မြန်မာ့ နန်းစဉ်ရတနာများ

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်

မြန်မာ့ နန်းစဉ်ရတနာများ ဆိုသည်မှာ မြန်မာမင်း အဆက်ဆက် တန်ဖိုးထား အသုံးပြုခဲ့ကြသော အသုံးအဆောင်ပစ္စည်း ရတနာများကို ခေါ်သည်။ မြန်မာပြည်သည် အဖိုးတန် သယံဇာတများ၊ တွင်းထွက်ကျောက်မျက်ရတနာများနှင့် ပြည့်နှက်နေသော နိုင်ငံတစ်နိုင်ငံအဖြစ် နှစ်ပေါင်းများစွာကပင် ရပ်တည်လာခဲ့သလို ကမ္ဘာကျော်စေခဲ့သော အဖိုးတန် ကျောက်မျက်ရတနာတွေ ကြောင့်လဲ ကမ္ဘာ့အလည်မှာ နာမည်ဂုဏ်သတင်း ကျော်စောခဲ့ပါသည်။ မြန်မာ့ နန်းစဉ်ရတနာများသည် (တစ်နည်း) သမိုင်းဝင်ရတနာတွေဖြစ်ပင် ဖြစ်သည်။

ရတနာပုံရွှေတိုက်တော်စာရင်းအရ မြန်မာ့နန်းစဉ်ပတ္တမြားများသည်-
၁။သက္ကရာဇ် ၁၀၃၂ (အေဒီ ၁၆၆၁) လောက်ကတည်းက ရှိခဲ့တဲ့ အလေးချိန် ရတီကိုးဆယ်ကျော်ရှိသော ပတ္တမြားငမောက်
၂။ ဗဒုံမင်းလက်ထက်ကတည်းက ရှိခဲ့တဲ့ ရတီချိန် နှစ်ဆယ်ခန့်ရှိတဲ့ လှော်ကားတင်ကလေး ဟုခေါ်သော ပတ္တမြား
၃။ သက္ကရာဇ် ၁၁၉၉ (အေဒီ၁၈၃၇) ခုနှစ် ရွှေဘိုမင်းလက်ထက်ကတည်းက ရှိခဲ့တဲ့ ရတီချိန်လေးဆယ်ကျော် လှော်ကားတင်ကြီး ဟုခေါ်သော ပတ္တမြား
၄။ အလေးချိန် လေးဆယ်ရတီရှိ ဆင်ဖြူတော် ဟုခေါ်သော ပတ္တမြား
၅။ အလေးချိန် ဆယ်ရတီရှိ ဆင်မတော် ဟုခေါ်သော ပတ္တမြား
၆။ စံထားအသုံးပြုရတဲ့ အချိန်ခြောက်ရတီရှိတဲ့ စံကျောက်တော် ဟုခေါ်သော ပတ္တမြား တို့ဖြစ်သည်။

ရွှေခေါင်းဆောင်း(သရဖူ)[ပြင်ဆင်ရန်]

ရွှေခေါင်းဆောင်း(သရဖူ)

အမျိုးအစား - ရွှေခေါင်းဆောင်း
အချိန်ကာလ - ဘုရင်မကြီး ရှင်စောပု(၁၄၅၃-၁၄၆၀)အသုံးပြုခဲ့သည်ဟု ယူဆရသည်။
တွေ့ရှိရာနေရာ -(၁၈၅၅)ရွှေတိဂုံဘုရား ၊ မြန်မာ
ပြုလုပ်ပုံနည်းပညာ -ရွှေသားဖြင့်ပြုလုပ်ထားပြီး ရတနာ စီခြယ်ထားသော ခေါင်းဆောင်း
အရွယ်အစား - မသိ
လက်ရှိတည်နေရာ - လန်ဒန်မြို့ ဝိတိုရိယနှင့် အယ်လဗတ်ပြတိုက်
ပြတိုက်ပစ္စည်း အမှတ် -

စကားချပ်။ ။ရှင်စောပုဘုရင်မကြီး အသုံးပြုခဲ့သည်ဟုဆိုသော ရွှေခေါင်းဆောင်းတစ်ခုကို လန်ဒန်မြို့ ဝိတိုရိယနှင့် အယ်လဗတ်ပြတိုက်ကြီးတွင် ယနေ့တိုင် ပြသထားလေသည်။[၁]

ပတ္တမြား ခေါင်းဘီး[ပြင်ဆင်ရန်]

ပတ္တမြား ခေါင်းဘီး

အမျိုးအစား - ပတ္တမြား ခေါင်းဘီး
အချိန်ကာလ - ၁၈ ရာစုရဲ့ နောက်ဆုံး ၂၅ နှစ်
တွေ့ရှိရာနေရာ - မန္တလေး၊ မြန်မာ
ပြုလုပ်ပုံနည်းပညာ - သစ်သား ပေါ် ရွှေကပ်၊ ပတ္တမြား နှင့် မြ ကို ရွှေပေါ်မှာ မြုပ်ပြီး အလှဆင်။
အရွယ်အစား - အရှည် ၈.၂ စင်တီမီတာ ၊ ဘေးတိုက်အကျယ် ၅.၁ စင်တီမီတာ
လက်ရှိတည်နေရာ - ဗစ်တိုးရီးယား နဲ့ အယ်ဘာတ် ပြတိုက်၊ လန်ဒန်
ပြတိုက်ပစ္စည်း အမှတ် - IS.2-1902

စကားချပ်။ ။မြင်နေကျ မြန်မာဟန်ပန်အတိုင်းဖြစ်သည်။ ထို ၂ ဘက်လှ သစ်သားဘီးလေးသည် ရွှေကို အပေါ်က ကပ်ထားသည်။ ပတ္တမြား နှင့် မြ ကို စီမြုပ်ပြီးအလှဆင်ထားသည်။ ဘီး၊ ဆီ( ခေါင်းလိမ်းဆီ/အလှဆီ)၊ ရေမွှေး၊ သနပ်ခါး နှင့် ဆံစု စတာတွေ ပါတတ်တဲ့ နန်းတွင်း အမျိုးသမီး တစ်ဦးရဲ့ အလှပြင်သေတ္တာ ထဲမှ တစ်ခု အပါဝင်ပါသည်။ အဖိုးတန် ရတနာ ပစ္စည်းများ နှင့် အလှဆင်ထားသော ထိုခေါင်းဘီးသည် ကုန်းဘောင် မင်းဆက် ( ၁၇၂၅-၁၈၈၅ ) မိဘုရား နှင့် မင်းမျိုးမင်းနွယ် တွေသာ သုံးနိုင်တဲ့ တော်ဝင် ပစ္စည်း တစ်ခုဖြစ်သည်။

  • (ဧကရီဘုရင်မကြီးထံ ပေးပို့သည့်ပစ္စည်းများထဲတွင် သီပေါ၏ အကောင်းဆုံး သရဖူတစ်ခု၊ ဒုတိယ သရဖူမှ မြကျောက်ကြီးသုံးလုံး၊ သရဖူထဲမှ ကျွတ်ကျသည့် ကျောက်အလွတ် ၈ လုံးထည့်ထားသည့် စက္ကအိတ်တစ်လုံး၊ စိန်ဒေါင်းရုပ်ပါသည့် ဘယက်တစ်ကုံး နှင့် ရွှေဘီး တစ်ချောင်း တို့ပါသည်။ ...............။) [၂]

လည်တုန်[ပြင်ဆင်ရန်]

လည်တုန်

အမျိုးအစား - လည်ဆွဲဘယက်
အချိန်ကာလ - ၁၉ ရာစုနှစ် နှစ်လယ်
တွေ့ရှိရာနေရာ - တနင်္သာရီ၊ မြန်မာ
ပြုလုပ်ပုံနည်းပညာ - - ရွှေချည် နဂထာ ကို နီကျင်ကျင်အရောင်ဆင်း ရရှိအောင် မဂျီးသီး(မန်ကျည်းသီ:) နှင့် ရွှေကို ရေနွေးထဲ ထည့် ပြုပ်တယ်၊ ဒါမှမဟုတ် ဆာလဖာ ကိုမီးရှို့ပြီး ရွှေအရောင်ရင့်လာ အောင်မှိုင်းတိုက် တယ်။
အရွယ်အစား - အရှည် ၂၈ စင်တီမီတာ ၊ အကျယ် ၈ စင်တီမီတာ
လက်ရှိတည်နေရာ - ဗစ်တိုးရိးယား နဲ့ အယ်ဘာတ် ပြတိုက်၊ လန်ဒန်
ပြတိုက်ပစ္စည်း အမှတ် - 123-1852

၁၉ ရာစုအလယ်ပိုင်း မှာ မြန်မာအမျိုးသမီးများ ဝတ်သည့် လည်ဆွဲ ။ နီကျင်ကျင်အရောင်ရှိပြီး လည်မှာဆွဲထားရင် တလှုပ်လှုပ်နှင့် မို့ "လည်တုန်" လို့ခေါ်သည်။ အပြောက်အမွန်းကောင်းကောင်း၊ ဆွဲသီး အတော်များများ (၂၃ ခု) ၊ ကုန်းဘောင်မင်းဆက် (၁၇၅၂-၁၈၈၅) အမှတ်လက္ခဏာ ဒေါင်းတံဆိပ် တို့နှင့် အလှဆင်ထားသဖြင့် ဝတ်ဆင်သူသည် အင်မတန် အဆင့်တန်းမြင့်သော အသိုင်းဝိုင်းကဖြစ်ပေမည်။

စကားချပ်။ ။ထားဝယ်မှာ ဆင်ဖြူမရှင် နေထိုင်စဉ် ထုတ်ရောင်းသော ပစ္စည်းများ ထဲမှ တစ်ခုဖြစ်မယ်ဟု ထင်ပါသည်။

၁၉ ရာစု လည်ဆွဲဘယက်[ပြင်ဆင်ရန်]

၁၉ ရာစု လည်ဆွဲဘယက်

အမျိုးအစား - လည်ဆွဲဘယက်
အချိန်ကာလ - ၁၉ ရာစု
တွေ့ရှိရာနေရာ - မန္တလေး၊ မြန်မာ
ပြုလုပ်ပုံနည်းပညာ - - ရွှေချည်ကြိုးငယ်များတွင် ပုလဲလုံးငယ်ကလေးများ သီကုံး၍အလှဆင်။
အရွယ်အစား - မသိ
လက်ရှိတည်နေရာ - ဗစ်တိုးရိးယား နဲ့ အယ်ဘာတ် ပြတိုက်၊ လန်ဒန်
ပြတိုက်ပစ္စည်း အမှတ် - 03165(IS)

စကားချပ်။ ။ပုလဲလုံးငယ်လေးတွေကို ရွှေချည်ကြိုးတွေနှင့် သေချာသီပြီး အလှဆင်ထားတဲ့ ဒီလည်ဆွဲဘယက် ဟာ လူတစ်ကိုယ်အတွက် တစ်ဆင်စာ ခြေချင်း၊ လက်စွတ်၊ နားတောင်း ၊ လည်ဆွဲ စတာတွေထဲက တစ်ခု အပါအဝင်ဖြစ်ပါတယ်။ ဒီလို လူတစ်ကိုယ်အတွက် တစ်ဆင်စာပြည့် ဝတ်စားဆင်ယဉ်မှုဟာ မျိုးရိုး အဆင့်တန်းမြင့် မြန်မာအမျိုးသမီး တစ်ဦးအတွက်တော့ မရှိမဖြစ်ပါ။ (ပြတိုက်ကတော့ မင်းတုန်းမင်း ခေတ်လို့ အရိပ်အမွတ်ပြောနေပါတယ်။)

၁၉ ရာစု ခြေချင်းတစ်စုံ[ပြင်ဆင်ရန်]

၁၉ ရာစု ခြေချင်းတစ်စုံ

အမျိုးအစား - ရွှေခြေချင်း
အချိန်ကာလ - ၁၉ ရာစု
တွေ့ရှိရာနေရာ - မန္တလေး၊ မြန်မာ
ပြုလုပ်ပုံနည်းပညာ - - ရွှေသားစစ်စစ် တွင် ပတ္တမြား အရိုင်းတုံးများဖြင့်အလှဆင်။
အရွယ်အစား - အပြင်ဘက် ကွင်းအကျယ် ၈.၉ စင်တီမီတာ ၊ အတွင်းဘက် ကွင်း အကျယ် ၈.၂ စင်တီမီတာ။
လက်ရှိတည်နေရာ - ဗစ်တိုးရီးယား နဲ့ အယ်ဘာတ် ပြတိုက်၊ လန်ဒန်
ပြတိုက်ပစ္စည်း အမှတ် - 03159:1, 2/(IS)

စကားချပ်။ ။ရွှေသားစစ်စစ် မှာ မသွေးရသေးတဲ့ ပတ္တမြား အရိုင်းတုံးကလေး တွေနှင့် အလှဆင်ထားတဲ့ ဒီ မိန်းမဝတ် ခြေချင်းတစ်စုံ ဟာ ၁၉ ရာစုအစော ပိုင်းနှစ်များ ဆီကပါ။ ဒီလို တန်ဖိုးကြီးပြီး လှပနှစ်လိုဖွယ်ရာ ရတနာကို ဝတ်ဆင်သူဟာ ဘုရင့် မိသားစုဝင်၊ ဆွေတော်မျိုးတော် ဒါမှမဟုတ် ဝန်ကြီးကတော် တွေထဲက ဘဲဖြစ်နိုင်ပါတယ်။

နဂါးလက်ကောက်[ပြင်ဆင်ရန်]

နဂါးလက်ကောက်
လည်ဆွဲ
လက်ကောက်

အမျိုးအစား - လက်ကောက်၊ လည်ဆွဲ အပါ ရတနာ တစ်ဆင်စာ
အချိန်ကာလ - ၁၉ ရာစု (၁၈၅၀)
တွေ့ရှိရာနေရာ - မန္တလေး၊ မြန်မာ
ပြုလုပ်ပုံနည်းပညာ - ကျစ်ဆံမြှီးကျစ် ထားသလိုမျိုး ရွှေကြိုး ဖွတ်မြှီးထိုး မှာ ပတ္တမြား ဖြင့်ပုံဖော်အလှဆင်။
အရွယ်အစား - အရှည်(အလျား) ၇ လက်မ၊ အနံ ၀.၂၅ လက်မ ။ အရှည် (အလျား) ၆ စင်တီမီတာ ( ပုံပါအတိုင်း) အနံ ၆.၂ စင်တီမီတာ( ပုံပါအတိုင်း) အထူ (ထူ) ၁.၁ စင်တီမီတာ( ပုံပါအတိုင်း)
လက်ရှိတည်နေရာ - ဗစ်တိုးရီးယား နဲ့ အယ်ဘာတ် ပြတိုက်၊ လန်ဒန်
ပြတိုက်ပစ္စည်း အမှတ် - M.39-1939

စကားချပ်။ ။၁၈၆၀ ခုနှစ် လောက်မှာ ပန်းချီဆရာ ဒိန်း ဂါဘရီရယ် ရိုဆက်စတီ ( Dante Gabriel Rossetti ) ဟာ ပန်းချီ ရေးဖို့ရာအတွက် အရောင်းသွေးစုံပြီး အသွင်ဆန်းသည့် နိုင်ငံရပ်ခြားဖြစ် ကျောက်မျက် ရတနာ နှင့် အခြား လိုအပ်ပစ္စည်း တွေကို လစ်စစ်စတာ စကွဲရား (Leicester Square) ၊ ဟမ်းမားစမစ် (Hammersmith) တဝိုက်ရှိ ထူးဆန်းပစ္စည်း အရောင်းဆိုင် မှာ ဝယ်ယူခဲ့ပါတယ်။ ၁၈၆၅-၁၈၆၆ ခုနှစ် ပတ်ဝန်းကျင် လောက်က ရိုဆက်စတီ ရေးခဲ့တဲ့ ပန်းချီကားမှာ သူ့ချစ်သူ သတို့ သမီးကို ဒီ နဂါးလက်ကောက် ဆင်မြန်းစေကာ ပုံတူကိုရေးခဲ့ပါတယ်။ ပန်းချီဆရာ ဒိန်း ဂါဘရီရယ် ရိုဆက်တီ (Dante Gabriel Rossetti) ဟာဂျိန်းမောရစ်(Jane Morris) ကိုလည်း မကြာခဏ အမျိုးသမီး ပုံတူ ရေးလေ့ရှိတယ်။ နောက်ပိုင်းမှာ ရိုစစ်စတီ က ဒီလက်ကောက်အပါဝင် ပစ္စည်း အချို့ ဂျိန်းမောရစ် ကိုပေးခဲ့တယ်။ ဂျိန်းမောရစ်(Jane Morris)အဖြစ် လူသိများတဲ့ ဂျင်နီ (Janey) ဟာ ဆိုရှယ်လစ် ပန်းချီ၊ ပန်းပု နှင့် ဒီဇိုင်းပညာရှင် ဝီလျန် မောရစ် (William Morris) ရဲ့ ဇနီးပါ။ ၁၉၃၈ မေ၊ မှာ ဂျိန်းမောရစ် ရဲ့ သမီးဖြစ်သူဟာ ရတနာ ပစ္စည်း အချို့ကို ဗစ်တိုးရီးယား နှင့် အယ်ဘာတ်ပြတိုက် ကို သေတမ်းစာ နှင့်လှူဒါန်းခဲ့ပါတယ်။

သီပေါမင်းပါတော်မူ ပြီးနောက် ၅ နှစ်အကြာမှာ ဒီလို မြန်မာပြည်က နန်းတွင်းသုံးရတနာ ပစ္စည်းဟာ အင်္ဂလန်နိုင်ငံ လစ်စစ်စတာကို ရောက်နေပါပြီ။ ဒီပစ္စည်းမူလ လာရာလမ်းကြောင်း ၂ ခုရှိတယ်။ မန္တလေး နှင့် ရတနာဂီရိ ။ ပါတော်မူတဲ့ နေ့မှာ ရတနာပစ္စည်း တွေပျောက်တယ်လို့ ဘုရင်က ရော၊ ဆင်ဖြူမရှင် ကပါ အင်္ဂလိပ်အစိုးရကို တိုင်းတန်းထားတာရှိပါသည်။

ရတနာဂီရိ ကိုပါတော်မူသော သီပေါဘုရင် ကလည်း ပါလာသည့် ရတနာ ပစ္စည်းများကို မကြာခဏဆိုသလို ထုတ်ရောင်းလေ့ရှိပါသည်။ ဒီပစ္စည်းတွေဟာ နန်းတွင်းသုံးပစ္စည်း ရယ်လို့ ကံသေကံမ ပြောလို့မရပါ။ မန္တလေးမှာ သိပ်ချမ်းသာသော ကုလား၊ တရုတ်နှင့် မြန်မာသူဋ္ဌေးတွေ ဆီကလည်းဖြစ်နိုင်ပါသေးသည်။ အင်္ဂလန်နိုင်ငံကို ပညာတော်သင်နှင့် သံအမတ်တွေအဖြစ်လာတဲ့ မြန်မာတွေက စရိတ်ပြတ်လို့ ရောင်းခဲ့တာမျိုး ရောမဖြစ်နိုင် ဘူးလားလို့ လူကပ်တွေက မေးလာရင် လည်းမဖြစ်နိုင်ပါလို့ဘဲဖြေရပါမယ်။

ရတနာ ပစ္စည်းတွေက အမျိုးသမီးသုံး တွေဖြစ်ပြီး ပညာတော်သင် နှင့် သံအမတ်တွေ အားလုံး အမျိုးသားတွေကြီးပါ။ မြန်မာသံ အဖွဲ့တစ်ဖွဲ့ ကတော့ စရိတ်ပြတ်ပြီး ရက်အတော်ကြာ သောင်တင်နေဖူးပါတယ်။

ဒီလက်ကောက်ကို ပြတိုက်က နဂါးလက်ကောက်လို့ ပြောပါတယ်။ ကျွန်တော့်အမြင်က တော့ ပုံသိပ်မရှင်းပါ။ ဘေးတိုက်ပုံဖြစ်နေပါတယ်။ ရွှေသိပ်မကြိုက်ပေမယ့် လက်ရာ ဟာ သိပ်အနုစိတ်ပြီး အဆင့်မြင့်တယ်လို့ထင်တယ်။

ဝန်ကြီးအဆောင်ယောင်[ပြင်ဆင်ရန်]

ဝန်ကြီးအဆောင်ယောင်

အမျိုးအစား - ဝန်ကြီးအဆောင်ယောင်
အချိန်ကာလ - ၁၉ ရာစု တတိယ နှစ်အစိတ်၊ မန္တလေး၊ Gold relief work, formed by raising and finished with repoussé and incised work(Ear tube) Gold sheets and filigree work(Ear tube) Gold sheets and filigree work(Foil order) Engraved thin gold metal foil
တွေ့ရှိရာနေရာ - မန္တလေးမြို့ ၊ မြန်မာ
ပြုလုပ်ပုံနည်းပညာ - -သစ်သားချောင်းငယ်လေးများကိုအသုံးပြုပြီး ယပ်တောင်ပုံအရင်ဖော်ယူပါတယ်၊ ပြီးနောက်အသင့်အနေတော် ပိုးထည်စကပ်ပါမယ်၊ ပိုးထည်စပေါ်မှာ ရိုးရာကြက်ဥအကာရောထားတဲ့ရေဆေး၊ ရွှေ နှင့် ငွေရောင် တွေကိုအသုံးပြုပြီး ရေးဆွဲတာမျိုးပါ။
အရွယ်အစား -(Shoulder belt) Length 61 cm(Shoulder belt) Width 13.4 cm (maximum)(Ear tube) Length 9.5 cm(Ear tube) Width 3.2 cm (maximum)(Ear tube) Length 9.5 cm(Ear tube) Width 3.2 cm (maximum)(Foil order) Length 28 cm(Foil order) Width 7 cm
လက်ရှိတည်နေရာ - ဗစ်တိုးရီးယား နဲ့ အယ်ဘာတ် ပြတိုက်၊ လန်ဒန်
ပြတိုက်ပစ္စည်း အမှတ် - IS.15 to C-1947

စကားချပ်။ ။မန္တလေး၊ သီပေါမင်းက အမှုထမ်း အဆင့်မြင့်နန်းတွင်း အမတ်ကြီးတစ်ဦးအတွက်ချီးမြင့်တဲ့ ဘွဲ့တဆိပ်ပါရွှေပြား၊ ရွှေနားတောင်း၊ ၁၂ ကြိုးရွှေစလွယ် အဆောင်ယောင်တွေပါ။ ဒီလိုအဆောင်ယောင်မျိုးကို ဘုရင်ရှေ့တော် ညီလာခံဝင်တဲ့အကာမှာဝတ်ဆင်တာပါ။ ရာထူးရာခန် ဘယ်လောက်အဆင့်မြင့်တယ်ဆိုတာကို ရွှေစလွယ်မှာပါတဲ့ ရွှေကြိုးအရေတွက်ကိုကြည့်ပြီးသိနိုင်ပါတယ်။ ရွှေစလွယ်ထိပ် ချိပ်မှာပါတဲ့ အရုပ် (၃)ခုမှာ ဒေါင်းပုံဟာ ကုန်းဘောင်မင်းဆက်ကို ကိုစားပြုပါတယ်။ ဝန်ကြီးရဲ့ ဘွဲ့နာမည်ကိုရွှေပြားပေါ်မှာ ရေးထိုးထားသလို အနီရောင်ဖဲကြိုးစကိုဖြင့် ခေါင်းပေါင်း ဒါမှမဟုတ် နဖူးမှာစီးပြီးမှသာ ဘုရင့်ရှေ့တော်ကိုအခစားဝင်မှာပါ။ (ပြတိုက်ရဲ့မှတ်ချက်က ဒီလောက်ဘဲရေးထားပါတယ်။)

အမှန်ကိုဝင်ခံရရင် မန္တလေးခေတ် မင်းတုန်း၊ သီပေါ ခေတ်အနုပညာလက်ရာတွေကို သိပ်အကြိုက်ကြီးမဟုတ်လှပါ။ ဒေါင်းရုပ်ဘေးကအရုပ်က "ဗျာလ" ပါ။ ပုဂံ ထီးလိုင်မင်း ကျန်စစ်သား လက်ထက်ကတည်းက နန်းတွင်းအလှဆင်ရာမှာတွင်ကျယ်စွာအသုံးပြုပါတယ်။ ရခိုင်ဘုရင်တွေလည်းသုံးပါတယ်။ ယခုလည်းသုံးဆဲပါ။ သိန်းငှက်ပုံကို အောက်ဆုံးမှာတွေ့ရပါမယ်။ ရွှေပြားပေါ်မှာတော့ အများသိ ခြင်္သေ့ ပါ။

ဒီဝန်ကြီး " သတိုးမင်းကြီးမဟာမင်းထင်စည်သူ" အကြောင်းသေသေချာချာ သိပ်မသိပါ။ သိသလောက်ပြောပါံမယ်။ မန္တလေး ဒုတိယ ရွှေအင်ပင် ကျောင်းတကာ တရုတ်သူဋ္ဌေး ဦးစက်ရွှင်(၁၇ မတ် ၁၉၁၇ မှကွယ်လွန်) သင်္ချိုင်းစာ ၂၉-၃၅မှာ(မူရင်းအတိုင်း) သတိုးမင်းကြီး မဟာမင်းထင်စည်သူဟူသော အမတ်ကြီးသည် ကြံအား ဘန်အား ညဏ်အား လုံးလကိုသိသဖြင့် သားနှယ်တမျှ ထင်မှတ်၍၊ သီပေါရွှေနန်းလျှင်ဘုရားရှေ့တော် ဆက်သွင်းရာ၊ အလွန်ဝမ်းမြောက်တော်မူ၍၊ ကျောက်စိမ်းအလုပ် အခွန်တော်ထမ်းဆောင်၊ ကောင်းမွန်စွာ ကူးသန်းရောင်းဝယ်စေ၊ ဟူသောအမိန့်တော်မြတ် ခပ်အပ်တော် မူလိုက်သည်အတိုင်း၊ ကူးသန်းရောင်းဝယ်၍၊ ဥစ္စာအင်ခွင်တို့သည်များစွာ တင့်တယ်လေသည်။ သတိုးမင်းကြီးမဟာမင်းထင်စည်သူ ဟာ ဝင်ရှင်တော်တောင်ခွင်မြို့စားဖြစ်ပြီး ၁၂၅၄ နတ်တော်လပြည့်ကျော် ၂ ရက်(၁၅ ဒီဇင်ဘာ ၁၈၉၂)မှာကွယ်လွန်။ [၃]

ရတနာပုံ ငွေဒင်္ဂါး[ပြင်ဆင်ရန်]

အမျိုးအစား - ငွေဒင်္ဂါး
အချိန်ကာလ - ၁၉ ရာစု
တွေ့ရှိရာနေရာ - မန္တလေးမြို့ ၊ မြန်မာ
ပြုလုပ်ပုံနည်းပညာ -
အရွယ်အစား -
လက်ရှိတည်နေရာ -
ပြတိုက်ပစ္စည်း အမှတ် -


မန္တလေးနန်းသုံးယပ်တောင်[ပြင်ဆင်ရန်]

မန္တလေးနန်းသုံးယပ်တောင်

အမျိုးအစား - ယပ်တောင်
အချိန်ကာလ - ၁၈၈၀
တွေ့ရှိရာနေရာ - မန္တလေးမြို့ ၊ မြန်မာ
ပြုလုပ်ပုံနည်းပညာ - -သစ်သားချောင်းငယ်လေးများကိုအသုံးပြုပြီး ယပ်တောင်ပုံအရင်ဖော်ယူပါတယ်၊ ပြီးနောက်အသင့်အနေတော် ပိုးထည်စကပ်ပါမယ်၊ ပိုးထည်စပေါ်မှာ ရိုးရာကြက်ဥအကာရောထားတဲ့ရေဆေး၊ ရွှေ နဲ့ ငွေရောင် တွေကိုအသုံးပြုပြီး ရေးဆွဲတာမျိုးပါ။
အရွယ်အစား -အရှည် ၃၄ စင်တီမီတာ ၊အကျယ်(ပွင့်လျက်)၆၆.၆ စင်တီမီတာ
လက်ရှိတည်နေရာ - ဗစ်တိုးရီးယား နဲ့ အယ်ဘာတ် ပြတိုက်၊ လန်ဒန်
ပြတိုက်ပစ္စည်း အမှတ် - IM.292-1921

စကားချပ်။ ။သစ်သားချောင်းငယ်လေးများကိုအသုံးပြုပြီး ယပ်တောင်ပုံအရင်ဖော်ယူပါတယ်၊ ပြီးနောက်အသင့်အနေတော် ပိုးထည်စကပ်ပါမယ်၊ ပိုးထည်စပေါ်မှာ ရိုးရာကြက်ဥအကာရောထားတဲ့ရေဆေး၊ ရွှေ နဲ့ ငွေရောင် တွေကိုအသုံးပြုပြီး ရေးဆွဲတာမျိုးဟာ နန်းတော်ထဲမှာအမှုထမ်းနေတဲ့ တော်ဝင်ပန်းချီ ဆရာတွေရဲ့လက်ရာပါ။ မြန်မာပြည် နောက်ဆုံးဘုရင် ဖြစ်တဲ့ သီပေါကို နန်းချပြီး အစောင့်အရှောက်နဲ့ပြည်နှင်ဒဏ်ပေး တဲ့ ၁၈၈၅ ခုနှစ်မှာတွေ့ရှိပါသည်။ မန္တလေးနန်းတော် အတွင်းရှိ ဥယာဉ်တော်တွင်းမှာ ဂီတပညာရှင်၊ အကပညာရှင်တွေ ဖျော်ဖြေတဲ့ဇာတ်ပွဲကို သီပေါမင်း၊ မိဖုခေါင်ကြီးဖြစ်တဲ့ စုဖုရားလတ်၊ မောင်းမ ချွေရံတွေ နန်းတွင်းအဝတ်တန်ဆာတွေအပြည့်နဲ့ ရှူစားပုံပါ။ ဒီယပ်တောင်လေးက စိတ်ဝင်စားစရာပါ။ မန္တလေးနန်းသုံးယပ်တောင် အတော်များများကို တွေ့ဖူးပါသည်။ ဒီယပ်တောင်ဟာ လက်ရာအကောင်ဆုံးပါ။ Repair ပြန်ပြင်ထားတာမျိုးမဟုတ်ဘူးဆိုရင်တော့ အဆင့်တန်းမြင့်နေပြီဖြစ်တဲ့ မြန်မာပန်းချီအဆင့်တန်းမြင့်မားမှုကိုတွေ့မြင်လေ့လာလို့ရမှာပါ။ တွေ့ဖူးသမျှမန္တလေးခေတ် ယပ်တောင်တွေက ဆင်စွယ်ကိုသုံးတာများပါသည်။ အဲဒိခေတ်အခါကိုထင်ဟပ်စေတဲ့ပန်းချီတော်တော်များများကို ဆရာချုံရေးတာများပါသည်။ ဘယ်သူရေးသည် မသိရပါ။

၁၈၅၄ခုနှစ်က ပန်းချီကား[ပြင်ဆင်ရန်]

အမျိုးအစား - ပန်းချီကား
အချိန်ကာလ - ၁၉ ရာစု
တွေ့ရှိရာနေရာ - ကာလကတ္တား
ပြုလုပ်ပုံနည်းပညာ - ရေဆေးပန်းချီ။
အရွယ်အစား - အမြင့် ၄၃.၅ စင်တီမီတာ ၊ အကျယ် ၃၅ စင်တီမီတာ။
လက်ရှိတည်နေရာ - ဗစ်တိုးရီးယား နဲ့ အယ်ဘာတ် ပြတိုက်၊ လန်ဒန်
ပြတိုက်ပစ္စည်း အမှတ် - IS.180-1950, IS.179-195, IS.181-1950

စကားချပ်။ ။ ၁၈၅၂ အင်္ဂလိပ် မြန်မာ ဒုတိယအကြိမ် စစ်ဖြစ်ပြီး မြန်နိုင်ငံ အောက်ပိုင်း နဲ့ ရခိုင် ကိုပါ အင်္ဂလိပ်က သိမ်းယူလိုက်ပါတယ်။ ၁၈၅၄ ကုန်ခါနီးမှာ မြန်မာဘုရင် မင်းတုန်းမင်း (၁၈၅၃-၁၈၇၈) ဟာ အရှေ့နန်းမတော် ဘုရားဝန်မင်းကြီး ဦးဆောင်တဲ့ သံအဖွဲ့ကို အိန္ဒိယ ဘုရင်ခံချူပ် လော့ဒလဟိုစီ နဲ့တွေ့ဖို့ရာ ကာလကတ္တား ကိုသွားပါတယ်။ ဆာအာသာဖယ်ရာ ကဒီခရီးမှာ စကားပြန်အဖြစ်လိုက်ပါခဲ့တာပါ။ ဆာအာသာဖယ်ရာရဲ့ တူမက ပြတိုက်ကို လှူဒါန်းခဲ့တာပါ။ အတူပါလာတဲ့ နန်းတွင်း ပန်းချီပညာရှင် မှတ်တမ်းတင်ရေးဆွဲထားတဲ့ ဒီရေဆေး ပန်းချီကား သုံးကားလုံးမှာ မြန်မာသံအမတ်များရဲ့ ခန်းနားထည်ဝါမှုကို လေ့လာခွင့်ရပါတယ်။

ဘုရားလောင်းဗောဓိသတ်လောကနာထ[ပြင်ဆင်ရန်]

ဘုရားလောင်းဗောဓိသတ်လောကနာထ

အမျိုးအစား - ရုပ်ထု/ ရုပ်ပွားတော်
အချိန်ကာလ - ၁၀ ရာစု
တွေ့ရှိရာနေရာ - ပုဂံ၊ မြန်မာ
ပြုလုပ်ပုံနည်းပညာ - - ကြေးနီပုံသွင်း၊ ရွှေချ ရုပ်ထု/ ရုပ်ပွားတော်
အရွယ်အစား - အမြင့် ၇.၂၅ လက်မ ၊ အကျယ် ၄.၇၅ လက်မ။
လက်ရှိတည်နေရာ - ဗစ်တိုးရီးယား နဲ့ အယ်ဘာတ် ပြတိုက်၊ လန်ဒန်
ပြတိုက်ပစ္စည်း အမှတ် - IM.39-1922

စကားချပ်။ ။ဘုရားလောင်းဗောဓိသတ်လောကနာထ မင်းထိုင်ပုံ ဟာ ၁၀-၁၁ ရာစုနှောင်းပိုင်းဖြစ်ပြီး အတော်လေးကိုရှားရှားပါးပါးနဲ့ ၁၀ ရာစု သို့မဟုတ် ၁၁ရာစု နှောင်းလား ဆိုတာ ဝိရောဓိ ဖြစ်စေနိုင်တဲ့လက်ရာမျိုးပါ။ သို့သော်လည်းဘဲ အစောပိုင်းခေတ်ဦး သေသေသပ်သပ် အနုစိတ်ခြယ်မှုန်းတတ်တဲ့ လက်ရာမျိုးအဖြစ်တွေ့ရပါမယ်။ ဒီမင်းဝတ်တန်ဆာယောက်ျားပုံ ရုပ်ထု/ရုပ်ပွားတော်ကို ပုဂံဘုရားပုထိုး မှာလှူဒါန်းခဲ့တာပါ။

ပုဂံခေတ် လက်ရာတွေမှာ အိန္ဒိယ,ပါလ( India, Pala )ဟန်လွှမ်းမိုးမှုတွေကို အများအားဖြင့် ဘုရားဆင်းတုတော်တွေမှာတွေ့ရ ပြီး၊ မဟာယာနဟန် တွေကိုတော့မြေပုံဘုရား၊ နံရန်ဆေးရေးပန်းချီတွေမှာအတွေ့များပါတယ်။ အပယ်ရတနာ ဘုရားဟာ မဟာယာနဟန်ပါ။ ဟင်ဒူဘာသာ( Hindu )အယူဝါဒကိုတော့ ဗေဒင်၊အခါပေး နဲ့ နတ်ဘုရားရုပ်ထုအချို့ တွေမှာတွေ့ရပါတယ်။ ဒါကြောင့် ပုဂံခေတ် ကိုးကွယ်ယုံကြည်မှု ဟာအများထင်သလို ဗုဒ္ဓဘာသာ တစ်ခုတည်းမဟုတ်ပါ။ နောက်ပြီး စိတ်ဝင်စားစရာအဖြစ် လူပြောများလှတဲ့ အရည်းကြီး ကိုးကွယ်မှု ကိုဘယ်ကျောက်စာ၊ ဘယ်လိုအထောက် ထားမျိုးမှာမှရှာမရပါ။ အုပ်ချုပ်တဲ့မင်း တွေအနေဖြင့် ဘယ်ကိုးကွယ်ယုံကြည်မှုကိုမှ ဖိနှိပ်တာမျိုးကိုမရှိပါ။ အနိရုဒ္ဓ (အများခေါ် အနော်ရထာ) မင်းဟာ မဟာယာနဗုဒ္ဓဘာသာ ကိုးကွယ်ယုံကြည်မှုကိုပါ ချီးမြင့်တယ်ဆိုတာ သူကိုယ်တိုင်ပြုလုပ်လှူဒါန်းတဲ့ မြေပုံဘုရား နောက်ကျောစာမှာ

ဧသော လောကနထော မဟာရာ
ဇသိရီ အနိရုဒ္ဓဒေဝေနကတော
မိမုတ္တ မုတ္တံ သဟတ္တေနေဇာတိ

(မြန်မာလိုပြန်ကတော့)
ဤလောကနာထ(ဘုရားလောင်း) ပုံတော်ကို
သိရီ အနိရုဒ္ဓဒေဝ မင်းကြီးလည်း
သံသရာမှ ထွက်မြောက်ရန် ကိုယ်တိုင်လုပ်သည်။

ဒီမြေပုံဘုရား(အုတ်ခွတ်ဘုရား)ကို ခန့်မှန်း ၁၉၃၈လောက်က ပခုက္ကူရေစကြို ကားလမ်း၊ ပခုက္ကူက ၁၂ မိုင်ကွာ ကန်သစ်ရွာသူကြီး ဦးဘတင်က ကျောက်စာဝန်ဟောင်း ဦးမြဆီလာပေး/လာပြ (ပေးလား/ပြလား မသေချာ) တယ်လိုဆိုပါတယ်။ ကျွန်တော်ကိုယ်တိုင်လဲမမြင်ဖူးပါ။ [၄]

ခေါင်း၃လုံး ဗြဟ္မာနတ်မင်း[ပြင်ဆင်ရန်]

ခေါင်း၃လုံး ဗြဟ္မာနတ်မင်း

အမျိုးအစား - ခေါင်းသုံးလုံး ဗြဟ္မာနတ်မင်း
အချိန်ကာလ - ၁၁ ရာစု
တွေ့ရှိရာနေရာ - ပုဂံ၊ မြန်မာ (သိပ်မသေချာ၊ ဖြစ်နိုင်ချေရှိ)
ပြုလုပ်ပုံနည်းပညာ - - ခဲညိုရောင်(မီးခိုးရောင်)သဲကျောက်အမာတစ်မျိုးကို ကျောက်စစ်ပညာရှင်က ထွင်းထုထားသည်။
အရွယ်အစား - အမြင့် ၃၃.၅ စင်တီမီတာ ၊ အောက်ခြေအကျယ် ၂၂.၂ စင်တီမီတာ
လက်ရှိတည်နေရာ - ဗစ်တိုးရီးယား နဲ့ အယ်ဘာတ် ပြတိုက်၊ လန်ဒန်
ပြတိုက်ပစ္စည်း အမှတ် - IM.39-1917

စကားချပ်။ ။ခေါင်းသုံးလုံး ဗြဟ္မာနတ်မင်း ကျောက်စစ်ရုပ်ကြွသည် ဟိန္ဒူ (Hindu) နတ်ဘုရားတွေဖြစ်သည့် " ဗြဟ္မာ"ဆိုတဲ့ ဖန်ဆင်းရှင်၊ "ဗိဿနိုး"ဆိုတဲ့ စောင့်ရှောင့်သူ၊ "သိဝ"ဆိုတဲ့ ဖျက်စီးသူ ဟု ဆိုသော နတ်ဘုရားတွေကိုကိုယ်စားပြုပါသည်။ ဟိန္ဒူ (Hindu) နတ်ဘုရားကျောင်းနံရံ ခပ်မြင့်မြင့်နေရာမှာ ဒီကျောက်စစ်ရုပ်ကြွပုံပါ ကျောက်ပြားကို ကပ်ပြီး အလှဆင်မယ်။ နတ်မင်းဟာ ခြေတမလင်ခွေထိုင်လျှက် လက်အုပ်ချီထားပါသည်။ နမသ္ကာရမုဒြာပါ ။ ခေါင်းသုံးလုံးဟာသက်ဆိုင်ရာအရပ်တွေကိုမျက်နှာမူထားပါသည်။ ကျစ်ဆံမီးကျစ်ထားတဲ့ဆံပင်တွေသည် အပေါ်ကို အဖျားရှူးချွန်တက်သွားပြီး ကြာပန်းထိပ်ဖူးနဲ့အပေါ်မှာအဆုံးသတ်ထားတဲ့ အသေးစိပ်လက်ရာပါသည်။ ခန္ဓာကိုယ်အပေါ်ပိုင်းမှာတော့အဝတ်မပါ။ အောက်ပိုင်းမှာ အဝတ်စည်းထားတယ် ဆိုတာသိသာစေဖို့ အရေးကြောင်း(ကောက်ကြောင်း)အဖြစ်တွေ့ရပါမည်။ ဗုဒ္ဓဘာသာရဲ့အငွေ့သက်တွေပြစ်တဲ့ လက်အုပ်ချီထားပုံ၊ ထိုင်နေပုံ ကိုယ်နေဟန်ထား၊ နားရွက်ရှည် စတာတွေကိုဒီကျောက်စစ်ရုပ်ကြွလေးမှာတွေ့ရမှာပါ။ ဒီကျောက်စစ်ပြားဟာ အရင်းမူလနေရာ ဘယ်နေရာကဆိုတာအတိအကျမသိနိုင်သေးပါ။ အရှေ့ဘင်္ဂလား ကလဲ ဖြစ်နိုင်ပါတယ်။ ဒေါက်တာ ဂျေ. အန်ဒါစင် (Dr J. Anderson) ရဲ့ ကိုယ်ပိုင်စု ဆောင်းမှုတွေထဲက တစ်ခုဖြစ်ပြီး သူ့ဇနီးသည် Mrs G.S. Anderson အတွက်ထားရစ်ခဲ့တာပါ။ ဒေါက်တာ ဂျေ. အန်ဒါစင်ဟာ ၁၈၉၆ ခုနှစ်၊ဗြိတိသျှ အစိုးရရဲ့ ပထမဆုံး လေ့လာရေးခရီးစဉ်ဖြစ်တဲ့ မြန်မာနိုင်ငံအထက်ပိုင်း ကိုဖြတ်ပြီး တရုတ်ပြည် ယူနန်ဘက် လေ့လာရေး ခရီးသွားအဖွဲ့ဝင်တွေထဲက တစ်ဦးပါ။[၅]

၁၂ ရာစု ပုဂံ စဉ့်ထည် ကျောက်ပြား[ပြင်ဆင်ရန်]

၁၂ ရာစု ပုဂံ စဉ့်ထည် ကျောက်ပြား

အမျိုးအစား - စဉ့်ထည် ကျောက်ပြား
အချိန်ကာလ - ၁၂ ရာစု ( ပုဂံ )
တွေ့ရှိရာနေရာ - ပုဂံ
ပြုလုပ်ပုံနည်းပညာ - - ရွံ့စေး ကိုအုတ်ရအောင်အရင်ဖုတ်၊ ပြီးရင်စဉ့်ရည်သုတ်လို့အလွယ်ရှင်းပါရစေ။
အရွယ်အစား -အမြင့် ၂၆.၅ စင်တီမီတာ ၊ ထု(အထူ) ၃.၅ စင်တိမီတာ ၊အကျယ် ၂၆.၅ စင်တီမီတာ၊
လက်ရှိတည်နေရာ - ဗစ်တိုးရီးယား နဲ့ အယ်ဘာတ် ပြတိုက်၊ လန်ဒန်
ပြတိုက်ပစ္စည်း အမှတ် - IS.127-1999

စကားချပ်။ ။ဒီအစိမ်းရောင် စဉ့်ထည်ကျောတ်ပြား ဟာ ၁၂ ရာစုမှပြစ်ပြီး ယနေ့မြန်မာလို့ခေါ်တဲ့ ဘားမားကပါ။ နံရံ ဒါမှမဟုတ် ကြမ်းခင်းအဖြစ် အသုံးပြုတာမျိုးပါ။ ဖြစ်နိုင်ခြေရှိတာက စေတီ ရဲ့အောက်ခြေရှိ နံရံမှာ အလှဆင်ကျောတ်ပြား အဖြစ်အသုံးပြုတာမျိုးပါ။ ဒီလိုအလှဆင်ကျောတ်ပြားတွေဟာ ဗုဒ္ဓဘုရားရှင်ရဲ့ ဘဝဟောင်းဖြစ်စဉ်တွေဖြစ်တဲ့ ငါးရာငါးဆယ် ဇာတ်နိပါတ်တော်တွေကို ဖော်ပြတာပါ။ Alex Biancardi ကပြတိုက်ကိုလှူဒါန်း ခဲ့တာပါ။ စဉ့်ရည်သုတ်လိမ်းတဲ့ သဲအုတ်ဇာတ်တော် တွေ့နိုင်တဲ့နေရာတွေကတော့
ရွှေစည်းခုံ- ၁၁ ရာစုနှစ်
အာနန္ဒာ- ၁၁ ရာစုနှစ်
စူဋ္ဌာမုနိ - ၁၂ ရာစုနှစ်
စိုးမင်းကြီးစေတီ - ၁၃ ရာစုနှစ်
ထီးလိုမင်းလို- ၁၃ ရာစုနှစ်
ဓမ္မရာဇက- ၁၃ ရာစုနှစ်
မင်္ဂလာစေတီ - ၁၃ ရာစုနှစ်
မာန်အောင်စေတီ- ၁၃ ရာစုနှစ်

၁၈၉၁ ခုနှစ်လောက်က ဂျာမန်အမျိုးသား ဘူမိဗေဒပညာရှင် Dr. Fritz Von Noetling ခိုးယူစဉ်က စဉ့်ထည် ကျောတ်ပြား ၅၀၀ ခန့်ပါသွားနိုင်ပါတယ်။ အခုမြင်နေရတဲ့ ဗစ်တိုးရီးယား နဲ့ အယ်ဘာတ် ပြတိုက်၊ လန်ဒန်က စဉ့်ထည် ကျောတ်ပြားဟာ အဲ့ဒီအခိုးခံရတဲ့ အထဲက တစ်ခုဖြစ်နိုင်ပါတယ်။


မာန်စစ်သည် မြွေခေါင်းထွက်[ပြင်ဆင်ရန်]

မာန်စစ်သည် မြွေခေါင်းထွက်

အမျိုးအစား - စဉ့်ထည် ကျောက်ပြား
အချိန်ကာလ - ၁၉ ရာစု အစောပိုင်း
တွေ့ရှိရာနေရာ - အင်းဝမြို့ဟောင်း၊
ပြုလုပ်ပုံနည်းပညာ - - ရွံ့စေး ကိုအုတ်ရအောင်အရင်ဖုတ်၊ ပြီးရင်စဉ့်ရည်သုတ်လို့အလွယ်ရှင်းပါရစေ။
အရွယ်အစား -အမြင့် ( ပတ်လည် ) ၂၂ ဒသမ ၅ စင်တီမီတာ
လက်ရှိတည်နေရာ - ဗစ်တိုးရီးယား နဲ့ အယ်ဘာတ် ပြတိုက်၊ လန်ဒန်
ပြတိုက်ပစ္စည်း အမှတ် - IM.134-1925

စကားချပ်။ ။မြတ်စွာဘုရားရှင် တရားအားထုတ်စဉ် သဗ္ဗေညုတညဏ်(အရာအားလုံးကိုထိုးထွင်းသိမြင်တော်မူသောညဏ်) မရအောင် မာန်နတ်မင်းနဲ့သူ့စစ်သည်တော်တွေက ဘုရားရှင်ကိုခြိမ်းခြောက်နှောင့်ယှက် ရာမှာပါတဲ့ မာန်စစ်သည် နှစ်ဦးပုံပါ။ စစ်သည်နှစ်ဦး၏ ဦးခေါင်းထက်တွင် မြွေဆိုးကိုလည်ကောင်း၊ လက်တွင်ဓားကိုင်စွဲထားသည်ကိုလည်ကောင်းတွေ့ရပါမယ်။ အောက်ကစာ " မာန်စစ်သည်မြွေခေါင်းထွတ်" ကိုတော့ရှင်းပြရန်မလိုတော့ပါ။ ၁၉ရာစုအစောပိုင်းကာလ ဘိုးတော်ဘုရား လက်ထက် မင်းကွန်းပုထိုးတော်ကြီးတည်ဆောက်စဉ် ဒီအလှဆင်ကျောတ်ပြား(စဉ့်ပြား)တွေကိုအသုံးပြီပြုခဲ့တာပါ။ ၁၈၁၉ မှာ ဘိုးတော်ဘုရားနတ်ရွာလားတော့ ပူထိုးတော်ကြီးလဲ မပြီးဘဲကျန်ခဲ့ပါတယ်။

ဒီနေရာမှာ ပြောစရာတွေအများကြီးရှိပါတယ်။ ဒီစဉ့်ကိုစပြောမယ် ပြတိုက်က ဘာကြောင့်များ အောက်ခြေက ဂဏန်း၄၄၉ ကို မရှင်းလဲမသိပါ။ ပုံကိုသေချာကြည့်ရင်မြင်နေရပါတယ်။ ပြစ်နိုင်ခြေရှိတာက ဒီစဉ့်ကွင်းရဲ့ အမှတ်စဉ်ဖြစ်မယ်လို့ထင်ပါတယ်။ နောက်ပြီး ဘေးဘောင် အနားသတ်မှာ ပန်းပွင့်လိုလိုထင်ရပေမဲ့ အလှဆင်တဲ့ပန်းပွင်ရိုးရိုးမဟုတ်ပါဘူး။ ဓမ္မလှည်းဘီးလို့လူသိများတဲ့ The Wheel Of Dharma ပါ။ မာန်နတ်မင်းနဲ့အပေါင်းပါတွေကို တရားဓမ္မဖြင့်အောင်မြင်ခြင်းကိုဖော်ဆောင်ပါတယ်။ ဝတ်စားဆင်ယဉ်မှုမှာအောက်ပိုင်း ကုန်းဘောင်ခေတ်အဝတ်စား နဲ့ အပေါ်ပိုင်းအဝတ်မပါ။ မျက်နှာတွင်အမွှေးရှည်ရှည် မှုတ်ဆိတ်တွေ.ရပါမယ်။ ထူးထူးခြားခြားလို. ထင်မိပါတယ်၊ ၁၉ရာစုဦးလက်ရာတွေမှာ ဒီလိုအမွှေးရှည်ရှည်အတွေ.ရနည်း လွန်းလို.ပါ။ ဒီလိုအလှဆင်စဉ့်ကွင်းတွေကို ၁၁ရာစုခေတ်လယ် ပုဂံ ငကျွဲနတောင်းဘုရားမှာစတွေ.ရ ပါတယ်။ ပုဂံခေတ် စဉ့်ဖိုဟောင်းကိုမြင်းကပါရွာမှာတွေ.ရတယ်။ ရခိုင်ဘက်မှာတော့၁၄၃ဝတည်တဲ့ မြောက်ဦးမြို့ မှာတွေ.နေရပါပြီ။ အခုဒီ ၁၉ရာစုဘိုးတော် လက်ထက်စဉ့်ကွင်းကိုတော့ ၁ရရာစုလယ်ကစပြီးအတွေ.ရများတဲ့ စစ်ကိုင်း ဝင်းကျင်ကစဉ့်ဖိုတွေကဘဲဖြစ်မယ်။ စဉ့်ဖိုဟောင်းတော့ မတူးလို့ မတွေ.ရသေးပါ။ နောက်ဆုံးပြောချင်တာက ပုထိုးတော်ကြီးပါ။ ဘိုးတော်ဘုရားနောက် ဘယ်မြန်မာဘုရင်မှ ပြီးအောင်ဆက်မတည်ပါ။ " ဘုရားလဲပြီးပြည် ကြီးလဲပျက်" ဆိုတဲ့ တဘောင် ကြောက်လို့ဘဲဖြစ်မှာပါ။ ဒါလည်း ကောင်းပါတယ်။ ရှေးလက်ရာမပျက်လေ့လာလို့ရတာပေါ့။

မာန်နတ်မင်းရဲ့သမီးပျို[ပြင်ဆင်ရန်]

မာန်နတ်မင်းရဲ့သမီးပျို

အမျိုးအစား - မြေ စဉ့်ထည်
အချိန်ကာလ - ၁၅ ရာစု
တွေ့ရှိရာနေရာ - မြန်မာ (သိပ်မသေချာ၊ ဖြစ်နိုင်ချေရှိ)
ပြုလုပ်ပုံနည်းပညာ - - မီးဖုတ် မြေ/ကြွေ ပြားကို အစိမ်းရောင်၊အညိုရောင် စဉ့်ရည်သုပ်လိမ်း။
အရွယ်အစား -အမြင့် ၄၃.၅ စင်တီမီတာ ၊ အကျယ် ၃၅ စင်တီမီတာ။
လက်ရှိတည်နေရာ - ဗစ်တိုးရီးယား နဲ့ အယ်ဘာတ် ပြတိုက်၊ လန်ဒန်
ပြတိုက်ပစ္စည်း အမှတ် - 173-1875

စကားချပ်။ ။အစိမ်းရောင် နောက်ခံပေါ်မှာ ဖန်တီးထားတဲ့ သပ်ရပ် လှပကျော့ရှင်းတဲ့ မာန်နတ်မင်းရဲ့သမီးပျိုတွေပါ။ အစိမ်းရောင် အဝတ်ပေါ်မှာ အနီရောင်အဆင်းရှိ ပဝါစနဲ့ထပ်ဆင့်အလှဆင်ထားတယ်၊ အသေးစိပ် ဖန်တီးပုံဖော်ထားတဲ့ ဦးခေါင်းပိုင်း၊ ဆင်မြန်းထားတဲ့ လက်ဝတ်ရတနာ၊ လက်တစ်ဘက် ဘေးမှာကိုစီချလျက် ကျန်လက်တစ်ဘက်က ခပ်မြင့်မြင့်အနေထား ယပ်တောင်ကို ကိုင်လျှက်တွေ့ရပါမယ်။ မြတ်ဗုဒ္ဓရဲ့ အောင်ခြင်းရှစ်ပါးထဲက မာန်နတ်မင်းနဲ့ သူ့စစ်သည်တွေကို အောင်မြင်တော်မူခန်း ကိုပုံဖော်တဲ့ အခန်းဆက်စဉ့်ထည် အတွဲလိုက်ထဲက တစ်ခုပါ။ မြတ်ဗုဒ္ဓ သဗ္ဗေညုတညဏ် ရည်သန်လျှက် တရားအားထုတ်စဉ် နှောင့်ယှက်ကြတဲ့ မာန်နတ်မင်းရဲ့ စစ်သည်တော်တွေကို ပဲခူးမြို့ရွှေဂူကြီး ဘုရားရဲ့ အောက်ခြေပတ်လည်မှာတွေ့ရပါမယ်။ မြတ်ဗုဒ္ဓ၏ ဘဝဟောင်း ဇာတ်နိပါတ်တော် စဉ့်ထည်တွေ ကိုလည်းဘဲ တစ်စုတစည်းတွေ့ရနိုင်ပါတယ်။ ဒီလို မီးဖုတ်မြေထည်ကိုစဉ့်ရည်သုပ်လိမ်းထားတဲ့ ဇာတ်နိပါတ်တော် စဉ့်ထည်တွေနဲ့ ဘုရားတွေမှာအလှဆင်တဲ့ အလေ့ထ ကိုမွန်တို့ရဲ့နေပြည်တော် သထုံ မှာစပါတယ်။ ၁၁ ရာစု အလယ်ပိုင်း မြန်မာဘုရင် အနိရုဒ္ဓ(အနော်ရထာ) သထုံကို သိမ်းယူပြီး နောက် စဉ့်ထည်လုပ်ပညာရပ် ပုဂံရောက်တယ်။ နောက်ပိုင်း ၁၅ ရာစုရောက် လာတဲ့အခါ စဉ့်ထည်ပညာရပ်ဟာ များစွာ အဆင့်မြင့်တိုးတက်နေပါပြီ။

အခု စဉ့်ထည်ကို မြန်မာပြည်ကရသလာဆိုတာလည်း မသေချာ၊ ပဲခူး က ရ သလိုလို၊ ဘာလိုလို နဲ့အဆုံးသတ်ထားတယ်။ မသေချာရင် ဖြင့်လည်ဘဲ ကမ္ဘာကျော် ပြတိုက်တစ်ခုအနေနဲ့ ဆက်ပြီး သုတေသန ပြုသင့်ပါတယ်။ ပြတိုက်က ၁၅ ရာစုလို့ပြောပါတယ်။ ဝတ်စား ဆင်ယင်မှုကို ကြည့်ပြီး ဟုတ်နိုင်လောက်တယ်လို့ ပြောရပါမယ်။ မသေချာပါ။ မွန်တွေရဲ့ ဟန်ပန်မျိုးတွေ့ရပေမယ့် ရခိုင်ဘက်ကလဲ ဖြစ်နိုင်ပါတယ်။ အပေါ်ထိပ်ကစာကိုကောင်းကောင်းဖတ်မရပါ။ ဒီစဉ့်ထည်ဟာ အနာဆာများတယ် တချို့နေရာပြင်ထားပုံရတယ်။ စဉ့်ထည်ပညာနဲ့ပတ်သက်ပြီး ၁၁ ရာစု နောက်ပိုင်း ဆိုရင်ဖြင့် ပိုင်ပိုင်နိုင်နိုင် ပြောနိုင်ပါတယ်။ ဒိထက်စောပြီး ပြောဖို့ရာ အထောက်ထား မပြည့်စုံသေးပါ။ သရေခတ္တရာ မှာ စဉ့်ထည်မတွေ့ဘူးလို့ ရဲရဲပြောဝံတယ်။ ဟန်လင်းမှာလည်း မတွေ့။ ၁၂ ရာစုထက်စောတဲ့ ပစ္စည်း ဘာတစ်ခုမှ မတွေ့ရတဲ့တကောင်းကိုလဲ ထည့်တွက်စရာ မလို။ ရှင်းရှင်းပြောရင် ပျူတွေရဲ့မြို့ တော်မှာ စဉ့်ထယ်မတွေ့ရပါ။ ဒါဆို ဒီစဉ့်ထည်ပညာရပ်ကို ပုဂံက မြန်မာတွေဘယ်ကရလဲ။ တချို့ပညာရှင်တွေက တရုတ်ကမှတဆင့် ရှမ်းကရတယ်၊ ရှမ်းကတဆင့် မြန်မာကရတယ် လို့ဆိုတယ်။ ၉-၁၀ ရာစုလောက်မှာ စဉ့်နဲ့မြေထည်တွေ သိပ်ထွက်တဲ့ တရုတ်ပြည်နဲ့ ကူးသန်းရောင်းဝယ်မှုတော့ရှိပါတယ်။ တရုတ်က ရတယ် ဆိုလည်းဘဲ ယနေ့ထိတော့ ဘာအထောက်ထားမှမရှိသေးလို့ မသေချာသေးပါ။ ရခိုင်ဘက်မှာ စဉ့်ထည်တွေအများကြီးတွေ့ရလို့ ဒါလဲစဉ်းစားစရာပါ။ ပြတိုက်ကပြောသလို မွန်တို့ရဲ့ သထုံကရတယ်ဆိုရင် သထုံဘက်မှာ စဉ့်ထည်တွေကို အများကြီး တွေ့နိုင်စရာရှိတာပေါ့။ ခုထိမတွေ့သေးပါ။ နောက်ပြီး မွန်တွေ ကတဆင့်ရတယ်ဆိုရင်ဖြင့်လဲ နောက်ပိုင်းဘာဖြစ်လို့များ သထုံမှာ စဉ့်ပညာ အဆက်ပြတ်သွားရလဲ။ ဘာအထောက်ထားနဲ့ ပြောလဲဆိုတာ ပြတိုက်ကို လှမ်းမေးပါမယ်။ အပေါ်ထိပ်ကစာကိုသီးသန့်ပုံတောင်းရပါမယ်။ ပြီး ရင် ဒီ ပိုစ် ကို လိုအပ်ရင် ပြန်ပြင်ရပါမယ်။ (ဒီလို မာန်နတ်မင်းရဲ့သမီးပျို ပုံတွေဟာ ထိုင်း၊ နိပေါ၊ တိဘက်၊ ကမ္ဘောဒီးယား၊ အိန္ဒိယ၊ ဘက်မှာ ၅ရာစုလောက်ကတည်းကတွေ့နေရပါပြီ။ ၂ ရာစုကတည်းက ပါကစ္စတန်၊ အာဖဂန်နစ္စတန်၊ ဘလုချိစ္စတန်ဘက်မှာ သိပ်ရေပန်းစားနေပါ ပြီ။)


နဝတ ပတ္တမြားကြီး[ပြင်ဆင်ရန်]

နဝတ ပတ္တမြားကြီး‎

THIS UNIQUE
FLAWLESS AND PRICELESS OF CRIMSON ROSE COLOURS
43 mm x 37mm x 33 mm
WEIGHED 504.5 CARTS. WHEN REFINED
THE WEIGHT IS 496.5 CARATS
IT WAS RECOVERED FROM MOGOK TREASURE LAND IN EARLY 1990.

ကမ္ဘာ့အကြီးဆုံး မွေးပုလဲ[ပြင်ဆင်ရန်]

ကမ္ဘာ့အကြီးဆုံး မွေးပုလဲ‎


ကိုးကား[ပြင်ဆင်ရန်]

  1. (မူရင်း- ကလျာမဂ္ဂဇင်း)
  2. မူရင်း Deposed King Thibaw of Burma in India, 1885-1916 by W.S Desai ကို ဆရာ မြသန်းတင့် ဘာသာပြန်တဲ့ တောင်သမန်ရွှေအင်းက လေညင်းဆော်တော့ အခန်းဆက် ဆောင်းပါး များမှ
  3. မန္တလေးရက်စွဲသမိုင်း ၊ ဒေါက်တာသန်းထွန်း။ ဦးစက်ရွှင် တရုတ် သင်္ချိုင်းစာ။
  4. ဒေါက်တာသန်းထွန်း၏ ပုဂံ ( ၂ )သုတေသနစာတမ်း၊ အမှတ် ၁၄ ၊ ဒီဇင်ဘာ ၁၉၉၆၊ ကလျာမဂ္ဂဇင်း
  5. ဒေါက်တာ သန်းထွန်း ၏ မြန်မာမီးဖုတ်မြေထည်ပစ္စည်း သုတေသနစာတမ်း