စိန့်ပီတာစဘတ်မြို့

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်
စိန့်ပီတာစဘတ်မြို့

စိန့်ပီတာစဘတ်မြို့ (အင်္ဂလိပ်: Saint Petersburg; ရုရှား: Санкт-Петербург, tr. Sankt-Peterburg; IPA: [ˈsankt pʲɪtʲɪrˈburk] ( )) (ယခင် လီနင်ဂရက်မြို့)သည် ရုရှားနိုင်ငံတွင် မော်စကိုမြို့၏နောက် ဒုတိယအကြီးဆုံးမြို့ဖြစ်၍ ရုရှ ခေါင်းဆောင်ကြီး လီနင်အား ဂုဏ်ပြုသောအားဖြင့် အမည်ပေးထားသောမြို့ဖြစ်သည်။

လီနင်ဂရက်မြို့သည်ကား ဆိုဗီယက်ပြည်ထောင်စု တွင် စက်မှုလက်မှု ထွန်းကားရာ၌လည်း မောစကိုနောက် ဒုတိယ လိုက်သည်။ သင်္ဘောတည် ဆောက်ရေး လုပ်ငန်း၏ အချက်အခြာ မြို့လည်းဖြစ်သည်။ ဆိပ်ကမ်းကောင်း တစ်ခုလည်းဖြစ်သည်။ ၁၉၂၄ ခုနှစ်မှစ၍ လီနင်ဂရက်မြို့ဟု မတွင်မီကမူ စိန့်ပီတာစဘတ်မြို့ဟူ၍လည်းကောင်း၊ ပီထရိုဂရက်မြို့ဟူ၍လည်းကောင်း အမည်တွင်ခဲ့လေသည်။

လီနင်ဂရက်မြို့သည် ဖင်းလန်ကွေ့၏ အရှေ့ဘက်အစွန်းတွင် တည်ရှိ၏။ မောစကိုမြို့၏ အနောက်မြောက်ဘက်ကျ၍ မိုင် ၄ဝဝ ခန့် ကွာဝေးသည်။ လီနင်ဂရက်မြို့၏ များသောအပိုင်းမှာ နီဗာ မြစ်၏ လက်ဝဲ ဘက်ကမ်းပေါ်တွင် တည်ရှိလျက် ကျန်အပိုင်းမှာ ထိုမြစ်ဝရှိ ကျွန်းကလေး များပေါ်တွင် တည်ရှိသည်။ လီနင်ဂရက် မြို့တွင် ကျယ်ပြန့်သော ရိပ်သာများ၊ နန်းတော်နှင့် ပြည်သူပိုင် အဆောက်အအုံများကြောင့် ထင်ရှားသည်။ လီနင်ဂရက်မြို့တွင် စာသင်ကျောင်းများ၊ စက်မှုပညာသင်ကျောင်းများ၊ ဂီတပညာသင် ကျောင်းများ၊ အနုပညာသင်ကျောင်းများ၊ အနုပညာတံခွန်အသင်း များ၊ သိပ္ပံအသင်း၊ စာကြည့်တိုက် စသည်တို့များစွာရှိသည်။ ဆိုဗီယက် ပြည်ထောင်စုကို တည်ထောင်သောအခါ ဇာဘုရင်တို့ လက်ထက်က တည်ဆောက်ခဲ့သော ခန့်ညားထယ်ဝါသည့် နန်းတော်နှင့် ဇိမ်ခံအဆောက်အအုံကြီးများကို ပြတိုက်များ၊ အလုပ်သမားများအတွက် အနားယူစခန်းများအဖြစ် အသုံးပြုသည်။ လီနင်ဂရက်မြို့တွင် ထင်ရှားသော အဆောက်အအုံများဖြစ်သည့် ကဇန်သခင်မ၏ ကသီးရယ်ဘုရားရှိခိုးကျောင်း၊ နိုင်ငံတော် ပြည်သူ့ စာကြည့်တိုက်၊ နိုင်ငံတော်ပြဇာတ်ရုံ၊ အနစ်နော့နန်းတော်တို့သည် ရိပ်သာ လမ်းမကြီးပေါ်တွင် တည်ရှိသည်။ နီဗာ၏ မြစ်ခွဲဖြစ်သော ဂရိတ်နီဗာမြစ် တစ်လျှောက်တွင် ရှေးနန်းတော်ဟောင်းများ၊ နေအိမ် များ၊ ရေတပ်မတော် အုပ်ချုပ်ရေးအဖွဲ့ရုံး စသောအဆောက်အအုံများ တည်ရှိသည်။ ရှေး ဇာဘုရင်များလက်ထက်က ဆောင်းရာသီ စံနန်းတော်ဖြစ်၍ ယခုအခါ တော်လှန်ရေး ပြတိုက်အဖြစ် အသုံးပြု ထားသော အဆောက်အအုံမှာလည်း ထင်ရှားပေသည်။ ပြတိုက် အဖြစ်ပင် အသုံးပြုထားသော ပီတာနှင့် ပေါခံတပ်သည် ကျွန်းကလေးတစ်ခုပေါ်တွင် တည်ရှိသည်။ စိန်ပီတာစဗတ်မြို့ကို တည် ထောင်စဉ်အခါက ပီတာ-သ-ဂရိတ်ဘုရင် ခေတ္တစံမြန်းရာ သစ်သားအိမ် ကလေးတစ်လုံးမှာလည်း ယခုတိုင် အခြားကျွန်း ကလေးတစ်ခုပေါ်တွင် တည်ရှိသည်။ လီနင်ဂရက်မြို့ပေါ်တွင် တံတား ၁၂ဝ ခန့်မျှရှိသည်။ များသောအားဖြင့် ကျဉ်းမြောင်းသည့် တူးမြောင်းများကို ဖြတ်သန်းဆောက်လုပ်ထားသော တံတားများ ဖြစ်၍ အချို့မှာ ရုရှနိုင်ငံတော်၏ အကောင်းဆုံး တံတားများတွင် စာရင်းဝင်ဖြစ်သည်။

လီနင်ဂရက်မြို့ပေါ်တွင် နေထိုင်သူတို့မှာ များသောအားဖြင့် စက်ရုံအလုပ်သမားများဖြစ်သည်။ အချို့မှာ အလွန်ကျွမ်းကျင်သော အလုပ်သမားများ ဖြစ်ကြသည်။ လီနင်ဂရက်မြို့သည် သိပ္ပံဆိုင်ရာ ကိရိယာများ၊ လျှပ်စစ်ပစ္စည်းများ ပြုလုပ်ရာ၌ အရေးပါလှပေသည်။ လျှပ်စစ်ပစ္စည်းများမှာ အရေးပါသော ထုတ်ကုန်ဖြစ်သည်။ ထို့ပြင် ဓာတုဗေဒလုပ်ငန်းများ၊ အထည်စက်များ၊ သတ္တုအရည်ကျိုစက်များလည်းရှိသည်။ လီနင်ဂရက်မြို့ သည် ပုံနှိပ်ခြင်း၊ စာအုပ်ထုတ်ဝေရောင်းချခြင်း စသော လုပ်ငန်းတို့တွင် လည်း အချက်အခြာမြို့ဖြစ်သည်။ ပြည်တွင်းပြည်ပ ကူးသန်းရောင်းဝယ်မှု တို့ကို တွင်ကျယ်စွာ လုပ်ကိုင်လျက်ရှိသည်။ ၁၈၈၅ ခုနှစ်က တူးဖော် ခဲ့သော ကရွန်း စတတ်တူးမြောင်းကြောင့် သင်္ဘောများသည် ဗောလတစ်ပင်လယ်နှင့် ဆက်သွယ်နိုင်သည်။ ပင်လယ်ဖြူပေါ်တွင်ရှိသည့် ဗယ်လိုမောစက မြို့နှင့်လည်း တူးမြောင်းတစ်ခုဖြင့် ဆက်သွယ်လျက်ရှိသည်။

လီနင်ဂရက်မြို့ကို ၁၇ဝ၃ ခုနှစ်က (စိန်ပီတာစဘတ်ဟူသော အမည်ဖြင့်) ပီတာ-သ-ဂရိတ် ဘုရင် တည်ထောင်ခဲ့သည်။ မြို့သစ်သို့ လူအများသည် ဘုရင့်အမိန့်ဖြင့် ပြောင်းရွှေ့လာ ကြရသည်။ ဒုတိယ ကက်သရင်း ဘုရင်မ၊ ပထမအယ်လက်ဇန္ဒာ ဘုရင်၊ ပထမ နစ်ကလတ်ဘုရင်များ လက်ထက်တွင် ကြီးပွား တိုးတက်လာသည်။ ၁၉ ရာစုနှစ်အကုန်နှင့် ၂ဝ ရာစုနှစ်ဦးမှစ၍ စက်မှု လက်မှုလုပ်ငန်း၏ အချက်အခြာဌာနဖြစ်လာသည်။

ထိုကြောင့်လည်း စိန်ပီတာစဘတ်မြို့သည် အလုပ်သမား လူတန်းစားများ၊ တော်လှန်ရေး လှုပ်ရှားမှုများစုဝေးရာဌာန ဖြစ်လာလေသည်။ ၁၉ဝ၅ ခုနှစ် တော်လှန်ရေးဖြစ်ပွားစဉ်က စိန်ပီတာစဘတ်မြို့၌ ရုတ်ရုတ်သဲသဲ အများဆုံး ဖြစ်ပွားခဲ့သည်။ ၁၉၁၇ ခုနှစ် တော်လှန်ရေးဖြစ်ပွားစဉ်ကလည်း ရှေ့တန်းမှ ပါဝင်ခဲ့သည်၊ အခြေအနေ မငြိမ်သက်သောကြောင့် ၁၉၁၆ ခုနှစ်တွင် ရှိခဲ့သော လူဦးရေ ၂၄၁၅ဝဝဝ မှသည် ၁၉၂ဝ ပြည့်နှစ်တွင် ၇၂၂ဝဝဝ အထိ လျော့ဆင်းသွားသည်။ ၁၉၁၄ ခုနှစ် တွင် ရုရှနှင့် ဂျာမနီတို့ စစ်ဖြစ် ပွားသောအခါ မြို့ဟုအဓိပ္ပာယ် ရသော 'ဗတ်' ဟူသော ဂျာမန်ဝေါဟာရကို မသုံးလိုသဖြင့် ယင်းမြို့ကို ပီထရိုဂရက်ဟူ၍ အမည် ပြောင်းလိုက်သည်။ ၁၉၁၈ ခုနှစ်၊ မတ်လ ၁၄ ရက်နေ့တွင် ရုရှနိုင်ငံ၏ အစိုးရသည် မော်စကိုမြို့သို့ ပြောင်းရွှေ့ရုံးစိုက်သဖြင့် ပီထရိုဂရက်မြို့သည် မြို့တော်အဖြစ်မှ ရပ်စဲသွားသည်။ လီနင်ဂရက်မြို့သည် ဆိပ်ကမ်းမြို့ဖြစ်ရုံမက ကျွမ်းကျင်သော အလုပ်သမားများရှိသောကြောင့် စက်မူလုပ်ငန်း၏ အချက်အခြာဌာနဖြစ်လာသည်။ ဒုတိယ ကမ္ဘာစစ်အတွင်း ၁၉၄၁ ခုနှစ်က မြို့ပတ်ဝန်းကျင်သို့ ရောက်ရှိ လာသော နာဇီနှင့် ဖင်လန်တပ်များသည် မြို့ကို ဝန်းရံပိတ်ဆို့ ထားသည်။ မြို့သူမြို့သားများကလည်း ရဲဝံ့စွာခုခံကြသည်။ အချိန် ကြာမြင့်စွာ ဝန်းရံတိုက်ခိုက်ခြင်းခံရ၍ အသက်ပေါင်း ငါးသိန်းခန့် ဆုံးရှုံးသည်။ သို့သော် နာဇီနှင့် ဖင်လန်တပ်များအတွင်းသို့ မဝင်နိုင်ချေ။ ၁၉၄၃ ခုနှစ်တွင် ဆိုဗီယက်တို့က တိုက်စစ်ဆင်ကာ ရန်သူများကို မောင်းထုတ်နိုင်ခဲ့လေသည်။

လီနင်ဂရက်မြို့သည် ဒုတိယကမ္ဘာစစ်ကြောင့် များစွာပျက်စီးခဲ့၏။ မြို့ဆင်ခြေဖုံးရပ်ကွက်များလည်း ပျောက်ကွယ်သွားလုမတတ် ပျက်စီးခဲ့လေသည်။ သို့သော် စစ်ကြီးပြီးသည့်အချိန်မှစ၍ ကျယ်ပြန့်စွာ ပြန်လည်ပြုပြင်နိုင်ခဲ့သည်။ လီနင်ဂရက်မြို့၏ လူဦးရေမှာ ၁၉၆၅ ခုနှစ် ခန့်မှန်းခြေအရ ၃၆၄၁ဝဝဝ ခန့် ဖြစ်လေသည်။[၁] ယခုအခါတွင် မြို့အမည်အား မူလအမည်ဖြစ်သည့် စိန့်ပီတာစဘတ်မြို့ ဟုပြန်လည်ပြောင်းလဲသတ်မှတ်ခဲ့ပြီ ဖြစ်ပါသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)