ယင်းချောင်းတံတား

ဝီကီပီးဒီးယား မှ
ယင်းချောင်းနှင့် ယင်းချောင်းတံတား

ယင်းချောင်းတံတားသည် မကွေးတိုင်းဒေသကြီးမကွေးမြို့၏ မြောက်ဘက် (၁၄)မိုင်အကွာတွင် တည်ရှိသည်။ မြေပျော့လွန်းသော ယင်းချောင်းပေါ်တွင် ယခင်ကတံတားဆောက်လုပ်ရန် မကြိုးစားခဲ့သော်လည်း ယခုအခါတွင် မြန်မာအင်ဂျင်နီယာများ ဦးစီး၍ မြန်မာပြည်ထွက် ပစ္စည်းများကို အသုံးပြုကာ မြန်မာလုပ်သားကြီးများနှင့် ဆောက်လုပ်ခဲ့သည်။ အရှည်ပေ ၄၆၀ ရှိပြီး အကျယ် ၂၄-ပေ ရှိသည်။ တံတား၏ နံဘေးတစ်ဘက်တစ်ချက်တွင် သုံးပေခွဲစီ ကျယ်သော လူသွားလမ်းများ ပါဝင်သည်။ ချောင်းမြေ၏ အထက် ပေ-၄၀ မြင့်နေပြီး ချောင်းတွင်း ရေအများဆုံးအချိန်၌ ရေပြင်အထက် ၁၈-ပေမြင့်နေသေးသည်။

ရှေးအခါက ယင်းချောင်းကို ဖြတ်ကူးရာတွင် နွေအခါ၌ အခက်အခဲ မရှိလှသော်လည်း မိုးရာသီတွင် များစွာခက်ခဲ ကြန့်ကြာ၍ အသက်အန္တရာယ် များလှပေသည်။ မော်တော်ယာဉ်များနှင့် လူများကို လှေဖောင်ကူတို့များဖြင့် ခက်ခက်ခဲခဲ ဖြတ်သန်းသွားလာခဲ့ကြရသည်။ ၁၉၆၅-ခုတွင် တော်လှန်ရေးအစိုးရက တံတားဆောက်လုပ်ရန် ဆုံးဖြတ်ခဲ့ပြီး ၁၉၇၀-ခုနှစ်၊ အောက်တိုဘာလ (၁)ရက်နေ့တွင် စတင်တည်ဆောက်ခဲ့သည်။ ချောင်းမြေမှာ ပျော့လွန်းလှ၍ တံတားတိုင်များကို မြေမာတွေ့သည်အထိ အလွန်နက်ရှိုင်းစွာ တူးပြီးမှ အုတ်မြစ်ချခဲ့ရပေသည်။ မကွေးဘက်ကမ်းမှ တတိယမြောက် တိုင်မကြီးဆိုလျှင် မြေအောက်ပေအနက် (၈၀)အထိ သက်စွန့်ဆံဖျား တူးပြီးမှ အုတ်မြစ်ချခဲ့ခြင်း ဖြစ်သည်။ တံတားတိုင်ထိပ်၏ ဘေးတစ်ဘက်တစ်ချက်တွင် အစွန်းထွက်၏ ရုပ်တုက်ဘောင်များ ထားရှိပြီး၊ ယင်းဘောင်များတွင် တွဲလွဲခိုတံတားကြမ်းခင်းများနှင့် ဆက်စပ်တည်ဆောက်ထားခြင်း ဖြစ်ပေသည်။

တံတားအနီး ဥယျာဉ်တွင်းရှိ ဆရာစံနှင့် သခင်ဖိုးလှကြီး ရုပ်တု

တံတား၏ တစ်ဘက်တစ်ချက် ထိပ်တွင်လည်း ချဉ်းကပ်လမ်းများနှင့် ဥယျာဉ်များ တည်ဆောက်ထားသည်။ မြောက်ဘက်ထိပ်အရှေ့ဘက် တောင်ကုန်းငယ်ပေါ်တွင် ရေနံမြေသပိတ် အလုပ်သမားခေါင်းဆောင် အာဠာဝက သခင်ဖိုးလှကြီး၏ရုပ်တုနှင့် တောင်သူလယ်သမားခေါင်းဆောင် ဂဠုန်ဆရာစံ၏ ရုပ်တုများကို ထုလုပ်ထားသည်။ အလုပ်သမားခေါင်းဆောင် သခင်ဖိုးလှကြီး၏ ဇာတိချက်ကြွေ မွေးရပ်မြေသည် ယင်းချောင်းတံတား၏ အနောက်ဘက် မိုင်ဝက်ခန့်တွင် ရှိသော သရက်လေးပင်ရွာ ဖြစ်သည်။

ယင်းချောင်းတံတားဖွင့်ပွဲကို ၁၉၇၃-ခုနှစ်၊ မေလ(၄)ရက်နေ့တွင် ဝန်ကြီးဦးစိန်ဝင်းက ဖွင့်လှစ်ပေးခဲ့သည်။ ကုန်ကျစရိတ် စုစုပေါင်းမှာ (၄၁)သိန်းကျော် ဖြစ်သည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. လွင်မောင် (ဇူလိုင် ၁၉၇၅)။ မှတ်တမ်းသမိုင်း ပဲခူး၊မကွေးတိုင်း။ p. စာ-၁၄၉/၁၅၀။