မြင့်အောင် (ရုပ်ရှင်သရုပ်ဆောင်)

ဝီကီပီးဒီးယား မှ
ဦးမြင့်အောင်
မွေးဖွား၁၉၃၁
ပဲခူးတိုင်း၊ ကဝမြို့နယ် သက္ကလရွာ
ကွယ်လွန်ဇွန် ၁၈၊ ၁၉၉၆(၁၉၉၆-ဖော်ပြချက် အမှား - နားမလည်သော ပုဒ်ဖြတ် စာလုံး "၀"။-၁၈)
နိုင်ငံလူမျိုး မြန်မာ
အလုပ်အကိုင်ရုပ်ရှင်ဒါရိုက်တာ၊ ရုပ်ရှင်သရုပ်ဆောင်
အိမ်ထောင်ဖက်(များ)ဒေါ်သန်းရင်
မိဘ(များ)ဦးကျောက်ခွေး၊ ဒေါ်အေးနှစ်


မြန်မာ့ရုပ်ရှင် လောက တွင် တစ်ခေတ်တစ်ချိန်က ထင်ရှားကျော်ကြား လူကြိုက်များခဲ့သော ရုပ်ရှင်မင်းသားကြီး ဦးမြင့်အောင်ကို ပဲခူးတိုင်းကဝမြို့နယ် သက္ကလရွာတွင် ဖခင် ဦးကျောက်ခွေး၊ မိခင် ဒေါ်အေးနှစ်တို့က ၁၉၃၁ ခုနှစ်၌ မွေးဖွားသည်။

ဦးမြင့်အောင်သည် အသက် ၂ဝ အရွယ်ခန့်ကပင် အေဝမ်းဖလင်နှင့် ဆက်သွယ်မှုရရှိခဲ့ပြီး ရုပ်ရှင် ပညာများကို သင်ကြားဆည်းပူးခွင့်ကြုံခဲ့သည်။ ထို့နောက် ဦးမြင့်အောင်သည် ၁၉၅၂ ခုနှစ်၌ လေထဲကဖူးစာ ရုပ်ရှင်ကားတွင် ပထမဆုံး စတင်သရုပ်ဆောင်ခဲ့ရသည်။ အဆိုပါဇာတ်ကားကို ဒါရိုက်တာ ဦးချင်းစိန်ကရိုက် ကူးခဲ့ပြီး မြင့်အောင်နှင့်အတူ ရွှေညာမောင်၊ မြင့်မြင့်ခင်၊ မေဆန်း၊ မေရီမြတို့ သရုပ်ဆောင်ခဲ့ကြသည်။ လေထဲကဖူးစာ ဇာတ်ကားကို ၁၉၅၂ ခုနှစ်၊ အောက်တိုဘာ ၃၁ ရက်နေ့၌ ရွိုင်ရွယ်ရုံတွင် ပြသခဲ့ရာ ထိုခေတ်က ဝင်ငွေစံချိန် ၅၄၆၄၂ ကျပ်ရရှိသည်အထိ အောင်မြင်ခဲ့သည်။ ယင်းသို့ဖြင့် ၁၉၅၂ ခုနှစ်မှ ၁၉၆၂ ခုနှစ်အထိ ဦးမြင့်အောင်သည် ရုပ်ရှင်ဇာတ်ကားများကို စဉ်ဆက်မပြတ် ရိုက်ကူးခဲ့ရပြီး ရုပ်ရှင်လောကတွင် မြင့်အောင်ခေတ်ကို ထူထောင်နိုင်ခဲ့သည်။

ဦးမြင့်အောင်သည် ရုပ်ရှင်ဇာတ်ကားများတွင် အနုပညာမြောက်စွာ သရုပ်ဆောင်နိုင်သူဖြစ်သည်။ မန္တလေးရုပ်ရှင်အတွက် ဒါရိုက်တာမျိုးအောင်ရိုက်ကူးခဲ့သည့် မြပန်းဝတ်ရည်ဇာတ်ကားတွင် ချစ်သူ မေသစ်နှင့် မရည်ရွယ်ဘဲ ကွဲသွားသဖြင့် မြင့်အောင်၏ ကြေကွဲဟန်များ၊ မနှစ်သက်သူ နွဲ့နွဲ့အေးနှင့် ပေါင်းသင်းနေရသဖြင့် မြင့်အောင်၏ အလိုမကျဟန်များ၊ ကြေကွဲမှုနှင့်အလိုမကျမှုတို့ဖိစီးမှုကြောင့် မြင့်အောင်၏ ဆို့နစ်စွာခံစားရဟန်များသည် ရုပ်ရှင်ကြည့်ပရိသတ်၏ ရင်ထဲတွင် စွဲငြိစေခဲ့သည်။

ဆရာဦးသုခ ရိုက်ကူးခဲ့သော မိုးလုံးပတ်လည် ဇာတ်ကားတွင် ယခင်ဇာတ်ကားများ၌ ကြော့ကြော့ မော့မော့နုနုလှလှ သရုပ်ဆောင်လေ့ရှိသော ဦးမြင့်အောင်သည် ယခင်ဇာတ်ကားများနှင့်မတူ အသွင်ပြောင်း၍ သရုပ်ဆောင်ခဲ့သည်။ ရုပ်ရှင်ကုမ္ပဏီပိုင်ရှင် ဦးကျောက်လုံး၏ ဇနီး တင်တင်မူ အလှကျော့ကွင်း အတွင်းသက် ဆင်းမိရင်းမှ အချစ်ကြီး၍ အမျက်ကြီးကာ တင်တင်မူကို သတ်ခဲ့မိသည့် ရုပ်ရှင်မင်းသား မောင်မောင်လတ် အဖြစ်အရဲစွန့်၍ လူကြမ်းမင်းသား ဆန်ဆန် သရုပ်ဆောင်ပြခဲ့သည်။ ဦးမြင့်အောင်သည် ကောလိပ်ဂျင်နေဝင်းမြတ်လေးဝင်းဦးညွန့်ဝင်း စသော ရုပ်ရှင်သရုပ်ဆောင်များ ရုပ်ရှင်လောကထဲသို့ ထိုးဖောက်နေရာယူလာချိန်၌ ရုပ်ရှင် ပိတ်ကားပေါ်မှ အတန်ကြာ ပျောက်ကွယ်သွားခဲ့သည်။ ရုပ်ရှင်နှင့်ကင်းကွာစဉ် ကာလအတွင်း ဦးမြင့်အောင်သည် ကာယဗလလေ့ကျင့်ခြင်း၊ သိုင်း၊ ဗန်တိုဗန်ရှည်စသော အားကစားများ သင်ကြားခြင်းတို့ ပြုလုပ်ပြီး မြနန္ဒာရုပ်ရှင်မှ ဒါရိုက်တာဦးတင်ယုရိုက်ကူးသည့် ညောင်ရမ်းညီနောင် ဇာတ်ကားဖြင့် ရုပ်ရှင်လောကသို့ တစ်ကျော့ပြန် ဝင်ရောက်ကာအောင်မြင်မှုကို ရယူခဲ့သည်။ ယင်းသို့ဖြင့် ဦးမြင့်အောင်သည် ရုပ်ရှင်မင်းသားအဖြစ် ဒုတိယအကြိမ် အောင်မြင်မှုကိုရယူကာ ၁၉၆၅ ခုနှစ်မှ ၁၉၇၅ခုနှစ်အထိရုပ်ရှင်ကားများစွာ ရိုက်ကူးခဲ့ရသည်။

ဦးမြင့်အောင်သည် ၁၉၅၇ ခုနှစ်၌ မြင့်အောင် ရုပ်ရှင် ကုမ္ပဏီကို ထူထောင်ခဲ့ပြီး ၎င်းကိုယ်တိုင် ဒါရိုက်တာအဖြစ် တာဝန်ယူကာ မောင့်ရူပါဇာတ်ကားကို ကိုယ်တိုင်ပါဝင်သရုပ်ဆောင် ရိုက်ကူးခဲ့သည်။ မြင့်အောင်သည် ပထမဆုံး ဆေးရောင်စုံမြန်မာရုပ်ရှင်ကားတွင် လည်း ပါဝင်ရိုက်ကူးခဲ့ရသည်။ ထိုကားမှာ ရန်ကုန်ရုပ်ရှင်မှ ဒါရိုက်တာ ရွှေဘော်ရိုက်ကူးသည့် ချစ်ခဲ့တာအမှန်ပါပဲ ဇာတ်ကားဖြစ်ပြီး ၁၉၅၈ ခုနှစ်၌ ရုံတင်ခဲ့သည်။ ထိုဇာတ်ကားတွင် ကြည်ကြည်ဌေးဖိုးပါကြီး တို့နှင့်အတူ ပါဝင်သရုပ်ဆောင်ခဲ့ရသည်။

ရုပ်ရှင်မင်းသားကြီး ဦးမြင့်အောင်သည် သရုပ်ဆောင် အကယ်ဒမီဆုကို ကိုယ်တိုင် မဆွတ်ခူးနိုင်စေကာမူ ၎င်းပါဝင်ရိုက်ကူးခဲ့သော ဇာတ်ကားများမှာ ထူးချွန်ဆုများ ရရှိခဲ့ကြသည်။ ၁၉၅၃ ခုနှစ်၌ အေဝမ်းဖလင် မှ ဒါရိုက်တာ ဦးချင်းစိန်နှင့် မောင်ဝေဇင်တို့ ရိုက်ကူးပြီး မြင့်အောင်၊ ဝေဇင်၊ မေမြတို့ပါဝင်သော မြဟေဝန် ဇာတ်ကားမှာ တတိယ ရုပ်ရှင် ကားဆုကို ဆွတ်ခူးခဲ့သည်။ ၁၉၅၅ ခုနှစ်၌ အေဝမ်းဖလင်မှ ဒါရိုက်တာ မောင်ဝေဇင်၏ ချစ်မမဇာတ်ကားဖြင့် မေလွင်က လည်းကောင်း၊ ၁၉၅၇ ခုနှစ်၌ ကမ္ဘောဇရုပ်ရှင်မှ ဒါရိုက်တာမောင် မောင်စိုး၏ ချစ်ညီမဇာတ်ကားဖြင့် မြင့်မြင့်ခင်ကလည်းကောင်း၊ ၁၉၆ဝ ပြည့်နှစ်၌ ဒါရိုက်တာ ဦးမြမောင်၏ မေတ္တာရွှေရည် ဇာတ်ကားဖြင့် မေသစ် ကလည်းကောင်း အကောင်းဆုံးအမျိုးသမီး ဇာတ်ဆောင်ဆုများ ဆွတ်ခူးကြရာ သုံးကားစလုံးတွင် ဦးမြင့်အောင်သည် အမျိုးသားဇာတ်ဆောင်အဖြစ် ပါဝင်ခဲ့သည်။

မင်းသားကြီးဦးမြင့်အောင် ဒါရိုက်တာအဖြစ် တာဝန်ယူရိုက်ကူးခဲ့သော ရုပ်ရှင်ကားများအနက် ဇာတ်လမ်းပမာ ရုပ်ရှင်ကားမှာ လူကြိုက်များသည်။ အဆိုပါဇာတ်ကားသည် ဖက်ဆစ်တော်လှန်ရေး ကာလကို နောက်ခံထား၍ ကျေးလက်ပြည်သူတို့၏ လွတ်လပ်ရေးကြိုးပမ်းမှုကို သရုပ်ဖော်တင်ပြထားသည်။ ရုပ်ရှင်မင်းသားကြီး ဦးမြင့်အောင် နောက်ဆုံးပါဝင် ရိုက်ကူးသွားသော ရုပ်ရှင်ဇာတ်ကားမှာ ဒါရိုက်တာ အောင်မြင့်မြတ် ရိုက်ကူးသော မွှေးဆိုသောမိန်းကလေး ဇာတ်ကားဖြစ်သည်။ ထိုဇာတ်ကားတွင် ရဲအောင်၊ နွဲ့နွဲ့စန်း၊ ထွန်းထွန်းနိုင်နှင့် သမီးဖြစ်သူ မို့မို့မြင့်အောင် တို့နှင့်အတူ နောက်ဆုံးပါဝင်သရုပ်ဆောင်ခဲ့သည်။

ရုပ်ရှင်မင်းသားကြီး ဦးမြင့်အောင်သည် ရုပ်ရှင်ဇာတ်ကားပေါင်း (၆၂) ကားကျော်ခန့်ပါဝင်ရိုက်ကူးခဲ့ရာ အချို့ကိုဖော်ပြရသော် လေထဲကဖူးစာ၊ မြဟေဝန်၊ နတ်ပန်းမဉ္ဇူ၊ ချစ်မမ၊ချစ်ညီမ၊ တွေးရခက်ကြီး၊ နှောင်းသစ္စာ၊ ချစ်စေတနာ၊ လောကဓံပန်းချီ၊ မိန်းမကျော့ကွင်း၊ နတ်ရေးတဲ့ဖူးစာ၊ မောင့်ရူပါ၊ မြတ်ပန်းဝတ်ရည် စသည်တို့ဖြစ်ကြသည်။

ရုပ်ရှင်မင်းသားကြီး ဦးမြင့်အောင်သည် ၁၉၉၆-ခုနှစ်၊ ဇွန်လ (၁၈) ရက်နေ့၌ ရန်ကုန်မြို့တွင် ကွယ်လွန်သည်။ ဇနီးဒေါ်သန်းရင်နှင့် သားသမီး ငါးဦး၊ မြေးငါးဦး ကျန်ရစ်သည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. စွယ်စုံကျမ်းနှစ်ချုပ်၊ (၁၉၈၇)