ရေငန်မိကျောင်း

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်
ရေငန်မိကျောင်း
Temporal range: PliocenePresent, 5.3–0 Ma[၁]
SaltwaterCrocodile('Maximo').jpg
မိကျောင်း အထီး
Female croc.jpg
မိကျောင်း အမ
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Animalia
မျိုးပေါင်းစု: Chordata
မျိုးပေါင်း: Reptilia
မျိုးစဉ်: Crocodilia
မျိုးရင်း: Crocodylidae
မျိုးရင်းသေး: Crocodylinae
မျိုးစု: Crocodylus
မျိုးစိတ်:
C. porosus
ဒွိနာမ
Crocodylus porosus
Schneider, 1801
Crocodylus porosus range.PNG
အနက်ရောင်ခြယ်ထားသည်မှာ ရေငန်မိကျောင်းများ၏ နေထိုင်ကျက်စားရာ ဒေသများဖြစ်သည်။

ရေငန်မိကျောင်းသည် မိကျောင်း မျိုးစိတ်တစ်မျိုးဖြစ်ပြီး ပါဏဗေဒအလိုအရ “ခရိုကိုဒိုင်လတ်စ် ပိုရိုစတ်စ်” (Crocodylus porosus) ဟု ခေါ်ဆိုလေ၏။ ရေငန်မိကျောင်းများအား အိန္ဒိယနိုင်ငံ၏ အရှေ့ဘက် ကမ်းရိုးတန်းဒေသများ၊ အရှေ့တောင် အာရှနိုင်ငံများ၊ စူမတ်တြားဒေသ၊ ဩစတြေးလျနှင့် မိုက်ခရိုနီးရှား မြောက်ပိုင်းဒေသများ အစရှိသော ပင်လယ်ဒီရေဝင်ရောက်သောနေရာများတွင် တွေ့ရှိရသည်။ ဤမိကျောင်း မျိုးစိတ်အား IUCN အနီရောင်စာရင်းတွင် ၁၉၉၆ ခုနှစ်ကတည်းက စိုးရိမ်ရမှု အနည်းဆုံးမျိုးစိတ်အဖြစ် သတ်မှတ်ထားသည်။ ၁၉၇၀ ပြည့်လွန်နှစ်များအထိ တွေ့ရှိရသော နယ်မြေဒေသအားလုံးနီးပါး၌ မိကျောင်းသားရေ ရယူရန်အလို့ငှါ တရားမဝင် အမဲလိုက်သတ်ဖြတ်မှုများနှင့် မူလနေထိုင်ရာ ဇာတိဒေသရင်းနယ်မြေများ ဆုံးရှုံးနေရခြင်းတို့ဖြင့် ခြိမ်းခြောက်ခံနေရသည်။

"ရေငန်မိကျောင်းများသည် လူသားများကို တိုက်ခိုက်တတ်သည့် နာမည်ဆိုးဖြင့်ကျော်ကြားသောကြောင့် လူသားများအတွက် အန္တရာယ်ရှိသည့် သားရဲတိရစ္ဆာန်အဖြစ် သတ်မှတ်ခြင်းခံထားရသည်"[၃]

ရေငန်မိကျောင်း မျိုးစိတ်သည် သိပ္ပံနည်းကျလေ့လာမှုအရ ရှင်သန်ဆဲ မိကျောင်း မျိုးစိတ်အားလုံး၌သာမက အလုံးစုံသော တွားသွားသတ္တဝါများထဲ၌ အရွယ်အစား အကြီးမားဆုံးဖြစ်၏။[၄][၅][၆] ရေငန်မိကျောင်း အထီး တစ်ကောင်၏အရွယ်သည် ၂၀ ပေ (၆ မီတာ) အထိ ကြီးထွားနိုင်ပြီး ခန္ဓာကိုယ်အလေးချိန်အနေဖြင့်လည်း ၂,၂၀၀ မှ ၂,၉၀၀ ပေါင် (၁,၀၀၀ မှ ၁,၃၂၀ ကီလိုဂရမ်)အထိ ရှိနိုင်သည်ဟု သိရသည်။[၇][၈][၉] မိကျောင်း အမများမှာ သေးငယ်ပြီး ၁၀ ပေ (၃ မီတာ) အရွယ်မျှသာ ရှိလေသည်။[၁၀][၁၁] ဤမိကျောင်းများကို အက်စ္စတူရာရိန်း မိကျောင်းအင်ဒို-ပစိဖိတ် မိကျောင်းအဏ္ဏဝါ မိကျောင်းပင်လယ် မိကျောင်းဟုလည်း လူသိများလေသည်။[၁၂]

ရေငန်မိကျောင်းသည် အခွင့်ကောင်းယူ ချောင်းမြောင်းတိုက်ခိုက်တတ်သည့် အသား အစားကြူးသော အရွယ်အစားကြီးမားသည့် ထိပ်တန်းသားရဲတိရစ္ဆာန်ဖြစ်သည်။ ၎င်းသည် အစာအတွက် အမဲလိုက်ရာတွင် သားကောင်အများစုကို ချောင်းမြောင်းတိုက်ခိုက်၍ ရေနှစ်ပစ်ခြင်း၊ ပါးစပ်ဖြင့်ကိုက်၍ အကောင်လိုက် မျိုချခြင်း စသည့် နည်းလမ်းများဖြင့် သတ်ဖြတ်လေ့ရှိသည်။ ရေငန်မိကျောင်းများစားလေ့ရှိသော အဓိက အစာ သားကောင်မျိုးစိတ်ဟူ၍ မည်မည်ရရမရှိဘဲ ယင်း၏ ပိုင်နက်တွင်းသို့ဝင်လာသော ငါးမန်းကဲ့သို့ အခြားထိပ်တန်းသားရဲတိရစ္ဆာန်များ အပါအဝင် ရေနေတိရိစ္ဆာန်များ၊ အခြားသော တွားသွားသတ္တဝါများ၊ ငှက်များနှင့် လူသားများအပါအဝင် နို့တိုက်သတ္တဝါများလည်း ပါဝင်ကြောင်း မှတ်တမ်းများအရ သိရသည်။[၁၃][၁၄]


သွင်ပြင် ပုံသဏ္ဌာန်[ပြင်ဆင်ရန်]

စိန့်ပီတာစဘတ်မြို့ရှိ သတ္တဗေဒပြတိုက်တွင် ပြသထားသည့် ရေငန်မိကျောင်း၏ ဦးခေါင်းခွံ။ ၎င်းအနောက်တွင်ရှိ အခြားဦးခေါင်းခွံမှာ ဂင်္ဂါ မိကျောင်း၏ ဦးခေါင်းခွံဖြစ်ပြီး အရွယ်အစားကွာခြားမှုကို တွေ့မြင်နိုင်သည်။

ရေငန် မိကျောင်း၏ နှုတ်သီးသည် အခြားသော မိကျောင်းမျိုးစိတ်များထက် ပိုကြီးမားလေသည်။ မျက်လုံးများမှ နှာတံတလျှောက်တွင် အပေါ်သို့ ချွန်နေသည့် အဖုတန်း အပြိုင်နှစ်ခုရှိသည်။ အကြေးခွံများ၏ ပုံစံမှာ ဘဲဥပုံသဏ္ဌာန် ခပ်ဝိုင်းဝိုင်းဖြစ်သည်။ ရေငန်မိကျောင်း၏ လည်ပင်း၌ ရှိသောအခွံမာကြေးခွံများမှာ အခြားမိကျောင်းများထက်ပို၍နည်းပါးပြီး အခြားမိကျောင်း မျိုးစိတ်များနှင့် ခွဲခြားနိုင်သည်။[၁၅][၁၆]

ရေငန်မိကျောင်း အကောင်ပေါက်လေးများသည် အဝါဖျော့ဖျော့အရောင်ရှိပြီး ၎င်းတို့၏ခန္ဓာကိုယ်နှင့် အမြီးများတွင် အနက်ရောင်အစင်းကြောင်းများနှင့် အစက်အပြောက်များပါရှိသည်။ ထိုခန္ဓာကိုယ်အရောင်များမှာ မိကျောင်းများ အရွယ်ရောက်သော အချိန်ထိ နှစ်ပေါင်းများစွာ မပြောင်းလဲဘဲ ရှိနေတတ်သည်။ အရွယ်ရောက်ပြီး ရေငန် မိကျောင်း၏ အရောင်မှာ စိမ်းပြာရောင်သန်းသော အရောင်မျိုးဖြစ်ပြီး တခါတရံ ၎င်းထက် အရောင်ပိုဖျော့သော အသားရောင် သို့မဟုတ် မီးခိုးရောင်များ အနည်းငယ်ပါရှိသည်။[၁၇][၁၈]

အရွယ်အစား[ပြင်ဆင်ရန်]

အရွယ်ရောက်ပြီး ရေငန်မိကျောင်းတစ်ကောင်

ရေငန်မိကျောင်းများသည် ကမ္ဘာပေါ်တွင်ရှိသော ကမ်းရိုးတန်းဒေသနေ သားရဲတိရစ္ဆာန်များထဲ၌ အရွယ်အစား အကြီးမားဆုံးဖြစ်သော်လည်း အလွန်သေးငယ်သော သားပေါက်ဘဝမှ စတင်ခဲ့ကြခြင်းသာ ဖြစ်လေ၏။ အကောင်ပေါက်ခါစ ရေငန်မိကျောင်း၏ အရွယ်မှာ ၁၁ လက်မ (၂၈ စင်တီမီတာ) မျှသာရှိပြီး အလေးချိန်အနေဖြင့်လည်း ၂.၅ အောင်စ (၇၁ ဂရမ်) ခန့်သာ ရှိလေသည်။[၁၉] ပျမ်းမျှအားဖြင့် အရွယ်ရောက်ပြီး ရေငန်မိကျောင်းသည် အရွယ်ရောက်ပြီး နိုင်းမိကျောင်းထက် အရွယ်အစား သိသိသာသာ ကြီးမားသော်လည်း အသက်အရွယ်အလိုက် ခန္ဓာကိုယ်ကြီးထွားမှုနှင့် လိင်ပိုင်းဆိုင်ရာ ရင့်ကျက်မှုတို့မှာမူ ကွာခြားမှုမရှိလှဘဲ တန်းတူနီးပါးဖြစ်၏။[၂၀][၂၁]


ပျံ့နှံတွေ့ရှိရသော နယ်မြေများနှင့် ဒေသရင်း နယ်မြေများ[ပြင်ဆင်ရန်]

ရေပေါ်သို့ ခုန်တက်၍ အစာဖမ်းနေသော ရေငန်မိကျောင်း
Video of a jumping crocodile at Adelaide River

ရေငန်မိကျောင်းများအား ကပ္ပလီကျွန်းနှင့် နီကိုဗာကျွန်းစုများ၏ ကမ်းရိုးတန်းတစ်လျှောက်နှင့် ဆူမတြားကျွန်းတို့တွင် တွေ့ရလေ့ရှိသည်။[၂၂][၂၃][၂၄][၂၅][၂၆] သီရိလင်္ကာနိုင်ငံ၏ အနောက်နှင့် တောင်ပိုင်းဒေသများတွင် အထောက်အထားများအရ အစောပိုင်းကာလများ၌ တွေ့ရှိခဲ့ဖူးကြောင်း သိရသည်။[၂၇]

မြန်မာနိုင်ငံဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသများတွင် တွေ့ရှိရသည်။[၂၈] ထိုင်းနိုင်ငံ တောင်ပိုင်းတွင် ဖန်ငါ့ စီရင်စုတွင် တွေ့ရကြောင်း မှတ်တမ်းတင်ထား၏။[၂၉] စင်္ကာပူ၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ်နိုင်ငံတို့တွင် ယခင်က တွေ့ရလေ့ရှိသော်လည်း မကြာသေးမီကာလများ၌မူ မတွေ့ရတော့ကြောင်း သိရသည်။[၃၀][၃၁]

တရုတ်နိုင်ငံတွင် တစ်ချိန်က ၎င်းသည် မြောက်ဘက်ရှိ ဖူကျန့်ပြည်နယ်မှ ဗီယက်နမ်နယ်စပ်အထိ ကမ်းရိုးတန်းဒေသများတွင် နေထိုင်ခဲ့ဖူးကြောင်း သိရသည်။[၃၂]

ဩစတေးလျနိုင်ငံ ဒါဝင်မြို့ရှိ ကမ်းခြေတစ်ခု၌ တွေ့ရသော ရေငန်မိကျောင်းတစ်ကောင်


အမူအကျင့်များ[ပြင်ဆင်ရန်]

နေပူစာလှုံနေသော ရေငန်မိကျောင်း

ရေငန်မိကျောင်းကို အခြား မိကျောင်းများနှင့် ခွဲခြားနိုင်သည့် အဓိက အပြုအမူမှာ အခြားမိကျောင်းမျိုးစိတ်များ ပိုင်နက်အတွင်းသို့ ဝင်ရောက်လာမှုအား အလွန်အမင်းရန်လိုကာ ပင်လယ်ရေငန်ဒေသတွင် ကျက်စားသည့် တစ်ခုတည်းသော မိကျောင်းမျိုးစိတ်အနေဖြင့် ရှိလိုသော သဘာဝပင်ဖြစ်သည်။ အခြားသော မိကျောင်းမျိုးစိတ်များတွင် ရေငန်ဒေသ၌ ရှင်သန်နိုင်သည့် ဆားဂလင်းများပါရှိသော်လည်း ခက်ခဲသော အခြေအနေအချိန်အခါမျိုးမှလွဲ၍ ပင်လယ်ထဲသို့ စွန့်စား၍ သွားရောက်ကျက်စားခြင်းမျိုး မရှိကြကြောင်း လေ့လာမှုများအရသိရသည်။[၃၃]

ခြေရာခံနိုင်ရန် ဦးခေါင်းတွင် GPS စနစ်သုံး ဂြိုဟ်တုလွှင့်စက် တပ်ဆင်ထားသော ရေငန်မိကျောင်းတစ်ကောင်

မိကျောင်းဦးနှောက်သည် နို့တိုက်သတ္တဝါများထက် များစွာသေးငယ်သော်လည်း (ရေငန်မိကျောင်း၏ ဦးနှောက်သည် ခန္ဓာကိုယ်အလေးချိန်၏ ၀.၀၅ % သာ ရှိသည်) ရေငန်မိကျောင်းများသည် ၎င်း၏သားကောင်များ ရာသီအလိုက် ရွှေ့ပြောင်းသည့် လမ်းကြောင်းကို ခြေရာခံရန် သင်ယူနိုင်စွမ်းရှိကြပြီး လက်ရှိလက်ခံထားသည့် အခြေအနေထက် ပိုမိုနက်ရှိုင်းရှုပ်ထွေးသော အသံဖြင့်ဆက်သွယ်ခြင်းဆိုင်ရာ စွမ်းရည်ကို ပိုင်ဆိုင်ထားနိုင်သည်ဟု သိပ္ပံပညာရှင်များက အတည်ပြုထားသည်။[၃၄][၃၅]

အမဲလိုက်ခြင်းနှင့် အစားအစာ[ပြင်ဆင်ရန်]

မိကျောင်းမျိုးစိတ် အများစုကဲ့သို့ပင် ရေငန်မိကျောင်းများသည် ၎င်းတို့၏ အစာအဖြစ် သတ်သတ်မှတ်မှတ် ရွေးချယ်စားသုံးသော သားကောင်ဟူ၍မရှိဘဲ သားကောင် ရရှိနိုင်မှုအခြေအနေအပေါ် မူတည်၍ အလွယ်တကူ ပြောင်းလဲနိုင်သည်။ ထို့အပြင် ၎င်းတို့သည် အချိန်အတော်ကြာ အစာနည်းနည်းနဲ့ ရှင်သန်နိုင်သောကြောင့် သားကောင်မတွေ့ရှိပါကလည်း အချိန်အတော်ကြာသည်အထိ စိတ်ရှည်သည်းခံကာ ရှာဖွေနိုင်စွမ်း ရှိကြသည်။[၃၆]


ကိုက်အား[ပြင်ဆင်ရန်]

ရေငန်မိကျောင်း၏ ခန္ဓာကိုယ်အရွယ်အစားနှင့် ကိုက်အား အချိုးချနှိုင်းယှဉ်မှု။

ရေငန်မိကျောင်းပါးစပ်၏ ကိုက်အားသည် သက်ရှိတိရစ္ဆာန်အားလုံးထဲ၌ အား အပြင်းဆုံးဖြစ်သည်ဟု သိရသည်။[၃၇] ၎င်းမိကျောင်းများ၏ ပြင်းထန်သော ကိုက်အားသည် ခန္ဓာဗေဒဆိုင်ရာ တည်ဆောက်ပုံကြောင့် ဖြစ်သည်။ ဦးခေါင်းခွံရှိ မေးရိုးကြွက်သားအတွက် နေရာလွတ်သည် အလွန်ကြီးမားပြီး ဘေးတစ်ဖက် တစ်ချက်စီ၌ စူ၍ထွက်နေသည်ကို အပြင်ဘက်မှပင် လွယ်ကူစွာတွေ့မြင်နိုင်သည်။[၃၈]

ရေငန်မိကျောင်း၏ ဦးခေါင်းပုံသဏ္ဌာန်
ဥယျာဉ်တစ်ခု၌ မွေးမြူထားသော ကြီးမားသည့် ရေငန်မိကျောင်းကြီး တစ်ကောင်


လူသားများနှင့် ထိတွေ့ဆက်ဆံမှု[ပြင်ဆင်ရန်]

လူသားများကို တိုက်ခိုက်မှုများ[ပြင်ဆင်ရန်]

မိကျောင်း မျိုးစိတ်အားလုံးတွင်၊ ရေငန်မိကျောင်းနှင့် နိုင်းမိကျောင်း တို့သည် လူသားများအား အစာအလို့ငှါ သားကောင်အဖြစ် ပြုမူဆက်ဆံတတ်သည့် သဘောထားအရှိဆုံးဖြစ်သည်။ [၃၉] ရေငန်မိကျောင်း၏ နယ်မြေထဲသို့ အကြောင်းမသိဘဲ စွန့်စား၍ ဝင်ရောက်သွားသော လူသားများကို တိုက်ခိုက်ခဲ့သော ရှည်လျားသည့် သမိုင်းကြောင်းရှိ၏။ ၎င်း၏ စွမ်းအား၊ အရွယ်အစားနှင့် အရှိန်အဟုန်တို့ကြောင့် အကယ်၍ ၎င်းနှင့်တိုက်ရိုက် တွေ့ဆုံမိပြီး ကြမ်းတမ်းပြင်းထန်စွာ တိုက်ခိုက်လာပါက ရှင်သန်ရန်မဖြစ်နိုင်ပေ။ မိကျောင်းများနှင့်အတူ အတိုင်းအတာတစ်ခုအထိ သဘာဝအတိုင်း ယှဉ်တွဲနေထိုင်ရန် အားပေးသော အမေရိကန်မူဝါဒနှင့် ဆန့်ကျင်ဘက်အနေဖြင့် ရေငန်မိကျောင်းများနှင့် ထိတွေ့ဆက်ဆံရာတွင် အကြံပြုထားသော တစ်ခုတည်းသော မူဝါဒမှာ ၎င်းတို့၏ နယ်မြေအတွင်းသို့ ကျူးကျော်ဝင်ရောက်မိသည့်အခါတွင် အလွန်ရန်လိုတတ်သောကြောင့် ၎င်းတို့၏နေရပ်များကို တတ်နိုင်သမျှ ရှောင်ကြဉ်ရန်သာဖြစ်လေသည်။[၄၀]


ကိုးကား[ပြင်ဆင်ရန်]

  1. "Phylogenetic analysis of a new morphological dataset elucidates the evolutionary history of Crocodylia and resolves the long-standing gharial problem" (6 September 2021). PeerJ 9: e12094. doi:10.7717/peerj.12094. 
  2. Webb, G.J.W. (2021). "Crocodylus porosus". IUCN Red List of Threatened Species 2021. IUCN. doi:10.2305/IUCN.UK.2021-2.RLTS.T5668A3047556.en. 
  3. Webb၊ G. J. W.; Manolis၊ C.; Brien၊ M. L. (2010)။ "Saltwater Crocodile Crocodylus porosus" (PDF)။ in Manolis၊ S. C.; Stevenson၊ C. (eds.)။ Crocodiles: Status Survey and Conservation Action Plan (3rd ed.)။ Darwin: IUCN Crocodile Specialist Group။ pp. 99–113။
  4. "Satellite Tracking Reveals Long Distance Coastal Travel and Homing by Translocated Estuarine Crocodiles, Crocodylus porosus" (2007). PLOS ONE 2 (9): e949. doi:10.1371/journal.pone.0000949. PMID 17895990. Bibcode2007PLoSO...2..949R. 
  5. Crocodiles surf ocean currents
  6. "Fauna of Australia" . 
  7. Top 10 Largest Crocodiles Ever Recorded (11 May 2019)။
  8. Relationship between total length and head length for Saltwater Crocodiles Crocodylus
  9. World's Crocodile Heavy Weight Champion Cassius Turns 112
  10. "Who's got the biggest?" (2008). Crocodile Specialist Group Newsletter 27 (4): 26–30. 
  11. "Here be a Dragon: Exceptional Size in Saltwater Crocodile (Crocodylus porosus) from the Philippines" (2012). Herpetological Review 43 (4): 541–546. 
  12. Allen, G. R. (1974). "The marine crocodile, Crocodylus porosus, from Ponape, Eastern Caroline Islands, with notes on food habits of crocodiles from the Palau Archipelago". Copeia 1974 (2): 553. doi:10.2307/1442558. 
  13. Hua၊ S.; Buffetaut၊ E. (1997)။ "Part V: Crocodylia"။ in Callaway၊ J. M.; Nicholls၊ E. L. (eds.)။ Ancient marine reptiles။ Cambridge: Academic Press။ pp. 357–374။ doi:10.1016/B978-0-12-155210-7.X5000-5ISBN 978-0-12-155210-7
  14. Blaber၊ S. J. M. (2008)။ "Mangroves and Estuarine Dependence"Tropical estuarine fishes: ecology, exploration and conservation။ Oxford: Blackwell Science။ pp. 185–201။ ISBN 9780470694985
  15. Kondo၊ H. (1970)။ Grolier's Amazing World of Reptiles။ New York, NY: Grolier Interprises Inc.။
  16. Ross၊ F. D.; Mayer၊ G. C. (1983)။ "On the dorsal armor of the Crocodilia"။ in Rhodin၊ A. G. J.; Miyata၊ K. (eds.)။ Advances in Herpetology and Evolutionary Biology။ Cambridge: Museum of Comparative Zoology။ pp. 306–331ISBN 9780910999007
  17. Lanworn၊ R. (1972)။ The Book of Reptiles။ New York, NY: The Hamlyn Publishing Group Ltd.။ ISBN 978-0600312734
  18. Crocodylus porosus။ ReptilianZone.com (17 February 2017)။
  19. Insights into Crocodile Lifestyles။ newholland.com.au။ 4 October 2009 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 4 December 2021 တွင် ပြန်စစ်ပြီး။
  20. Loveridge, J. P., & Blake, D. K. (1972).
  21. Bourquin, S. L. (2008)။ The population ecology of the Nile Crocodile (Crocodylus niloticus) in the Panhandle Region of the Okavango Delta, Botswana (Doctoral dissertation)။ Stellenbosch University။
  22. "Status of the saltwater crocodile (Crocodylus porosus Schneider, 1801) in North Andaman Island" (1994): 79–92. 
  23. Whitaker, N. (2008)။ Survey of Human/Crocodile Conflict in the Union Territory of the Andaman Islands, Hut Bay, Little Andaman, January 2008 (PDF)။ Madras: Madras Crocodile Trust။
  24. Kumar, A.; Kumar, S.; Zaidi, Y. F. & Kanaujia, A. (2012)။ A review on status and conservation of salt water crocodile (Crocodylus porosus) in India (PDF)။ pp. 141–148။
  25. "Human–crocodile conflict in the Indian Sundarban: an analysis of spatio-temporal incidences in relation to people's livelihood" (2018): 661–668. 
  26. "Population status and spatial distribution of saltwater crocodile, Crocodylus porosus in the Sundarbans of Bangladesh" (2018): 33–44. 
  27. "Human-crocodile conflict and conservation implications of saltwater crocodiles Crocodylus porosus (Reptilia: Crocodylia: Crocodylidae) in Sri Lanka" (2015): 7111–7130. 
  28. Thorbjarnarson, J. (2000). "A population survey of the estuarine crocodile in the Ayeyarwady Delta, Myanmar". Oryx 34 (4): 317–324. doi:10.1046/j.1365-3008.2000.00135.x. 
  29. Pauwels, O. S. (2002). "Reptile and amphibian diversity in Phang-nga Province, southern Thailand". Tropical Natural History 2 (1): 25–30. 
  30. Stuart, B. L. (2002). "Status of crocodiles in the U Minh Thuong Nature Reserve, southern Vietnam". Pacific Conservation Biology 8 (1). doi:10.1071/PC020062. 
  31. Platt, S. G. (2006). "Evidence for the historic occurrence of Crocodylus porosus Schneider, 1801 in Tonle Sap, Cambodia". Hamadryad 30 (1/2). 
  32. Webb, G. J. (2000). "Risk of extinction and categories of endangerment: perspectives from long-lived reptiles". Population Ecology 42 (1): 11–17. doi:10.1007/s101440050004. 
  33. Schmidt-Nielsen, K. (1997)။ "Marine air-breathing vertebrates"Animal physiology: adaptation and environment။ Cambridge: Cambridge University Press။ pp. 343–354။ ISBN 9780521570985
  34. Big Gecko – Crocodile Management, Research and Filming။ Crocodilian.com။
  35. Crocodile Communication: Crocodiles, Caimans, Alligators, Gharials။ Flmnh.ufl.edu (5 March 1996)။
  36. Ross၊ C. A.; Garnett၊ S., eds. (1989)။ Crocodiles and Alligators။ Checkmark Books။ ISBN 978-0816021741
  37. "Insights into the Ecology and Evolutionary Success of Crocodilians Revealed through Bite-Force and Tooth-Pressure Experimentation" (2012). PLOS ONE 7 (3): e31781. doi:10.1371/journal.pone.0031781. 
  38. Cogger, H.G. (1996).
  39. Sideleau, B., & Britton, A. R. C. (2012).
  40. Guggisberg၊ C. A. W. (1972)။ Crocodiles: Their Natural History, Folklore, & Conservation။ Newton Abbot: David & Charles။ p. 195။ ISBN 978-0-7153-5272-4


ပြင်ပလင့်များ[ပြင်ဆင်ရန်]