မြန်မာဇာတ်မင်းသမီးများ

ဝီကီပီးဒီးယား မှ

မြန်မာ ဇာတ်မင်းသမီးများ[ပြင်ဆင်ရန်]

မြန်မာဇာတ်ပွဲတွင် ဇာတ်ဆောင် အမျိုးသမီး ပညာသည်ကို ဇာတ်မင်းသမီးဟု ခေါ်သည်။ ဇာတ်မင်းသမီး လုပ်သူသည် အမျိုးသမီးပိုင်းဆိုင်ရာ ကကြိုးကကွက်များကို နိုင်နင်းစွာ တတ်ကျွမ်းရလေသည်။ ထို့အပြင် မင်းသမီးကောင်း တစ်လက်ဖြစ်လိုလျှင် ပိုး၊ မွေး၊ ခေါ်၊ မြေ|ာ်၊ အောင်၊ ဇော်၊ လု၊ ဘူ၊ ရူး၊ အ၊ သေ၊ ပစ် ဟူသော မင်းသမီးတို့ တတ်အပ်သည့် ပညာ ၁၂ ရပ်ကိုလည်း တကယ်တတ် ရသည်ဟု နာမည်ကျော် ရုပ်သေးမင်းသမီးကြီး ဆရာပုက ဆိုသည်။


(၁) ပိုး-ဟူရာ၌ မင်းသမီးပင် ဖြစ်လင့်ကစား အချို့ ဇာတ်များတွင် ကိန်းက ဇောက်ထိုးတယ်မှရှင် မိန်းမ နောက်ပိုး လုပ်ရတတ်သည် ဖြစ်သဖြင့် မိန်းမတန်မဲ့ ယောက်ျားကို စ၍ ပိုးခန်းကြုံလာလျှင် သဘာဝကျကျ တကယ့် အဖြစ်အစစ်နှင့် တူအောင် ပိုးတတ်ရသည်။


(၂) မွေး-ဟူရာ၌ အလောင်းတော် ဖွားတော်မူခန်းမှအစ ဇာတ်နှင့် ဆိုင်ရာ မင်းသမီးလုပ်သူ သားဖွား၊ မျက်နှာ မြင်ရသည့် အခန်းများကိုလည်း လိုအပ်သလို ကတတ်ရသည်။ မင်းသမီး လုပ်သူသည် အပျိုစစ်စစ်ပင် ဖြစ်လင့်ကစား မိန်းမတို့ ဓမ္မတာ ကိုးလလွယ်၍ ဆယ်လမွေးသည့် မိခင်တစ်ဦးအတိုင်း သရုပ်ပါပါ မွေးတတ်ဖို့လိုသည်။


(၃) ခေါ်-ဆိုသည်မှာ ဇာတ်ပွဲတို့၏ အစဉ်အလာအတိုင်း လင်ကို ခေါ်နည်း၊ သားကိုခေါ်နည်း၊ ကျေးကျွန်ကို ခေါ်နည်း၊ အရှင်သခင်ကို ခေါ်နည်း စသည်ဖြင့် ထုံးတမ်းစဉ်လာနှင့်အညီ ခေါ်တတ် ပြောတတ်ဖို့ လိုသည်။ ပုံစံအားဖြင့် လင်ကို ခေါ်ရာ၌ သပြေရွက်စည်၊ မြရည်ရောင်ဖိတ်၊ တစ်သောင်း ထိပ်မှ၊ ဖြူရိပ်စကြာ၊ ဖြန့်မိုးကာရ၊ ဒီပါတိုင်းလုံးရှင် မောင်မောင်ဘုရာ့ စသည့် အခေါ်မျိုးဖြင့် ခေါ်ရခြင်းကို ဆိုလိုသည်။


(၄) မြေ|ာ်-ဆိုသည်မှာ ရည်းစားမြေ|ာ်၊ လင်မြေ|ာ်၊ သားမြေ|ာ်ခန်းများတွင် တကယ်တမ်း မြေ|ာ်တတ်ရန် လိုသည်။ ပညာပါသော ရည်စားမြေ|ာ်၊ လင်မြေ|ာ်များမှာ ကျေးကိုစေ၍ မြေ|ာ်ခြင်း၊ ဘုရားကိုတိုင်၍ မြေ|ာ်ခြင်း၊ ကျေးသားနှင့် စကားခွန်း တုံ့လှယ်၍ မြေ|ာ်ခြင်းတို့ဖြစ်သည်။ မင်းသမီး၏ လွမ်းယူ တမ်းတပုံကို ပွဲကြည့်ပရိသတ်၏ စိတ်၌ တကယ်ပင် ထင်မှတ်လာအောင် မြေ|ာ်တတ်ရလေသည်။


(၅) အောင်-ဆိုသည်မှာ စစ်ကိုင်းကျောက်ပနံကန်ကြီးကုန်း ရာဇဝင်ဖြစ်သော ဆားတောင်သူ အောင်ဖြူဇာတ်ကို ခင်းလျှင် နိုင်နင်းစွာ ကပြနိုင်ရမည့် အရည်အသွေးဖြစ်သည်။ အောင်ဖြူဇာတ်မှာ ပရိယာယ် အလွန်များပြီးလျှင် မင်းသမီး၏ အလွမ်းများလှသော ဇာတ်ထုပ်ဖြစ်သည်။ ဤလိုဇာတ်မျိုးကို တော်တော့် မင်းသမီး ဇာတ်မလိုက်နိုင်၊ မကနိုင်ပေ။

(၆)ဇော်-ဟူသည်မှာ ရှိရာဇာတ်ကို ကပြရသဖြင့် မင်းသမီး ဇော်ဂျီဖြစ်ရသည့် ဇာတ်လမ်းမျိုးနှင့် ကြုံခဲ့သော် ဇော်ဂျီ အဖြစ်နှင့် ကတတ်ပြောတတ် ပြုမူတတ်ဖို့ အသင့်ရှိရ ပေမည်။


(၇) လု-ဆိုသည်မှာ လင်လုခန်း၊ သားလုခန်းများတွင် နိုင်နင်းဖို့လိုသည်။ သစ္စာထား နှစ်ပါးသွားခန်းတွင် လင်လု ခန်းမျိုးသာမက ဇာတ်ကွက်နှင့်အညီ လူယောင်ဆောင်ထားသည့် ဘီလူးမနှင့် လင်လုရခြင်းမျိုးကိုပါ ဆိုသည်။ ယင်းအခါ၌ မိမိသည် လင်သားအပေါ် မည်သို့ ကြင်နာခဲ့သည်၊ ယုယခဲ့သည်၊ အနာခံ၍ ချစ်ရည်လူးခဲ့သည်၊ ချစ်တုံ့တင် ခဲ့သည်များကို ပွဲကြည့်ပရိသတ်စိတ်၌ အကွင်းကွင်းနှင့် ပေါ်အောင် ပြောဆိုတတ်ရ၍၊ သားလုခန်း၌လည်း မေတ္တာရေစင်ဖြင့် ချစ်ခင်သဒ္ဓါ မြတ်နိုးစွာ ကျွေးမွေးသုတ်သင်ခဲ့ပုံများ၊ သားအတွက် ရတတ်မအေး သောကစိုက်ခဲ့ပုံများကို တကယ့် သားသည် မအေ တစ်ယောက်ကဲ့သို့ စီကာပတ်ကုံး ပြောကြားတတ်ရလေသည်။


(၈) ဘ-ဟူသည်မှာ အချို့ဇာတ်များ၌ မင်းသမီးရေကန်တွင် ရေချိုးမှား၍ အစွယ်ပြူးပြူး ဘီလူးဖြစ်သွားသည့်အခန်း ပါတတ်သည်။ ထိုအခါ ဘီလူးခန်းကို မင်းသမီးလုပ်သူသည် နိုင်နင်းစွာ ကပြနိုင်ရလေသည်။


(၉) ရူး-ဟူသည်မှာ ဇာတ်ကွက်နှင့်အညီ အကြောင်း တစ်ခုခုကြောင့် ရူးသွပ်ရသည့်အခါ၌ တစ်ကယ့်အရူးနှင့် တူအောင် ရူးတတ်ဖို့လိုသည်။ ဤလိုအခန်းမျိုးကို ရုပ်သေး မင်းသမီး ဆရာပုဒေါ်ထွေးလေးနှင့် ထားဝယ်ပြန် ဒေါ်စိန်ခင် တို့သာလျှင် နိုင်နိုင်နင်းနင်း ကနိုင်၍၊ အရူးခန်းကောင်းသည်ဟု ကျော်ကြားလေသည်။ ဒေါ်ထွေးလေး ပဋာစာရီဇာတ်ကို ကပြရာ၌ အရူးခန်းကို ပရိသတ်က မေ့မရအောင်ဖြစ်ရ သည်ဟု ဆိုလေသည်။


(၁ဝ) အ-ဟူသည်မှာ စုန်းပြုစား၍ ဖြစ်စေ၊ နတ်တိုက်၍ ဖြစ်စေ၊ ဝဋ်ကြမ္မာကြောင့်ဖြစ်စေ မင်းသမီးသည် အကောင်း ပကတိက သွားရသည့် ဇာတ်လမ်းမျိုး ကပြရသည့်အခါ ဘာတစ်ခွန်းမျှ မပြောနိုင်တော့ဘဲ၊ ခြေနှင့်လက်နှင့်ပြ၍ မျက်နှာက အမူအရာအမျိုးမျိုး ထုတ်ဖော်သည်တွင် ပရိသတ်က နားလည်ပြီး ရင်ထုမနာနှင့် မျက်ရည်မဆည်နိုင် ဖြစ်လာအောင် ကပြတတ်ရသည်။


(၁၁) သေ-ဟူရာ၌ မင်းသမီး သေရသည့် အခန်းများ လည်း ဇာတ်လမ်းတွင် ပါတတ်သေးရာ၊ မင်းသမီးက မသေ တတ်လျှင် ဇာတ်နာသင့်ပါလျှက် မနာဘဲ ပွဲကြည့်ပရိသတ် အူကြောင်ကြောင် ဖြစ်ကုန်ပြီးလျှင် တညဉ့်လုံး သယ်လာသမျှ သဲရေကျ ဖြစ်ရတတ်သည်။ ဆရာပု၊ ဒေါ်ထွေးလေးနှင့် ထားဝယ်ပြန် ဒေါ်စိန်ခင်တို့သည် အသေကောင်းလှသည်ဟု ဆိုသည်။ မင်းသမီးလုပ်သူ အသေတတ်သည့်အခါ၌ ဇာတ်ခုံပေါ်က ဇာတ်သူ ဇာတ်သားများပင် စိတ်ထိခိုက် လာပြီးလျှင် မျက်ရည်ကျရလေသည်။


(၁၂) ပစ်-ဟူရာ၌ သားပစ် သမီးပစ် စွန့်ပစ်ရသော ဇာတ်မျိုး၌ ပစ်တတ်ရန် လိုခြင်းကို ဆိုလိုသည်။ ပစ်ရာ၌လည်း အသေပစ် အရှင်ပစ် ဟူ၍ရှိ၏။ ပုံစံအားဖြင့် မိဖုရားကို နောက်သိမ်းမည့် ဘုရင်က အလျင်သွေး မကျန်ရအောင် သားသမီးကို စွန့်ပစ်ချေဟု ဆိုသည့်အခါ၌ သားကို အရှင် လတ်လတ် စွန့်ပစ်ရသည့်အခန်းမျိုး၊ သားသေ၍ စွန့်ပစ်ရသည့် အခန်းမျိုး၌ ဇာတ်လိုက်တတ်ဖို့ လိုလေသည်။

ယင်းတော်မလေး[ပြင်ဆင်ရန်]

မန္တလေး မြို့တည်နန်းတည် မင်းတုန်းမင်းတရားနှင့် သီပေါမင်းတရားတို့ ခေတ်တွင် နန်းတွင်း အီနောင်ဇာတ်၊ ရာမဇာတ် စသည်တို့ကို ကပြခဲ့စဉ်က အီနောင်နန်းတွင်း ဇာတ်တော်ကြီးတွင် အထူးနာမည်ကျော်ကြား လူကြိုက်များလှသော တော်သုံး မင်းသမီးကြီး ယင်းတော်မလေးသည် အရေးပါ အရာရောက်ဆုံးဖြစ်သူ ပွတ်စပါး မင်းသမီးအခန်းမှ နိုင်နင်းစွာ အမှုထမ်းနိုင်လေသည်။ နာမည်ရင်းမှာ မလေးဖြစ်ရာ၊ ယင်းတော်မြို့သူဖြစ်၍ ယင်းတော်မလေးဟု တွင်သည်။ အချို့ကလည်း ယင်းတော်မြို့ကို အပိုင်စားရ၍ ယင်းတော်မလေး ခေါ်တွင်သည်ဟုဆိုသည်။ ယင်းတော်မလေးသည် မင်းသမီးဘဝ ခေတ်ကောင်းစဉ်က အဆင်းအင်္ဂါ လှပပြီးလျှင် ကနွဲ့ကရ ပျော့ပျော့ပျောင်း ပျောင်းရှိ၍၊ တေးကြီးဘွဲ့ကြီး ပတ်ပျိုး ယိုးဒယားစသည်တို့ကို နိုင်နင်းစွာ သီဆိုနိုင်သည်။ နန်းတော်သူများ အီနောင် ဦးစံတုတ်ကို သဘောကျကြသလို၊ နန်းတော်သား မှူးသားမတ်သား မင်းယောက်ျား အရာရှိပိုင်းကလည်း ယင်းတော်မလေး၏ ပညာအမွေကို ခံယူခဲ့သော မင်းသမီးဟူ၍ကား မရှိဟု ဆိုလေသည်။

ဆင်ခိုးမလေး[ပြင်ဆင်ရန်]

ယင်းတော်မလေးနှင့် မရှေးမနှောင်းပင် ဇာတ်တော်ကြီးဝင် ဆင်ခိုးမလေးဟူ၍ အဆိုအက နှစ်ဌာန၌ နာမည်ကျော်ကြားသော အမျိုးသမီး ဇာတ်သဘင်သည်ကြီး တစ်ယောက် ထွန်းကားခဲ့သည်။ ဆင်ခိုးမကလေးသည် တောင်တွင်းကြီးမြို့သူ ဖြစ်၍ ငယ်မည်မှာ မရွှေမြှင်ဖြစ်၏။ ကိုယ်လုံးကိုယ်ပေါက် သေးသေးသွယ်သွယ်နှင့် ညိုစိမ့်စိမ့်ရှိ၍ ချောမော လှပ ယဉ်ကျေးသည်။ ငယ်စဉ်ကပင် အကတတ်မြောက်ပြီးလျှင် မြေဝိုင်းခေတ် ဇာတ်မင်းသမီးဖြစ်ခဲ့ရာ၊ ပထမ အိမ်ထောင်သည် ခင်ပွန်းနှင့် သားနှစ်ယောက်ရှိခဲ့ပြီးနောက် ရနောင်မင်းသားက ကောက်ယူဆင်နှင့်တင်၍ ခေါ်စေသောကြောင့် ဆင်ခိုးမကလေးဟု တွင်သည်။ ရနောင်မင်းသား မှုပြစ်မကင်း၍ ရာဇဝတ်တော် သင့်ပြီးနောက်တွင် သီပေါမင်း၏ မိဖုရားခေါင်ကြီးက ချစ်မြတ်နိုး၍ ယိုးဒယားဇာတ်ကြီး အတီးအကတို့ကို အသင်ခိုင်းသဖြင့် ယိုးဒယားရာမ ဆရာဦးဖိုးမြ ထံတွင် သုံးနှစ် သင်ယူခဲ့ရလေသည်။ ဆင်ခိုးမကလေးသည် အဆိုအက ပညာတွင် ပိုင်ပိုင်နိုင်နိုင်ရှိ၍ လက်ည|ိုးထိုးကရာ၌ အလွန် ယဉ်ကျေး၏။ အထူးသဖြင့် 'ခရာသံ ' ဒိုးပတ်အက အလွန်ကောင်းသည်ဟု ဆိုလေသည်။


ယင်းတော်မလေး၊ ဆင်ခိုးမကလေးတို့နှင့် မရှေးမနှောင်း ပေါ်ပေါက်ခဲ့သော ဒေါ်ကွမ်းငုံနှင့် ကိန္နရာပျံတို့သည်လည်း ထင်ရှားသော ဇာတ်မင်းသမီးများ ဖြစ်၏။

မထွေးလေး[ပြင်ဆင်ရန်]

ယင်းတော်မလေးနှင့် ဆင်ခိုးမကလေးတို့ နှစ်ဦး ဆံဖြူသွားကြွေ၊ ပါးရေမတွန့်ခင် ကလေးတွင် ဗျာပါဆံကလေး တစ်ခါခါနှင့် ဖျတ်လပ်စွာ ပေါ်ပေါက်လာသူကား နောက်ပေါက်မင်းသမီးကလေး မထွေးလေး ဖြစ်သည်။ ငယ်မည်မှာ ခင်ထွေးဖြစ်၍ ၁၁ နှစ်အရွယ် ကြီးလာသည်နှင့်အမျှ သဘင်ရည်ဝကာ ကျော်စောထင်ရှားသော ဇာတ်မင်းသမီးကြီး တစ်ဦး ဖြစ်လာသည်။ ဒေါ်ထွေးလေးသည် လက်ည|ိုးကလေးကို ကိုက်၍ မူကာ ကတတ်သည်ဟုဆိုသည်။ မင်းသမီးကဲ အလွန်ပါ၍ မင်းသမီးမှင် အလွန်ကောင်းသူ ဖြစ်သည်။ ငယ်စဉ်က ထူးချွန်ခဲ့သော ကကြိုးမှာ ကိန္နရာကနှင့် အရုပ်ကြိုးကများ ဖြစ်၏။ ဒေါ်ထွေးလေး၏ ကမျိုးကို မည်သူကမျှ မကတတ်ကြတော့ဟုဆိုသည်။ သီချင်းဆိုရာ၌လည်း မေးဝဲမေးရိုက်တို့တွင် ဒေါ်ထွေးလေးကို မီအောင်လိုက်နိုင်သူမရှိဟုလည်း ဆိုလေသည်။ နောက်ပေါက် ဇာတ်မင်းသမီးများထဲတွင် မထွေးလေးထံမှ ပညာဆည်းပူး တပည့်ခံသူများ၍၊ နိုင်ငံကျော် မင်းသမီး များဖြစ်လာကြသည်။ အမေထွေးတပည့် မဟုတ်လျှင် မင်းသမီးအရာ မဝင်သလောက် အထင်သေးကြလေသည်။ ဒေါ်ထွေးလေး အသက် ၁၂ နှစ်သမီးက အသက် ၆ဝ နားအထိ သဘင်ပညာနှင့် အသက်မွေး၍ သွားရာ၌ မင်းသား ဦးဘိုးကွန်းနှင့် အနှစ် ၂ဝ လောက် တွဲကခဲ့ရာ ဦးဘိုးကွန်းနှင့် အကြောင်းပါခဲ့သည်။ ဦးဘိုးကွန်းနှင့် တွဲ၍ကသွားသည့် အချိန်သည် ဒေါ်ထွေးလေး အဖို့ အကျော်ဆုံး ကာလ၊ ငွေအရဆုံးကာလ၊ နာမည်အကြီးဆုံးကာလ ဖြစ်ဟန်ရှိလေသည်။ ဒေါ်ထွေးလေးနှင့် တခေတ်တည်း ပေါ်ခဲ့သော ဇာတ်မင်းသမီးများမှာ ဒေါ်စိန်မေ၊ ဒေါ်စံရှား၊ ဒေါ်ဇော်ရိုက် စသူတို့ဖြစ်၏။ အီကင်းဦးမောင်ကြီးသည် ရုပ်သေးစင်မှ ဆင်းပြီးနောက် မြေဝိုင်းဇာတ်တွင် ဝင်ရောက်ကပြခဲ့ရာ၌ ဒေါ်ထွေးလေးနှင့် မတွဲမီ အဆိုပါ မင်းသမီးများနှင့် တွဲဘက် ကပြခဲ့လေသည်။


မထွေးလေးခေါ် အမေထွေးခေတ် နောက်တွင် ကျော်စော ထင်ရှားလာခဲ့ကြသော ဇာတ်မင်းသမီးကြီများကား ဒေါ်စိန်နက်၊ ဒေါ်ငွေဘော်၊ ဒေါ်စိန်ထား၊ ဒေါ်စိန်ည|ာ၊ ဒေါ်စိန်ဖော့၊ ဒေါ်စိန်ကျော့၊ ဒေါ်စိန်ညွန့် စသူတို့ ဖြစ်ကြသည်။ ဒေါ်စိန်နက်သည် နာမည်ကျော် ဇာတ်မင်းသား ဆရာမွှန်းနှင့် တွဲဘက်ကပြခဲ့သော နာမည်ကျော် ဇာတ်မင်းသမီး ဖြစ်သည်။ ရှေးခေတ် ပန်းပင်စိုက် မြေဝိုင်းခေတ်တွင် ညဉ့်ဦးယံ၌ ယိုးဒယား လေးပွင့်ဆိုင် ကကြရလေရာ၊ ဒေါ်စိန်နက်၏ ခြေဟန် လက်ဟန်ကို ကြည့်ပြီးလျှင် ကပြ ကြရသည်ဟုဆိုသည်။ ဒေါ်ငွေဘော်သည် ဇာတ်မင်းသား ဦးစိန္တာနှင့် တွဲဘက်ကပြ၍ နာမည်ရ မင်းသမီးတစ်လက်ဖြစ်၏။ ဒေါ်စိန်ထားသည် ထိုခေတ်က ဇာတ်မင်းသမီး အလှတွင် မစိန်ထား ဟူ၍ပင် ကျော်ကြားခဲ့သူဖြစ်သည်။ ဒေါ်စိန်ည|ာမှာမူ ရုပ်နှင့်မျက်နှာပေးကောင်းသည်ဟု ကျော်ကြား ခဲ့လေသည်။ ဒေါ်စိန်ဖော့နှင့် ဒေါ်စိန်ကျော့တို့ သည်လည်း နာမည်ကျော် ဇာတ်မင်းသမီးများဖြစ်၏။ ဒေါ်စိန်ညွန့်သည် ဇာတ်မင်းသား မျောက်-ဦးစစ်တွေ၏ ဇနီးဖြစ်၍ ဇနီး ခင်ပွန်း နှစ်ဦးလုံးပင် နာမည်ရ မင်းသား၊ မင်းသမီးများ ဖြစ်သည်။ ဒေါ်စိန်ညွန့်သည် အောက်မထွေးလေး ဟူ၍ပင် နာမည်ရခဲ့ လေသည်။


ယောက်ျားမင်းသမီး ဦးအောင်ဗလသည် ဣတ္ထိယဇာတ်ဝင် မဟုတ်သော်လည်း မိန်းမဟန် အမူအရာ အချွဲ၊ အနွဲ့၊ အလှည့်၊ အဟိုက်တို့၌ မိန်းမမင်းသမီးတို့ပင် လိုက်မမီအောင် ရှိရသည်။ ကကြိုး၊ တုပ်ကြိုး ကကြလေ့ရှိသည်။ စခွံ့ ခေါ်မန္တလေးဒိုး ကကြိုးကို အောင်ဗလပင်ထွင်သည်ဟု ဆိုသည်။ နောက်နာမည် ထွက်လာမှ မထွေးလေး၏ ကကြပုံကို ယူသော်လည်း အဆင်တူ၏။ ခြေမတူ ဖြစ်နေသည်ဟုလည်း ဆိုလေသည်။ ဇာတ်ကပြရာတွင် အရပ်သဘောအတိုင်း ပြောလေ့ဆိုလေ့ ရှိသည်။ သို့သော် ဇာတ်ထုပ်ဇာတ်ကွက်စာကို လက်မလွတ်ပေ။ မင်းထင်မယ်မှန်၊ ထိလပ်ပိုးအု၊ ဘို့မယ်တက်ခါ၊ ကာကဝလ္လိယ၊ ဝီဇယ စသော ဇာတ်ထုပ်များကို ကပြရာတွင် သရုပ်ပေါ်အောင်၊ ဇာတ်နာအောင် စီးစီးနင်းနင်း ကပြတတ်လေသည်။


ဦးဘိုးစိန်နှင့် အောင်ဗလ တွဲကသော နှစ်၊ ဦးစိန်ကတုံးနှင့် အောင်ဗလ တွဲကသော နှစ်များတွင် ဇာတ်ပွဲကြည့်ရသည်မှာ စွယ်စုံကောင်း ဖြစ်သည်ဟု ပြောစမှတ် ပြုကြလေသည်။ ဦးဘိုးစိန်နှင့် ပထမဆုံး တွဲဘက်မင်းသမီး အဖြစ် နာမည်ကျော်ခဲ့သူမှာ ဒေါ်ငွေစိန်ဖြစ်သည်။ ဘိုးစိန်-ငွေစိန် ဟု အမြင်ပင် ခွဲမရအောင် အမည်ချင်း ပူးပေါင်းခေါ်ဝေါ်ခဲ့ကြ သည်။ ဘိုး-စိန်-ငွေစိန်တို့သည် အရွယ်ငယ်စဉ်ကပင် သစ္စာထား နှစ်ပါးသွားတွင် လူတိုင်း ကြိုက်ခဲ့ကြသည်။ ဒေါ်ငွေစိန်သည် ကျိုက်လတ်မြို့ဇာတိ၊ ဇာတ်မျိုးဇာတ်နွယ် ဖြစ်သည်။ ဒေါ်ငွေစိန်၏ မိခင်သည် ဇာတ်မင်းသမီးကြီး ဗမာမသိုင်းခြုံဟူ၍ ကျော်ကြားခဲ့သည် ဒေါ်သွယ်ဆိုသူဖြစ်၍ ဖခင်သည် ဇာတ်မင်းသား ဦးညာခိုင်ဆိုသူ ဖြစ်လေသည်။ ဒေါ်ငွေစိန်တွင် ငွေရီ၊ ညိုညို၊ ကျင်ဥ၊ ရင်နု ဟူ၍ ညီမလေးယောက် ရှိသေးရာ အားလုံးပင် နာမည်ကျော် ဇာတ်မင်းသမီးများ ဖြစ်ကြသည်။ ထို့ပြင် သူတို့အားလုံးပင် ဦးဘိုးစိန်နှင့် ဆက်ကာဆက်ကာ တွဲကခဲ့ကြ၍ နာမည်ရခဲ့ကြ သည်ချည်း ဖြစ်လေသည်။ ဒေါ်ငွေစိန်တို့ ညီအစ်မ ငါးယောက်တွင် ဒေါ်ငွေစိန်နှင့် ဒေါ်ကျင်ဥတို့သာ သဘင်သက် တာရှည်ခဲ့၏။ ဒေါ်ကျင်ဥသည် မင်းသမီးဘဝတွင် အနေကြာ ခဲ့၍၊ သူ၏သီချင်းများလည်း အတော်ခေတ်စားခဲ့၏။ များသောအားဖြင့် ဦးဘိုးစိန်နှင့် တွဲဘက် ကပြခဲ့သော အချိန်က များလေသည်။ ဒေါ်ငွေစိန်တို့နှင့် မရှေးမနှောင်းပင် တွံတေး ဆံတောက် မငွေသင်ခေါ် နည်မည်ရ ဇာတ်မင်းသမီး တစ်ဦး ထွက်ပေါ်ခဲ့သေးသည်။ အမျိုးသမီးများချည်း ပါဝင်သော ဇာတ် အဖွဲ့ကို ဦးစီးကပြခဲ့၏။ ဒေါ်ငွေသင်သည် ဆိုင်းဆရာကြီး အလင်္ကာကျော်စွာ ဦးဟံပ၏ ဇနီးဖြစ်၍ သမီးဖြစ်သူ ပလိုတီယာ မသိန်းသည်လည်း နာမည်ကျော် ဇာတ်မင်းသမီးတစ်ဦး ဖြစ်လေသည်။ ဇာတ်မင်းသမီး ဒေါ်စိန်မြိုင်သည် ဦးဘိုးစိန်၏ အစ်မရင်းဖြစ်သည်။ ဇာတ်သဘင်သည်တို့ တတ်အပ်သော ပညာနှင့် ပြည့်ဝ၍ သဘင်ဝါ ရင့်လှသည်။ အရွယ်ကြီး သောအခါ မယ်တော်အခန်း၊ သူဌေးကတော်ကြီးအခန်း စသည်တို့မှ အလွမ်း အဆွေးကို ထိထိမိမိ သယ်နိုင်သော သတ္တိရှိသည်။ ဆိုင်းဆရာ အလင်္ကာကျော်စွာ ဦးဘမောင်သည် ဒေါ်စိန်မြိုင်၏သား ဖြစ်၍၊ နိုင်ငံကျော် ရွာစား ဆရာစိမ့်သည် ဦးဘမောင်၏ ဖခင်၊ ဒေါ်စိန်မြိုင်၏ ခင်ပွန်းဖြစ်လေသည်။ ဇာတ်မင်းသမီး ဒေါ်စိန်ဥသည် ကျိုက်ထိုသူဇာတိဖြစ်၏။ မင်းသမီး ဒေါ်ငွေစိန်နှင့် ဦးဘိုးစိန်တို့ ဇာတ်ခေါင်းကွဲပြီး နောက်တွင် ဒုတိယ ဆက်လက်တွဲကသော ခေါင်းဆောင် ဇာတ်မင်းသမီး ဖြစ်သည်။ ဒေါ်စိန်ဥသည် ဒေါ်ငွေစိန်နှင့် ပခုံးချင်း ယှဉ်နိုင်သော ဇာတ်ခေါင်းဆောင် မင်းသမီးလည်း ဖြစ်၍ အလွမ်း၊ အဆွေး၊ ဇာတ်အိမ် ဇာတ်ကွက် အသယ်အယူ နိုင်နင်းလှလေသည်။ ဦးဘိုးစိန်နှင့် တွဲကယင်းပင် ဦးဘိုးစိန်နှင့် အကြောင်းပါခဲ့သည်။ ထို့နောက် နှစ်အတော်ကြာ ကွဲနေပြီးမှ ဒေါ်စိန်ဥနှင့် ပြန်တွဲကကြပြန်ရာ စိန်ဥဖြင့် အပိန်တစ်ခု အဖတ်တင်၊ မျောက်မြင်ယင် ကျုပ်အလွဲ နစ်သူမို့ အုတ်ခဲနဲ့ ပစ်ချင်၊ ဘိုးစိန်ဟာ အရိုးပိန်မရယ်လို့၊ အဲဒီတုန်းက ပစ်သွားသရှင် --- ဟူသော သီချင်းနှင့် ညတိုင်း ကတိုင်းရန်တွေ့သည်။ ဦးဘိုးစိန်ကလည်း မျက်နှာရူး တိုက်နှူးပြန်သည်။ ပွဲကြည့် ပရိသတ်တို့ တသဲသဲနှင့် နားကွဲမတတ် ဩဘာပေးကြလေသည်။ မင်းသားများကဲ့သို့ ကတ္တီပါ ဘောင်းဘီ၊ ပိုးပုဆိုး ခါးတောင်းကြိုက် ဝတ်ဆင်၍ ဓားကစားပြရာတွင် အလွန်တော် သော မင်းသမီးမှာ ဒေါ်ကျော်ဗလ ဖြစ်သည်။ ဒေါ်ကျော်ဗလသည် လူရွှင်တော် ဦးပဒုမ္မာ၊ ဒေါ်ဖြူတို့၏ သမီး မန္တလေးမြို့သူ ဖြစ်သည်။ အမည်ရင်းမှာ မအေးဖြစ်၏။ အလွမ်းနိုင်သော မင်းသမီးတစ်ဦး ဖြစ်သည့်ပြင် မင်းသမီး ယောက်ျားယောင် ဆောင်ရသော အခန်းများတွင် ကျွမ်းကျင်လှသည်ဟု ဆိုလေသည်။ ဇာတ်မင်းသမီး ဒေါ်ကျော်ဗလသည် နာမည်ကျော် ဇာတ် မင်းသား ဦးစိန်ကတုံးနှင့်လည်း တွဲဘက် ကပြဘူးလေသည်။ ဦးစိန်ကတုံးနှင့် တွဲဘက်ကပြခဲ့၍ နာမည်ကျော်ကြားခဲ့သော ဇာတ်မင်းသမီးများမှာ မန္တလေး ဦးကြွင်း၏ သမီး (ဦးစိန်ကတုံး၏ ပထမ ဇနီး ) ဒေါ်စမ်းကြည်၊ ဒေါ်စိန်နွဲ့၊ ဒေါ်သိန်းညွန့်၊ ဒေါ်မြညွန့်၊ ဒေါ်စိန်ချစ်၊ ဒေါ်ဩဘာစိန် စသူတို့ ဖြစ်သည်။ ဒေါ်မြညွန့်မှာ ဦးစိန်ကတုံး၏ တပည့်မင်းသမီးတစ်ဦးဖြစ်၍ အကကောင်းသဖြင့် ကျော်ကြား သည်။ ကြည့်မြင်တိုင် ဈေးကလေးရပ်သူ ဒေါ်စိန်ချစ်သည် မူလက ဇာတ်ကလေးမင်းသမီး ဖြစ်သည်။ ဦးစိန်ကတုံး ဇာတ်တွင်ဝင်၍ ကစက၊ မပြောရဲ မဆိုရဲ မကရဲ ဖြစ်နေရာ၊ ဇာတ်ဆရာ ဦးစိန်ကတုံးက ငါ၏ အရိပ်အခြည်ကို ကြည့်၊ ငါစကားခင်းပေးတာလိုက်၊ ငါ ကပုံကြည့်၊ ရဲရဲက ရဲရဲဆို၊ ရဲရဲပြောဟု သုံးနှစ်ကျော်လေးနှစ် သင်ပြယင်း ကပြခဲ့ရာ တစ်နှစ်ထက် တစ်နှစ် ပညာရည် ပြည့်ဝခဲ့ ပြီးလျှင် လူကြိုက် များလာသော ဇာတ်မင်းသမီးတစ်ဦး ဖြစ်လေသည်။ ဦးစိန်ကတုံးနှင့် တွဲဘက် ကပြခဲ့သော ဒေါ်ဩဘာစိန်သည်လည်း နာမည်ကျော် မင်းသမီး တစ်ဦးဖြစ်၏။ တွံတေး ဇာတိ ငယ်မည်မစိန်ဖြစ်၍ မင်းသမီး တွံတေး ဆံတောက်မငွေသင် ထံတွင်လည်းကောင်း၊ ကြည့်မြင်တိုင် ရေတွင်းကုန်း ဆရာဉာဏ် ထံတွင်လည်းကောင်း သဘင်ပညာကို သင်ကြားခဲ့သည်။ ထို့နောက် ပသီ မြညွန့်နှင့် တွဲဘက်ကပြခဲ့၍ အငြိမ့် မင်းသမီးအဖြစ်လည်း ကပြခဲ့သည်။ အငြိမ့်မင်းသမီးအဖြစ် ကပြနေရာမှ တစ်ဖန် မင်းသား ဦးစိန်အုပ်နှင့် တွဲကခဲ့ပြန်သည်။ အသက် ၁၆ နှစ်အရွယ်တွင် ဦးစိန်ကတုံး၏ ဇာတ်အဖွဲ့တွင် ပါဝင်ကပြခဲ့ရာ အသက် ၃ဝ ကျမှပင် ထိုဇာတ်မှ ထွက်ခဲ့၏။ ထိုစဉ်က ဒေါ်ဩဘာစိန်သည် အသက်အရွယ် ငယ်သော်လည်း အနုသဘင် ပညာအရာတွင် ရှေ့တန်းမှ နေနိုင်သောကြောင့် ဦးစိန်ကတုံးမှ အစ ဇာတ်သူဇာတ်သားများက အရေးပေးခြင်း ခံရလေသည်။ ဦးစိန်ကတုံး ဇာတ်မှ ထွက်ပြီးနောက်တွင် ဇာတ်မင်းသား ဦးကျော်မြသောင်းနှင့်လည်းကောင်း၊ မင်္ဂလာ ဦးအောင်ဘညိုနှင့် လည်းကောင်၊ မင်္ဂလာ ဦးအောင်မောင်းနှင့် လည်းကောင်း တွဲဘက် ကပြခဲ့လေသည်။ ထိုနောက်တွင် ခင်ပွန်းသည် ဖြစ်သူ ဇာတ်မင်းသား ဦးလွန်းမောင်နှင့်အတူ ကိုယ်ပိုင်ဇာတ်ထောင်ကာ ကပြနေခဲ့ရာမှ ဦးဘိုးစိန်၏ ဇာတ်အဖွဲ့တွင် ပါဝင် ကပြခဲ့ရပြန်လေသည်။ ထိုအခါ ဦးလွန်းမောင်က ဇာတ်ဆောင်မင်းသားကြီးအဖြစ်လည်းကောင်း၊ ဒေါ်ဩဘာစိန်က ဇာတ်ဆောင်မင်းသမီးကြီးအဖြစ်လည်းကောင်း ကပြခဲ့၏။ ထိုအတွင်း ခင်ပွန်းသည် ဦးလွန်းမောင် ကွယ်လွန်သွား၍ ဦးဘိုးစိန်ဇာတ်မှထွက်ကာ အနားယူခဲ့သော်လည်း မနေသာသောကြောင့် အမယ်ကြီးအို အောင်စိန် ဇာတ်အဖွဲ့တွင် တစ်နှစ် ပါဝင်ကပြခဲ့ရသေးသည်။ ထိုနောက်တွင်ကား သဘင်အလုပ်မှ အနားယူလိုက်လေသည်။ ဒေးဒရဲ ကညင်ကုန်းဇာတိ အိုးစည် ဒေါ်အေးစိန်သည် ရောင်တစောင်း ဆံမြိတ်ကွင်းထုံး၊ လည်ထောင် ပါလည်ကွေး၊ လက်ကြပ်ဆင်၍၊ ကတ္တီပါ ဘောင်းဘီခံ၊ လွန်းပုဆိုးခါးတောင်း ကြိုက်၍ အိုးစည်အကနှင့် လူကြိုက်များသည်။ မျက်နှာချိုနှင့် ရုပ်ချော ပျော့ပျောင်းသူ ဖြစ်၏။ ရုတ်တရက် နာမည်ကြီး လာကာ လူကြိုက်များလာသော်လည်း သဘင်သက် မရှည်လှပေ။


ဇာတ်မင်းသမီးကြီး အလုံစိန်တင်သည် ကမာကဆစ်သူ ဖြစ်သော်လည်း ရန်ကုန်အလုံရပ်တွင် နေသဖြင့် အလုံစိန် တင်ဟု ခေါ်တွင်ခဲ့လေသည်။ ဇာတ်ကခြင်းဖြင့် သုံးနှစ်လောက်သာ ကြာသော်လည်း ဇာတ်ထုပ်အတော်များများ ဓာတ်ပြား သွင်းခဲ့ဘူးသည်ဟု ဆိုလေသည်။ ပုဇွန်တောင် စက်ဆန်းသူ နဂါးမ ဒေါ်မြနှစ်သည် မင်းသမီးအဖြစ် ကျော်ကြားလာစဉ်က ဆံတောက်ချနှင့် ဝဝတုတ်တုတ်ကလေး ဖြစ်၏။ ဣသိန္နရသေ့ဇာတ်တွင် နာမည် ကြီးသည့်ရသေ့ ဈာန်လျှောအောင် ပြုရသော အခန်းမှာ မမြနှစ်၏ ရုပ်နှင့် နှုတ်ကို ပွဲကြည့်ပရိသတ်တို့ အထူးသဘောကျကြ၏။ နဂါးမ မမြနှစ်ဟု အမည်တွင်ခဲ့ခြင်းမှာ ဘူရိဒတ်ဇာတ် ကပြသောအခါ နဂါးခေါင်း ဆောင်း၍ ကပြရသည်ကအစ နဂါးမ မမြနှစ်ဟု ခေါ်ကြခြင်းဖြစ်သည်ဟု ဆို၏။ ယိုးဒယား သိန်းမေခေါ် ဒေါ်သိန်းမေသည် မဟာဂီတဝင် သီချင်းမှန်သမျှ အံကျစည်းကျ နွဲ့နွဲ့လျလျ သီဆိုတတ်သူ ဖြစ်သည်။ ရုပ်ရည် ပြေပြစ်ချောမောသည်။ အသံသာယာသည်။ အကညက်သည်။ ဦးဘိုးစိန်၏ ဇာတ်အဖွဲ့တွင် ပါဝင်ကပြခဲ့ရာ အရွယ်ကြီးသောအခါ ယိမ်းခေါင်းဆောင်၊ ယိမ်းဆရာအဖြစ်နှင့် တပင်တိုင် မင်းသမီး အကများကိုသာ ကပြလေသည်။ ဒေါ်သိန်းမေသည် သံလျင်မြို့နယ် ပုဂံတောင်ရွာ ဇာတိဖြစ်၏။ ဇာတ်မင်းသမီး ဒေါ်ကျင်ယုံသည် ရန်ကုန်ဇာတိဖြစ်၍ ငယ်စဉ်က သေးသေးကွေးကွေးနှင့် ယဉ်စစ ဖြစ်၏။ မင်းသား အဝတ်အစားဖြင့် ကပြရသည်က များသည်။ မင်းသမီးအဖြစ် ကပြ၍ နှစ်နှစ်သုံးနှစ်ခန့်အကြာ နာမည်ထွက်စတွင် ဇာတ်မင်းသား ဦးဘိုးစိန်နှင့် အကြောင်းပါသဖြင့် ဇာတ်စင်ပေါ်သို့ မတက်ရတော့ဘဲ သားသည်အမေအဖြစ်နှင့် နေယင်းက ဇာတ်အိမ် ဇာတ်ကွက်များတွင် ဖြည့်စွက်သင် ကြားပေးခြင်းဖြင့် တစ်ဘက်တစ်လမ်း အကူအညီပေးခဲ့ရလေသည်။ နာမည်ကျော် ဇာတ်မင်းသားများဖြစ်ကြသော ကနက်စိန်၊ စိန်ကြိုင်နှင့် တစ်သက်စိန်တို့၏ မိခင်ဖြစ်သည်။ နာမည်ကျော် ဂီတစာဆို နန်းတော်ရှေ့ ဆရာတင် ပထမဆုံး ရေးစပ်သည့် မယ်အေးလေးက ပို့တဲ့မေတ္တာ၊ အပြည်ပြည် အရွာရွာ မလစ်ခဲ့ပါဘူး၊ ရောက်သမျှ မြို့ရွာ ချစ်ကြပါသတဲ့ အသစ်ကလေးမို့ ကြာမူပါတာ ဟူသော သီချင်းကို သီဆို၍ မေးထိုးပြီး မျက်စကို ဘယ်တစ်ဘက် ညာတဘက်၊ တစ်ဘက်စီပစ်၍ ကပြခဲ့သဖြင့် နာမည် ရလာခဲ့သော ယုဇနအေးစိန်သည် မူလက အငြိမ့်မင်းသမီး ဖြစ်၏။ နောင်အခါ ဇာတ်မင်းသမီး အဖြစ်နှင့် နာမည်ကြီး ဇာတ်မင်းသမီးများနှင့် တွဲကခဲ့သည်။ နောက်ဆုံးအချိန်တွင်မှ ဇာတ်မင်းသား ဦးဘိုးစိန်ကြီးနှင့် တွဲကခဲ့ရာ၊ ထိုအချိန်တွင် နှစ်ယောက်စလုံး အသက်ရွယ် ထောက်လာပြီဖြစ်၍ နှစ်ပါးသွား သစ္စာထား သီချင်းများကို ဖေတော့ မောင်တော့တွေ မပါစေဘဲ တရားဓမ္မ လေသံပြောင်း၍ စပ်ဆိုကပြခဲ့ကြလေသည်။ ဒေါ်အေးစိန်သည် ဇာတ်သဘင် မျိုးရိုးမှ ဆင်းသက်လာသူ မဟုတ်သော်လည်း နာမည်ရမင်းသမီး တစ်လက်ဖြစ်သည်။ ရန်ကုန်မြို့ ပန်တျာကျောင်းတွင် အဆိုနည်းပြဆရာမကြီး အဖြစ် ဆောင်ရွက်ခဲ့သူ ဒေါ်ဒေလီညွန့်သည် တွံတေးမြို့နယ် ကျိုက်သလဲရွာ ဇာတိဖြစ်၍ ငယ်မည် မသန့်စင်ဟုခေါ်သည်။ ငယ်စဉ်ကပင် အရွယ်နှင့် မလိုက်အောင် ဂီတဘက်တွင် ဝါသနာ အထုံ ကြီးလှသောကြောင့် အသက်ကိုးနှစ်အရွယ်တွင် ဇာတ်ထဲသို့ လိုက်ခဲ့သည်။ ထိုအခါက ရွှေခြေကျင်း မသန့်စင်အမည်ဖြင့် ကပြခဲ့ရာ၊ ရွှေခြေကျင်း မသန့်စင် အမည်သည် ရေပန်းစားခဲ့၏။ ၁၅ နှစ်အရွယ်တွင် မင်းသား လူပြက် ဦးဇာကျယ်ကြီးနှင့် တွဲ၍ ကခဲ့ရသည်။ ထိုစဉ်က မြေဝိုင်း ပန်းပင်စိုက် ကပြရသော ခေတ်ဖြစ်၍ ရွှေခြေကျင်း မသန့်စင်သည် အိန္ဒိယပြည် နယူးဒေလီမြို့တော်သို့ပင် သွားရောက်ကပြခဲ့ဘူး၏။ ဒေလီမြို့မှ ပြန်ရောက်သောအခါ ရွှေခြေကျင်း မသန့်စင်အမည်ကို ဖျောက်၍ ဒေလီညွန့် အမည်ဖြင့် ဇာတ်ကခဲ့လေသည်။ အငြိမ့်များ ပေါ်စခေတ်တွင် အငြိမ့်ခေါင်းဆောင် မင်းသမီးအဖြစ် ကူးပြောင်း ကပြခဲ့ရာ ကျော်ကြားလေသည်။ ဒေါ်ဒေလီညွန့်သည် အဝေးရောက်မင်း ဦးအောင်ကြီး၊ စောင်းမိကျောင်း ဆရာ ဦးအုံးပွင့်၊ ဒေဝဣန္ဒာ ဦးမောင်မောင်ကြီး၊ ဆရာတာ၊ ဆရာလွှာ စသူတို့ထံတွင် ဂီတသီချင်းကြီး ပညာရပ်များကို ရယူခဲ့သည်။ ဒုတိယ ကမ္ဘာစစ် မတိုင်မီခေတ်နှင့် စစ်ပြီးခေတ်တို့တွင် မြန်မာ့အသံလွှင့်ဌာနမှ သီချင်းကြီးပိုင်းတွင် အသံလွှင့်ခဲ့လေသည်။ မြခြေကျင်း မငွေမြိုင်သည် ဇာတိအားဖြင့် ကြည့်မြင်တိုင်သူ ဖြစ်သော်လည်း မန္တလေးတွင် ကြီး၍ သူ့တစ်သက်လုံး မန္တလေးတွင် နေသွားပြီလျှင် မန္တလေးတွင် ခေါင်းချသွားလေသည်။

မြခြေချင်း မငွေမြိုင်[ပြင်ဆင်ရန်]

ဒေါ်ငွေမြိုင်၏ ကသက် အနှစ် ၃ဝ နီးပါးတွင် ဇာတ်မင်းသမီး အဖြစ်နှင့်ချည်းက၍ နှစ်နှစ်ကျော်မျှသာ အငြိမ့်မင်းသမီးအဖြစ် ကပြခဲ့သည်။ ဇာတ်မင်းသမီး လုပ်သည့်အခါ ဦးဘိုးစိန်နှင့်လည်း တွဲဘူးသည်။ သူ့ဇာတ် သူထောင်၍လည်း ကသည်။ ဒေါ်ငွေမြိုင်သည် သူကိုယ်တိုင် ကဇာတ်သဘင် ပညာတွင် အရည်အခြင်း ပြည့်ဝသည်က တစ်ကြောင်း၊ ဇာတ်ကို ဦးစီး၍ ကနိုင်သည့် မင်းသမီး ဖြစ်သည်က တစ်ကြောင်း၊ ယောက်ျားတွေက သူ့ကို အင်မတန် စွဲမက်နှစ်သက်လှသည်က တစ်ကြောင်းတို့ကြောင့် သူ့ဇာတ်တွင် သူနှင့်တွဲကရသည့် မင်းသားသည် မည်သည့်အခါတွင်မျှ မပေါ်တော့ဘဲ အလိုလိုနေယင်း မြုပ်သွားရသည်ဟုဆိုသည်။ ဒေါ်ငွေမြိုင်သည် ဦးဘိုးစိန်နှင့်လည်းကောင်း၊ ဒုတိယ ဘိုးစိန်နှင့်လည်းကောင်း၊ မင်းသား အောင်စည်ဗလနှင့် လည်းကောင်း၊ မင်းသား ဘလှိုင်နှင့်လည်းကောင်း တွဲကခဲ့သည်။ ဒေါ်ငွေမြိုင်၏ ဇာတ်သဘင်သက်၌ အကျော်ဆုံးအချိန်မှာ အသက် ၃ဝ ခန့် အရွယ်ကောင်းတွင် မင်းသားဘလှိုင်နှင့် တွဲ၍ ရွာစား စိန်ဗေဒါ၏ ဆိုင်းနှင့် ကစဉ်က ဖြစ်လေသည်။ ဒေါ်ငွေမြိုင်၏ အသံမှာ ပင်ကိုအားဖြင့် အသံကောင်းလှသည်ဟု ပြောနိုင်သည့် ပထမတန်းစား အသံမျိုး မဟုတ်သော်လည်း ပြတ်ပြတ်သားသား ဆိုနိုင်သည်။ အာခေါင်အားရင်း ရှင်းစွာ သီဆိုနိုင်သည့် မင်းသမီးဖြစ်၍ သီချင်းဆိုရာတွင် အထူးသဖြင့် ခြေဆင်း အဆိုကောင်းသောကြောင့် ခြေဆင်းကို ရှည်ရှည်စပ်၍ ပေးကြရသည်။ ဒေါ်ငွေမြိုင်သည် အကကို မင်းသားကရော မင်းသမီးကပါ ပိုင်ပိုင်နိုင်နိုင် ကတတ်သည်။ ကသည့်အခါ ခြေဆစ်လက်ဆစ် အလွန်ကျိုးသူဖြစ်၏။ ဒေါ်ငွေမြိုင်သည် ဇာတ်စီးခေါင်းဆောင် မင်းသမီးကြီး ဘဝနှင့် သူ့ဇာတ်သူ ထောင်၍ ကယင်း မင်းသား မင်းသမီး အများဆုံး မွေးထုတ်ခဲ့သည်။ ယင်းတို့ အထဲတွင် အကျော်ဆုံးမှာ မင်းသား ရွှေမန်းတင်မောင်နှင့် မင်းသမီး ရတနာပုံ ခင်ကြည်တို့ ဖြစ်လေသည်။


ပဲခူးမယ်ကျော့ ဆိုသော မင်းသမီးကြီးသည်လည်း နာမည်ကျော် မင်းသမီးတစ်ဦးဖြစ်၍ ဒေါ်ငွေမြိုင်ကဲ့သို့ သဘင် ဝါရင့်သူဖြစ်သည်။ ထို့အတူ လေဘာတီ ဒေါ်ခင်ညွန့်သည် လည်း သဘင်ဝါရင့်သည့် မင်းသမီးကြီးတစ်ဦး ဖြစ်သည်။ ဦးဘိုးစိန်၏ ဇာတ်အဖွဲ့တွင် ကာလအတန်ကြာ ပါဝင်ကပြခဲ့ဘူး လေသည်။ ဇာတ်မင်းသမီး |ကောလိပ်စိန်၏ အမည်ရင်းမှာ မမြလွင် ဖြစ်သည်။ ဒေါ်ကောလိပ်စိန်သည် ဦးဘိုးစိန်နှင့် တွဲခဲ့သမျှသော မင်းသမီးများအနက် ဦးဘိုးစိန် အားအကိုးဆုံး လက်က သုံးတောင်ဝှေး မင်းသမီး ဖြစ်သည်ဟု ဆိုနိုင်လေသည်။ ရှေးယခင်က ဘိုးစိန်-အောင်ဗလ၊ ဘိုးစိန်-ငွေစိန်ဟူ၍ အမည်များ ဒွန်တွဲ ကျော်ကြားခဲ့ပြီးနောက်တွင် ဦးဘိုးစိန်သည် မြောက်မြားစွာသော မင်းသမီးတို့နှင့် တွဲခဲ့သော်လည်း ဒေါ်ကောလိပ်စိန်နှင့်တွဲ၍ ကသော အခါတွင်မှ ဘိုးစိန်- ကောလိပ်စိန် ဟူ၍ အမည်များ ဒွန်တွဲကျော်ကြားခဲ့ပြန်လေ သည်။ ရုပ်ရည် ကိုယ်လုံးကိုယ်ပေါက် အဆင်ပြေ၍ အသံဝါအသံကောင်း အပြောကောင်း အဆိုကောင်းဖြစ်သော ကြောင့် ကောလိပ်စိန်ကို ပရိသတ်တို့ အသဲစွဲကြိုက်ကြသည်။ အကတွင် ဦးဘိုးစိန်၏ ကဟန်များကို ထက်ကြပ်မကွာ လိုက်နိုင်သဖြင့် ၂၅ နှစ်အရွယ်တွင် ဦးဘိုးစိန် မျက်နှာ လွှဲနိုင်လောက်အောင် အရည်အချင်း ပြည့်လာသည်။ ဦးဘိုးစိန်အဖို့ ကောလိပ်စိန်မှာ မရှိမဖြစ်သော မင်းသမီးဘဝသို့ ရောက်လာသည်ဟု ဆိုလေသည်။ ထိုမှတစ်ပါး အထိုက်အလျောက် ထင်ပေါ်ကျော်ကြားခဲ့သော ဇာတ်မင်းသမီးများမှာ ပုဏ္ဏမ ဒေါ်ငွေစိန်၊ ဒေါ်ညွန့်ရီ၊ နေရှင်နယ် ဒေါ်ခင်ပု၊ ယုဝတီ ဒေါ်ခင်ညွန့်၊ ဒေါ်စိန်မေ၊ ဟံသာဝတီ ဒေါ်သန်းကြည်၊ ပလိုတီယာ ဒေါ်သိန်း၊ ဒဂုန် ခင်လှကြည်၊ ပဲခူးမြ၊ ဒေါ်ဗလပြန်၊ မြသန်းရင်၊ စိန်ဟန်တင်၊ အောင်သန်းတင်၊ စိန်လေဒီ၊ စိန်လှကြည်၊ ဥဩရွှေ၊ ခင်စန်းတင် စသူတို့ ဖြစ်လေသည်။[၁]


ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၀)