မြန်မာဇာတ်သဘင်

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်

မြန်မာဇာတ်သဘင်[ပြင်ဆင်ရန်]

မြန်မာနိုင်ငံတွင် ဆယ့်နှစ်လ ဆယ့်နှစ်ရာသီအတွက် အမျိုးသားပွဲတော် ဆယ့်နှစ်မျိုးရှိသည်။ ရှေးခေတ်အခါက ဆယ့်နှစ်ရာသီပွဲတော်ကို မင်းမိဖုရား နှစ်ပါးအမှူးပြုလျက် ကျင်းပကြသည်။


မြန်မာတိုင်းရင်းသားတို့သည် ကလေး ကင်ပွန်းတပ်ခြင်း ကဲ့သို့သော လူမှုရေးကိစ္စတို့၌လည်းကောင်း သီဆိုတီးမှုတ်ကခုန်မှုကို ပြုမြဲဖြစ်လေသည်။ ယခုခေတ်တိုင်းရင်းသားတို့၏ သီဆိုတီးမှုတ် ကခုန်မှု သဘင်ပညာသည် မြန်မာနိုင်ငံတွင် လွန်ခဲ့သော နှစ်ပေါင်း ၁၅ဝဝ ခန့်မှစ၍ ဆင်းသက် ပေါက်ပွား လာသော ပညာဖြစ်သည်ဟု ဆိုသည်။ မြန်မာတိုင်းရင်းသားတို့၏ ဘဝသည် ယခုတိုင်စပါးစိုက်ပျိုးခြင်းနှင့် ဆက်စပ်လျက်ရှိလေသည်။ စပါးစိုက်ပျိုးခြင်းကို အကြောင်းပြု၍ကောက်စိုက်ချိန်၌လည်းကောင်း၊ စပါးရိတ်သိမ်းချိန်၌လည်းကောင်း ပျော်ပွဲ ရွှင်ပွဲများကို ကျင်းပကြပေမည်။ ဤနည်းအားဖြင့် မြန်မာတို့၏ သီဆိုတီးမှုတ် ကခုန်မှုသဘင်ပညာသည် စပါးစိုက်ပျိုးခြင်း၌ အမြစ်တွယ်၍ ထွန်းကားသည်ဟု ယူဆရလေသည်။ မြန်မာနိုင်ငံ၌ ဗုဒ္ဓသာသနာ မထွန်းကားမီ အခါက ရှေးမြန်မာတို့သည် နတ်များကို ကိုးကွယ်ကြသည်။ နတ်ကိုပူဇော်ပသကြရာ၌ သက်ဆိုင်ရာ နတ်အကြောင်း သီဆိုတီးမှုတ်ခြင်း၊ သက်ဆိုင်ရာ နတ်ဟန် နတ်အမူအရာတို့၏ သရုပ်ပြ အကအခုန်တို့ကို ကခုန်ခြင်းတို့သည် ရှိကြရပေမည်။ ဤနည်းအားဖြင့်လည်း မြန်မာတို့၏ သဘင်ပညာသည် ထွန်းကားလာသည်ဟု ယူဆရလေသည်။ ထိုနောက် မြန်မာနိုင်ငံသို့ ဗုဒ္ဓသာသနာတော် ရောက်ရှိလာရာ မြန်မာ တိုင်းရင်းသားတို့သည် ဗုဒ္ဓသာသနာတော်နှင့် ဆက်စပ်လျက်ရှိသော ပွဲတော်များကို ကျင်းပကြပေမည်။ ကဆုန် ညောင်ရေသွန်းခြင်း၊ သီတင်းကျွတ်မီးထွန်းပွဲကျင်းပခြင်း၊ ရှင်ပြုခြင်း၊ ဘုရားတည်ခြင်း၊ ဘုရားပွဲကျင်းပခြင်း စသည်တို့ကို ယခုတိုင် ပြုလုပ်ကျင်းပလျက် ရှိကြသည်။ ထိုသာသနာ ရေးဆိုင်ရာ ကိစ္စတို့နှင့် သင့်တော်သော သီဆိုတီးမှုတ် ကခုန်မှုတို့သည်လည်း ရှိကြပေမည်။ ဤနည်း အားဖြင့်လည်း မြန်မာတို့၏ သဘင်ပညာသည် ထွန်းကားလာသည်ဟု ယူဆရလေသည်။


ထိုကြောင့် မြန်မာတို့၏ သဘင်ပညာသည် အထက်က ဆိုခဲ့သော အကြောင်း လေးရပ်တွင် အခြေစိုက်၍ ခေတ်အလျောက် ကြီးပွားတိုးတက်လာခဲ့ရာ မျက်မှောက်ခေတ် အခြေအနေအထိ ခေတ်အပိုင်းအခြားဖြင့် လေ့လာရသော် သထုံခေတ်၊ သရေခေတ္တရာခေတ်၊ ပုဂံခေတ်၊ အင်းဝခေတ်၊ ကုန်းဘောင်ခေတ်၊ နှောင်းခေတ် ဟူ၍ ခေတ်ခြောက်ခုပိုင်းခြား လေ့လာနိုင်ပေသည်။

သထုံခေတ် (ငါးရာစုနှစ်မှ ၁၁ ရာစုနှစ်အထိ)[ပြင်ဆင်ရန်]

မြန်မာသဘင်ပညာသည် ငါးရာစုနှစ်မှ စ၍ မြန်မာနိုင်ငံအောက်ပိုင်းတွင် သထုံမြို့၊ ပဲခူးမြို့ ဖြစ်သော မွန်တို့၏ ဒေသ၌လည်းကောင်း၊ မြန်မာနိုင်ငံ အလယ်ပိုင်းတွင် သရေခေတ္တရာမြို့ဖြစ်သော ပျူတို့၏ ဒေသ၌လည်းကောင်း ထွန်းကားခဲ့လေသည်။ ထိုခေတ်တွင် ဗုဒ္ဓသာသနာတော် နှင့်တစ်ကွ ရှေးအိန္ဒိယယဉ်ကျေးမှုတို့သည် ထိုမြို့များသို့ ရောက်ရှိကြပြီး ဖြစ်လေသည်။ သထုံမြို့၊ ပဲခူးမြို ပတ်လည်တစ်ဝိုက်၌ ကမ္ပည်း ကျောက်စာဌာနမှ တူးဖော်ရရှိသော စဉ့်ကွင်းတို့တွင် သီဆိုတီးမှုတ် ကခုန်ဟန် အမူအရာတို့ကို အထင်အရှား မြင်နိုင်သည်။ များသောအားဖြင့် ငြင်းမှုတ်သူ၊ စည်တီးသူ၊ စည်းဆုပ်တီးသူတို့၏ အမူအရာများကို တွေ့ရသောကြောင့် ထိုအခါက ပွဲလမ်းသဘင်တို့၌ အရပ်သူ အရပ်သားများ လှည့်လည်သီဆို ကခုန်သော အလေ့ ထွန်းကားခဲ့ပြီဟု ယူဆနိုင်လေသည်။ ထိုခေတ်လောက်တွင် အိန္ဒိယတိုင်းသား ကုန်သည်များသည် သဘေသ္မာဆိပ်မြို့များ ဖြစ်ကြသော သထုံ၊ ပဲခူး၊ သံလျင်တို့သို့ရောက်ကြသဖြင့် ရာမာယဏဇာတ်ကို မိမိတို့နှင့်တစ်ပါတည်း ယူဆောင်ခဲ့မည်ဟု ခန့်မှန်းရသည်။အဘယ် ကြောင့်ဆိုသော် ပဲခူး၊ သံလျင်တစ်ဝိုက်တွင် တူးဖော်ရရှိသော စဉ့်ကွင်းများ၌ ဘီလူးတပ်ချီဟန် အရုပ်များကို တွေ့ရှိရသည်။ ထိုအရုပ်များသည် ရာမမင်း၏ ဟနုမန်စစ်တပ်နှင့် ဒသဂီရိဘီလူးတပ် စစ်ထိုးဟန်ဖြစ်မည် ဟု ယူဆရလေသည်။

သရေခေတ္တရာခေတ် (ငါးရာစုနှစ်မှ ကိုးရာစုနှစအထိ)[ပြင်ဆင်ရန်]

ရှစ်ရာစုခေတ်တွင် ပျူယဉ်ကျေးမှု အဖွဲ့တစ်ခုသည် တရုပ်နိုင်ငံ၏ နေပြည်တော်သို့ရောက်ခဲ့ကြောင်း ရေးမှတ်ထားသော တရုတ်မှတ်တမ်းများရှိသည်။ ထိုမှတ်တမ်းများအရ ပျူလူမျိုးတို့၏ တီးမှုတ်မျိုးတို့မှာ ကြေးဖြင့်ပြုလုပ်သော တူရိယာမျိုး၊ ကြိုးတပ် တူရိယာမျိုး၊ ဝါးဖြင့်ပြုလုပ်သော တူရိယာမျိုး၊ သားရေဖြင့် ပြုလုပ်သော တူရိယာမျိုး၊ ဆင်စွယ်ဖြင့်ပြုလုပ်သော တူရိယာမျိုး၊ ဗူးသီးဖြင့် ပြုလုပ်သော တူရိယာမျိုး ဦးချိုစသော တူရိယာမျိုးတို့ ဖြစ်ကြ လေသည်။


အကအခုန်ဘက်၌လည်း နှစ်ယောက်တွဲ အက၊ လေးယောက်တွဲအက၊ ခြောက်ယောက်တွဲ အက၊ ရှစ်ယောက်တွဲအက၊ ဆယ်ယောက်တွဲအက စသည်ဖြင့် အကမျိုးစုံလေသည်။ ကခြေသည်များကလည်း ပန်းနုရောင် ခါးဝတ်၊ ပန်းနုရောင် တစ်ပက်၊ ကျောက်စီ လက်ကောက်၊ လက်ကြပ်တို့ကို ဆင်ယင်၍ ရွှေမကိုဋ်၊ ရွှေစည်းပုံတို့ကို ဆောင်းကြသည်။ ကပုံမှာ ခရုသင်းကို မှုတ်လိုက်သောအခါ ဦးခေါင်းတို့ကို တစ်ညီတစ်ညာတည်း ဘယ်ညာ ယိမ်းနွဲ့လျက်လည်းကောင်း၊ မောင်းကို တီးလိုက်သောအခါ ခြေလက်တို့ကို တစ်ပြိုင်တည်း မြှောက်ချီလျက်လည်းကောင်း ကကြသည်ဟု ဆိုသည်။ သီဆိုသော သီချင်းတစ်ဆယ့်နှစ်မျိုး ရှိကြောင်းလည်း မှတ်တမ်း၌ပါရှိသည်။ ထို ပျူအတီးအမှုတ်မျိုး၊ ပျူ အကမျိုး၊ ပျူသီချင်းမျိုးတို့ကို ထောက်ခြင်းအားဖြင့် ထိုအခါက မြန်မာနိုင်ငံ၏ သဘင်ပညာ သည် အဆင့်အတန်း မြင့်နေကြောင်း သိသာလေသည်။ အထူးသဖြင့် ယိမ်းဟန် အကမျိုးသည်လည်းကောင်း၊ နန်းတွင်း အငြိမ့်အဆိုမျိုး ဖြစ်သော ကြိုးကြီး၊ ဘွဲ့ကြီးများသည် လည်းကောင်း ထွန်းကားနေကြောင်း သိသာလေသည်။

ပုဂံခေတ် (ကိုးရာစုနှစ်မှ ၁၃ ရာစုနှစ်အထိ)[ပြင်ဆင်ရန်]

၁၁ ရာစုနှစ်ခန့်တွင် သထုံနှင့် သရေခေတ္တရာတို့သည် ညိ|ုးမှိန်၍၊ ပုဂံမြို့ ထွန်းကားလာလေသည်။ အနော်ရထာမင်းစောသည် ပုဂံမြို့ကို အခြေပြုကာ သထုံ၊ သရေခေတ္တရာတို့ကို မိမိ၏ နိုင်ငံတော်နှင့် ပေါင်းရုံ စုစည်း၍ ပုဂံခေတ် မြန်မာနိုင်ငံတော်ကို တည်ထောင် လေသည်။ မင်းကြီးသည် နတ်ကိုးကွယ်ခြင်း၊ နဂါးကိုးကွယ် ခြင်းတို့ကို နှိပ်ကွပ်၍ ထေရဝါဒဗုဒ္ဓသာသနာ ထွန်းကားလာအောင် ဆောင်ရွက်ပြုစုရာ အောင်မြင်လေသည်။ ထိုအခါ သထုံရှိ ယဉ်ကျေးမှု၊ သရေခေတ္တရာရှိ ယဉ်ကျေးမှုတို့သည် ပုဂံသို့ ရောက်ရှိလာသဖြင့် မွန်တူရိယာ၊ မွန်သီချင်း၊ မွန်အကနှင့် ပျူတူရိယာ၊ ပျူသီချင်း၊ ပျူယိမ်းအကတို့သည်လည်း ပုဂံ၌ ထွန်းကားလာသည်။ အနော်ရထာမင်း လွန်တော်မူပြီးနောက် ကျန်စစ်သား မင်းကြီး ထီးနန်းအသစ် တည်ဆောက်တော်မူသောအခါ နန်းတည်းအခမ်းအနား၌ ပျူနှင့် မွန်တို့၏ အတီးအမှုတ် အကအခုန်များ ပါသည်ဟု မင်းကြီး၏ နန်းတည်ကျောက်စာ၌ အတိအလင်း ရေးမှတ်ခဲ့လေသည်။ ပျူ၊ မွန်၊ မြန်မာတို့သည် ဓလေ့ထုံးစံနှင့် ပညာတို့ကို တစ်ဦးထံမှ တစ်ဦး သင်ယူလက်ခံ ပြီးလျှင် ကာလကြာမြင့်သော် ထိုလူမျိုး သုံးမျိုးတို့၏ ဓလေ့ ထုံးစံနှင့် ပညာတို့သည် ရောနှောပေါင်းစပ်လာကာ ပုဂံခေတ် ယဉ်ကျေးမှုဟူ၍ တစ်သီးတစ်ခြား ပေါ်ပေါက်လာသည်ဟု ဆိုနိုင်လေသည်။ ပုဂံခေတ်တွင် ဗုဒ္ဓသာသနာတော် ထွန်းတောက်သည်နှင့် အမျှ ဂူဘုရားတန်ဆောင်း အမြောက်အမြား တည်ကြလေ သည်။ ထိုဂူဘုရားများအား လယ်မြေပစ္စည်းတို့ကိုလည်း လဒါန်းကြောင်း ကျောက်စာများ၌ ပါရှိသည်။ ထိုကျောက်စာများ၌ စည်သည်၊ ပသာသည်၊ ခွက်ခွင်းသည်၊ ပန်တျာ၊ ကခြေသဘင် ဟူသော ဝေါဟာရများကို တွေ့ရသည်။ ထိုအချက်ကို ထောက်၍ ထိုအခါက ဘုရားပုထိုး ပူဇော်ပွဲများ၌ ထိုတူရိယာမျိုးတို့ကို တီးမှုတ်လျှက် ကပွဲခုန်ပွဲများဖြင့် ပူဇော်ခဲ့ ကြမည်ဟု ယူဆနိုင်သည်။ ဤကဲ့သို့ ပူဇော်သော အလေ့သည် ယခုခေတ်တိုင်အောင် သီဟိုဠ်၌ ရှိသည်။ ပုဂံခေတ်တွင် ပုဂံနှင့် သီဟိုဠ် အကမျိုးဖြစ်သည်ဟု ယူဆနိုင်သည်။ တစ်ဖန် ပုဂံမြို့ အာနန္ဒာဘုရားတွင် ဗုဒ္ဓဝင် အခန်းခန်း တို့ကို ဖော်ပြထားသော ပန်းတစ်မော့ ကျောက်ပုံ တစ်ခု၌ ကခုန် နေဟန် အမူအရာများကို မြင်နိင်သည်။ ဂူဘုရား နံရံများရှိ အချို့သော ရှေးပန်းချီကားများ၌လည်း ဒိုးပတ် အတီးအကမျိုး တီးဟန် ကဟန်တို့ကိုလည်းကောင်း၊ ယခုအခါ ယိုးဒယားအကဟု ခေါ်နေကြသော ကဟန်ကို လည်းကောင်း မြင်နိုင်သည်။ ၁၆ ရာစုခေတ်သို့ ရောက်ခါမှ မြန်မာတို့က ယိုဒယားကို အောင်ပြီးလျှင် အနုပညာသည်များကို ခေါ်ဆောင်ခဲ့ကြသည်။ ထို့ပြင် ပုဂံခေတ်သည် ယိုးဒယားနိုင်ငံ တည်သည့်ခေတ်ထက်စောသည် ဖြစ်ခြင်းကြောင့် ယိုးဒယားအကဟု ယခုအခါ ခေါ်ဆို လျှက်ရှိသော မြန်မာကဟန် အချို့တို့သည် ရှေးရိုးမြန်မာအက အစစ်ဖြစ်သည်ဟု ဆိုထိုက်လေသည်။ အင်းဝမင်းဖြစ်သော အနောက်ဘက်လွန်မင်း လက်ထက်က ပုဂံမြို့ ဓမ္မရာဇိက ဘုရားပွဲတော် ကျင်းပသည့်အကြောင်း ဖွဲ့ဆိုရေးသားခဲ့သော လင်္ကာ အလိုအရ ဘုရားဖူးများအနက် လုံမပျိုတို့သည် သာယာစွာ သီဆို၍ စောင်း၊ ငြင်း၊ မိကျောင်း၊ စည်းဆုပ်၊ လက်ခုပ် တီးလာကြကြောင်း၊ လုလင်ပျိုတို့ကလည်း ဗုံမောင်း၊ ပြွေ၊ နှဲ တီးမှုတ်လာကြကြောင်း သိလာလေသည်။ ထို့ကြောင့် ပုဂံမင်းများး လက်ထက်ကလည်း ဓမ္မရာဇိက ဘုရားပွဲ၌ ထိုအတိုင်း သီဆိုတီးမှုတ် ကခုန်ကြသည်ဟု ယူဆနိုင်လေသည်။ အင်းဝခေတ်တွင် တောကျေးလက်များ၌ နတ်ပွဲများ ကျင်းပကြောင်း၊ ထိုနတ်ပွဲများတွင် ငြင်းမှုတ်ခြင်း၊ စည်းဆုပ်တီးခြင်း၊ နတ်အကမျိုး ကခြင်းတို့ရှိကြောင်း ရာဇဝင်၌ ဆိုထားလေသည်။ ပုဂံခေတ်၌ ကျင်းပသော နတ်ပွဲများတွင် လည်း ထိုအမူအရာ အတိုင်းပင် ဖြစ်မည်ဟု ဆိုနိုင်လေသည်။ ဤသို့ဖြင့် ပျူ သဘင်ပညာ၊ မွန် သဘင်ပညာ၊ မြန်မာ သဘင်ပညာတို့သည် ပုဂံခေတ်တွင် ရောနှောပေါင်းစပ်ကာ ပုဂံခေတ်သဘင်ပညာဟူ၍ တစ်သီးတစ်ခြား ဖြစ်ပေါ်လာဟန် တူလေသည်။ ထိုသဘင်ပညာသည် ပုဂံထီးနန်း၌ လည်းကောင်း၊ တစ်ဆယ့်နှစ်ရာသီ ဘုရားပွဲများ၌လည်းကောင်း၊ တောကျေးလက်နတ်ပွဲနှင့် စိုက်ခင်း ပျိုးခင်းများ၌ လည်းကောင်း ထွန်းကားလျှက် ရှိမည်ဖြစ်လေသည်။

အင်းဝခေတ် ( ၁၄ ရာစုနှစ်မှ ၁၈ ရာစုနှစ်အထိ )[ပြင်ဆင်ရန်]

ပုဂံနိုင်ငံတော်ကြီးသည် ၁၃ ရာစုခေတ်တွင် မွန်ဂိုစစ်ဘုရင် ကူဗလိုင်ခန်၏ ရန်ကြောင့် ပျက်စီးရလေသည်။ ပုဂံပျက်၍ မြင်စိုင်း၊ စစ်ကိုင်း၊ ပင်းယ၊ အင်းဝမြို့များ ထွန်းကားလာသည်။ ထိုခေတ်တွင် ပုဂံသဘင်ပညာ၌ ရှမ်းသဘင်ပညာ ရောစပ်လာလျှက် အင်းဝသဘင်ပညာဟူ၍ တစ်သီးတစ်ခြား ဖြစ်ပေါ်လာ သည်။ အင်းဝခေတ်သည် ၁၄ ရာစုနှစ်ခန့်မှ ၁၈ ရာစုနှစ်အထိ နှစ်ပေါင်း ငါးရာကျော်မျှရှည်သည်။ ဤခေတ်တွင် မြန်မာတို့၏ စာပေအရေးအသား အနှုန်းအဖွဲ့ တိုးတက်၍ ကဗျာလင်္ကာ ထွန်းကားသည်။ တစ်ဖန် ထိုအင်းဝခေတ်တွင် ဟံသာဝတီ ဆင်ဖြူရှင် ဘုရင့်နောင် ကျော်ထင်နော်ရထာသည် ယိုးဒယားကို အောင်တော်မူ၍ ယိုးဒယားမှ သဘင်သည်များကို ဟံသာဝတီသို့ ယူဆောင်ခဲ့လေသည်။ ဤနည်းဖြင့် ယိုးဒယားသဘင်ပညာသည်လည်း မြန်မာနိုင်ငံသို့ ရောက်ရှိလာသည်ဟု ဆိုနိုင်သည်။ အင်းဝခေတ်မှာ မြန်မာစာပေသမိုင်းတွင် မော်ကွန်းထိုးရမည့် စာပေများ ပေါ်ထွန်းခဲ့လေသည်။ နဝဒေး၊ နတ်သျှင်နောင်၊ ဝန်ကြီးပဒေသရာဇာတို့သည် ထင်ရှားသော စာပေပညာကျော်များဖြစ်သည်။ နဝဒေးနှင့် နတ်သျှင်နောင် တို့သည် ရတုများကို ရေးခဲ့၍ ဝန်ကြီး ပဒေသရာဇာသည် ကြိုးသီချင်း၊ သီချင်းခံ၊ တျာချင်း၊ နတ်သံ၊ အဲချင်း၊ နတ်ယိုင်သံနှင့် မဏိကက် ဇာတ်တို့ကို ရေးခဲ့လေသည်။ ရတု၊ ကြိုသီချင်း၊ သီချင်းခံ စသည်တို့ကို မင်းခမ်းမင်းနား၌လည်းကောင်း၊ နန်းတွင်း အငြိမ့်များ၌လည်းကောင်း သီဆိုတီးမှုတ် ကခုန်ဖွယ်ရာ ရှိလေသည်။ ထို့ပြင် မဏိကက် နန်းတွင်း ဇာတ်ကြီးကို နန်းတွင်း ပွဲကြည့် ဆောင်တွင် တစ်ခမ်းတစ်နား ကပြနိုင်သည်ကို ထောက်ခြင်းအားဖြင့် မြေဝိုင်းဇာတ် မတိုင်မီကပင် ရှိခဲ့ပြီဟု ယူဆနိုင်လေသည်။ ထင်ရှားသော အငြိမ့်တူရိယာများမှာ စောင်း၊ ငြင်း၊ နှဲ၊ ပတ်တို့ဖြစ်သည်။ အင်းဝမင်းဖြစ်သော အနောက်ဘက်လွန်မင်းသည် တောင်ငူကို အောင်တော်မူသောအခါ တောင်ငူမင်း နတ်သျှင်နောင်ထံမှ စောင်းတတ်သူ၊ ငြင်းတတ်သူ၊ နှဲတတ်သူ၊ ပတ် တတ်သူတို့ကို အင်းဝသို့ ခေါ်ဆောင်ခဲ့လေသည်။ အင်းဝခေတ်၌ ပတ်ဆိုင်း၊ကြေးဝိုင်း၊ ပတ္တလား တူရိယာမျိုးတို့ကို အသုံးပြုလာပြီဖြစ်ကြောင်း သိရသည်။ ဝန်ကြီး ပဒေသရာဇာ လက်ထက်မှစ၍ သီဆိုသီးမှုတ်ကြသော ၃၇ မင်း နတ်သံ အဲချင်းများနှင့် နတ်ပွဲများ ခင်းကျင်းပုံကို ဘိုးတော်ဘုရား လက်ထက်၌ မှတ်တမ်း တင်ထားကြသည်တွင် သက်ဆိုင်ရာ နတ်နှင့် ဆီလျော်အောင် ပတ်ဝန်း၊ ကြေးနှဲတို့ကို တီးမှုတ်ပေးရကြောင်းပါရှိလေသည်။ တောင်ငူနတ်သျှင်နောင်၏ ထီးနန်းတွင် ထိုအခါက စောင်း၊ ငြင်း၊ နှဲ၊ ပတ်သာတို့ကို သာ အသုံးပြုနေစဉ်၊ ရခိုင်ဘက်၌ကား ပတ္တလားကိုပါ အသုံးပြုနေ ကြောင်း သိရသည်။ အင်းဝခေတ်၌ အကပညာလည်း တိုးတက်သည်ဟု ဆိုနိုင်လေသည်။ မဏိကက်ကဲ့သို့သော နန်းတွင်း ဇာတ်ကို ခင်းကျင်းရာ၌လည်းကောင်း၊ ၃၇ မင်းနတ်ပွဲတို့ကို ကရာ၌လည်းကောင်း ကကြိုးကဟန် အစုံအလင်ရှိရမည်ဖြစ်၍ အကပညာဘက်၌လည်း တိုးတက်ပြည့်စုံလျှက် ရှိမည်ဟု ယူဆရလေသည်။

ကုန်းဘောင်ခေတ် ( ၁၈ ရာစုနှစ်မှ ၁၉ ရာစုနှစ်အထိ )[ပြင်ဆင်ရန်]

ကုန်းဘောင်ခေတ်သည် အလောင်းမင်းတရားကြီးမှ သီပေါမင်းအထိ နှစ်ပေါင်း ၁ဝဝ ကျော် ကြာမြင့်သောခေတ် ဖြစ်သည်။ ထိုခေတ်တွင် မြန်မာ့သဘင်ပညာသည် အထူး စည်ကားတိုးပွားလာလေသည်။ ထိုခေတ်တွင် တိုင်းတစ်ပါး သဘင်ပညာတို့ မြန်မာ့ထီးနန်းသို့ ရောက်လာ၍ ထိုပညာတို့ကို မြန်မာပညာရှိများ လေ့လာကြသည်။ မင်းတို့သည် သဘင်ပညာကို အားပေးသည်။ တီထွင်ကြံစည်တတ်သော ပညာရှိ အများအပြား ပေါ်ပေါက်လာသည်။ တိုင်းရင်းသား သဘင်ပညာချင်း ဖလှယ်ကြသည်။ ၁၇၆၇ ခုနှစ်တွင် အလောင်းမင်းတရားကြီး၏ သားတော် ဆင်ဖြူရှင် မင်းတရားကြီးသည် ဇင်းမယ်၊ လင်းဇင်း၊ အယုဒ္ဓယတို့ကို အောင်တော်မူရာ ယိုးဒယား သဘင်ပညာ သည်များကိုလည်းကောင်း၊ ဂျွမ်းပြည်၊ ယွန်းပြည်တို့မှ အရပ်ရပ် ဒဏ္ဍာရီ ပုံပြင်များကိုလည်းကောင်း အင်းဝသို့ ပါလာသည်ဟု ဆိုလေသည်။ ထိုခေတ်၌ တရုတ်နိုင်ငံမှ သံတို့ရောက်ရှိ၍ တရုတ်ဂီတသံကို မြန်မာတို့ ကြားကြရသည်။ မြန်မာ အမြောက်တပ်တွင် ဗရင်ဂျီတို့ ဝင်ရောက်အမှုထမ်း၍ နေပြည်တော် ရပ်ကွက်တစ်ခုခု၌ တစ်စုတစ်ဝန်း နေထိုင် ကြလေသည်။ ဗရင်ဂျီ ဘုရားရှိခိုးကျောင်း၌ သီဆိုသော ဓမ္မသီချင်းသံများကို မြန်မာတို့ ကြားကြရသည်။ မြင်းတပ်သား မဏိပူရကသည်း လူမျိုးတို့၏ ဂီတသံကိုလည်း ကြားကြ ရသည်။ တစ်ခါတစ်ရံ ကသည်းတို့ ရာမာယဏ ဇာတ်ခင်းသည်ကိုပင် မြင်ကြရမည် ဖြစ်လေသည်။ ထိုစဉ်က အင်းဝနေပြည်တော်တွင် တရုပ်များ နေထိုင်လျှက်ရှိရာ တရုတ်ပွဲလမ်းသဘင် အခါများ၌ လက်လျှိုကပြ ရသော တရုတ်ရုပ်သေးပွဲများကို မြန်မာတို့ မြင် ကြရမည်ဖြစ်သည်။ ဘကြီးတော်ဘုရား လက်ထက်၌ မြဝတီဝန် ကြီး ဦးစနှင့် သဘင်ဝန် ဦးသော်တို့က ထိုလက်လျှို တရုတ်ရုပ်သေး သဘောကိုယူ၍ မြန်မာကြိုးဆွဲ ရုပ်သေးသဘင်ကို ကြံစည်တီထွင်ကြသည်ဟု အမှတ်အသား ရှိလေသည်။ ရုပ်သေး ပေါ်လာခြင်းသည် မြန်မာသဘင်ပညာ သမိုင်းတွင် အထူးတိုးတက်ချက်တစ်ခုဖြစ်ပေသည်။ ဇာတ်သဘင် ရုပ်သေးသဘင် တိုးတက်လာသောကြောင့် ခင်းကျင်းပြသရန်အတွက် ဦးကြင်ဥ၊ ဦးပုညတို့က ပြဇာတ်များကို ပြုစုရေးသားခဲ့ကြလေသည်။ မြန်မာ့သဘင်ကို အားပေးသော မင်းနှစ်ပါးမှာ ဘိုးတော်မင်းတရားကြီး၏ သားတော် အိမ်ရှေ့မင်းနှင့် ဘကြီးတော် ဘုရားတို့ဖြစ်သည်။ အိမ်ရှေ့မင်းသည် ဂျွမ်းပြည်၊ ယွန်းပြည်တို့မှ ပါလာသော အီနောင်၊ ရာမ၊ သခသ္မပတ္တ၊ ကေသာသီရိဒဏ္ဍာရီ ဇာတ်များကို မြန်မာပြန်ဆိုစေပြီးနောက် မြန်မာတို့နှင့် သင့်လျော်သော ဇာတ်ကွက်ဇာတ်လမ်းများ၊ ကဗျာလင်္ကာ ဇာတ်ချင်းများကို ရေးစပ်ဖွဲ့ဆိုစေသည်။ ထိုသို့ ရေးသားပြုစုကြရာတွင် မိဖုရား ( ဟောင်း ) သခင်မင်းမိ၊ ပြင်စည်မင်းသား၊ မြဝတီမင်းကြီး ဦးစ၊ ရာမရကန် ဦးတိုး စသောပညာရှိများ ပါဝင်ကြသည်။ ဘကြီးတော် ဘုရားသည်လည်း ခမည်းတော် အိမ်ရှေ့မင်းကဲ့သို့ပင် မြန်မာသဘင်ပညာကို အားပေးတော်မူသည်။ ခမည်းတော် အိမ်ရှေ့မင်း လက်ထက်က မပြီးမပြတ်ရှိနေသေးသော အီနောင် နန်းတွင်းဇာတ်ကို မြဝတီမင်းကြီး ဦးစအား အပြီးတိုင် ဆက်လက်ရေးသားစေသည်။ ထိုမင်းလက်ထက်တွင် မင်း၏ ဆန္ဒအရ ရုပ်သေးသဘင် ပေါ်လာရသည်ဟု ဆိုသည်။


ကုန်းဘောင်ခေတ်တွင် သဘင်ပညာ၌ တီထွင် ကြံစည်မှုများစွာ ပေါ်ပေါက်ခဲ့လေသည်။ အကမျိုးတွင် စာမရီပွဲ၊ ကိန္နရာဖိုမ ကပွဲ၊ အငြိမ့် မိန့်မတို့ လဲရိုက်ကပွဲ၊ မျက်လှည့်ပွဲ အစရှိသည်တို့ ထွန်းကားလျှက် ရှိလေသည်။ ဂီတအဆိုနှင့် အတီးအမှုတ်ဘက်တွင်လည်း အထူးသဖြင့် မြဝတီမင်းကြီး ဦးစ၊ ပြင်စည်မင်းသား၊ လှိုင်ထိပ်ခေါင်တင် မင်းသမီးတို့သည် ထင်ရှားလေသည်။ ထိုခေတ်၌ပင် စည်တော်သံ အတီးအက၊ ပုံကြီးသံ အတီးအက၊ အိုးစည်သံ အတီးအက၊ ဒိုးပတ်သံ အတီးအက၊ ဗြောသံ၊ အတီးအကတို့ ပေါ်ပေါက်လာလေသည်။ ထို့နောက် လှေတော်သံ အတီးအမှုတ်၊ ဗျိုင်းတောင် အတီးအမှုတ်တို့ လည်း ပေါ်ပေါက်လာသည်။ ပုံကြီး၊ အိုးစည်၊ ဒိုးပတ်၊ ဗြော အတီးအကတို့သည် ကုန်းဘောင်ခေတ်ဦးတွင် တောင်သူ လယ်သမားတို့၏ ဘဝနှင့် ဆက်စပ်ဖြစ်ပေါ်လာသော အတီးအကများ ဖြစ်တန်ရာသော်လည်း နောင်အခါ၌ ထိုအတီးအကတို့သည် ထီးသုံးနန်းသုံး ဖြစ်လာလေသည်။ ထို့ပြင် သာယာဝတီမင်း လက်ထက်၌ ထားဝယ်ဘက်မှ ဒိန်းသံ သီချင်း၊ မွန်သံ မြန်မာသီချင်း၊ ကရင်ဩသံ မြန်မာသီချင်းများ ပေါ်လာကြလေသည်။ ပြင်စည်မင်းသားကြီးသည် မွန်သံ မြန်မာသီချင်းများကို ဖွဲ့ဆို၍ ရွှေနားတော်သွင်းခဲ့လေသည်။ ဤသို့လျှင် မြန်မာသဘင်ပညာသည် ကုန်းဘောင်ခေတ်တွင် အထူးစည်ကား တိုးပွားလာလေသည်။ မွန်သီချင်း

နှောင်းခေတ် ။ ။ နှောင်းခေတ် ဆိုသည်မှာ သီပေါမင်းလက်ထက်မှ စတင်ဖြစ်ထွန်းလာသော ခေတ်ကို ဆိုလိုသည်။ ထိုခေတ်ကို ပထမပိုင်းနှင့် ဒုတိယပိုင်းဟူ၍ နှစ်ပိုင်းခွဲ၍ လေ့လာသင့်လေသည်။ ထိုခေတ် ပထမပိုင်း၌ ဇာတ်သဘင်၊ ရုပ်သေး သဘင်တို့ ဇာတ်ခင်းကျင်းပုံ ဆန်းသစ်လာသည်ဟု ဆိုနိုင်သည်။ ရှေးအခါက နန်းတွင်းဇာတ်များနှင့် ပြဇာတ်များကို ဖတ်ရှု ထောက်ချင်းခြင်းအားဖြင့် ကပြရာတွင် ညဉ့်ဦးယံခန်းပြီးလျှင် ဇာတ်လမ်းဖော်၍ ကပြကြကြောင်း သိသာသည်။ ယခုတွင်မူ ညဉ့်ဦးယံခန်း ပြီးလျှင် နှစ်ပါးသွားခန်းကို ထည့်လာကြသည်ဟု ဆိုသည်။ နှစ်ပါးသွားခန်းတွင် လူရွှင်တော် ပါလာသည်။ နှိပ်စက်ခန်း၌ လူကြမ်း ပါလာသည်။ ထို့ကြောင့် နှစ်ပါးသွား မင်းသား မင်းသမီးများအတွက် သီချင်းသံ၊ အဆန်း၊ ကကြိုး ကကွက်အဆန်းများ ပေါ်လာရလေသည်။ ထို့ပြင် ပရိသတ် ရယ်မောရအောင် လူရွှင်တော်များ ပေါ်လာရသည်။ တစ်ဖန် နှိပ်စက်ခန်းအတွက် ဒွေးချိုး လေးဆစ် ငိုချင်းသံများလည်း ပေါ်လာရသည်။ ရုပ်သေးဘင်ဘက်တွင် ဆရာပု၊ ဦးဖူးညိုတို့သည် လည်းကောင်း၊ ဇာတ်သဘင်ဘက်တွင် မထွေးလေး၊ အောင်ဗလ၊ ဦးဘိုးစိန်၊ ဦးစိန်ကတုံးတို့သည် လည်းကောင်း၊ ထူးခြားသော သဘင်ပညာသည်များ ဖြစ်သည်။ မြန်မာဇာတ်မင်းသမီးများမြန်မာဇာတ်မင်းသားများ

ရှေးက ဇာတ်ခင်းကပြရာ၌ မြေဝိုင်းတွင် ပန်းပင်စိုက်၍ ထိုပန်းပင်ကို လှည့်ပတ်ကပြကြရသည်။ ထိုခေတ် ပထမပိုင်းသို့ ရောက်သောအခါ ဇာတ်ခုံထိုးခြင်း၊ ထီးကား နန်းကား တောကား တောင်ကား ဆင်ယင်ခြင်း ပေါ်လာသည်။ ဇာတ်ခုံ ဇာတ်ကားတို့ကိုစ၍ သုံးသူမှာ ရန်ကုန်မြို့ မင်းသား ဦးကျော်ဇံ ဖြစ်ကြောင်း သဘင်ဝန်ဦးနု မှတ်တမ်းအရ သိရလေသည်။ တစ်ဖန် ထိုခေတ်၌ပင် ထိုင်ဆိုအငြိမ့်မှ ထ၍ ကပြသော အငြိမ့်အဖြစ်သို့ ပြောင်းလဲလာသည်။ ထိုခေတ် မတိုင်မီက အငြိမ့်ဆိုသည်မှာ အဆိုနှင့် အတီးသက်သက် ဖြင်၍၊ နန်းတော်ထဲ၌ တေးကြီး ဘွဲ့ကြီးများ သီဆိုပြီးလျှင် စောင်းငြင်း မိကျောင်း ပတ္တလားတို့ကို တီးမှုတ်ကြရသည်။ နောင်အခါ၌ မြန်မာနိုင်ငံ အောက်ပိုင်း ရန်ကုန်မြို့၊ မော်လမြိုင်မြို့တို့တွင် အရပ်ထဲ၌လည်း ထိုင်ဆိုအငြိမ့်ဝိုင်းများရှိသည်ဟု သိရသည်။ ၁၉၄ဝ ပြည့်နှစ် သီတင်းကျွတ်လဆုတ် သူရိယမဂ္ဂဇင်းတွင် ဆရာနု ရေးသော သဘင်ဝန်မှတ်တမ်း၌ မော်လမြိုင်မြို့ မစိန်ငုံ၏ အငြိမ့်သည် ရန်ကုန်မြို့သို့ ပထမဦးစွာ ရောက်ရှိလာ၍ ပုစွန်တောင်တွင် ကပြကြောင်းဖော်ပြထားသည်။


နှောင်းခေတ် ဒုတိယပိုင်းတွင် မြန်မာတို့၏ သဘင်ပညာသည် လှုပ်ရှားပြောင်းလဲလျှက်ပင် ရှိလေသည်။ မျက်မှောက် ခေတ်တွင် မြန်မာဆိုင်း၊ တေးဂီတနှင့် အကပညာတို့ကို မြန်မာနိုင်ငံအစိုးရက အထူးအရေးယူ၍ အားပေးလျှက် ရှိသည်။ ယဉ်ကျေးမှု ဝန်ကြီးဌာနဟူ၍ ဝန်ကြီးဌာနထားရှိပြီးလျှင်၊ အကအဆို အတီးအမှုတ်ကျောင်းများ ဖွင့်ပေးခြင်း၊ ရှေးမြန်မာ သီချင်းကြီးများ မူကောင်းမူမှန်ရအောင် ပညာရှင်များ အဖွဲ့တစ်ခုကို ဖွဲ့စည်း၍ ဆောင်ရွက်ပေးခြင်း၊ ပြိုင်ပွဲများ ကျင်းပပေးခြင်းအားဖြင့် မြန်မာတို့ သဘင်ပညာကို ကြီးပွားတိုးတက်အောင် အားပေးကူညီလျှက် ရှိလေသည်။ တစ်ဖန် ပြည်ထောင်စု ယဉ်ကျေးမှု ပြပွဲပြိုင်ပွဲများကို နှစ်စဉ်ကျင်းပသည်ဖြစ်ရာ၊ တိုင်းရင်းသား သဘင်ပညာချင်း ဖလှယ်နိုင်ခွင့်ကိုလည်း ရလာကြပြီ ဖြစ်သည်။ မျက်မှောက်ခေတ်တွင် မြန်မာနိုင်ငံသည် အနောက်နိုင်ငံ များနှင့် ဆက်ဆံမှုများပြားလာသဖြင့် မြန်မာသဘင်၌ နိုင်ငံခြားအမူအရာများ ပါဝင်လာလေသည်။ သီဆိုတီးမှုတ်သံ၊ ကဟန်တို့တွင် အနောက်တိုင်း အသံ၊ အနောက်တိုင်း ကဟန်တို့ကို အသုံးပြုလာကြသည်ကိုလည်း တွေ့ရှိရသည်။ ပုံစံအားဖြင့် အနောက်တိုင်း ' ဗယ်လေ ' အကကို အတုယူ၍ နာမည်ကျော် ဇာတ်မင်းသားများ ဖြစ်သော ကနက်စိန်ရွှေမန်းတင်မောင်စိန်အောင်မင်းတို့က အဆိုမပါ အတီးအက သက်သက်ဖြင့် ဇာတ်ကွက် သရုပ်ဖော်ကနည်းသည်လည်း မြန်မာသဘင်ပညာ၌ ဆန်းသစ်လာခြင်းပင်ဖြစ်သည်ဟု ဆိုနိုင်လေသည်။ ခေတ်ဟူသည် တည်ငြိမ်မနေဘဲ လှုပ်ရှားပြောင်းလဲလျှက် ရှိသည်သာဖြစ်ရာ မြန်မာသဘင်ပညာ သည်လည်း ခေတ်နှင့် လျော်အောင် လှုပ်ရှားလျှက် ပြောင်းလဲလျှက်ရှိမည် ဖြစ်လေသည်။ [၁]


ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၀)