ကရင်ဩသံ

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

ကရင်ဩသံ[ပြင်ဆင်ရန်]

ကရင်ဩသံမှာ ကရင်လူမျိုးတို့၏ ဘာသာ ဘာဝ ပြောဆိုဟစ်ကြွေးသော အသံများကိုမှီ၍ သာယာဖွယ် ဖြစ်အောင် ရေးဖွဲ့ထားသော မြန်မာသီချင်းကြီး အဖွဲ့အနွဲ့တစ်မျိုး ဖြစ်လေသည်။ ထိုသီချင်းမျိုးကို ဇာတ်သဘင်များတွင် ကရင် လူမျိုးများအကြောင်းကို ကပြရာ၌ ထည့်သွင်း တီးမှုတ် လေ့ရှိသည်။ အဖွဲ့အနွဲ့ စာသားမှာလည်း ကရင်လူမျိုးတို့၏ ယဉ်ကျေးမှုနှင့်စပ်ဆိုင်သည့် အကြောင်းအရာများသာ အများဆုံး ပါဝင်သည်။

မြန်မာသီချင်းကြီးများတွင် အသံကို ရှည်ကြာစွာ ဆွဲငင်၍ သီဆိုရသော သိင်္ဂါသံ၊ အလောင်းပိုက်၊ တပ်ပို့၊ စသော သီချင်း များနှင့် သီဆိုပုံချင်း အနည်းငယ် ဆင်တူသော်လည်း၊ ကရင် ဩသံတွင် တီးကွက် အသစ်အဆန်းများ ဖွဲ့သွင်းပါရှိသဖြင့် အသံရှည်သီချင်းသစ် တစ်မျိုးဖွယ် ဖြစ်နေလေသည်။ ကရင်ဩ သံကို မြင်စိုင်း သို့မဟုတ် ငါးပေါက်သံထီးသံစဉ်ဖြင့် သီဆို တီးမှုတ်လေ့ရှိသည်။

ကရင်ဩသံများသည် ကုန်းဘောင်မင်းတရားကြီး လက်ထက်တွင်မှ စတင်ပေါ်ပေါက်လာခဲ့သည်ဟု ယူဆရပေသည်။ မဟာဂီတကျမ်းများတွင် ရှေးဟောင်းခေတ်များက ကရင်ဩသံများကို မတွေ့ရှိရပေ။ ကုန်းဘောင်ခေတ်မင်းလက်ထက် သာယာဝတီဦးဝိုင်းရေး ကရင်ဩသံ အချို့ကိုသာ တွေ့ရှိရသည်။ ထိုကရင်ဩသံများကို တောလား၊ ကရင်ဩလွမ်းသံဟူ၍လည်း ခေါ်ဆိုလေသည်။ ဩသံမှာ အသံဩ၍ သီဆိုရခြင်းကြောင့်ပင် ခေါ်တွင်ခြင်းဖြစ်၏။ တောလားဟု ဆိုရလောက်အောင်ပင် တောသဘာဝများကို သရုပ်ဖေါ်ထားကြောင်း တွေ့ရလေသည်။ တွေ့ရှိရသမျှ ကရင်ဩသံများမှာ 'တကျောမှုံပြာ'အစချီ ဩသံနှင့်၊ 'မြိုင်တန်းမှောင်ဝေလေး' အစချီဩသံ များပင် ဖြစ်သည်။ ထိုဩသံများကို မသီဆိုမီ ခြေဆင်းနိဒါန်းသဖွယ် ရှေးဦးစွာ သီဆိုလေ့ရှိသော 'တောင်ယာတောလယ်'အစချီ ခွန်းထောက်သဖြန်တစ်ပုဒ်လည်းရှိ၍ ကရင်သဘာဝဘွဲ့ပင် ဖြစ်ပေသည်။

ဇာတ်သဘင်များတွင် သီဆိုတီးမှုတ်ဖန်များ၍ အများနှုတ်ငုံ ရမတတ် ရှိနေသော မြိုင်တန်းမှောင်ဝေလေး အစချီဩသံမှာ အောက်ပါအတိုင်း ဖြစ်၏။ ထိုဩသံမှ အသံဩဆိုရသော 'အေ'ကာရန် စကားလုံးများနှင့် ကရင်လူမျိုးတို့၏ သဘာဝကို သတိပြု မှတ်သားသင့်ပေသည်။ ဩသံအားလုံး၏ မူသေတေး သွားကား မရှိပေ။ တစ်ပုဒ်လျှင်တစ်မျိုးစီ အသံမှတ်၍၊ ပတ်ပျိုး၊ ယိုးဒယားတို့ကဲ့သို့ တီးမှုတ်ရလေသည်။

  • မြိုင်တန်းမှောင်ဝေလေး၊ မြိုင်တန်းမှောင်ဝေလေး။

တောင်သေလာကျော၊ လွမ်းဘွယ်တော၊
သာခွားပေါ။
တို့တောင်ယာတောမှာ၊ လွမ်းဘွယ်တွေ
ပေါလှပါသလေး။ အဝေး။ ။

ဟော်နန်းဗွေငူ၊ တို့တောင်သူလေ။
ဝေ-စုလို့ရုံး။
(ဘာသာထုံး၊ ခေါင်ရေသုံး)၂။
တို့တောင်ယာကုန်း မှာ-လေ။
(တုံးကျည်ပွေ့ကို အခါခါ၊ ခုန်ကြတို့ဘာသာ-သာ)၂။
(ပျော်စရာလေခင်းခင်း၊ လာဟေ့သူငယ်ချင်းချင်း)၂။
(သိုင်းနင်းလေဟန်ချီ၊ ပျော်တဲ့နန်းဖော့ရီ)၂။
(ကြွေ တွေစီ၊ ဝတ်အင်္ကျီ၊ ဆင်ဆင်သည်၊ ယဉ်ယဉ်သည်)၂။
တွဲဘက်လို့ တို့နှလုံးမှာ -ဝေ။ ခုန်အုန်းမည်လေး၊
သူငယ်ချင်းတို့ရေ-အဝေး။ ။

ရှို့မီးထိန်လွင်လေး။ ကွင်းပြင်လယ်ကွင်း၊ ပျိုးစရာရှင်း။
ရိုးတာကန်သင်း။ တို့တောသူလေလေ-တောင်သူ၊ တိုတောင်သူ
ချင်းရယ်လေ-အဝေး။
ရောင်သင်းမြေကြူလေလေး၊ ရိုးကမူတန်း၊ တဲရာစခန်း၊
လှဲတာလမ်း၊ လုပ်ကိုင်ရာ၊ တလင်းပြန့် ညီစွာ၊လှေ့စင်မှာ၊
သုံးချောင်းဆိုင်ကာ၊ မျိုးရိက္ခာလှမ်းတယ်လေ-အဝေး။ ။

တောတန်းတောင်ခြေလေး။ ဝါကြိမ်တွေနှော၊ သခွားဖရုံပေါ၊
စားမကုန်ပေါ၊ အိုလွန်သာမောဘွယ်လေး- အဝေး။
ဖော်နှောစုံလင်လေး။ နှစ်စဉ်ပျော်မြဲ၊ ရိုးကောက်ပွဲ၊
ဖြိုးမောက်ကဲ၊ ခြိမ့်ခြိမ့်သဲလို့ ဆူဆူငြာငြာ။ ခေါင်ရေအိုးနှင့်
တောင်ရိုးသာသာ၊ အစာရေစာပေါပေါ၊ တို့ဆီလွန်ဝပြောပြော၊
အိုယာတောလယ်လေ-အဝေး။
[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁)