော အကောင်မျိုးကို ပုဂံတည်စခေတ်က ဝက် ကြီး၊ ငှက်ကြီး၊ ကျားကြီးတို့နှင့်အတူ ပျူစောထီး နှိမ်နင်းရ သော ပြည်သူ့ရန်သူကြီးတစ်ပါးအဖြစ် ရာဇဝင်ဒဏ္ဍာရီများမှ ကျွန်ုပ်တို့ သိရှိရသည်။ ယင်းသို့ ဖတ်ရှုသိရှိရသော်လည်း ရှူးပျံ ကို ကိုယ်တွေ့မျက်မြင် ကြုံဖူးသူ အလွန်ရှားပေသည်။ အထက်တွင် ဖော်ပြခဲ့သော ရှူးပျံကြီးမှာ တကယ်ကြောက်စရာ ကောင်းသည့် သတ္တဝါကြီး ဖြစ်ကောင်း ဖြစ်မည်မှန်သော်လည်း စင်စစ် ရှူးပျံဆိုသည်မှာ ကြောက်မက်ဖွယ်ရာ ကြီးကြီးမားမား တိရစ္ဆာန်မျိုးကား မဟုတ်ပေ။

ရှူးပျံဟူ၍ ခေါ်ဝေါ်ကြသော်လည်း ရှူးပျံသည် ငှက်ကဲ့သို့ တောင်ပံခတ်၍ ပျံသန်းနိုင်သည်မဟုတ်ချေ။ ရှူးပျံသည် ရှဉ့်မျိုး တွင် ပါဝင်၍ သစ်ပင်တစ်ပင်မှ တစ်ပင်သို့ များသောအားဖြင့် အမြင့်မှ အနိမ့်သို့ ခုန်လွှား မသွားဘဲ လေထဲမှ ပျံဝဲဆင်းသက် နိုင်သော သတ္တဝါမျိုး ဖြစ်သည်။

ရှူးပျံ၏ ကိုယ်နံဘေး တစ်ဖက်တစ်ချက်တွင် ရှေ့ခြေနှင့် နောက်ခြေတို့ဖြင့် ဆက်တွဲနေသော အရေပြားသည် ခေါက်လိပ် ၍ နေသည်။ ရှူးပျံသည် သစ်ပင်တစ်ပင်မှ တစ်ပင်သို့ ကူးရန် ခြေထောက်များကို ဘေးသို့ ကားထုတ်လိုက်သောအခါ ခေါက် လိပ်နေသော အရေပြားသည် လေထီးကဲ့သို့ ဖြန့်ကားထွက်လာ သဖြင့် ရှူးပျံသည် ပျံဝဲနိုင်ခြင်း ဖြစ်သည်။ ယင်းသည် အမြင့်မှ အနိမ့်သို့ ပျံဝဲဆင်းလာ၍ တစ်ဖန် တည့်တည့်သွားရာမှ အထက်သို့ ခပ်စောင်းစောင်း တက်သွားပြန်ပြီးနောက်တွင် ဝိုက်ချ ပျံဝဲဆင်းနိုင်သည်။ သာမန်အားဖြင့် ပေ ၅ဝ-၆ဝ အထိ ပျံဝဲနိုင်၍ ရံဖန်ရံခါ ပေ ၂ဝဝ ကျော်မျှ ပျံဝဲသွားနိုင်လေသည်။ ရှူးပျံနှစ်မျိုးရှိသည်။ တစ်မျိုးသည် ဥရောပအာရှနှင့် မြောက်အမေရိကတိုက်တို့၌ တွေ့ရသော ဆီယူရော့ ပတာရီနီး မျိုးရင်းဝင် ရှူးပျံတို့ ဖြစ်သည်။ စကင်ဒီနေးဗီးယားမှ ဂျပန် ကျွန်းများအထိ၊ မလေးရှားကျွန်းဆွယ်၊ မြောက်အမေရိကတိုက် ကနေဒါမှ ဂွာတီမားလနိုင်ငံအထိ ဒေသများ၌ ထိုမျိုးရင်းမှ မျိုးခွဲဖြစ်သော ရှူးပျံအမျိုးမျိုးကို တွေ့ရသည်။ အိန္ဒိယနှင့် မလေးရှားဒေသများ၌မူ မျိုးစိတ်အများအပြားကို တွေ့ရလေသည်။ ဆီယူရော့ပတာရီနီး မျိုးရင်းဝင် ရှူးပျံတို့သည် ရှဉ့်အစစ် နှင့် နီးစပ်သည်။ အချို့ ရှူးပျံမျိုးတို့သည် အရွယ်ကြီး၍ အမြီး ဖျားမှာ နှာဖျားအထိ အလျားတစ်ပေခန့် ရှိသည်။ အမွှေးရောင် မှ အချို့သည် နီကြန်ကြန်၊ အချို့သည် အနီပေါ် အဖြူကွက်၊ အချို့သည် အနက်ရောင် ဖြစ်သည်။ အမေရိကန်ပြည်ထောင်စု၌ အတွေ့ရ များသော ရှူးပျံတို့သည် အလျားဆယ်လက်မခန့်ရှိ၍ မျက်လုံးတို့သည် ပြူးကျယ်နက်မှောင်သည်။အမွေးသည် ပြောင် ချောနူးညံ့သည်။ သစ်ပင်အိုများ၏ ပင်စည်အရောင်နှင့်တူသော အမွေးရောင် ရှိသဖြင့် ယင်းတို့ကို တောထဲတွင် ရုတ်တရက် ရှာမတွေ့နိုင်ချေ။

ရှူးပျံတို့သည် သစ်ပင်ပေါ်၌ နေလေ့ရှိ၍ မြေပြင်ပေါ်၌ ကျက်စားလေ့ မရှိပေ။ ညဉ့်အခါ၌သာ အစာရှာ ထွက်ကြ၍ ခွံမာသီး၊ သစ်ရွက်နု အဖူးအကိုင်းများ၊ ငှက်ဥနှင့် တစ်ခါတစ်ရံ ငှက်ပေါက်စများကို ရှာဖွေစား သောက်လေ့ ရှိသည်။ ရှူးပျံများ ကို ဖမ်း၍ ယဉ်ပါးအောင် သင်ကြားလျှင် ရလွယ်သည်။ သို့သော် အလွန်ဖျက်ဆီးတတ်သော သတ္တဝါမျိုး ဖြစ်သည်။ အရွယ်ငယ်သော ရှူးပျံမျိုးတို့ကို မြောက်အမေရိကတိုက် နှင့် ဥရောပတိုက်တို့တွင် တွေ့ရသည်။ ၁၈ လက်မကျော် အလျားရှိ၍ အမွေးထူသော ရှူးပျံမျိုးကို ဟိမဝန္တာတောင်တန်း ဒေသများ၌ တွေ့ရှိနိုင်လေသည်။

အာဖရိကတိုက်၌ တွေ့ရသော ရှူးပျံအမျိုးမျိုးတို့သည် အနုံမာလျူရီဒီး (Anomaluridae) မျိုးရင်းတွင် ပါဝင်ကြသည်။ ထိုမျိုးရင်းဝင် ရှူးပျံမျိုးတို့တွင် နံဘေး၌ အရေပြားလိပ် မပါသော ရှူးပျံတို့ လည်း ပါဝင်သည်။ ထိုမျိုးရင်းဝင် ပျံဝဲနိုင်သော ရှူးပျံမျိုးတို့ တွင် အရေပြားကို လက်ကောက်ဝတ်၌အရိုးနုဖြင့် ထောက်ကန်ထားမည့်အစား၊ တံတောင်ဆစ်၌ အရိုးတစ်ခုဖြင့် ထောက်ကန်ထားသည်။ ပျံဝဲနိုင်သော ရှူးပျံမျိုးစု နှစ်စုရှိရာ ယင်းတို့မှာ အနုံမာလရပ် (Anomalurus) နှင့် အစ်ဒျူးရပ် (Idiurus) မျိုးစုတို့ ဖြစ်သည်။ ပုံပန်းသဏ္ဌာန်သည် ရှဉ့်နှင့်တူ၍ အနေအထိုင် အလေ့အကျင့်တို့မှာ ဖော်ပြခဲ့သော ရှူးပျံတို့ကဲ့သို့ပင် ဖြစ်သည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၁)