တော်စိန်ခို

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
ကမ္ပည်း‌ကျောက်စာဝန်‌ တော်စိန်ခို

တော်စိန်ခို (ခရစ် ၁၈၆၄-၁၉၃၀)[ပြင်ဆင်ရန်]

‌တော်စိန်ခိုသည် မြန်မာနိုင်ငံ ကမ္ပည်း‌ကျောက်စာဝန်အဖြစ်ဖြင့် အလွန်ထင်ရှား ‌ကျော်‌စောခဲ့‌သော ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။ ဖခင်ဖြစ်သူ မစ္စတာ‌တော်စွန်းသည် ကုန်သည်မျိုးရိုး ဖြစ်၍ မူလက ‌မော်လမြိုင်တွင် ‌နေထိုင်ခဲ့သည်။ ‌မော်လမြိုင်မြို့တွင် ‌ဒေါ်နုနှင့်အ‌ကြောင်းပါရာ ၁၈၆၄ ခုနှစ် ဒီဇင်ဘာလ ၇ ရက်‌နေ့တွင် ‌တော်စိန်ခိုဟူ‌သော သားတစ်‌ယောက် ထွန်းကား‌လေသည်။ ထို‌နောက် ‌အောက်ပြည်‌အောက်ရွာမှ အထက်သို့တက်၍ ကုန်စည်ကူးသန်း ‌ရောင်းဝယ်ယင်းနှင့် ဗန်း‌မော်မြို့သို့ ‌ရောက်ရှိရာ ဗန်း‌မော်မြို့၌ပင် အ‌ခြေစိုက်၍ သက်ထက်ဆုံး‌နေထိုင်ခဲ့သည်။


‌တော်စိန်ခိုသည် ငယ်စဉ်ကပင် ရန်ကုန်မြို့ အစိုးရအထက်တန်း‌ကျောင်းတွင် ပညာသင်ယူ၍ အသက် ၁၇ နှစ်အရွယ်သို့‌ရောက်‌သောအခါ ကာလကတ္တားတက္ကသိုလ်မှ ကျင်းပ‌သော အက်(ဖ)အေ စာ‌မေးပွဲကို ရန်ကုန် ‌ကောလိပ်မှ‌ဖြေဆို၍ ‌အောင်မြင်ခဲ့သည်။ ၁၈၉၂ ခုနှစ်တွင် အင်္ဂလန်နိုင်ငံသို့ သွား‌ရောက်ပြီးလျှင် ကိမ်းဗရစ်တက္ကသိုလ် ခရိုက်‌ကောလိပ်၌ ဆက်လက်ပညာ သင်၍ ဝတ်လုံ‌တော်ရဘွဲ့ကိုရရှိရန် ကြိုးစားရာ ကျန်းမာ‌ရေး အ‌ခြေအ‌နေမ‌ကောင်းသဖြင့် စာ‌မေးပွဲမ‌ဖြေဆိုဘဲ မြန်မာနိုင်ငံသို့ ပြန်လာရသည်။ သို့ရာတွင် ခရိုက်‌ကောလိပ်၌ ပညာသင်ဆဲ လန်ဒန်မြို့အ‌ရှေ့တိုင်းဆိုင်ရာ နဝမ‌မြောက်ကွန်ဖရင့်သို့ မြန်မာနိုင်ငံမှ ကိုယ်စားလှယ်အဖြစ်ဖြင့် တက်‌ရောက်ခဲ့သည်။ မြန်မာနိုင်ငံသို့ ပြန်‌ရောက်‌သော ၁၈၉၃ ခုနှစ်၌ပင်လျှင် မြန်မာနိုင်ငံ အစိုးရ၏ လက်‌ထောက်အတွင်းဝန်အဖြစ်ဖြင့် အမှုထမ်းရသည်။


‌တော်စိန်ခိုသည် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့၏ ဆက်ဆံ‌ရေးကို စိတ်ပါဝင်စားစွာ ‌လေ့လာခဲ့သူဖြစ်သည့်အတွက် နိုင်ငံ‌တော်အစိုးရသည် ထိုကိစ္စတို့ကို ‌ဆောင်ရွက်ရာ၌ အ‌ရေးပါအရာ ‌ရောက်‌စေရန် ရည်သန်၍ ၁၈၉၇ ခုနှစ်တွင် ‌တော်စိန်ခိုအား တရုတ်နိုင်ငံ ပီကင်းမြို့‌တော်သို့ ‌စေလွှတ်၍ တရုတ်ဘာသာစကားကို သင်ယူ‌စေသည်။ ပီကင်းမြီု့မှ မြန်မာနိုင်ငံသို့ ပြန် လည်‌ရောက်ရှိလာ‌သောအခါ ‌တော်စိန်ခိုအား အစိုးရက စာ‌တော်ပြန်ဝန်‌ထောက်အဖြစ်ဖြင့်ခန့်အပ်သည်။ ထို‌နောက်ထဖန်ကမ္ပည်း‌ကျောက်စာ အရာရှိအဖြစ်ဖြင့်ခန့်အပ်၍ မြန်မာနိုင်ငံ အစိုးရ အတွက် တရုတ်‌ရေးရာ အကြံ‌ပေးအရာရှိ၏ ဝတ္တရားကိုပါ ပူးတွဲ၍ ‌ဆောင်ရွက်‌စေ‌လေသည်။


ဤသို့ နှစ်နှစ်ခန့် ရာထူး နှစ်ခုကိုတွဲဘက် ‌ဆောင်ရွက်ပြီးသည့်‌နောက် ၁၈၉၉-၁၉၀၀ ခုနှစ်များအတွင်း တရုတ်နိုင်ငံ၌ ‌ဗောက်ဆာသူပုန် ဖြစ်ပွားခဲ့သည်တွင် ‌တော်စိန်ခိုသည် လန်ဒန်မြို့ အိန္ဒိယပြည်ဆိုင်ရာ ရုံး‌တော်အား အဖိုးတန်အကူအညီတို့ကို ‌ပေးခဲ့သည်။ ထို‌နောက် ‌တော်စိန်ခိုသည် နယ်ခြား‌စောင့်‌ရှောက်‌ရေး အရာရှိအဖြစ်ဖြင့် ခန့်အပ်ခြင်းကို ခံရသည်။ နယ်ခြားဆိုင်ရာ တာဝန်ဝတ္တရားမှာ နယ်ခြားရှိ တရုတ်အရာရှိများနှင့် ဗြိတိသျှအစိုးရအရာရှိတို့ ပူး‌ပေါင်း‌ဆောင်ရွက်ကြ‌စေရန် ဆက်သွယ်‌ပေးရ‌သော တာဝန်ဝတ္တရား ဖြစ်သည်။


၁၉၀၀ ပြည့်နှစ်တွင် တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံတို့၏ နယ်ခြားရှိ တရုတ်နှင့် ဗြိတိသျှစစ်တပ်တို့ နယ်ခြားနှင့်စပ်လျဉ်း၍ အချင်းများကြ‌သောကိစ္စ၌ ‌တော်စိန်ခိုသည် ယခုအခါ တန်ချွန်းဟု‌ခေါ်‌သော မိုးမိန်း (မိုးမျဉ်း) မြို့ရှိ ယူနန်အ‌နောက်ပိုင်း ပြည်နယ် ဘုရင်ခံ မြစ်ကြီးနားခရိုင်ဝန် ဗန်း‌မော်ခရိုင်ဝန် သုံးဦးတို့‌တွေ့ဆုံ‌ဆွေး‌နွေးနိုင်‌အောင် ‌ဆောင်ကြဉ်း‌ပေးနိုင်သဖြင့် ထိုကိစ္စသည် အ‌ပြေအလည်ဖြစ်ခဲ့သည်။


ဗန်း‌မော်မြို့နှင့် မိုးမိန်း မြို့တို့သည် ၁၈၈၆ ခုနှစ်ကပင်လျှင် ကုန်း‌ကြောင်းကူးသန်း‌ရောင်းဝယ်‌ရေး၌ လမ်းဖွင့်ပြီးဖြစ်ခဲ့ရာ ‌တော်စိန်ခိုသည် ထိုနှစ်မြို့၏ ကူးသန်း‌ရောင်းဝယ်မှုကို ဖွံ့ဖြိုး ‌အောင် ‌ဆောင်ရွက်လို‌သော ရည်သန်ချက်ဖြင့် ဗန်း‌မော်နှင့် မိုးမိန်းကိုဆက်သွယ်‌သော မီးရထားလမ်းကို ‌ဖောက်လုပ်ရန် အကြံ‌ပေးခဲ့သည်။ ဗန်း‌မော်မြို့၌ အင်္ဂလိပ်နှင့်တရုတ်ဘာသာ စာသင်‌ကျောင်းဖွင့်လှစ်ရန်လည်း အကြံ‌ပေးခဲ့‌လေသည်။ အစိုးရသည် ထိုအကြံနှစ်ခုစလုံးကို လက်ခံ၍ ဗန်း‌မော်မြို့၌ ‌ကျောင်း တည်‌ထောင်‌ပေးခဲ့သည်။ မီးရထားလမ်း ‌ဖောက်လုပ်‌ရေးမှာမူ မ‌အောင်မြင်ခဲ့‌ချေ။

၁၉၀၂ ခုနှစ်တွင် ‌တော်စိန်ခိုသည် သူ၏မူလရာထူးရင်းဖြစ်‌သော လက်‌ထောက်အတွင်းဝန်အဖြစ်ဖြင့် ပြန်လည်လုပ်ကိုင်ခဲ့ရာ ၁၉၀၃-၁၉၀၅ ခုနှစ်အတွင်းတွင် ယခင်ကကဲ့သို့ပင် ကမ္ပည်း‌ကျောက်စာအရာရှိနှင့် တရုတ်‌ရေးရာ အကြံ‌ပေးအရာရှိအဖြစ် အမှုကိုထမ်းရွက်ရပြန်သည်။ ၁၉၀၆ ခုနှစ်တွင် ကမ္ပည်း‌ကျောက်စာဝန်ရာထူးကို တီထွင်လိုက်‌သောအခါ ‌တော်စိန်ခို သည် ကမ္ပည်း‌ကျောက်စာဝန် ဖြစ်လာ‌လေသည်။ ၁၉၁၉ ခုနှစ်တွင် ‌တော်စိန်ခိုသည် အငြိမ်းစားယူခဲ့ပြီးလျှင် ၁၉၂၃ ခုနှစ်၌ မြန်မာပြည် ဥပ‌ဒေပြု‌ကောင်စီအဖွဲ့တွင် အစိုးရခန့်အပ်‌သော အမတ်အဖြစ်ဖြင့် ‌ဆောင်ရွက်ခဲ့သည်။


၁၉၀၃ ခုနှစ်တွင် သတ္တမ အက်ဒွပ်ဘုရင် နန်းတက်ပွဲကျင်းပရာတွင် ‌တော်စိန်ခိုသည် ‌ကေ၊ အိုင်၊ အိပ် ‌ရွှေတံဆိပ် ချီးမြှင့်ခြင်းကိုခံရသည်။ ၁၉၁၁ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်‌နေ့ တွင် ပဉ္စမ‌ဂျော့ နန်းတက်ပွဲအတွက် ကျင်းပ‌သော‌ဒေလီမြို့ဒါဗာပွဲ၌ အိုင်၊ အက်(စ)၊ အို ဘွဲ့ဖြင့် ချီးမြှင့်ခြင်းကို ခံရသည်။ ၁၉၁ရ ခုနှစ်တွင် စီ၊ အိုင်၊ အီဘွဲ့ဖြင့် ချီးမြှင့်ခြင်းကို ခံရသည်။ ‌တော်စိန်ခိုသည် မြန်မာနိုင်ငံတွင် ထုတ်‌ဝေ‌သော မြန်မာနိုင်ငံ သု‌တေသနအသင်းဂျာနယ်၊ ဘုံဘိုင်မြို့တွင်ထုတ်‌ဝေ‌သော အိန္ဒိယနိုင်ငံ‌ရှေး‌ဟောင်းပညာဂျာနယ်၊ လန်ဒန်မြို့တွင် ထုတ်‌ဝေ‌သော ‘အာရှကွာ တာလီ ရီဗျူး’ အာရှ‌တော်ဝင် အသင်းဂျာနယ်တို့တွင် မြန်မာမှုဆိုင်ရာ ကမ္ပည်း‌ကျောက်စာအ‌ကြောင်း လူမျိုးနှင့် စာ‌ပေအ‌ကြောင်း၊ ‌စေတီပုထိုးနှင့် ပိသုကာပညာအ‌ကြောင်း စသည်တို့ကို ‌ရေးသားခဲ့သည်။


ရန်ကုန်‌ဂေဇက် သတင်းစာ၌လည်း မြန်မာတို့၏ ဓ‌လေ့ထုံးစံ၊ ‌ရှေး‌ဟောင်းပုံပြင်၊ ဗုဒ္ဓသာသနာ‌ရေး ပညာ‌ရေးစသည်တို့ကို ‌ဆောင်းပါး ‌ရေးသား‌လေ့ ရှိသည်။ သူ‌ရေးသား‌သော ‌ဆောင်းပါးတို့ကို ၁၉၁၃ ခုနှစ်တွင် တ‌ပေါင်းတည်းပြု၍ စာအုပ်ထုတ်‌ဝေခဲ့သည်။ ထိုပြင် လွှတ်‌တော်မှတ်တမ်း ‌ကောက်နုတ်ချက် ကလျာဏီသိမ် ‌ကျောက်စာ(အင်္ဂလိပ်လို)ဘာသာပြန်၊ မြန်မာဘာသာ မူလတန်း လက်စွဲဟူ‌သောစာအုပ်တို့ကိုလည်း ပြုစုခဲ့သည်။ အရှင်ဦးဩဘာသ၏ မဟာဇနကဇာတ်‌တော်ကြီးကိုလည်း အင်္ဂလိပ်ဘာသာဖြင့် ပြန်ဆိုခဲ့သည်။


မြန်မာမှုဆိုင်ရာ အ‌ရေးကိစ္စတို့တွင် ‌တော်စိန်ခိုသည် စိတ်အားထက်သန်စွာဖြင့် အ‌ရေးထယူ ‌ဆောင်ရွက်‌လေ့ရှိသည်။ သာသနာပိုင်ခန့်ထား‌ရေးကိစ္စတွင် ‌တော်စိန်ခိုသည် သံဃာ ‌တော်အရှင်မြတ်တို့အား ‌ကောင်း‌သောအကြံဉာဏ်များ‌ပေး၍ ဤကိစ္စကို ဖြစ်‌မြောက်‌စေရန် ‌ဆော်ဩ‌ပေးခဲ့သည်။ ထို‌နောက် မဟာဒါန်ဝန်ခန့်‌ရေး ဘုန်း‌တော်ကြီး‌ကျောင်းများတွင် သင်ကြား ပို့ချ‌သောပညာ‌ရေးဟူ‌သော ကိစ္စတို့တွင်လည်း အစိုးရကို အကြံဉာဏ်‌ကောင်းများ ‌ပေးခဲ့သည်။ အထူးသဖြင့် ဘုန်းကြီး‌ကျောင်း၌ ရှိရင်းစွဲဖြစ်‌သော ဘာသာစာရိတ္တ ပညာ‌ရေးကို ဖွံ့ဖြိုး‌အောင် ‌ဆောင်ရွက်ဖို့ရာ ‌တော်စိန်ခိုသည် အထူးတိုက်တွန်းခဲ့‌လေသည်။


ပထမပြန်စာ‌မေးပွဲ ဖြစ်‌မြောက်‌ရေးကိုလည်း ‌ဆော်ဩခဲ့သည်။ ထိုစာ‌မေးပွဲတွင် သီလရှင်များ ဝင်‌ရောက်စာပြန် ရန်ကိစ္စကိုလည်း ‌အောင်မြင်‌အောင် ‌ဆောင်ရွက်ခဲ့သည်။ ၁၉၁၀ ပြည့်နှစ် တွင် မြန်မာနိုင်ငံ၌ တက္ကသိုလ်‌ကျောင်းဖွင့်လှစ်‌ပေးရန်အတွက် ‌ဆော်ဩခဲ့သည့်အပြင် ပန်ဂျပ်တက္ကသိုလ်၏ နမူနာကိုယူ၍ အ‌ရှေ့တိုင်းဘာသာ ‌လေ့လာ‌ရေးဌာန တစ်ရပ် ဖွင့်လှစ်ပြီးလျှင် မြန်မာစာ‌ပေကို အဓိကထား၍ ပို့ချရန်ကိစ္စကိုလည်း လှုံ့‌ဆော်‌ပေးခဲ့သည်။ မြန်မာနိုင်ငံ၌ တက္ကသိုလ်ဖွင့်လှစ်‌ပေးခဲ့ပါမူ ဗုဒ္ဓ အဘိဓမ္မာ ပို့ချရန်အတွက် ဌာနတစ်ခု ဖွင့်လှစ်‌ပေးသင့်‌ကြောင်း ကိုလည်း အကြံ‌ပေးခဲ့သည်။ ထိုစဉ်ကပင်လျှင် မန္တ‌လေး၌လည်း ရန်ကုန်နှင့်အလားတူ တက္ကသိုလ်‌ကျောင်းရှိသင့်သည်ဟု ထင်မြင်ချက်များကို‌ရေးသား၍ လှုံ့‌ဆော်‌ပေးခဲ့သည်။


သို့ဖြစ်၍ မန္တ‌လေးမြို့တွင် ဥပစာ‌ကောလိပ် တည်‌ထောင်‌သောအခါ ‌တော်စိန်ခိုသည် ယင်း‌ကောလိပ်၏ ပထမဦးဆုံးဖွဲ့စည်း‌သော အုပ်ချုပ်‌ရေးအဖွဲ့တွင် အဖွဲ့ဝင်တစ်ဦး ဖြစ်လာ‌လေသည်။ ‌တော်စိန်ခိုသည် တရုတ်လူမျိုးအနွယ်ပင် ဖြစ်‌စေကာမူ မိမိ၏ သားသမီးတို့ကို မိမိတို့မှီတင်း‌နေထိုင်ရာ ‌ဒေသဖြစ်‌သော မြန်မာတို့နှင့် တ‌သွေးတသား တစိတ်တဝမ်းတည်းရှိ‌အောင် ‌နေထိုင်ရန် အမြဲဆုံးမဩဝါဒ ‌ပေး‌လေ့ရှိသည်။ ဗုဒ္ဓဘာသာ၌ သက်ဝင်ကိုင်းရှိုင်းသူဖြစ်‌လေရာ ၁၉၁၇ ခုနှစ် ‌မြေငလျင်‌ကြောင့် ပြိုကျခဲ့‌သော ပဲခူး‌ရွှေ‌မော်‌ဓောဘုရား ပြန်လည်တည်‌ဆောက်‌ရေး တွင် ဝိဝါဒမကွဲပြားဘဲ အညီအညွတ် တည်‌ဆောက်နိုင်ရန် အလို့ငှာ ကိုယ်တိုင်ပါဝင်‌ဆောင်ရွက်ခဲ့သည်။


အမျိုးကိုချစ်ခင်‌သော စိတ်ဓာတ်ရှိသူလည်းဖြစ်ရကား တိုင်းရင်းဖြစ်ပစ္စည်း သုံးစွဲ‌ရေးကို ‌ဆော်ဩခဲ့သည့်ပြင် မိမိကိုယ်တိုင် နမူနာပြ အဖြစ်ဖြင့် ပင်နီအင်္ကျီကို အမြဲဝတ်ဆင်‌လေ့ရှိသည်။ ‌တော်စိန်ခိုသည် ရန်ကုန်မြို့‌နေ ကုန်သည်ကြီး မစ္စတာ တန်ထွန်း၏သမီး ‌ဒေါ်မြနှင့်အ‌ကြောင်းပါခဲ့ရာ သား‌ခြောက် ‌ယောက်နှင့် သမီးတစ်‌ယောက်ထွန်းကားသည်။ ၁၉၃၀ ပြည့်နှစ် တွင် မိမိ‌နေထိုင်ရာ မန္တ‌လေးမြို့ ‌နေအိမ်၌ ကွယ်လွန်‌လေသည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း အတွဲ (၅)