ကြေးဝါ

ဝီကီပီးဒီးယား မှ
ကြေးဝါအန်စာတုံး။ ဘေးတွင် သွပ်နှင့်ကြေးနီ နမူနာများဖြင့် ယှဉ်ပြထားသည်။

ကြေးဝါ[ပြင်ဆင်ရန်]

ကြေးဝါသည် ကြေးနီနှင့် သွပ်ကို အချိုးအမျိုးမျိုး ရောစပ် ၍ ရရှိသည့် သတ္တုစပ်ဖြစ်သည်။ မာ၍ တာရှည်အသုံးခံသော သတ္တုဖြစ်၏။ တစ်ခါတစ်ရံ ကြေးဝါကို အဆိုပါသတ္တု နှစ်မျိုး အပြင် ခဲပုပ်နှင့် သံဖြူကဲ့သို့သော သတ္တုမျိုးဖြင့်လည်း ရောစပ် ပေးတတ်ကြသည်။ ကြေးဝါလုပ်နည်းကို ဥရောပတိုက်တွင် လွန်ခဲ့သော နှစ်ပေါင်း ၄ဝဝဝ ခန့်ကပင် သိရှိခဲ့ကြလေသည်။ ထိုခေတ်အခါက လူတို့သည် ဓားပုဆိန်မြားသွားနှင့် အခြား လက်နက်များကို ကြေးဝါဖြင့် ပြုလုပ်သုံးစွဲကြသည်။

ကြေးဝါကို အလွယ်တကူ ကျိုနိုင်၏။ ပုံသွန်းယူ၍ ရနိုင် သည့်အပြင် အသုံးအဆောင် အမျိုးမျိုးကိုလည်း လွယ်ကူစွာ ပြုလုပ်ယူနိုင်၏။ ရေငွေ့ရှိသော လေထဲတွင် ပစ်ထားသော် လည်း ချေးမတက်ချေ။ ကြေးဝါတွင် အရာင်တင်ခံနိုင်သော သတ္တိရှိခြင်းကြောင့် အလှပြတန်ဆာပလာများနှင့် ရုပ်ပုံများ ထုလုပ်ရန်အတွက် အလွန်ကောင်းသည်။ ကြေးဝါ၏ အမျိုး အမည်များစွာ ရှိသည်နှင့်အမျှ အသုံးပြုပုံမှာလည်း များပြား လှ၏။ ကြေးဝါခေါင်းလောင်းများသည် အသံ အလွန်သာယာ သည့်အပြင် ရာသီဥတုဒဏ်ကို အချိန်အကန့်အသတ်မရှိ ခံနိုင် ကြသည်။

မြန်မာနိုင်ငံ၌ ကြေးဝါဖြင့် ပစ္စည်းများကို သွန်းလုပ်ရာတွင် ကြေးဝါကို အရည်ကျို၍ ပုံစံအတွင်းသို့ သွန်းယူလေ့ရှိကြသည်။ ကြေးသွန်းလုပ်ငန်းတွင် ကျွမ်းကျင်မှုလိုလေသည်။ ကြေးသွန်း အလုပ်မစမီ ရွံ့စေး၊ သဲနှင့်ဖွဲတို့ကို သင့်သလို ရောစပ်ပြီး ပုံကို အကြမ်းအားဖြင့် လုပ်ယူသည်။ ထို့နောက် နုံးမြေဖြင့် မံပြီးလျှင် မီးသွေးမှုန့်နှင့် မြင်းချေးရောထားသော အရည်ဖြင့် လိမ်းကျံပေးသည်။

ထိုပုံစံပေါ်တွင် ဖယောင်းကို လိုသည့်ပုံ ဖြစ်လာသည့်တိုင် အောင် ကပ်ပြီး အသေးစိတ်ပြုပြင်ပေးသည်။ ထို့နောက် ဖယောင်းပုံစံပေါ်တွင် ရွံ့စေးကို မံပေးသည်။ လောင်းထည့်သော ကြေးဝါရည် ဖောက်ထွက်မလာနိုင်အောင် ရွံ့စေးတွင် သဲနှင့် ဖွဲများကို ရောပေးသည်။ ရွံ့စေး၊ သဲနှင့် ဖွဲများ၊ မံပေးရာတွင် ကြေးဝါရည်လောင်းရန် အပေါက်နှင့် ဓာတ်ငွေ့ထွက်ရန် အပေါက်များကိုပါ တပါတည်း လုပ်သည်။ ထို့နောက် ပုံစံကို ဖိုများဖြင့်ဆိုင်ကာ မီးအပြင်းတိုက်ပေးလေသည်။ ထိုအခါ ဖယောင်းသည် အရည်ပျော်၍ ထွက်လာသဖြင့် ရွံ့စေးပုံစံ အတွင်းတွင် အခေါင်းသာ ကျန်ရစ်တော့သည်။ ပုံစံယူနေခိုက် တွင် အရည်ကျိုထားသောကြေးဝါကို လောင်းထည့်သည်။ ကြေးဝါရည်သည် ဖယောင်းရှိခဲ့သောနေရာများသို့ ရောက်သွား သည်။ ထိုသို့ သွန်ပြီးလျှင် အအေးခံကာ အပြင်ဘက်ရှိ ရွံ့စေး များကို ခွာချလိုက်သည်။ သွန်းပြီး၍ ရသောပုံကို စို့၊ တစည်း နှင့် ကော်ပတ်စက္ကူများဖြင့် အချောကိုင်ပေးသည်။

ကြေးဝါပြုလုပ်ရာတွင် ကြေးနီ ၅၄.၁ ဆနှင့် သွပ် ၄၅.၉ ဆကို ရောကျိုပေးလေ့ရှိကြသည်။ ကြေးဝါကို ဘုရား ရုပ်တုတော်များ သွန်းလုပ်ရာ၌ အသုံးများသည်။ ကြေးဝါဖြင့် လုပ်သည့် အသုံးအဆောင်များမှာ လက်ဆေးခံ၊ ခေါင်းလောင်း၊ ဆည်းလည်း၊ ကျွဲနွားခလောက်ချူကွမ်းအစ်ရေစစ်ကွမ်းညှပ်ဖလားထုံးဗူး၊ ကွမ်းဆုံ၊ သပိတ်ဖုံး၊ လင်းကွင်းစည်းနားဖာကလော်မောင်းကြေးနောင်ကြေးစည်ချိန်ခွင်ထွေးခံဇွန်းမွေးညှပ်ဇာဂနာနှင့် အလေးများ ဖြစ်သည်။


[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာစွယ်စုံကျမ်း၊ အတွဲ(၂)