မြ၊ ဦး(ကျောက်စာ​ဝန်)

ဝီကီပီးဒီးယား မှ

ဦးမြ (၁၂၄ဝ - ၁၃၃၅) သည် ကျောင်းဆရာ၊ ရှေးဟောင်းသုတေသန ပညာရှင်၊ ကျောက်စာဝန်နှင့် စာရေးဆရာ ဖြစ်ပြီး၊ ကောဇာသက္ကရာဇ် ၁၂၄ဝ ပြည့် တပေါင်းလပြည့်ကျော် ၇ ရက် (၁၈၇၉ ခုနှစ်၊ မတ်လ ၁၃ ရက်) ကြာသပတေးနေ့တွင် ဖွားမြင်သည်။

ဦးမြသည် စိန်ဂျွန်းကျောင်းတွင် ပညာ သင်ကြား၍ ၁ဝ တန်း အောင်မြင်ပြီးနောက် အင်းစိန် စက်မှုကျောင်းတွင် ၂ နှစ် တက်ရောက်၍ ပညာသင်သည်။ ထိုကျောင်း၌ ပထမဆုံး အသုတ်အဖြစ် တက်ရောက်သော ကျောင်းသားများတွင် အပါအဝင် ဖြစ်သည်။[note ၁]

ထို့နောက် မင်းဘူးမြို့ အစိုးရ အထက်တန်းကျောင်းတွင် ကျောင်းဆရာ အဖြစ် ၂ နှစ် ဆောင်ရွက်သည်။ ထိုမှ တဖန် အင်းစိန် စက်မှုကျောင်းတွင် နည်းပြဆရာ အဖြစ် ၄ နှစ် ဆောင်ရွက်သည်။ ထို့နောက် ၁၉ဝ၅ ခုနှစ်တွင် ကမ္ဗည်းကျောက်စာ ဌာန (နောင်အခါ ရှေးဟောင်း သုတေသနဌာန) သို့ ဝင်ရောက် အမှုထမ်းသည်။ ဦးမြ၏ လုပ်ငန်းမှာ အာနန္ဒာ၊ သဗ္ဗညု၊ ကန်တော့ပလ္လင်၊ ဖက်လိပ်၊ မန္တလေးနန်းတော် စသော ရှေးဟောင်း အဆောက်အအုံတို့၏ ပုံများကို ရေးဆွဲခြင်း၊ တိုင်းထွာခြင်း၊ မှတ်တမ်းတင်ခြင်းနှင့် ထိုအဆောက်အအုံများကို အပျက်အစီးမှ ကာကွယ် ထိန်းသိမ်းခြင်း လုပ်ငန်းဖြစ်သည်။

ဦးမြသည် ကျောက်စာဝန် မစ္စတာ တော်စိန်ခို၏ လက်အောက်တွင် အမှုထမ်းရင်း ရှေးဟောင်း သုတေသန လုပ်ငန်းကို စိတ်ဝင်စား လာသည့်အလျောက် တစတစ ပါဝင် ဆောင်ရွက်သည်။ ရှေးဟောင်း သုတေသန လုပ်ငန်း အသီးသီးနှင့် ပတ်သက်၍ သင်ယူ ဆည်းပူးသည်။ ၁၉ဝ၆ ခုမှ ၁၉ဝရ ခု အတွင်း အိန္ဒိယနိုင်ငံ ဗာရာဏသီမြို့အနီး ဆာရ်နသ် (Sarnath) ဒေသ တူးဖော်မှု ပြုလုပ်ရာတွင် အချိန်တန်ကြာ ပါဝင် ဆောင်ရွက်သည်။

၁၉၁၉ ခုနှစ်တွင် မစ္စတာ ဒူရွိုင်ဇယ် ကျောက်စာဝန် ဖြစ်လာသော အခါ ဦးမြသည် သက္ကတဘာသာပြင်သစ်ဘာသာ တို့ကို အတန်ပင် လေ့လာ ဆည်းပူးပြီး ဖြစ်သည်။ တာဝန် ရှိသူတို့က ဦးမြ၏ လုပ်ရည်ကိုင်ရည်ကို ကျေနပ်အားရသည့် အတွက် ၁၉၂ဝ ပြည့်နှစ်တွင် ဦးမြကို သုတေသန လက်ထောက် အဖြစ် ခန့်ထားလိုက်သည်။ ဦးမြသည် သုတေသန ဘက်သို့ ကူးပြောင်းပြီးနောက် ရှေးဟောင်း အိန္ဒိယနှင့် အရှေ့အာရှတောင်ပိုင်း ဆိုင်ရာ သမိုင်း၊ အယူဝါဒ၊ အနုပညာ စသည်တို့ကို မနားမနေ လေ့လာသည်။ ပုဂံ၊ ပြည်၊ သထုံ၊ ရခိုင်ဟန်လင်းတကောင်း၊ မြင်စိုင်း၊ မက္ခရာ၊ ပင်လယ် စသော ရှေးဟောင်း နယ်ပယ်များသို့ ကျောက်စာဝန်နှင့် အတူ ကွင်းဆင်းပြီးလျှင် အစီရင်ခံစာများကို အပတ်တကုတ် ကူညီ ရေးသားသည်။ ၁၉၃ဝ ပြည့်နှစ်တွင် မစ္စတာ ဒူရွိုင်ဇယ် အငြိမ်းစား ယူသော အခါ၊ ဦးမြသည် ကျောက်စာဝန် ရာထူးကို ဆက်ခံ ရလေတော့သည်။ ကျောက်စာဝန် အဖြစ် ၅ နှစ် ဆောင်ရွက်ပြီးနောက်၊ မကျန်းမာသည့် အတွက် ၁၉၃၅ ခုနှစ်တွင် လုပ်သက်ပြည့် အငြိမ်းစား ယူခဲ့သည်။

အငြိမ်းစား ယူပြီးနောက် ဦးမြသည် ရှေးဟောင်း ကမ္ပည်း အက္ခရာများကို ဆက်လက်၍ သုတေသန ပြုသည်။ ကျန်းမာရေးလည်း ပြန်ကောင်းလာသည်။ လွတ်လပ်ရေး ရပြီးနောက် ၁၉၅၃ ခုနှစ်တွင် မြန်မာနိုင်ငံ ဘာသာပြန် စာပေ အသင်း (စာပေဗိမာန်) ၌ မြန်မာ့ အနုပညာနှင့် ယဉ်ကျေးမှု အကြောင်းကို ကဏ္ဍအလိုက် ဟောပြောခဲ့သည်။

ဦးမြသည် ၁၉၅၅ ခု၊ စက်တင်ဘာလမှ ၁၉၆ဝ ပြည့် ဩဂုတ်လ အထိ ရှေးဟောင်း သုတေသန ဌာနတွင် အထူး အရာရှိ အဖြစ် ဆောင်ရွက်ရသည်။ ထိုကာလတွင် ဦးမြသည် ရှေးဟောင်း အုတ်ခွက် ရုပ်ပွားတော်များ နှစ်တွဲနှင့် ရှေးဟောင်း မြန်မာ အက္ခရာ စာတမ်း တို့ကို ရေးသား ပြုစုခဲ့သည်။ ထို့နောက် အပယ်ရတနာ လိုဏ်ဂူဘုရား စာတမ်းကို ပြုစုပြီး၊ ၁၉၇ဝ ပြည့်နှစ်တွင် ပုံနှိပ် ထုတ်ဝေသည်။

ဦးမြသည် မြန်မာနိုင်ငံ သုတေသန အသင်း ဂျာနယ်၊ ပြည်ထောင်စု ယဉ်ကျေးမှု စာစောင် စသည်တို့တွင် ဆောင်းပါးများ၊ စာတမ်းများ ရေးသားခဲ့သည်။ ယင်းတို့တွင် အင်္ဂလိပ်ဘာသာဖြင့် ရေးသော ခြေတော်ရာ အကြောင်းစာ၊ နန်းဘုရား အကြောင်းစာ၊ မြန်မာဘာသာဖြင့် ရေးသော ပုန်းမကြည်အကြောင်းစာ၊ ဇမ္ဗုပတိ ဆင်းတုတော် ဖြစ်ပေါ်လာခြင်း အကြောင်းစာ စသည်တို့ ပါဝင်သည်။ ဗုဒ္ဓရုပ်ပွား ဆင်းတုတော်များ အဆင့်ဆင့် ပြောင်းလဲလာပုံ အကြောင်းကိုလည်း ရေးသားခဲ့သည်။

၁၉၆ဝ ပြည့်နှစ်တွင် နိုင်ငံတော်က ချီးမြှင့်သော သီရိပျံချီဘွဲ့ကို ရရှိသည်။ မြန်မာနိုင်ငံ သုတေသနအသင်းကလည်း ၁၉၇၁ ခုနှစ်တွင် ဦးမြကို ဂုဏ်ထူးဆောင် အသင်းဝင် အဖြစ် ရွေးချယ် တင်မြှောက်ခဲ့သည်။

နိဂုံး[ပြင်ဆင်ရန်]

ဦးမြသည် ၁၂၂၅ ခုနှစ်၊ ပြာသိုလကွယ်နေ့ (၁၉၇၃ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက်) အသက် ၈၅ နှစ်တွင် ကွယ်လွန် အနိစ္စရောက်သည်။

မှတ်စု[ပြင်ဆင်ရန်]

  1. မောင်သုတ အမည်ခံ ဗိုလ်မှူး ဘသောင်း (မဟာ ဝိဇ္ဇာ၊ ရွှေတံဆိပ်ရ) ပြုစုကာ ဦးခင်အေး (မောင်ခင်မင်၊ ဓနုဖြူ) ပါမောက္ခ၊ မြန်မာစာ ဌာန၊ ရန်ကုန် တက္ကသိုလ် တည်းဖြတ် ဖြည့်စွက်တဲ့ ပဉ္စမအကြိမ် ၁၊ ဩဂုတ်၊ ၂ဝဝ၂၊ ရာပြည့် စာအုပ်တိုက်ထုတ် 'စာဆိုတော်များ အတ္ထုပ္ပတ္တိ' စာအုပ်က "ဦးမြ (၁၂၄ဝ - ၁၃၃၅)" အကြောင်းကို ပြန်လည် ကူးယူ ဖော်ပြတာ ဖြစ်ပါတယ်။

ကျမ်းကိုး[ပြင်ဆင်ရန်]

  1. တိုက်စိုး နှင့် မင်းယုဝေ။ စာဆိုနှင့် သုတေသီ။ စာ ၁၂၃ - ၁၃၃။
  2. U Aung Thaw; Thiripyanchi U Mya: Obituary; JBRS. Vol. LVI.pp.59-60.]