မာတိကာသို့ ခုန်သွားရန်

ဖိုးပါကြီး

ဝီကီပီးဒီးယား မှ
ဖိုးပါကြီး

အမျိုးသား ရုပ်ရှင် လုပ်ငန်းကြီးတွင် ရွှေရတုခေတ်မှသည် စိန်ရတုခေတ် အထိ ဝဏ္ဏကျော်ထင် အကယ်ဒမီ နှစ်ထပ်ကွမ်း ဟာသထိပ်သီး ဖိုးပါကြီး အဖြစ် ထင်ရှားလာမည့် သူကို မြောင်းမြမြို့ ကြေးတိုင် အင်စပက်တော် ဦးစံဖေ၊ ဒေါ်လှတို့၏ သားဖြစ်ရာ မွေးချင်းသုံးယောက် အနက် ဒုတိယ မြောက်သား ဖြစ်ပြီး မွေးသက္ကရာဇ်မှာ ၁၂၇၉ ခုနှစ် ဖြစ်၏။ ငယ်စဉ်က သူ့ကို အပါဟု ခေါ်ခဲ့ကြပြီးနောက် မောင်ညွန့်လှိုင် ဟုခေါ်ကြသည်။

ဖိုးပါကြီးသည် စင်စစ်အားဖြင့် လူတဖက်သားကို ပြုံးရွှင်အောင် လုပ်နိုင်ခဲ့သော်လည်း သူ့ဘဝမှာ ကြေကွဲစရာပင် ဖြစ်သည်။ ငယ်စဉ်က မိဘ အချင်းချင်း ပဋိပက္ခ ဖြစ်၍ အဒေါ်နှင့် ဆင်းဆင်းရဲရဲ နေခဲ့ရသည်။ အဒေါ်၏ ညှင်းပမ်း နှိပ်စက်မှုကြောင့် အိမ်ပြေး ဘဝ ဖြစ်ခဲ့ရပြီး လူပျို ဘဝအထိ ပုသိမ်မြို့ နိဂျောဒါကျောင်း ဘုန်းတော်ကြီး ဦးသုမန လက်ထဲ ကြီးပြင်းခဲ့သည်။ နောင်မှ သူသည် ရန်ကုန်တွင် အဖေနှင့် အမေတို့ကို ပြန်လည် တွေ့ဆုံခွင့် ရသော်လည်း ထိုအချိန်တွင် အဖေနှင့် အမေပါ နောက်အိမ်ထောင်များနှင့် အသီးသီး ဖြစ်နေကြရာ အဖေ့ထံတွင် နေခွင့် ရသော သူသည် အမေနှင့် တွေ့လိုသော်လည်း အဖေ့ကို ကြောက်ရသဖြင့် ခိုးဝှက် တွေ့ခဲ့ရ၏။

တစ်ခါက အဖေ သိသွား၍ သူ့ကို အဖေ ဖြစ်သူက ဒေါသတကြီး ပါးချ လိုက်သည့် အထိ ရင်နာစရာ ဖြစ်ခဲ့ရ၏။ အဖေနှင့် နေစဉ် စီးပွားရေး ကြပ်တည်း လွန်းသဖြင့် လမ်းမတော် ပန်းချီဆရာ ဘထံ၌ လည်းကောင်း၊ ဘားမားအတ် ကျောင်း၌ ပန်းချီ ဒီဇိုင်း ပညာများကို အကူ အလုပ်သင် အဖြစ်နှင့် ဆည်းပူး တတ်မြောက်ခဲ့သည်။ နောက်ရုပ်ရှင် ဘက်၌ ပန်းချီ ရေးဆွဲရန် ကြိုးပမ်းခဲ့ရာ ၁၉၂၉ ခုနှစ်တွင် “မိန်းမတံခွန်” ဇာတ်ကား ရိုက်ကူး နေသည်နှင့် ကြုံသဖြင့် ကျောင်းသားများ ပါဝင်သော မထင်မရှားခန်းတွင် ပါဝင်ခွင့် ရခဲ့ရာမှ ရုပ်ရှင်ပိုး ဝင်ခဲ့ခြင်း ဖြစ်သည်ဟု သိရ၏။

ထိုအဆက်အသွယ်နှင့် ရန်ကုန်ရုပ်ရှင်ကုမ္ပဏီခြံသို့ ရောက်ရှိလာကာ ယင်းကုမ္ပဏီတွင် အလုပ် ရခဲ့သည်။ သူလုပ်ရသော အလုပ်မှာ ရုပ်ရှင် ကင်မရာထမ်းဘဝ ဖြစ်သလို မင်းသား ဘတင့်နှင့် ထိုစဉ်က စူပါစတား ဟာသ သရုပ်ဆောင် ဆားဘထွန်းတို့ထံ တပည့်ခံ၍ အောက်ခြေသိမ်း လုပ်ပေးရသည်သာမက ကုမ္ပဏီတွင် ကားဆက်ရခြင်း၊ ပန်းချီ ဆွဲရခြင်း စတဲ့ ခိုင်းသမျှကို လုပ်ပေး ခဲ့ရတယ်ဟု ဆို၏။ ရန်ကုန်ရုပ်ရှင် ကုမ္ပဏီက ရိုက်ကူးတဲ့ “ခိုင်ရွှေဝါ” အသံတိတ် ကားတွင် ရာဇဝတ်အုပ် အခန်း တစ်ခန်းတွင် ပါဝင်ခွင့် ရခဲ့သလို၊ “ရွှေဝါတောင်”၊ “မြိုင်ယံခြား”၊ “ချစ်တော့မယ်” စသည့် အသံတိတ် ကားတို့တွင် မထင်မရှား လူဆိုးဆိုက်ပတ် အခန်းမှ ပါဝင်ခွင့် ရခဲ့သည်။ လက်တွန်းလှည်းဖြင့် ရုပ်ရှင် ကြော်ငြာ လှည့်ရခြင်း၊ ရုပ်ရှင် ပိုစတာများ ကပ်ရခြင်း၊ ယင်းကုမ္ပဏီမှ ဇာတ်ကား ရုံတင်လျှင် ရုံပေါက် စောင့်ရခြင်း စသည်တို့ကို လုပ်ကိုင်ခဲ့ရသည်။

ထိုကဲ့သို့ ပင်ပန်း ဆင်းရဲခံခဲ့ ရသော်လည်း မျှော်မှန်းထားသော အဆင့်ကို ရောက်မလာသဖြင့် စိတ်ပျက်ပြီး သူသည် ဟင်္သာတသို့ ပြန်သွားတော့သည်။ ဂျပန်ခေတ်တွင် ရုပ်ရှင် လုပ်ငန်းကြီး ရပ်ဆိုင်း သွား၍၊ ရုပ်ရှင် ပညာသည်များက လူဘိုင်စကုတ် အဖြစ် နယ်တကာ လှည့်၍ ပြဇာတ် ကပြနေကြရာ ဟင်္သာတမြို့သို့ ဒါရိုက်တာ ဆရာခန့်တို့ အဖွဲ့ ရောက်လာသည်။ သူ့ကို တွေ့တော့ ဆရာခန့်က “ဟေ့ သူငယ်၊ မင်း ပြဇာတ် လူရွှင်တော် လုပ်မလား” ဟု မေး၍ သူက မဆိုင်းမတွပင် “ဟာ ဆရာကလည်း ကျွန်တော် လုပ်မှာပေါ့”ဟု ပြန်ပြောလိုက်၍ ပြဇာတ် နောက်သို့ ပါသည့် အဖြစ် ရောက်ရလေတော့သည်။ ပြဇာတ်စင်သို့ ပထမဆုံး ပါဝင်ခဲ့ရတဲ့ အတွေ့အကြုံကို ပြောပြဖူး သည်မှာ “ပြဇာတ်လူရွှင်တော် လုပ်မယ်သာ ပြောလိုက်ရတာ တကယ်တော့ ကျုပ်က ပရိသတ်ကို အိုက်တင် လုပ်ပြရဲသူ မဟုတ်ဘူး။ ဆရာက ဇာတ်ခုံပေါ်သို့ တွန်းတင် ပေးလိုက်တော့ ပရိသတ်ကို ရင်မဆိုင်ရဲဘဲ ကြောက်ဒူးတုန်လျက် စကားပြောတဲ့ အခါမှာလည်း ကြောက်စိတ်ကြောင့် ထစ်ထစ်ငေါ့ငေါ့ ဖြစ်နေတာပေါ့။

ကုသိုလ်ကံ ချွန်ချင်တော့ ကျုပ်ဒီလို ကသိကအောက် ကြောက်ဒူး တုန်ပြီး ထစ်ထစ်ငေါ့ငေါ့ ဖြစ်နေတာကိုပဲ ပရိသတ်က အလိုလို ပွဲကျနေတယ်။ သူတို့က ဒီလို ပွဲကျလေ၊ ကျုပ် သူတို့ကို ကြောက်လေ၊ သူတို့က ကျုပ်ကို ပွဲကျလေ ဖြစ်တာပါပဲဗျာ။ နောက်ဆုံးတော့ ကြောက်လန့်ပြီး ကားကြားထဲ ဝင်ပြေးတာပေါ့။ ကားကြားထဲက ဆရာခန့်ကြီးကလည်း ကျုပ်ကို ဆီးပြီး ကန်ထုတ် လိုက်တာနဲ့ ကျုပ်လည်း ဇာတ်ခုံ အလယ်ကို ချာလည် ပတ်လည်နှင့် ပြန်ရောက်သွားတော့ တရုံလုံး ပရိသတ်က အုံကြွမတတ် ပွဲကျလို့ ရယ်နေကြတော့တာပါပဲဗျာ။ အဲဒီလို ပွဲကျတာကိုပဲ ဆရာခန့်ကြီးက နောက်မြို့တွေမှာ ဒီလိုပဲ ခိုင်းစေပြန်တာပဲ။ အဲဒီက စပြီး ကျုပ်လည်း လူရွှင်တော် ဖြစ်မှန်း မသိ ဖြစ်လာတယ် ဆိုပါတော့ဗျာ”

ဤသို့ဖြင့် သူသည် ပြဇာတ်ထဲတွင် လူရွှင်တော် အဖြစ် မကရလျှင် မနေနိုင် လောက်အောင် ဖြစ်လာသလို သူ၏ နောက်ပိုင်းတွင် လုပ်တတ်လာသော ဟာသ အမူအရာ ထက်မြက်လာ၍ ပရိသတ်က သူ့မြင်ရုံနှင့်ပင် အလိုလို ရယ်မောချင် လာအောင် လုပ်ဆောင်နိုင်သူ ဖြစ်သည်။ သူ၏ လုပ်တတ်သော ဟာသ အမူအရာ ကိုယ်ခံ ပစ္စည်းကြောင့် ဆရာခန့်၏“ဤစစ်ကြီးမှာ”ပြဇာတ်တွင် ကျော်ဝင်း၊ ခင်တင့်တို့နှင့်အတူ ပါဝင်ခဲ့ရာ အာဇာနည် ခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်းကပင် မြိုင်ခေတ် ပြဇာတ်ခုံ ပေါ်မှ သူ့ကိုကြည့်ပြီး“ငါတော့ အမေရိကန်လူရွှင်တော် လော်ရယ်၊ ဟာဒီတို့ထက် သူက သာတယ်လို့ ထင်တာပဲကွာ” ဟူ၍ ချီးကျူးခဲ့ကြောင်း မှတ်သားမိ၏။ ယင်းအချိန် အထိ လူရွှင်တော်မင်းသား ဖြစ်မလာသေးဘဲ လူရွှင်တော် အဆင့်သာ ရှိသေးပြီး မြိုင်ရုံတွင် တင်ဆက်ခဲ့သော ဆရာခန့်၏“ကမ္ဘာ့ ဇာတ်ခုံ” တွင် နောင်သူ၏ ဇနီးဖြစ်လာမည့် မေချစ်နှင့် တွဲ၍ ကပြရသော ပြဇာတ်တွင် စတင်ကာ လူရွှင်တော် မင်းသား ဖြစ်လာကာ၊ စစ်ပြီး နောက်ပိုင်းနှင့် လွတ်လပ်ရေးပြီး ခေတ် နောက်ပိုင်း ကာဌေးပြဇာတ်ရုံ နှင့် ဝင်းဝင်း ပြဇာတ်ရုံတို့တွင်လည်း လူရွှင်တော် မင်းသား အဖြစ်လည်းကောင်း၊ လူရွှင်တော် အဖြစ် လည်းကောင်း ပြဇာတ်များ ခေတ်စားနေသဖြင့် ပြဇာတ် ဗီဇ ရှိနေ၍ သူပါဝင် နေရခြင်းဖြစ်သည်ဟု သိရ၏။

ဖိုးပါကြီး ဟူသော အမည်ကို ရုပ်ရှင်ထဲ ရောက်မှ ဒါရိုက်တာ ဆရာခန့်က ပေးခဲ့ခြင်း ဖြစ်ရာ ငယ်နာမည် အပါ နောက်တွင်“ကြီး”တစ်လုံး ဖြည့်ခိုင်းသည်။ ရုပ်ရှင် လောကတွင် အပါကြီး အမည်နှင့် ရှိပြီး ဖြစ်နေ၍ ဒါဆို ရှေ့မှာ“ဖိုး”တစ်လုံး တတ်လိုက်ပေါ့ဟု ပြောချက်အရ“ဖိုးပါကြီး”ဖြစ်လာရတယ်ဟု ဆို၏။

သူအိပ်မက်ခဲ့သော ရုပ်ရှင် လောကကို ၁၉၄၈ ခုနှစ်မှ စတင်ကာ ရန်ကုန် ရုပ်ရှင်၏ မြေတောင် မြှောက်ပေးမှုဖြင့် လူရွှင်တော် ဇာတ်လိုက် မင်းသား ဖြစ်လာသည်။ ပြဇာတ်ခုံပေါ်တွင် သူသည် နာမည်ရနေသော လူရွှင်တော် ဖြစ်၍ မြန်မာ့ ရုပ်ရှင် လောက၌ ရှားပါး လှလွန်းသော လူရွှင်တော်မင်းသား Comeday Actor အဖြစ် မွေးဖွားပေးခြင်း ဖြစ်တယ်ဟု ဒါရိုက်တာ ရွှေဘော်၏ ပြောပြချက်အရ သိရသည်။ ရန်ကုန် ရုပ်ရှင်မှ အရဲစွန့်၍ ဖိုးပါကြီးအား လူရွှင်တော် မင်းသားအဖြစ် မေချစ်၊ ကြူကြူတို့နှင့် (လူပျိုသိုး) အသံတိတ်ကို ဖန်တီးပြီး ၂၃-၁-၄၈ ရက်နေ့တွင် ရီဂဲလ်ရုံမှာ တင်ဆက်ရာ ဝင်ငွေ ၂၅၀၀ဝ ကျပ်ရခဲ့သဖြင့် မျှော်မှန်းသည်ထက် ပရိသတ် ကြိုက်နှစ်သက်၍ ဟိုးလေးတကျော် ဖြစ်ခဲ့ရပြီး လူပျိုသိုးမှ ဖိုးပါကြီး၏ ဟားကွက် သရုပ်ဆောင်မှုတို့သည် အခြားသော မင်းသားတို့၏ သရုပ်ဆောင်မှုများထက် တမျိုးတဖုံ ထူးခြားခဲ့သဖြင့် နာမည် ကျော်သွားခြင်း ဖြစ်သည်ဟု ဒါရိုက်တာ ရွှေဘော်က ဆို၏။ အဆိုပါ ဇာတ်ကား လူကြိုက်များ၍ ဝင်ငွေ ကောင်းခဲ့သဖြင့် ဖိုးပါကြီးအား ဇာတ်ကား ၁ဝကားအတွက် စာချုပ်ချုပ်ခဲ့သည်။ ထိုအချိန်က ဝင်းဝင်းရုံနှင့် ကာဌေးရုံများ၌ ပြဇာတ်များ ခေတ်စားလျက်ရှိပေရာ ပြဇာတ်ဗီဇရှိသော ဖိုးပါကြီးအဖို့ ပြဇာတ်ကလိုစိတ်မှာ ဦးနှောက်ထဲသို့ ထိုးဖောက် ဝင်ခဲ့ပြန်သည်။ သို့သော် ရန်ကုန် ရုပ်ရှင်နှင့် စာချုပ်မိ နေသဖြင့် အခက်ကြုံ နေရသော်လည်း ရန်ကုန် ရုပ်ရှင်က သူ့ရဲ့ပြဇာတ် တွင် ပါဝင်ကပြလိုသော ဆန္ဒပြင်းပြမှုကို ခွင့်ပြုခဲ့သည်။ ထိုကြောင့် သူ့အနုပညာ မှန်သမျှကို မြေတောင်မြှောက်ပေးခဲ့သော ရန်ကုန်ရုပ်ရှင်ကို ကျေးဇူးရှင်အဖြစ် အမြဲ ပြောဆိုလေ့ရှိသည်။

ထို့နောက် ဒုတိယဇာတ်ကားအဖြစ် ရန်ကုန် ရုပ်ရှင်မှ ဒါရိုက်တာ ဦးစိုးမောင်က ဖိုးပါကြီး၊ ကြူကြူတို့နှင့် (လူ့လောက) အသံတိတ်ကား ကို ရိုက်ကူးပြီး ၂၈-၁-၄၈ တွင် သွင်ရုံမှာ ပြခဲ့သည်။ သူ၏ တတိယ မြောက် ဇာတ်ကားမှာ အမျိုးသား ရုပ်ရှင် လုပ်ငန်းကြီးတွင် ပထမဆုံး ခြေလှမ်းအဖြစ် စက္ခုအာရုံ အမြင်သစ်ဖြင့် ရှုစားနိုင်ရန် အတွက် ရန်ကုန် ရုပ်ရှင်မှ ဒါရိုက်တာ ရွှေဘော်က ဖိုးပါကြီး၊ ကြူကြူ၊ ဖိုးပါလေး၊ တင်မောင်ကြီး၊ ဦးမောင်လေးတို့နှင့် (ချစ်သွေးညီ) အသံတိတ် ၁၆ မမ ဆေးရောင်စုံဖြင့် ရိုက်ကူးကာ ၁၉-၆-၄၈ တွင် ဘုရင့်ရုံ၌ တင်ဆက်ရာ အသံတိတ် ကား၏ စူပါဝင်ငွေ ၃၅၀၀ဝ ကျပ်ရခဲ့၏။ ထို့နောက် ဖိုးပါကြီး၊ ဖိုးပါလေး၊ ကြူကြူတို့နှင့် ဒါရိုက်တာ ရွှေဘော်ကပင် (ရွှေမျက်မှန်) အသံတိတ်ကို ရိုက်ကူးပြီး ၄-၆-၄၉ တွင် ဘုရင့်ရုံမှာ တင်ဆက် သွားသည်။

ရန်ကုန် ရုပ်ရှင်သည် နောက်ထပ် ဆေးရောင်စုံ ၁၆ မမ အသံတိတ် နှစ်ကား ထပ်မံ ရိုက်ကူးသွားရာ ယင်းတို့မှာ ဒါရိုက်တာ ရွှေဘော်က ဖိုးပါကြီး၊ ဖိုးပါလေး၊ မေချစ်တို့နှင့် (ရှက်လွန်းလို့) ကို ဖန်တီးကာ ၁၂-၈-၄၉ တွင် သွင်ရုံမှာ ပြရာ ဝင်ငွေ ၁၅၀၀ဝ ကျပ်ရခဲ့သည်။ ဒါရိုက် တာ တင်မြင့်အမည်ခံ ဖိုးပါလေးက ဖိုးပါကြီး၊ ကြူကြူ၊ ဖိုးပါလေးတို့နှင့် (ပျို့ချစ်လင်) ကို ရိုက်ကူး၍ ၂၀-၁-၅ဝတွင် ဘုရင့်ရုံမှာ တင်ဆက်ရာ ဝင်ငွေ ၅၅၀ဝ ကျပ်ရခဲ့သည်။ ထို့နောက် ဆက်တိုက်ပင် (ဩော် ဖူးစာ)၊ (ခင်နဲ့မောင်)၊ (လူလိုလူ)၊ (ဂလဲ့စား)၊ (တယူသန်) စသည့် အသံတိတ် ဇာတ်ကားတို့တွင် ပါဝင်ခဲ့ရသည်။ ထိုသို့ ရုပ်ရှင်လောကတွင်လည်း လူရွှင်တော် မင်းသား၊ လူရွှင်တော် ဇာတ်ပို့ အဖြစ် နာမည် ရလာ၍ ရုပ်ရှင် ဇာတ်ကားများကို လက်မလည်အောင် လက်ခံ ရိုက်ကူး လာရသည် သာမက သူကိုယ်တိုင် ၁၉၅၃ ခုနှစ်တွင် ဖိုးပါကြီး ရုပ်ရှင်ကို တည်ထောင်ကာ ကိုယ်တိုင် သရုပ်ဆောင် ဒါရိုက်တာအဖြစ် ဖိုးပါလေး၊ မြင့်မြင့်ခင်၊ တင်နုမေတို့နှင့် တွဲဖက်ကာ (ငါဟဲ့ ယောက်ျား) အသံတိတ် ကားကို ပွဲဦးထွက် ရိုက်ကူးကာ၊ ၂၉-၅-၅၃ တွင် ဘုရင့်ရုံမှာ တင်ဆက်ရာ ဝင်ငွေ ၁၇၆၀ဝ ကျပ်ရခဲ့၏။ ထို့နောက် (ပျော်သလိုသာနေ)၊ (ပြုံး ပြုံးကလေး) စသည့် အသံတိတ် ဇာတ်ကား များကို သရုပ်ဆောင် ဒါရိုက်တာအဖြစ် ကိုယ်ပိုင် ရိုက်ကူး ထုတ်လုပ်ခဲ့သည်။ သူသည် ပဲရော့ ဖလင်တွင် (သွေးဆိုး)၊ (နှစ်ပွင့်မာလာ)၊ (မှတ်မိပါ သေးသည်) စသည့် ဇာတ်ကားတို့တွင် ပါဝင်ခဲ့ပြီး (ဂေါ်သာဂေါ်) ဇာတ်ကားကို သရုပ်ဆောင် ဒါရိုက်တာ အဖြစ် ရိုက်ကူးခဲ့သည်။ ယင်းဇာတ်ကား အားလုံးမှာ အသံတိတ်ကားများသာ ဖြစ်၏။

သူ၏ ပွဲဦးထွက် အသံထွက် ဇာတ်ကား မှာပဲ ရော့ဖလင်မှပင် ဒါရိုက်တာ ဦးမောင်ကြီးက ဇေယျ၊ တင်ညွန့်၊ မေချစ်၊ ခင်မေသန့်တို့နှင့် တွဲဖက်စေပြီး (အသွင်မတူ) ကို ရိုက်ကူးကာ ၂၅-၉-၅၃ တွင် အိတ်ဆယ်စီရာ ရုံ၌ တင်ဆက် သွားသည်။ သူ၏ ဒုတိယမြောက် အသံထွက် ဇာတ်ကားဖြစ်သော ဗြိတိသျှဘားမား ရုပ်ရှင် အတွက် ဒါရိုက်တာ စာရေးဆရာ ဦးသုခ၏ ဇေယျ၊ ဖိုးပါကြီး၊ မြင့်မြင့်ခင်၊ ဦးကျော်သောင်း၊ ချစ်တင်၊ ဒေါ်ဖွားနှစ်၊ တင်နုမေ၊ မနု၊ ဦးဘိုးထွားတို့နှင့် (ဩော် မိန်းမ) ဇာတ်ကားကို ရိုက်ကူးပြီး ၁-၁၀-၅၄တွင် သွင်ရုံ၌ တင်ဆက်သွားရာ စူပါ့ စူပါ ဝင်ငွေ ၃၃၁၈၆၆ ကျပ်ရခဲ့သည်။ ယင်းဇာတ်ကား၏ ဇာတ်လမ်းမှာ မာနထားခြင်းသည် မကောင်း၊ မာနထားခြင်း အတွက် မိမိမှာလည်း အကျိုး မရှိ၊ သူတပါးကလည်း မကြည်ညို မလိုလား အမုန်းပွားခြင်းကိုသာ ခံရမည်။

ထိုမာနထားမှု တို့ကြောင့် မိမိကိုယ်၌ အကျိုး ဖြစ်ထွန်းဖွယ် တို့ကို မဖြစ်ထွန်း ဆုတ်ယုတ် ပျက်ပြား တတ်ပုံကို တင်ပြသွားခြင်း ဖြစ်သည်။ ဖော်ပြပါ ဇာတ်ကားတွင် ပါဝင်ခဲ့သော ဖိုးပါကြီးကို ထိုစဉ်က ပရိသတ်ကြီးက ရှာမှ ရှားသော ဟာသထိပ်သီး ဇာတ်ကောင် တစ်ဦးပါပေဟု ချီးကျူးခဲ့သည်ကို မှတ်သား မိသလို စူပါရုပ်ရှင် ဝေဖန်ရေး ဆရာစံရှား (ရုပ်ရှင်မျက်မှန်) က ဤသို့ ရေးသားခဲ့၏။

ဆရာဝန် ဒေါက်တာဇေယျနှင့် အတူ နေထိုင်သော တပည့်ကျော် အဖြစ် ပါဝင်ခဲ့ရသည်။ တဇာတ်ကားလုံးတွင် မင်းသား မင်းသမီးများ အဖို့ သူကသာ အသက် သွင်းပေးခဲ့ပြီး တဇာတ်လုံး စိုပြေလာအောင် ကြည့်သူတိုင်း မရယ်ဘဲ မနေနိုင်အောင် ပြောင်မြောက်လှသော အမူအရာတို့မှာ ဖိုးပါကြီးမှ ဖိုးပါကြီး ဖြစ်ခဲ့ရသည်။ မြန်မာပြည်တွင် သူ့လို လူရွှင်တော် ဇာတ်လိုက် သူ့အပြင် မရှိသလောက် ရှားပါးပေသည်။ ယခု ဩော် မိန်းမဇာတ်ကား တစ်ကားလုံး သူသာလျှင် ဇာတ်ဆောင် တစ်ယောက် အနေနှင့် သရုပ်တူ လုပ်ကိုင် စွမ်းဆောင်နိုင်ဆုံး လူတစ်ယောက် ဖြစ်ခဲ့ပေသည်။

ဒါရိုက်တာ စာရေးဆရာ သုခ၏ ပြောင်မြောက်လှသော စကားလုံးများကို အမူအရာ အပိုအလိုမရှိ ပိပိရိရိ မိမိရရ သရုပ် ဆောင်နိုင်ခဲ့ သူလည်း ဖြစ်ခဲ့ပေသည်။ ဤ ဇာတ်ကား တစ်ကားလုံးတွင် အကောင်းဆုံး လူများ ရွေးချယ်ရာ၌ ဖိုးပါကြီးကို နံပါတ်(၁)ပထမ ရွေးချယ်ရမည် ဖြစ်ကြောင်း။ ထိုသို့ ဩော် မိန်းမ ဇာတ်ကားသည် အထူး အောင်မြင်မှု ရခဲ့သဖြင့် မြန်မာ့ရုပ်ရှင် လောကတွင်သာမက ပရိသတ်ကပါ သူ့ကို “ဟာသ ထိပ်သီး ဖိုးပါကြီး” ဟူ၍ ကင်ပွန်း တတ်လာကြပြီး အမျိုးသား ရုပ်ရှင် လောကတွင်လည်း ဟာသဇာတ် မြူးသီးသန့် မရိုက်ကူးဝံ့ချိန်တွင် “ဩော် မိန်းမ” ဇာတ်ကား၏ ဝင်ငွေစံချိန်ကြောင့် နောင်မှာ ဟာသ ဇာတ်မြူးကားများကို အပြိုင် လုပ်ကိုင်လာသည့် အဆင့် ဖြစ်လာ၏။

ခင်ယုမေ နှင့် ဖိုးပါကြီး

အမျိုးသား ရုပ်ရှင် လုပ်ငန်း သမိုင်းတွင် လွတ်လပ်ရေး ရပြီးချိန်မှ အသံထွက် ခေတ်သို့ ကူးပြောင်းပြီး နောက်ပိုင်း တိုင်အောင်အထိ ဇာတ်လိုက်မင်းသား အချို့ကို ပရိသတ်က သက်ဆိုင်ရာ ဇာတ်လမ်း၏ ဇာတ်ကောင်စရိုက် တစ်ခုခုတွင် ပါဝင်သရုပ်ဆောင် စေရာ၌ အထူးအံဝင် ဂွင်ကျ ဖြစ်ပြီး ယင်းဇာတ်ကောင် စရိုက် ပုံနှင့် လိုက်ဖက်ညီနေသည်သာမက အကောင်းဆုံး ပီပြင်စွာ ရုပ်လုံးဖော်နိုင်သဖြင့် နောက်ထပ်ကားများတွင် ထိုဇာတ်ကောင်အား အလားတူ အခန်းမျိုးချည်း ပါဝင် သရုပ်ဆောင် ခိုင်းတတ်သည့် သာဓက ရှိခဲ့သည်။ တစ်နည်းအားဖြင့် ပြောရလျှင် ပုံသေ ဇာတ်ကောင် Type Casting ဟု ခေါ်ဆိုခြင်းဖြစ်၏။

ရုပ်ရှင်ကြည့် ပရိသတ်ကြီးကလည်း ထိုဇာတ်ကောင်အား မူလ ရိုက်ကူးစဉ်က သူမတူအောင် လုပ်ပြနိုင်သည့် ဇာတ်ကောင် စရိုက်မျိုးကိုသာ ဆက်လက် ကြည့်ရှုအားပေး လိုသော ဆန္ဒ ရှိကြသည်။ ထိုကြောင့် ရုပ်ရှင် ကုမ္ပဏီများက ဖိုးပါကြီးကို လူရွှင်တော် မင်းသား၊ လူရွှင်တော် ဇာတ်ပို့ စရိုက်နှင့် လိုက်ဖက်သည်ဟု သတ်မှတ်ထား သူတို့ ရှိခဲ့ကြသည်။ သို့သော် ဖိုးပါကြီးသည် ပုံသေ ဇာတ်ကောင်စရိုက် မဟုတ်ဘဲ၊ စွယ်စုံရသော အနုပညာသည် တစ်ယောက် ဖြစ်ကြောင်းကို သူ အကယ်ဒမီ ရရှိခဲ့သော ဇာတ်ကားက သက်သေခံခဲ့သည်။ ယင်းမှာ ရွှေဝယ်သီရိ ရုပ်ရှင် အတွက် ဒါရိုက်တာ ဦးမြမောင်က ဇေယျ၊ ဖိုးပါကြီး၊ တင်တင်မူ၊ ဝင်းမာ၊ ဦးဘချစ်၊ ဒေါ်ဂျမ်းစိန်၊ ဒေါ်မြ လေး၊ ဒေါ်ပုတို့ အပြင် ကျော်ဝင်း၊ ခင်မောင်မြင့်၊ အေးကြူ၊ မေမြ၊ မြင့်မြင့်ဌေး၊ မေရီမြ၊ ချစ်မောင်၊ ဖိုးပါလေးတို့ကလည်း ဧည့်သည်များ အဖြစ် မြိုင်မြိုင်ဆိုင်ဆိုင် ပါဝင်ခဲ့သော (ဖိုးပြုံးချို) ဇာတ်ကားတွင် ဖိုးပါကြီးက ပြဇာတ် လူရွှင်တော် ဖိုးပြုံးချို ဇာတ်ကောင်ရုပ် အဖြစ် ပါဝင်သရုပ် ဆောင်ခဲ့သည်။

ယင်းဇာတ်ကား၏ ဇာတ်လမ်းမှာ ပြဇာတ် လောကသားများ၏ အတွင်းရေးနှင့် ယင်းလောကသားများ၏ ဖြစ်လေ့ ဖြစ်ထရှိသော အောင်မြင် ကျော်ကြားမှု ရရှိ၍ နာမည်တလုံး ရရှိလာချိန်တွင် မိမိ ဘဝကို ဆန်းစစ်ခြင်း မပြုတော့ဘဲ ဖောက်ပြန်လာတတ်ပြီး အပေါင်းအသင်းများဖြင့် သောက်စား မူးယစ်ကာ အောက်ခြေလွတ် ထင်ရာ စိုင်းတတ်သော လူ့သဘာဝကို သရုပ်ဖော်ပြထားသည်သာမက မိမိ၏ ဘဝဆိုးထဲ ရောက်ရှိလာသည့် မိမိ၏ ရင်သွေးငယ် ဘဝကိုပါ ပျက်စီး နစ်မွန်း သွားနိုင်သည်တို့ကို တင်စားချက်များဖြင့် ရိုက်ကူးထားခြင်း ဖြစ်သည်။ ဖော်ပြပါ ဇာတ်ကားတွင် ဖိုးပါကြီး၏ အကောင်းဆုံး သရုပ်ဆောင်ချက် တစ်ခန်းမှာ သားဖြစ်သူအား သူ့ကို စိတ်နာသွားရန် ရင်ထဲမှ မချိသော်လည်း သူ့ထံတွင် မနေရန် မောင်းထုတ်သော အခန်း၌ “မသွားပါ ရစေနဲ့ ဖေဖေရယ်၊ မသွားပါရစေနဲ့၊ ကျွန်တော် ထမင်း မစားတော့ပါဘူး” ဟု အပါအဖြစ် သရုပ်ဆောင်သော ဝင်းမာက သနားစရာ မျက်ရည်စက်လက် ကလေးဖြင့် ဖခင်ဖြစ်သူ ယစ်ထုပ်ကြီး ပြဇာတ် လူရွှင်တော် ဖိုးပြုံးချိုအား တောင်းပန် ပြောဆိုရာ “သွား သွား မင်းကို ကျွေးလည်း မကျွေးနိုင်ဘူး။ မင်းမျက်နှာကိုလည်း မကြည့်ချင်ဘူး။ သွားဆို ခုထွက်သွား” ဟုဆိုသော အသံနှင့် အတူ ဖြန်းခနဲ နေအောင် ဖိုးပြုံးချိုက ဒေါသတကြီးဖြင့် ရိုက်ချလိုက်သော အခန်းတို့မှာ ပရိသတ်ကြီးကို စိတ်ထိခိုက် လှုပ်ရှားမှု Emotional Drama ဖြစ်အောင် သရုပ်ဆောင် ပြနိုင်၍ ဟာသ ထိပ်သီး ဖိုးပါကြီးသည် အလွမ်းတွင်လည်း ပိုင်နိုင်ကြောင်း သက်သေ ထူခဲ့သည်ကို ကြည့်ရှု မှတ်သားမိ၏။

ထိုကြောင့် ၁၉၅၅ ခုနှစ် အတွက် အကောင်းဆုံး အမျိုးသား ပညာသည်ဆုကို ဖိုးပြုံးချို ဇာတ်ကားတွင် ပထမဆုံး အကယ်ဒမီ ဆုကို ရရှိခဲ့သည်။ (ဖိုးပြုံးချိုသည် အကောင်းဆုံး ရုပ်ရှင်ဆုကို ရခဲ့သလို အပါအဖြစ် ပါဝင်ခဲ့သော ကလေး သရုပ်ဆောင် ဝင်းမာကလည်း အထူးဆု ရရှိခဲ့၏။) ဖိုးပြုံးချို ဇာတ်ကားအတွက် အကောင်းဆုံး အမျိုးသားပညာသည်ဆု ရရှိစဉ်က သူ၏ ပြောပြချက်မှာ“ကျွန်တော် ဆုရမယ်လို့ မထင်မိဘူး။ အဲ တစ်ခုတော့ ရှိတယ်။ ဖိုးပြုံးချို ရိုက်တုန်းက တော်တော်တော့ ပင်ပန်းတယ်ဗျာ။ အဲဒီလို ပင်ပန်းတာနဲ့ အမျှ ထူးခြားတဲ့ ဇာတ်လမ်းမို့လည်း ကားကောင်း တစ်ခုဖြစ်လိမ့်မယ် လို့တော့ ထင်မိပါတယ်။ ပြတဲ့အခါကျတော့ မမျှော်လင့်လောက်အောင် လူကြိုက်များတာ တွေ့ရပြီး ဒီဇာတ်ကားကပဲ ကျွန်တော့်ရဲ့ အကောင်းဆုံး သရုပ်ဆောင်ခြင်း ဆိုပြီး အများက မှတ်ချက်ချတယ်။ ထင်ကြေးပေးတယ်။ နောက် အကယ်ဒမီဆုပါရ တဲ့ အထိ အားလုံးရဲ့ အကြိုက်ချင်း တူညီစွာနဲ့ ရခဲ့တယ် ဆိုပါတော့ဗျာ”

(ဖိုးပြုံးချို) ဇာတ်ကားသည် ၂-၁၂-၅၅ တွင် ဆုထူးပန်နှင့် သွင်ရုံမှာ ပြသရာ စူပါ့စူပါ ဝင်ငွေ ၂၆၂၂၈၄ ကျပ် ရရှိခဲ့သည်။ သူသည် အကယ်ဒမီဆု ရရှိပြီးနောက် နိုင်ငံတော်က ချီးမြှင့်သော ဝဏ္ဏကျော်ထင် ဘွဲ့ကို ရခဲ့သည်။ အကယ်ဒမီ ပူပူနွေးနွေး ရပြီးနောက် ရုံတင်သွားသော ဇာတ်ကား (၂)ကားမှာ (ဥမ္မာဒန္တီ)နှင့် (တွေးရခက်ကြီး)တို့ပင် ဖြစ်သည်။ (ဥမ္မာဒန္တီ)မှာ လူတိုင်း သိပြီးဖြစ်သော မြန်မာ့ ဂန္ထဝင်မှ ဇာတ်လမ်းတစ်ပုဒ် ဖြစ်သည်။ ယင်းဇာတ်ကားကို လန်ဒန်အတ် ရုပ်ရှင်အတွက် ဒါရိုက်တာ ဦးချင်းစိန်က ရိုက်ကူးခဲ့ခြင်း ဖြစ်၏။

ယင်းဇာတ်ကားကလည်း ထိုစဉ်က ပရိသတ် စိတ်ဝင်စားရန် သတင်းစကား ပေးခဲ့ပုံတို့မှာ တဏှာ . . .တဏှာ . . .တဏှာ ပိုးမျိုးရွပိုး ထိုးခဲ့သကိုး။ ဒီလောက် သောင်းကျန်းတဲ့ တဏှာရူး လောကကြီးမှာ ဥမ္မာ ဆိုတဲ့ ကောင်မလေး တစ်ယောက်တော့ သူမို့လည်း မကြောက်တတ် ပလေတယ်။ ဘာကြောင့် ဒါလောက်တောင် လှဂုဏ် မြောက်နေရတာလဲ ဥမ္မာရယ်၊ ဘာကြောင့် ဒါလောက်လှရသလဲ။ ဟူ၍ တစ်နည်း။

သိဝိမင်းကြီးသည် ဥမ္မာကြောင့် ရူးခဲ့ဖူးရာ ဘယ်ဒေါက်တာ၊ ဘယ်စိတ္တဇ ဆေးရုံကမှ လက်ခံ၍ မပေးနိုင်လောက်အောင် အရူး မပျောက်ဖြစ်၏။ နောက်တွင်မူ အရူးပျောက်သွားတော့သည်။ ဘယ်ဆရာဝန်က ကု၍မဟုတ်၊ သူ့ကို သူ့ပညာဖြင့် ဆင်ခြင်သည်။ သိဝိမင်းကြီး သူ့ကို သူပြန်၍ ကုခြင်းဖြင့် အရူး ပျောက်သွားခဲ့လေသည်။ ဟူ၍ တစ်မျိုး ဖြစ်သည်။

ဥမ္မာဒန္တီကို ထိုစဉ်က ရုပ်ရှင်ဝေဖန်ရေးဆရာ (၂)ဦးတို့က အောက်ပါအတိုင်း ရေးသားချီးကျူး မှတ်ချက် ပေးခဲ့၏ ဥမ္မာဒန္တီ၏ စာဖွဲ့ရန် ခဲယဉ်းသော ရုပ်အလှကြောင့် ယစ်မူးတွေ ဝေကာ နေမထိ၊ ထိုင်မထိ ဖြစ်သွားသော သိဝိဘုရင် အဖြစ် ဖိုးပါကြီးကို သုံးထားကြောင်း တွေ့ရသည်။ ဖိုးပါကြီးကား မြန်မာရုပ်ရှင် လောကထဲမှာ နိုင်ငံခြားရုပ်ရှင် လူရွှင်တော်များ စံချိန်ကို မှီအောင်လိုက် နိုင်သူ ပညာသည်တစ်ဦးဖြစ်ရာ ဥမ္မာဒန္တီဇာတ်ထဲ သိဝိမင်းအဖြစ် ဖိုးပါကြီးကို မြင်ရသော် ပရိသတ်နှလုံးကို မုချရွှင်ပြုံး ကြည်လင် ပေးနိုင်ပေလိမ့်မည်ဟု တွက်နိုင်ပါတော့သည်။

ခင်မောင်ညို (မန်း) . . . ဥမ္မတကော ဘုရင်အဖြစ်ဖြင့် လူရွှင်တော် ဖိုးပါကြီးက သယ်သွားပုံ၊ မိန်းမချော တစ်ယောက်အနေနှင့် မေရီမြင့်က တင်ဆက် သွားပုံ၊ သမာဓိတည် ကြည်သော စစ်သူကြီး အဖြစ်နှင့် ဇေယျက သရုပ်ဖော် သွားပုံတို့ကို ဇာတ်ကား အစမှ အဆုံးတိုင် စိတ်ဝင်စား ဖွယ်ရာ တွေ့မြင်ရပေလိမ့်မည် ဖြစ်ကြောင်း။

ဖိုးမြင်းမိုရ် (ဥမ္မာဒန္တီ) ဇာတ်ကားသည် မြန်မာ ရုပ်ရှင်သမိုင်းတွင် လွတ်လပ်ရေး ရပြီး ခေတ်မှ ၁၉၅၆ ခုနှစ်အတွင်း နိပါတ်တော်လာ ဇာတ်ကား များအနက် ပထမဆုံး ထူးကဲစွာ ပရိသတ် အကြိုက်များ၍ စူပါဝင် ငွေ ၁၂၃၃၁၈ ကျပ် ရသွားသည်။ ယင်း ဇာတ်ကားတွင် ဇေယျ၊ ဖိုးပါကြီး၊ မေရီမြင့်၊ ဦးကျော်သောင်း၊ ဦးဘချစ်၊ ဒေါ်ဂျမ်းစိန်၊ ကြယ်နီ၊ မစိန်ခင်၊ မြင့်ဖေ ပါနောက် ဖိုးပါလေးတို့ ပါဝင်ပြီး ၂၂-၁-၅၆ တွင် ရွှေဂုန်နှင့် မြို့မရုံတို့မှာ ပြသခဲ့သည်။ []

ကိုးကား

[ပြင်ဆင်ရန်]
  1. ဂျေကြိုင်(မဟာဝိဇ္ဇာ/သမိုင်းကထိက) ပေဖူးလွှာ ရသစုံမဂ္ဂဇင်း အတွဲ(၁)၊ အမှတ်(၂)၂၀၀၉၊ အောက်တိုဘာလ