ယိုထိုးခြင်း

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

ယိုထိုးခြင်း ။ ။ အနောက်နိုင်ငံများတွင် အလေ့ရှိသည်မှာ ပေါင်မုန့်ကို ထောပတ်သုတ်၍ စားကြသကဲ့သို့ ယိုသုတ်၍လည်း သုံး ဆောင်ကြလေသည်။ အဆိုပါယိုကို ပြုလုပ်ရာ၌ ယိုပြုလုပ်မည့် သစ်သီးများကို ရှေးဦးစွာ ပြုပ်၍ ချေနယ်ရသည်။ ထို့နောက်မှ သကြားရေနှင့် ရေရော၍ထားသည့် အထဲသို့ ချေနယ်ထားသော သစ်သီးဖတ်များကိုထည့်ကာ သကြားရည်အတန်ပျစ်လာသည် အထိ ကျိုရသည်။ ပေါင်မုန့်တွင် သုတ်စားရန် အနေရောက် မရောက် သိနိုင်ရန်မှာ ကျိုနေသောယိုကို တစ်ဇွန်းခန့် ခပ်ပြီး လျှင် လက်ဖက်ရည်ပန်းကန်ထဲသို့ ထည့်၍ အအေးခံကြည့်ရ သည်။ ယိုသည် အနည်းငယ်ခဲသွားလျှင် အိုးကိုချရန်သင့်ပြီ ဖြစ်သည်။

ကျိုထားသောအိုးကို ဖိုပေါ်မှ ချလျှင်ချခြင်း အသင့်ပြင် ထားသော ပုလင်းများထဲသို့ ပူနွေးနေခိုက်တွင် လောင်းထည့် ရလေသည်။ ပုလင်းထဲတွင် အအေးခံ၍ ခပ်ပျစ်ပျစ်ဖြစ်လာသော အခါမှ ဆီစိမ်စက္ကူ၊ ဂျပ်စက္ကူတို့ဖြင့် ပုလင်းအဝကို ခပ်ကျပ် ကျပ် ပိတ်စည်းရလေသည်။

ယိုအမျိုးမျိုးရှိသည့်အနက် မာမလိတ်ခေါ် ယိုတစ်မျိုးသည် လိမ္မော်သီး၊ သံပရာသီးတို့ကို အခွံပါ ထည့်သွင်းပြုလုပ်ထား သော ယိုဖြစ်သည်။ ဂျယ်လီခေါ် ယိုတစ်မျိုးမှာကား သစ်သီး၏ အရည်ကိုသာည|စ်ယူ၍ အဖတ်များမထည့်ဘဲ သကြားဖြင့် ကျို ထားခြင်းဖြစ်သည်။ ယိုထိုးရာတွင် သကြားကို ယိုထိုးမည့် သစ်သီး၏ အလေးချိန်နှင့်ဆတူမျှ ထည့်ရသည်။ အချဉ်အရသာ မပါသော သစ်သီးမျိုးဆိုလျှင် သကြားအနည်းငယ် လျှော့၍ ထည့်ရသည်။ ယိုထိုးရာတွင် ဒန်းအိုး၊ သို့မဟုတ် ကြေးဝါအိုး အဝခပ်ကျယ်ကျယ်ကို အသုံးပြုသင့်၍ မိနစ် ၂ဝ မှ ၆ဝ ခန့် အထိ ကျိုပေးရသည်။ ကျိုရာ၌ မီးခပ်ပြင်းပြင်းတွင် ခပ်သွက် သွက် ဆူနေစေရမည်။

ယိုထိုးသည်ဟု ဆိုလျှင် သစ်သီးမှအပ အခြားအရာများကို ယိုထိုး၍မရချေ။ မြန်မာနိုင်ငံတွင်လည်း ရာသီအလိုက်ပေါ်သော သစ်သီးများကို ယိုထိုးကြသည်။ သို့ရာတွင် အနောက်နိုင်ငံမှ ယိုများကဲ့သို့ ပေါင်မုန့်တွင် သုတ်စားရန်မဟုတ်ဘဲ၊ မုန့်ခဲဖွယ် အချိုပွဲများတွင် သုံးဆောင်ရန်ဖြစ်သည်။ သရက်သီး၊ မရမ်းသီး စသော အသီးများကို အလုံးလိုက်ဖြစ်စေ၊ အခြမ်းလိုက်ဖြစ်စေ၊ အစိတ်လိုက်ဖြစ်စေ ယိုထိုးကြ၍ အဖတ်အတိုင်းဆယ်၍ စားသုံး ကြသည်။ နာနတ်ယို၊ ဒူးရင်းယိုများမှာ ချေနယ်၍ ယိုထိုးထား ခြင်း ဖြစ်သော်လည်း လက်ဖြင့် ဆုပ်ကိုင်စားနိုင်သောယိုများ ဖြစ်ကြသည်။ ကျောက်ဖရုံယို၊ အုန်းယိုတို့ကိုကား အေးသွား လျှင် ခဲ၍မာသွားသည်အထိ ယိုထိုးကြသည်။ မြန်မာနိုင်ငံတွင် ယိုထိုးရာ၌ သကြားကို၎င်း၊ ထန်းလျက်ကို၎င်း၊ ကြံ သကာကို ၎င်း အသုံးပြုကြလေသည်။

သစ်သီးများမှာ ယိုထိုးထားခြင်းဖြင့် ကြာရှည်ခံကာ အရသာပို၍ ကောင်းလေသည်။ အနောက်နိုင်ငံများတွင်မူ ကမ္ဘာ အရပ်ရပ်သို့ တင်ပို့ရောင်းချကြရန် ယိုထိုးခြင်းကို လုပ်ငန်း တစ်ရပ်အဖြစ်ဖြင့် ဆောင်ရွက်ကြသည်။[၁]


ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၁)