ပတ္တမြားငမောက်
မြန်မာဘုရင်များအဆက်ဆက်တွင် အထွဋ်အမြတ်ထားခဲ့သော ပတ္တမြားငမောက် ကျောက်မြတ်ရတနာကို မိုးကုတ်ပတ္တမြားနယ်မြေအတွင်း အင်းခေါင်းမှ ရရှိသည်။ ၎င်းကျောက်ကို အင်ကြင်းတောင်နှင့် ကျောက်ဆောင်လူးတော်များမှ ရသည်ဟုလည်း မူကွဲလျက် ရှိသည်။
ရရှိပုံ
[ပြင်ဆင်ရန်]ရရှိပုံမှာ ချင်းတွင်းနယ်သားဖြစ်သော ငမောက်ဆိုသူသည် မိုးကုတ်နယ်မြေတွင် လာရောက်ပြီး လယ်ယာစိုက်ပျိုးနေထိုင်ရာ၊ တစ်ညသောအခါ မိမိခြံအတွင်းမှ ပြိုးပြိုးပျက်ပျက် အရောင်တလက်လက်နှင့် ထူးဆန်းတောက်ပ နေသည်ကို မြင်ရသဖြင့် သွားရောက်ကြည့်ရှုလေသော် အလွန်တရာလှပသော ကျောက်နီ ပတ္တမြားကြီး တစ်လုံးကို တွေ့ရှိလေသည်။ ငမောက်လည်း ဝမ်းသာစွာ ကောက်ယူခဲ့ပြီးနောက် သိမ်းဆည်းထားရာမှ ၂ပိုင်းခွဲပြီးလျှင် တစ်ပိုင်းကို ယောက်ဖဖြစ်သူ မောင်ရွှေအား တရုတ်ပြည်ဘက်သို့ ရောင်းရန်စေလွှတ်လိုက်ပြီးနောက်၊ ကျန်တစ်ပိုင်းကို သက္ကရာဇ် ၁၀၂၃ခု၊ ငါးထပ်ကြီးဒါယကာ ပင်းတလဲမင်း လက်ထက် အင်းဝမြို့တော်သို့ သွားရောက် ဆက်သရာ ဘုရင်မင်းမြတ်လည်း များစွာနှစ်သက်အားရ ဝမ်းမြောက်လှသဖြင့် ငမောက်အား ဆုတော်ငွေများ ပေးသနားတော် မူလိုက်လေသည်။ ထို့ကြောင့် ထိုပတ္တမြားကို ငမောက်ဆိုသူ ဆက်သသဖြင့် ငမောက်ပတ္တမြား ဟု ထင်ရှားကျော်စောလေသည်။
တရုတ်ပြည်သို့ ရောက်သွားသော ထိုကျောက်တစ်ပိုင်းမှာလည်း ထိုအချိန်၌ တရုတ်ပြည်တွင် မင်မင်းဆက် ပျက်စီးပြီး တိုင်းပြည်မငြိမ်မသက် ဖရိုဖရဲ ဖြစ်နေသောကြောင့် နီးစပ်ရာတိုင်းပြည်များသို့ ဝင်ရောက်တိုက်ခိုက်နေကြသဖြင့် တရုတ်ပြည်သို့ ရောက်သွားသော ထိုကျောက်တစ်ပိုင်းကို မြန်မာပြည် ခိုဝင်လာသော တရုတ်လူမျိုးတစ်ဦးလက်ထဲတွင် ငမောက် ရောင်းချခဲ့သော ပတ္တမြားတစ်ပိုင်းလည်း ပါလာခဲ့သည်။ ထိုတရုတ်လူမျိုးကုန်သည်ကြီးသည် ထိုပတ္တမြားတစ်ပိုင်းကို မြန်မာဘုရင်အား ဆက်သခဲ့ရာ ဘုရင်လည်းဝမ်းမြောက်ဝမ်းသာ လက်ခံပြီး ဆုတော်ငွေများ ပြန်လည်ပေးသနားခဲ့သည်။
ဘုရင်မင်းမြတ်လည်း ဝမ်းသာအားရ၊ မိမိတွင်ရှိရင်းဖြစ်သော (ငမောက်)ကျောက်တစ်ခြမ်းနှင့် ဆက်စပ်ကြည့်ရာ တစ်လုံးတည်း ရှုမငြီးသည့် ကျောက်ကြီး ဖြစ်ကြောင်းသိကာ၊ ငမောက်အား အားလုံးကို မဆက်သရသလောဟု အမျက်တော်ပွားသဖြင့်၊ မင်းပရိယာယ်ဖြင့် ရေဝေးရာတောင်ကုန်းတွင် မီးလောင်စင်ကြီးများ ပြုလုပ်ပြီး၊ ငမောက်၏ ဆွေ(၇)ဆက် မျိုး(၇)ဆက် ကိုခေါ်ကာ ကွပ်မျက်တော်မူလေသည်။ ငမောက်နှင့် ဆွေမျိုးများ သေဆုံးခဲ့ရသောနေရာကို လောင်းစင်ရွာဟူ၍လည်းကောင်း၊ ရေနှင့်ဝေးသောနေရာဖြစ် ၍ ရေဝေးရွာ ( နောင်တွင် ရေဝေရွာ ) ဟူ ၍လည်းကောင်း ယခုတိုင် ခေါ်ဆိုနေကြသေးသည်။
မီးတိုက်နေသော အခြင်းအရာကို ငမောက်၏ အမဖြစ်သူ ဒေါ်နန်းမြင်လျှင် လွတ်ရာသို့ ပြေးရရှာလေသည်။ တောင်ပေါ်တစ်ခုသို့ ရောက်သောအခါ ပြန်လှည့် ကြည့်လိုက်ရာ၊ များစွာပူပင်သောက၊ စိတ်ဒုက္ခရောက်ပြီး ရင်ကွဲနာကျကာ ထိုတောင်၌ပင် သေလေသည်။ ၎င်းသေဆုံးရာ၌ လွမ်းစေတီကလေး တစ်ဆူကိုပင် တည်ထားလျက် ရှိပေသည်။ ဒေါ်နန်းလှည့်ကြည့်သည့်တောင်ကို အစွဲပြုပြီး ဒေါ်နန်းကြည့်တောင်၊ ကာလကြာသောအခါ ဒေါ်နန်းကြည်တောင် ဟု ခေါ်ဝေါ်ကြလေသည်။ ၎င်းပတ္တမြားမျက်ရှင်မှာ တတိယအင်္ဂလိပ်-မြန်မာ စစ်ပွဲတွင် အစတုံးကာ လုံးလုံးကြီး ကွယ်ပျောက်ပြီး မည်သည့်လက်သို့ ရောက်နေသည်ဟု အသေအချာ မပြောပြနိုင်တော့ပေ။
ထူးခြားချက်
[ပြင်ဆင်ရန်]ငမောက်ပတ္တမြား (ခေါ်) ပတ္တမြားငမောက် အလေးချိန်မှာ ရတီ (၉၀)ကျော် ရှိပြီး လုံးချောသွေးထားကာ အရည်အသွေး အလွန်ကောင်းလှကြောင်း သိရသည်။ စွတ်စွတ်ဖြူနေသော ဝါဂွမ်း ( သို့) နွားနို့အတွင်းတွင် ထိုပတ္တမြားကို ထည့်လိုက်လျှင် ဝါဂွမ်းနှင့် နွားနို့ပင် အနီရောင်ပြောင်းလာကြောင်း သိရသည်။ ထိုပတ္တမြားငမောက်ကို လက်ညှိုးနှင့် လက်မ ညှပ်ကိုင်ထားလျှင် အရည်လည်ပြီး ပေါက်ကွဲယိုစီးမလား ထင်ရသည်။ မှောင်ထဲမှာ အနီရောင်တလျှမ်းလျှမ်း ဖြာထွက်နေသည်။ လက်ထဲ ဘယ်လောက်ကြာကြာ ဆုပ်ထားပေမဲ့ အေးမြနေသည်။ ရေထဲစိမ်သောက်လျှင် လည်ချောင်းနာ၊ ရင်ပူ၊ ခေါင်းကိုက်၊ ဇက်လေး၊ မူးမော်၊ မောပန်းတာတွေ ပျောက်ပြီး အားအင်တိုးလာသည်ဟု ဆိုသည်။ မျက်နှာကို ပွတ်သပ်ပေးလျှင် အေးမြပြီး၊ ဝက်ခြံ တင်းတိတ် ကင်းစေသည်။[၁][၂]
ပျောက်ဆုံးပုံ
[ပြင်ဆင်ရန်]" သီပေါက တိုင်တန်းသည့် ငမောက်ပတ္တမြားအပါအဝင် အဖိုးတန်ရတနာများကိစ္စ နှင့် ပတ်သက်၍မူ အိန္ဒိယပြည်ဆိုင်ရာ အတွင်းဝန်က အချက်များကို တင်ပြရန် ထက် အောက် အရာရှိများကို တောင်းဆိုသည်။ ဆိုင်ရာ တို့ကစုံစမ်းပြီး အထက်သို့တင်ပြသည်။ တင်ပြချက်မှာ ယခင်ကအတိုင်းပင် ဖြစ်သည်။
စလေဒင်သည် သီပေါထံမှ အဖိုးတန်ရတနာပစ္စည်းများ ယူသည်ဟု ထင်စရာအကြောင်း ဘာမျှမရှိကြောင်း၊ မည်သည့်ကတိဝန်ခံ ချက်ကိုမျှလည်း မပေးခဲ့ကြောင်း၊ သီပေါသည် မိမိနှင့် တစ်ပါတည်း ယူဆောင် လာသော ရတနာပစ္စည်း များမှအပ အခြား မည်သည့် ရတနာပစ္စည်းကိုမျှ ပြန်ရမည်ဆိုသည် ကတိစကား လည်း မရှိခဲ့ကြောင်းဖြင့် အကြောင်းပြန်သည်။ စလေဒင်သည် ပစ္စည်းသိမ်း ကော်မတီက သိမ်းယူခဲ့သော ရတနာပစ္စည်းများကို ပစ္စည်းသိမ်း ကော်မတီ၏ ကိုယ်စားတာဝန်ကျသည့် အစောင့်ကို လွှဲပြောင်းပေးလိုက်ကြောင်း၊ ထိုနေ့က (၁၈၈၅ ခု၊ နိုဝင်ဘာ လ ၃၀ ရက်နေ့) ဘုရင် လက်နက်ချသည့်အခါ တွင် မိမိနှင့်တာဝန်ရှိသူများသည် သီပေါနှင့် မိသားစုတို့ ယူဆောင်သွားခြင်းမပြုသော ပစ္စည်း များကို ဗိုလ်ချူပ် ပရင်ဒါဂတ်စ်၏ အမိန့်အရ ပစ္စည်းသိမ်း ကော်မတီသို့ လွှဲပြောင်းပေးလိုက်ကြောင်း ဖြင့်ဖော်ပြပါရှိသည်။
မြန်မာပြည်အစိုးရသည် ထိုကိစ္စနှင့် ပတ်သက်၍ မြန်မာဝန်ဟောင်းတချို့ကိုလည်း သေချာစွာစုံးစမ်းခဲ့သည်။
သူတို့ထွက်ဆိုချက်အရ သီပေါဘုရင်၏ သရဖူထဲတွင်ရှိကြောင်း၊ ထိုပတ္တမြား ကြီးသည်အရည်အသွေးကောင်းမွန်၍ တန်ဖိုးမဖြတ်နိုင်သည့် ပတ္တမြား ကြီးဖြစ်ပြီး ဘိုးတော်ဘုရား (၁၉၈၂-၁၈၁၉) လက်ထက်ကတည်းက ရှိခဲ့သော နန်းစဉ်ရတနာကြီး ဖြစ်ကြောင်း၊ ၁၈၈၅ ခု၊ နိုဝင်ဘာ ၂၉ ရက်နေ့မနက်တွင် သီပေါမင်းကိုယ်တိုင် ထိုပတ္တမြားကြီးကို စလေဒင် လက်သို့ပေးအပ်လိုက်ကြောင်း၊ ထိုအချိန်က စလေဒင်၏ စာရေးတော် ကြီး နီကလတ် လည်းရှိကြောင်း၊ ထို့ပြင် တိုင်းတာမင်းကြီးလည်း ရှိကြောင်း၊ မိမိကိုယ်ပိုင် ပုရပိုက် တစ်ဆူပေါ်တွင် ရတနာပစ္စည်း များ၏ စာရင်းကို ရေးမှတ်ပေးရကြောင်း၊ သို့ရာတွင် အပြည့်အစုံ မမှတ်ရသေးကြောင်း၊ ထိုစာရင်း ကို နီကလတ်သို့ ပေးလိုက်ကြောင်း၊ ထိုပစ္စည်းများ အားလုံးကို စလေဒင်က အင်္ဂလိပ်အရာရှိတစ်ယောက် လက်အောက်ရှိ အစောင့် တစ်ယောက်ကိုပေးအပ်လိုက်သည်ကို မိမိမြင်လိုက်ကြောင်းဖြင့် ရွှေတိုက်ဝန်က ထွက်ဆိုသည်။
ထိုအင်္ဂလိပ်အရာရှိ၏ အမည်ကို သတိရခြင်း ရှိမရှိ၊ ရွှေတိုက်အတွင်းဝန်၏ ထွက်ဆိုချက် မှန်မမှန်၊ ထိုစာရင်း နှင့် ထိုအဖိုးတန် ပစ္စည်းများ မည်သို့မည်ပုံ ဖြစ်သွားသည်ကို သိမသိ၊ ပစ္စည်းသိမ်းကော်မတီသို့ အပ်ရာတွင် မည်သို့သော အခြေအနေရှိသည်ကို သိမသိ စသည်သို့ကို စလေဒင်အား မေးမြန်းသည်။
၁၈၈၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ ရက်နေ့စွဲဖြင့် စလေဒင်က အသေးစိတ် ပြန်ကြားရာ၌ ရွှေတိုက်အတွင်းဝန်ပြောသည့်စကား မှန်နိုင်ကြောင်း၊ မိမိသည် ထိုနေ့မနက်ကရွှေတိုက်အတွင်းဝန်ကို နန်းတော်ထဲတွင် တွေ့ခဲ့ရကြောင်း၊ သို့ရာတွင် ပုရပိုက်တစ်ဆူပေးသည် မပေးသည်ကိုမူ မိမိ မမှတ်မိတော့ကြောင်း၊ ထိုသို့ ရုတ်ရုတ်သဲသဲ အချိန်မျိုးတွင် အဖိုးတန်ကျောက်မျက်ရတနာများ၊ စီခြယ်ထားသည့်ရွှေထည် ပစ္စည်း အသေး၊ အကြီး အမျိုးမျိုးတို့ပါသည် နန်းစဉ်ရတနာ ပစ္စည်းအားလုံးကို ရေးမှတ်ဖို့ ဆိုသည်မှာ ခက်ခဲလှကြောင်းဖြင့် စလေဒင်က အကြောင်းပြန် သည်။
ထိုရတနာပစ္စည်းများအားလုံးသည် နန်းတော်ဝရန်တာကြမ်းပြင် နှင့်ကျယ်ဝန်းလှသော ညီလာခံသဘင်ခန်းမကြမ်းပြင်တွင် စုပုံပြန့်ကြဲလျက် ရှိသည်။ ဗြိတိလျှအစိုးသည် အနည်းငယ်မျှသော ကျောက်မျက်ရတနာအချို့ကို ဝိတိုရိယဘုရင်မကြီးထံ ပေးပို့သည်။ ကျန်ပစ္စည်းများမှာ ဆောက်ကင်ဆီတန် ပြတိုက်သို့ပေးပို့သည်။
ဧကရီဘုရင်မကြီးထံ ပေးပို့သည့်ပစ္စည်းများထဲတွင် သီပေါ၏ အကောင်းဆုံး သရဖူတစ်ခု၊ ဒုတိယ သရဖူမှ မြကျောက်ကြီးသုံးလုံး၊ သရဖူထဲမှ ကျွတ်ကျသည့်ကျောက်အလွတ် ၈ လုံးထည့်ထားသည့် စက္ကူအိတ်တစ်လုံး၊ စိန်ဒေါင်းရုပ်ပါသည့် ဘယက်တစ်ကုံး နှင့် ရွှေဘီးတစ်ချောင်း တို့ပါသည်။
ဒီအမှုကို သီပေါဘုရင်က ၁၉၁၁ ခုနှစ်၊ ဒီဇင်ဘာလ အိန္ဒိယ ပြည်ဘုရင်အဖြစ် ရာဇဘိသေက ခံဖို့ရာလာတဲ့ ပဉ္စမမြောက် ဂျော့ဘုရင်ထံ သူ့ရတနာပစ္စည်းတွေ အတွက် တာဝန်ရှိသူ စလေဒင်ကို တိုင်တန်းစာ ပို့ရာက ဖြစ်လာတဲ့ နောက်ဆက်တွဲ ဖြေရှင်းချက်များဖြစ်သည်။
ရတနာပုံရွှေတိုက်တော်စာရင်းအရ မြန်မာ့နန်းစဉ်ပတ္တမြားများ
[ပြင်ဆင်ရန်]၁။ သက္ကရာဇ် ၁၀၃၂ (အေဒီ ၁၆၆၁) လောက်ကတည်းက ရှိခဲ့တဲ့ အလေးချိန် ရတီကိုးဆယ်ကျော်ရှိသော ပတ္တမြား ငမောက်
၂။ ဗဒုံမင်းလက်ထက်ကတည်းက ရှိခဲ့တဲ့ ရတီချိန် နှစ်ဆယ်ခန့်ရှိတဲ့ လှော်ကားတင်ကလေး ဟုခေါ်သော ပတ္တမြား
၃။ သက္ကရာဇ် ၁၁၉၉ (အေဒီ၁၈၃၇) ခုနှစ် ရွှေဘိုမင်းလက်ထက်ကတည်းက ရှိခဲ့တဲ့ ရတီချိန်လေးဆယ်ကျော် လှော်ကားတင်ကြီး ဟုခေါ်သော ပတ္တမြား
၄။ အလေးချိန် လေးဆယ်ရတီရှိ ဆင်ဖြူတော် ဟုခေါ်သော ပတ္တမြား
၅။ အလေးချိန် ဆယ်ရတီရှိ ဆင်မတော် ဟုခေါ်သော ပတ္တမြား
၆။ စံထားအသုံးပြုရတဲ့ အချိန်ခြောက်ရတီရှိတဲ့ စံကျောက်တော် ဟုခေါ်သော ပတ္တမြား တို့ဖြစ်သည်။