မြတ်လေး (ရုပ်ရှင်သရုပ်ဆောင်)

ဝီကီပီးဒီးယား မှ
(မြတ်လေး မှ ပြန်ညွှန်းထားသည်)
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်
မြတ်လေး

မြတ်လေးကို ရန်ကုန်တစ်ဖက်ကမ်း ခနောင်တိုတွင် အဖ စတီးဘရားစာရေးကြီး ဦးဘရှင်၊ အမိ ဒေါ်မိုးလုံး (ဒေါ်ဒေါ်မိုး) မှ ၁၉၃၂-ခု ဇူလိုင်လ (၁၁)ရက်၊ တနင်္လာနေ့တွင် ဖွားမြင်ခဲ့သည်။ မွေးချင်းငါးဦးအနက် စတုတ္ထမြောက်ဖြစ်ပြီး ငယ်မည်မှာ မောင်လေးဖြစ်သည်။

ပညာသင်ဘဝ[ပြင်ဆင်ရန်]

ငယ်စဉ်က ခနောင်တိုရွာဦးကုဏ္ဍလ ဘုန်းတော်ကြီးကျောင်းတွင် လေးတန်းအထိ ပညာသင်ကြားခဲ့သည်။ ယင်းနောက်လမ်းမတော်၊ မော်တင်ကျောင်းတွင် လေးတန်းစာမေးပွဲ ဝင်ရောက်ဖြေဆိုသည်။ မူလတန်းကျောင်းသားဘ၀မှာပင် ဒုတိယကမ္ဘာစစ်ကြီး (၁၉၃၉ - ၁၉၄၅) ဖြစ်ပွားခဲ့သည်။ ထို့နောက် ဆရာဦးဘအေး၊ ဆရာဦးမြမောင်၊ စာတိုက်ဝန်ထောက်ဦးစံရင်တို့ထံတွင် ပညာကို ဆက်လက်သင်ယူသည်။ စနစ်တကျ သင်ကြားရခြင်းမျိုးမဟုတ်ပေ။ ဆရာတစ်ဦးထံ တွင် ဂဏန်းသင်္ချာ၊ ဆရာတစ်ဦးထံတွင် မြန်မာစာ၊ ဆရာတစ်ဦးထံတွင် အင်္ဂလိပ်စာစသည်ဖြင့် သင်ယူရခြင်းမျိုးဖြစ်သည်။ ဆရာအားလုံးမှာ စေတနာဆရာများသာဖြစ်သည်။ ရေနံဆီဖိုးမျှဖြင့် သင်ကြားပေးကြခြင်းဖြစ်သည်။

ပထမ သူ့နာမည်ထိပ်တွင် တက္ကသိုလ် ဟု တင်စားချက်ကလေး ရှိခဲ့သဖြင့် တက္ကသိုလ်မြတ်လေး ဟုဖြစ်သည်။ ဖနောင့်ကလေးကြွကာ၊ မျက်ခုံးကြီး တဖက် ပင့်ကာပင့်ကာနှင့် ကဗျာဆန်ဆန်စကားရှည်ကြီးတွေပြောသော သူ့အမူအယာကို နှစ်ခြိုက်သွားခဲ့ကြသဖြင့် ထိုခေတ်က သူ့အမူ အယာကို ‘မြတ်လေးစတိုင်’ ဟု ခေါ်ကြသည်။ ‘ရေပွက်ပမာ’ဇာတ်ကားတွင် မြတ်လေးသည် လူဆိုးဂိုဏ်းဝင်အဖြစ် သရုပ်ဆောင်သည်။ မြတ်လေးသည် မေတ္တာဘွဲ့၊ ဟာသ၊ ဇာတ်ကြမ်း စသည်ဖြင့် ဇာတ်ကောင်စရိုက်မျိုးစုံကို ကျရာဇာတ်ရုပ်အတိုင်း ပီပြင်စွာသရုပ်ဆောင်လေ့ရှိသည်။ ၁၉၈၅-ခုနှစ်တွင် သူ ဒုတိယအကြိမ် အမျိုးသားဇာတ်ပို့ဆုအဖြစ် အကယ်ဒမီရွှေစင်ရုပ်ရရှိသော ‘ရင်ထဲမှာရွာသောမိုး’ ကို ဒါရိုက်တာ မောင်မောင်မြင့်ရိုက်ကူး၍ ကျော်ဟိန်း၊ နွဲ့နွဲ့မူ၊ အောင်လွင်တို့နှင့်အတူ သရုပ်ဆောင်ခဲ့သည်။ ၂၃ နှစ်ကြာပြီးမှ ဒုတိယအကြိမ် အကယ်ဒမီ ရရှိခဲ့ခြင်းဖြစ်သည်။ အဆိုပါဇာတ်ကားတွင် မိဘပစ်သွားသော မွေးကင်းစကလေး (ကျော်ဟိန်း)ကို ကြီးပြင်းသည်အထိ ပညာသင်ကျွေးမွေးစောင့်ရှောက်ထားသော သုဿန်စောင့်ကြီးအဖြစ် မြတ်လေးက သရုပ်ဆောင်ထားသည်။ အချိန်တန်အရွယ်ရောက် လူလားမြောက်လာသော ကျော်ဟိန်းကို မိဘအရင်းများက လာရောက်ပြန်လည်တောင်းဆိုသောအခါ ငယ်ငယ်ကတည်းက မွေးစားခဲ့သောကလေးကို သံယောဇဉ်ငြိတွယ်နေသဖြင့် မပေးရက်၊ မပေးပြန်လျှင်လည်း ကလေး၏ဘ၀သည် သုဿန်ထဲတွင်နေ သုဿန်ထဲ၌ပင် ဘ၀ဆုံးသွားမည်ဖြစ်သည်။ ပေးလိုက်မှသာ မိဘအရင်းတို့က ရွေဘုံပေါ်တွင်ထားပြီး ကလေးဘ၀ကောင်းစားမည်။ သို့ကလို ချီတုန်ချတုန် အပြန်ပြန်အလှန်လှန်စဉ်းစားပြီး ရင်ထဲတွင်မချေိ၀ဒနာခံစားနေရပုံကို ပီပြင်စွာသရုပ်ဆောင်သွားရာ ကြည့်ရသူတိုင်း ဝမ်းနည်းကြေကွဲမျက်ရည်ကျရသည်အထိ ဖြစ်ခဲ့ရလေ သည်။ ထို့ကြောင့်လည်း အဆိုပါဇာတ်ကားတွင် မြတ်လေးသည် အမျိုးသားဇာတ်ပို့ဆုကို ထိုက်တန်စွာဆွတ်ခူးရရှိသည်ဟု ထင်မြင်မိပါသည်။

စာပေ ဂီတ[ပြင်ဆင်ရန်]

မြတ်လေးသည် ရုပ်ရှင်ဘက်၌သာ ထူးချွန်သည်မဟုတ်၊ စာပေဂီတဘက်၌လည်း ခေသူမဟုတ်ပင်။ သူသည် ကဗျာသမား စာသမားလည်း ဖြစ်သည်။ တေးရေးတေးဆိုဘက်၌လည်း ထင်ရှားသူဖြစ်သည်။ သူသည် စာပေမှလာသူဖြစ်သောကြောင့် သီချင်းအရေး အလွန်ကောင်းသည်။ သူရေးစပ်သီကုံးခဲ့သော တေးသီချင်းပေါင်း ၂၀၀ ခန့်ရှိရာ ထင်ရှားသည့်သီချင်းများမှာ မေတ္တာစစ်ဆိုသည်မှာ၊ ဝေးပြီမွှေးရယ်၊ မခင်နှင်းဆီ၊ မခင်နှင်းဆီရဲ့ နှင်းဆီ၊ မခင်နှင်းဆီရဲ့နှင်းဆီဇာတ်သိမ်း (မခင်နှင်းဆီသို့ပေးစာကို ကိုတင်ကိုးရေးခဲ့သည်) ပန်းတိုင်းပွင့်ပါစေ၊ ပင်လုံထိပ်ထားဦး၊ ချစ်သက်ပိုင်၊ တစ်ရံရောအခါက၊ ဘာပဲလုပ်ရလုပ်ရ စသည့်သီချင်းများသည် ရေပန်းစားခဲ့သည်။ ယနေ့တိုင်ပြန်ဆိုနေ ကြဆဲပင် ဖြစ်သည်။ မြတ်လေး၏သီချင်းများကို သူကိုယ်တိုင်သာမက မောင်မောင်ကြီး၊ ကိုမင်းနောင်၊ ကိုမြကြီး၊ စန္ဒရားချစ်ဆွေ၊ ခင် မောင်လွင်၊ သန်း ဖေလေး၊ သုမောင်၊ မြင့်မြင့်ခင်၊ လီလီကြာညွန့်၊ တင်တင်မြ၊ တင်တင်လှ၊ စသည်တို့က သီဆိုခဲ့ကြသည်။


မြတ်လေးသည် အသစ်အဆန်းကိုရှာဖွေလို၍ အစဉ်အလာဟောင်းမှလမ်းခွဲထွက်လိုသူလည်း ဖြစ်သည်။ မြတ်လေးသည် ဇာတ်ကား နာမည်များကိုပင် လူထုသုံးစကားလုံးများရွေး၍ သုံးစွဲတတ်သဖြင့် သူ့ဇာတ်ကားနာမည်များသည် လူထုကြား၌ရေပန်းစားခဲ့သည်။ သူ၏သီချင်းဆို၍ ငိုရသည်။ သွေးနဲ့ ချွေးနဲ့ ရင်းသည့်မြေ၊ ငို၍ ရယ်၍ မရသော မျက်နှာ၊ ချစ်သူကလ ကိုယ်ကည၊ သူများရီဖို့ ကိုယ်ငိုမယ်၊ ပုဂံအလှရှာပုံတော်၊ ရွှေပန်းကန်ပေါ်ကျတဲ့မျက်ရည် စသည့်နာမည်များမှာ ပရိတ်သတ်ရင်ထဲကို စွဲငြိစေခဲ့သည်။


သို့ကလို ပညာသင်ကြားနေစဉ်မှာပင် ဒလမြို့သန်းခေါင်စာရင်းရုံး၌ အောက်တန်းစာရင်း ဝင်လုပ်သည်။ ထို့နောက် ရန်ကုန်မြို့ (ပန်းဆိုးတန်းလမ်း) ထောက်ပံ့ရေးရုံး၌ အလုပ်ဝင်လုပ်သည်။ ထိုအချိန်ကပင် မြတ်လေးသည် စာပေအနုပညာနှင့် နိုင်ငံရေးလမ်းကြောင်းပေါ်သို့ တပြိုင်တည်း စမ်းလျှောက်နေသည်ဟု ဆိုနိုင်သည်။ ယောက်ဖဝမ်းကွဲတော်သူ တယောဝိဇ္ဖာကိုအေးကိုအကြောင်းပြု၍ သူ့ဂီတတမျိုးစေ့ကို သန္ဓေတည်ခဲ့သည်။ ထိုစဉ်က ကိုအေးသည် ဒရမ် တီးဝိုင်းတည်ထောင်ထားသည်။ မြတ်လေးသည် ဇာတ်၊ ရုပ်သေး၊ ကွက်စိပ်ပွဲများသို့လည်း လက်လှမ်းမီသမျှ လေ့လာဆည်းပူးသည်။ သူသည် စာပေ၊ ဂီတပေါ် မြတ်နိုးတွယ်တာစိတ်ရှိသလို နိုင်ငံရေး၌စိတ်ပါဝင်စားသည်။ ထောက်ပံ့ရေးရုံးတွင် စာရေးအဖြစ် လုပ်ကိုင်နေ စဉ်မှာပင် သမဂ္ဂအဖွဲ့ဝင်အဖြစ် ပါဝင်လှုပ်ရှားခဲ့သည်။ ထို့အပြင် ခနောင်တိုမြို့နယ် ဗလစလူငယ်ပြန်ကြားရေးမှူးအဖြစ် ဆောင်ရွက်ခဲ့သည်။ သို့ကလို စာပေဂီတနှင့် နိုင်ငံရေးတို့၌သာ အချိန်ပေးနေသည့်အတွက် ဆယ်တန်းစာမေးပွဲကို နှစ်ခါချခဲ့ရသည်။ ထို့နောက် ညကျောင်း တက်ရင်း ဆက်လက်ဖြေဆိုရာမှ အသက်၂၃ နှစ်အရွယ် ၁၉၅၁ တွင် ဆော်လမွန်ကျောင်းမှ ဆရာကြီးဘဆူးထံတွင် ဆက်လက်ပညာ ဆည်းပူးသည်။ ယင်းကျောင်းမှ ဆယ်တန်းအောင်မြင်ခဲ့သည်။ ၁၀ တန်းအောင်မြင်ပြီးနောက် မြတ်လေးသည် အလုပ်တစ်ဖက်ဖြင့်ပင် သက်ကြီးတက္ကသိုလ်တွင် ဆက်လက်ပညာသင်ယူသည်။ ထိုစဉ်မှာပင် ဂီတပညာကိုလေ့လာသည်။ သူသည် ဆရာဂျူဗလီစိန်ထံတွင် အဆိုသဘောနှင့် သီချင်းရေးနည်းများ လေ့လာသင်ယူခဲ့သည်။ အေးဝမ်းခင်မောင်၊ စန္ဒရားသီဟ၊ ဒုံမင်းလှိုင်ထင်တို့ထံမှ ဂီတသံစဉ်ကို ဆည်းပူးသည်။ ဆရာရွှေပြည်အေး၊ ဂီတနက်သန်ကို စောညိန်း၊ ဂီတာအုန်းလွင်၊ စန္ဒရားကိုမျိုးလှိုင်၊ စန္ဒရားချစ်ဆွေ၊ ဂီတလုလင်မောင်ကိုကို၊ ဗိုလ်က လေးတင့်အောင်၊ စာရေးဆရာအောင်လင်းတို့ထံမှ ဂီတအခြေခံကောင်းများရရှိခဲ့သည်ဟု သိရသည်။ ယင်းနောက် အရှေ့ပိုင်းတူရိယာအဖွဲ့နှင့်နီးစပ်သွားပြီး ထိုဝိုင်းအတွက် သီချင်းများရေးပေးရသည်။ မြတ်လေး၏သီချင်းများသည် မြန်မာ ဆန်၍ သံစဉ်ပြေပြစ်သည်။ သီချင်းစာသား အဓိပ္ပါယ်လည်း လေးနက်၍ အတွေးအခေါ်ဆန်းသစ်သည်။ မြန်မာ့ဂီတလောက၌ မြန်မာအသံမှ ဓာတ်ပြားရ သီချင်းတစ်ပုဒ်ဖြစ်လာအောင် အတော်ကြိုးပမ်အားထုတ်ယူရသည်။ မြတ်လေးသည် ဓာတ်ပြားရတေးအတော်များများကို ရေးသားဖန်တီးနိုင်ခဲ့သည်။ သူသည် ရုပ်ရှင်ဇာတ်ဝင်တေးများကိုလည်း ရေးသားခဲ့သည်။ အချို့ကို ကိုယ်တိုင်သီဆိုသည်။ မြတ်လေးသည် ဂီတလောကတွင် စန္ဒရားချစ်ဆွေနှင့် အတွဲများသလောက် အချို့သီချင်းများကို ပူးတွဲရေးသားခဲ လေသည်။

မြတ်လေးရေးစပ်သီကုံး၍ စတင်သီဆို အသံလွှင့်ခဲ့သောတေးမှာ ‘မေတ္တာအင်အား’ ဖြစ်သည်။ တိုက်ပွဲဝင်ကျောင်းသားတစ်ဦး သီချင်းများ၊ ငြိမ်းချမ်းရေးသည် အပေါင်းလက္ခဏာ၊ ဧရာ၀တီငိုသံ၊ ဒို့ကြားရသည်၊ ဘော်လဂါနဒီ-ဧရာ၀တီတေးများအဖြစ် တရုပ်ဖြူဆန့်ကျင်ရေးသီချင်း များဖြစ်သည်။ ထို့နောက် မေတ္တာစစ်ဆိုသည်မှာ၊ လက်ဆောင်မွန်၊ ဝေလေလေ၊ ထာ၀စဉ်အချစ်၊ မစ္စဝီစကီ၊ ကပြားမလေးဂိုရာရမ်၊ သီချင်းဆို၍ငိုရသည်၊ သည်ဇာတ်သည်တွင်ဆုံးပြီကွယ်နှင့် စစ်ကိုမောင်းထုတ်ကြစို့ သီချင်းများကိုလည်း ကိုယ်တိုင်ရေးစပ်သီဆိုခဲ့သည်။ အခြားဂီတစာဆိုများရေးသား၍ မြတ်လေးသီဆိုခဲ့သော သီချင်းများမှာ မနည်းလှပေ။ ယင်းတို့အနက် ကလေးချော့ (ရင်မှာပျိုးသော ဇာတ် ကားအတွက် ဆရာရွှေပြည်အေးရေးခဲ့သည့်သီချင်း) သီချင်းသည် ထင်ရှားသည်။

မြတ်လေးသည် စာပေဝါသနာပါသူလည်းဖြစ်ရာ ဂီတစာဆိုတော်များအကြောင်းကို လည်း စာနယ်ဇင်းများ၌ ရေးသားသည်။ ယင်းတို့အနက် ဆရာရွှေပြည်အေး၏ ဂီတစွမ်းရည်အ ကြောင်းကို ‘ရွှေအောင်လံ’ မဂ္ဂဇင်းတွင် တစ်နှစ်နီးပါးမျှ အခန်းဆက်ဆောင်းပါးများရေးသားသည်။ စာရေးဆရာ၊ ဂီတစာဆိုအောင်လင်းအကြောင်းကိုလည်း ‘ရုပ်ရှင်တေးကဗျာ’ မဂ္ဂဇင်း တွင် အခန်းဆက်ရေးသားသည်။ တယောထိုး အလွန် ကောင်းသူ စာရေးဆရာ ဗန်းမော်တင်အောင်အကြောင်းနှင့် တက္ကသိုလ်ဘုန်းနိုင်အကြောင်းကိုလည်း ရုပ်ရှင်တေးကဗျာမဂ္ဂဇင်းတွင် (၈) လကြာမျှ အခန်းဆက်ရေးခဲ့သည်။

မြတ်လေးရေးခဲ့သည့်ဝတ္ထုများတွင် အကြောင်းအရာအသစ်၊ အတွေးအခေါ်သစ်၊ အယူအဆအသစ်များကို တင်ပြလေ့ရှိသည်။ သူရေးခဲ့သည့် ဝတ္ထုများအနက် ဆေးစက်မကျသေးသော အဖြူ၊ မီးရောင်အောက်ကအမှောင်၊ ငှက်ခတ်သမားဘကျား၊ ဆံမြိတ်လည်းပြေ ပန်းလည်းကြွေ၊ ဇရာနှင့်ဗေဒါအနမ်းတို့မှာ ထင်ရှားသည်။

မြတ်လေးသည် ဆရာဦးဉာဏထံ ချဉ်းကပ်၍လည်း ဇာတ်ညွန်းရေးနည်းကို နည်းခံခဲ့ သည်။ ကျောင်းသားဘ၀က ဝါသနာတူလူငယ်များနှင့်တွဲ၍ အရပ်ပြဇာတ်များကို စတင်ကပြခဲ့ သည်။ အဆိုပါပြဇာတ်များ၌ သူကိုယ်တိုင်ဒါရိုက်တာမင်းသားနေရာယူ ကပြခဲ့သော ဒို့အိမ်ကြီး၊ ယမနေ စသည့်ပြဇာတ်မှာ ထိုစဉ်က ပရိသတ်အကြိုက်တွေ့ခဲ့သည့် ပြဇာတ်များဖြစ်သည်။ ထို့နောက် တက္ကသိုလ်သို့ရောက်သောအခါ မြတ်လေး သည် တက္ကသိုလ်အနုပညာအသင်း၌ ပါဝင်လှုပ်ရှား၍ သူ့အနုပညာအရည်အသွေးကို ပြသခဲ့သည်။ ထို့ကြောင့်လည်း ဥပစာအောက် တန်းစာမေးပွဲကို ၅ ကြိမ်မြောက်ဖြေဆိုမှ အောင်မြင်ခဲ့သည်။ မြတ်လေးစာမေးပွဲကျသည်မှာ အဆန်းမဟုတ်ပေ။ အချိန်ပြည့် အနုပညာ လှုပ်ရှားမှုများ ပါဝင်ဆောင်ရွက်နေသူဖြစ်သည်။ တက္ကသိုလ်ကျောင်းသားဘ၀ ကျောင်းသားပွဲတော်များတွင် မြတ်လေးရေးသား၍ ကပြခဲ့ သောပြဇာတ်များမှာ ညီမလေးမာလာ၊ ဆံမြိတ်လည်ပြေ ပန်းလဲကြွေ၊ ၁၃၀၀ ပြည့်အရေးတော်ပုံ စသည်တို့ဖြစ်သည်။

သက်ကြီးတက္ကသိုလ်မှ စာမေးပွဲအောင်မြင်ပြီးနောက် မြန်မာနိုင်ငံတော် ကူးသန်းရောင်းဝယ်ရေးဘဏ်တွင် အကြီးတန်းစာရေး၊ စတင်လုပ် ကိုင်ခဲ့သည်။ ၆ လအကြာတွင် လက်ထောက်ကြီးကြပ်ရေးမှူးရာထူး တိုးမြှင့်ခံရသည်။ ယင်းဘဏ်တွင် ၂ နှစ်ခွဲခန့်ထမ်းရွက်ပြီးနောက် ရုပ်ရှင်လောကသို့ ခြေစုံပစ်ဝင်ခဲ့သည်။ ရုပ်ရှင်လောကသို့ ဓနဂုဏ်၊ ငအ၊ မွှေး၊ သစ္စာရှင်၊ မြတ်နိုးသူ၊ အရိုင်းစပယ်၊ ဩော်ယောကျာ်း ရုပ်ရှင်ကားများတွင် တေးဂီတတာဝန်ခံအဖြစ် လုပ်ကိုင်ခဲ့သည်။ ထိုအတွေ့အကြုံများသည် နောင်တွင် မြတ်လေးအား ရုပ်ရှင်သရုပ်ဆောင်မှုဘက်၌ များစွာအထောက်အပံ့ဖြစ်စေခဲ့သည်။

မြတ်လေး၏ ပွဲဦးထွက်ရိုက်ကူးခဲ့သော ရုပ်ရှင်ဇာတ်ကားမှာ ‘ပင်လုံထိပ်ထားဦး’ ဖြစ်သည်။ ပင်လုံထိပ်ထားဦး ဇာတ်ကား၏ဇာတ်ညွန်းနှင့်ဒါရိုက်တာမှာ မြတ်လေးပင်ဖြစ်သည်။ ယင်းဇာတ်ကား၏ဦးတည်ချက်မှာ ပဒေသရာဇ်ဆန့်ကျင်ရေး အခြေခံဇာတ်လမ်းဖြစ်သည်။ ယင်းကား ကိုသုံးသပ်၍ ဝါရင့်ဒါရိုက်တာအားလုံးလိုလိုက မြတ်လေးကို အရည်အချင်းရှိသောဒါရိုက်တာအဖြစ် လက်ခံခဲ့ကြသည်။ မြတ်လေးရိုက် ကူးသော ဇာတ်ကားတိုင်းလိုလိုမှာ မြန်မာ့ရုပ်ရှင်သမိုင်းတွင် အထင်ကရနေရာတွင် မှတ်တမ်းတင်ခြင်းခံရသည်။

မြတ်လေးသည် စိတ်ကြိုက်အမူအယာကို မှန်မှာကြည့်၍ကိုယ်တိုင် လေ့ကျင့်သည်။ သရုပ်ဆောင်သောအခါ ဇာတ်ကောင်စရိုက်လိုက်၍ ဆိုင်ရာဆိုင်ရာ အခန်းများတွင် အမူအယာများကို ထည့်သွင်းအသုံးပြုသည်။ ထို့ကြောင့် မြတ်လေး၏အမူအယာများမှာ ရုပ်ရှင်ဇာတ်ကား တစ်ကားနှင့်တစ်ကား မတူဘဲ အမြဲတမ်းဆန်းသစ်၍နေသည်။

စကားပြောကောင်းသူပီပီ ‘ပန်းပန်လျက်ပါ’ ဇာတ်ကားတွင် မြတ်လေးသည် မြန်မာဆန်ဆန် တိုက်ပုံကလေးဝတ်လျက် ဆေးတံခဲကာ မျက်ခုံးကလေးပင့်၍ စကားပြောဟန်မှာ ရုပ်ရှင်ကြည့်ပရိတ်သတ်၏ရင်ထဲတွင် အရိပ်ထင်စွဲကျန်ရစ်ခဲ့သော အမူအယာများပင်ဖြစ်သည်။ ယင်း ဇာတ်ကား၌တက္ကသိုလ်ကျောင်းဆရာ ကိုကျော်စိန်(မြတ်လေး) က အငြိမ့်မင်းသမီးမဗေဒါ (ကြည်ကြည်ဌေး) အိမ်လာတွေ့၊ အကြောင်းအရင်းမှာ သူ့သူငယ်ချင်း ကိုစောထွန်း (ကောလိပ်ဂျင်နေဝင်း) က ချစ်သူမဗေဒါကို လက်မထပ်ဘဲ ဂုဏ်ကြီးရှင် ခင်မမ(ဘေဘီနွဲ့) ကို မင်္ဂလာဆောင်သွား၊ မဗေဒါကို မယူရကောင်းလားဟု ကိုကျော်စိန်က ကရုဏာဒေါသဖြင့် ခံစားမှုအပြည့်ဖြစ်ပြောရာ မဗေဒါက ‘ဒါဖြင့် ဆရာ ကျမကို လက်ထပ်ယူနိုင်မလား’ ယင်းတွင် မြတ်လေး က ‘ဗျာ’ ဟု ပြန်ပြောရာ ထိုအပြောစကားတို့သည် ရုပ်ရှင်ကြည့်ပရိတ်သတ်အတွက် ရင်ခုန်သွားခဲ့ရသော စကားပြောခန်းများပင်ဖြစ်သည်။

‘သီတာဘယ်သို့ချစ်ရမယ်’ စကားတွင် ဟာသသရုပ်ဆောင်အဖြစ် မြတ်လေးက သရုပ်ဆောင်ထားသည်။ ‘ချစ်သူကလ ကိုယ်ကည’ ဇာတ် ကားတွင် သူသည် ခါးပိုက်နှိုက် သူခိုးအဖြစ် သရုပ်ဆောင်ခဲ့သည်။ ယင်းဇာတ်ကားတွင် ခါးပိုက်နှိုက်ဘ၀ကို ပီပြင်စွာသရုပ်ဆောင်နိုင်ခဲ့ သည့်အတွက် ပရိတ်သတ်အကြိုက်တွေ့စေခဲ့သည်။ ‘ရေပွက်ပမာ’ ဇာတ်ကားတွင် မြတ်လေးသည် လူဆိုးဂိုဏ်းဝင်သရုပ်ဆောင်ခဲ့သည်။

သူဇာရုပ်ရှင်မှ ဒါရိုက်တာစာရေးဆရာ ဦးမင်းအောင်၏ ‘အမုန်း၏နောက်ဝယ်’ ဇာတ် ကားတွင် မြတ်လေးသည် ပန်းချီဆရာအဖြစ် သရုပ် ဆောင်သည်။ သရုပ်ဆောင်ချက်ပီပြင်မှု ကြောင့် မြတ်လေး၏အသွင်ပျောက်၍ တကယ့်ပန်းချီဆရာ၏ ဘ၀ဇာတ်လမ်းကို ကြည့်ရှုနေရ သကဲ့သို့ ထင်မှတ်မှားအောင် သူ၏သရုပ်ဆောင်မှုက အောင်မြင်ခဲ့သည်။ ထို့ကြောင့်လည်း ၁၉၆၁ ခုနှစ်အတွက် အမျိုးသားအကောင်းဆုံးသရုပ်ဆောင်ဆုကို ‘အမုန်း၏နောက်ဝယ်’ ဇာတ်ကားတွင် ဆွတ်ခူးရရှိခဲ့သည်။ မြတ်လေးအကယ်ဒမီထပ်ဆင့်ရရှိသောဇာတ်ကားမှာ ၁၉၈၄ ခုနှစ်အတွက် အမျိုးသားဇာတ်ပို့ဆုအဖြစ် ရရှိခဲ့သော ‘ရင်ထဲမှာရွာသောမိုး’ ဇာတ်ကားဖြစ်သည်။ မြတ်လေးပါဝင်သရုပ်ဆောင်ခဲ့သော ဇာတ်ကားအချို့မှာ ပင်လုံထိပ်ထားဦး၊ မောင့်ကို သေစေညွန်းရော့သလား၊ ပန်းတိုင်းပွင့်ပါစေ၊ သီချင်းဆို၍ငိုရသည်၊ ချစ်ပါသည်ဆိုသော် လည်း၊ ဝမ်းနည်းဝမ်းသာ၊ သွေးနဲ့ချွေးနဲ့ရင်းသည့်မြေ၊ ရင်မှာပျိုးသောပန်း၊ မိရွှေမာ၊ မောင်ချစ်နှမချစ်၊ မိုးကျော်သူ၊ ရန်ကုန်သားနဲ့မန္တလေးသူ၊ ချစ်သူပေးသောတေးတစ်ပုဒ်၊ စိမ်းနှမစန္ဒာ၊ လျော်ကြေးဖူးစာ၊ ညီမအတွက် ပုံတသွယ်၊ ပန်းကလေးများမနွမ်းစေချင်၊ မောင်ခေါ်ရာ လိုက်တော့မယ်၊ သူတို့ဖို့လည်းပိုချစ်ပါ၊ ချစ်ခြင်းမေတ္တာ၊ မြခြူသံ၊ လျှို့ဝှက်မေတ္တာ၊ ပေါင်း၍နုတ်၍မရသော မေတ္တာ၊ တေးဆိုလို့ချစ်ပါ့မယ်၊ ရွှေလက်ဖြင့်ခေါ်လည်းမလာ၊ အချစ်၏ကျေးကျွန်များ၊ တက်ခါး နဲ့ဇာနည်၊ မျက်နှာတစ်ခြမ်းအိုးမဲနဲ့၊ အရှိုက်၊ ရွှေပန်ကန်ပေါ်ကျတဲ့မျက်ရည် စသည့် ဇာတ်ကား များဖြစ်သည်။

မြတ်လေးသည် ၁၉၆၂ တွင် ကမ္ဘာ့လူငယ်ပွဲတော်တက်ရန် တရုတ်ပြည်မန်ချူးရီးယား၊ မွန်ဂိုလီးယား၊ ဆိုက်ဗေးရီးယားမှ တစ်ဆင့် ဖင်လန်နိုင်ငံ ဟယ်ဆင်လီးမြို့သို့ သွားရောက်သည်။ ထိုစဉ်အခွင့်ကြုံ၍ ကမ္ဘာ့ရုပ်ရှင်ပညာရုပ်များကို ဝါရင့်ရုပ်ရှင်အတတ်ပညာရှင်များနှင့် တွေ့ဆုံဆွေးနွေးခွင့်ရရှိခဲ့သည်။ ဆိုဗီယက်နိုင်ငံသို့ရောက်ရှိစဉ် ကမ္ဘာကျော် ‘စစ်ငြိမ်းချမ်းရေး’ ဇာတ်ကားရိုက်ကူးသူ ဒါရိုက်တာကြီး ဘောင်ဒါချတ်နှင့် တွေ့ဆုံပြီး ရုပ်ရှင်ပညာအကြောင်း ဆွေးနွေးခဲ့သည်။

မြတ်လေးသည် Method Acting စာအုပ်ကို ကိုယ်တိုင်ရေးသားပြီးကိုယ်တိုင်လည်း သင်တန်းဖွင့်လှစ်ပို့ချသည်။

သို့ကလို စွယ်စုံရ အနုပညာရှင်တစ်ဦးဖြစ်သော စာရေးဆရာ၊ ဒါရိုက်တာ၊ ဇာတ်ညွန်း ရေးဆရာ၊ မင်းသား၊ ဂီတစာဆို၊ အဆိုတော် ထပ်ဆင့်အကယ်ဒမီ မြတ်လေးသည် ၂၀၀၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် ရန်ကုန်မြို့၌ ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်၌ ဇနီး ဒေါ်မြင့်မြင့် (ဘီအေ၊ ဘီအီးဒီ) နှင့် သားအောင်မြတ်မိုး၊ သမီးသွယ်သွယ်မြတ်၊ သားအောင် မြတ်မျိုးတို့ ကျန်ရစ်ခဲ့သည်။ [၁]

ငယ်နာမည် မောင်လေး၊ အဖေဦးဘရှင်၊ အမေ ဒေါ်ပိုး။ မွေးရက်က ၁၂၉၀၊ ဝါခေါင်လ။ ဇာတိက ရန်ကုန်တဖက်ကမ်း ခနောင်တို။ မွေး ချင်းငါးယောက်ရှိတဲ့ အထဲက စတုတ္ထ။ ဘုန်းကြီးကျောင်းပညာရေး ထဲမှာ ဦးကုဏ္ဍလကျောင်းမှာ စာသင်ရတယ်။ လေးတန်းအထိ။ လေးတန်းဖြေတော့ ရန်ကုန်ဘက်ကမ်းကိုကူးပြီး အင်္ဂလိပ်အစိုးရ ကျောင်းမှာ ဖြေရတယ်။ အင်္ဂလိပ်အစိုးလက်ထက်ပေါ့။ လေးတန်းမ အောင်ဘူး။ ဒါနဲ့ကျောင်းထွက်လိုက်တယ်။ တနှစ်လောက်ကြာတော့ ကျောင်းပြန်တက်တယ်။ ၁၁ နှစ်သားလောက် ရှိပြီ။ မြူနီစပါယ် ရွေး ကောက်ပွဲ သပိတ်ဖြစ်တယ်။ ဒါနဲ့ ပြန်တက်တဲ့လေးတန်းလဲ မအောင်ပြန်ဘူး။ ဆိပ်ကြီးက ဆရာ ကြီး ဦးဘအေးဆီမှာ အင်္ဂလိပ်စာ သီးခြားသင်တယ်။ Reader (1) (2) (3) (4) လောက်အရောက်မှာ အဖေက စတီးဘရားသား စာရေးကြီးဆိုတော့ ငပုတောကို ပြောင်းရတာနဲ့ လိုက်သွားရတယ်။ တစ်နှစ်လောက်ကြာတော့ ခနောင်တိုကို ပြန်လာရတယ်။ စာပြန်သင် တယ်။ ရွာကိုလာတဲ့ ဇာတ်ပွဲတွေ ရွှေကျီးညိုတို့၊ နေ့ရောညရော အ ရောင်မမှိန်အောင်ငြိမ်း၊ တက်ခေတ်စိန်၊ ဦးအောင်မောင်း၊ သူရဲလေး အောင်စိန်၊ ဂရိတ်ဖိုးစိန် စသဖြင့် အကုန်ကြည့်တာပဲ။

အနုပညာနဲ့ ပတ်သက်လို့တော့ စစ်ပြီးခေတ်သီချင်းတွေ ကြိုက်လာတယ်။ အိပ်ပြီလားကွယ့် ဖြူပြာ၊ မူယာ၊ လွမ်းမိုးစွေ။ အဲဒီမှာ ဘာထပ်နွယ်လဲဆိုတော့ အမတဝမ်းကွဲရဲ့ ခင်ပွန်းက တယောဝိဇ္ဇာကိုအေး၊ သူက ဥဩဘသောင်ရဲ့လက်သုံး၊ ဂီတာဦးစိမ်းမောင် လက် သုံးပေါ့၊ သူတို့တွေ တီးကြဆိုကြတာတွေနဲ့ ယဉ်ပါးခဲ့ရတယ်။ ကက္ကရ ရွှေစည်၊ နဂါးနီ၊ ဘိုးဘိုးအောင်၊ ဒေါ်ကြည်အောင်ရဲ့ သီချင်းတွေ၊ စိန်ပါတီရဲ့ သီချင်းတွေ အစုံပဲ။ နားထောင်ရာကနေ စိတ်ဝင်စားပြီး အမေ ဒေါ်သိန်းကြည်ဆီမှာ စည်းဝါး၊ အဆိုသင်တယ်။

အင်္ဂလိပ်စာနဲ့ပါတ်သက်လို့ အခု C.T.O ချစ်သိန်းဦးရဲ့ ဦးလေး ဦးစံရင်ဆိုတဲ့လူ၊ သူ့ဆီမှာ လခပေးပြီး အင်္ဂလိပ်စာသင်တယ်၊ ခနောင် တိုက ဗ့လ့စ စာကြည့်တိုက် မှာ စာကြည့်တိုက်လက်ထောက် လုပ်ခဲ့တယ်။ အဲဒီတုန်းက ဗ့လ့စ ဥက္ကဋ္ဌက ဦးဘဂျမ်းဇနီးက ဒေါ်ခင်ရီ။ ဗ့လ့စ ဌာနချုပ်လဲရောက်၊ အဲဒီမှာ သခင်ဝတင်တို့ကို တွေ့ရတယ်။ စကားပြောကောင်းတဲ့ နိုင်ငံရေးခေါင်းဆောင်တွေကို သဘောကျပြီး တရားပွဲတွေနားထောင်ဖူးတယ်၊ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ရွှေတိဂုံအလယ်ပဉ္စယံ တရားပွဲဆိုရင် အဲဒီခေါင်းဆောင်တွေနဲ့ မလှမ်းမကမ်း က နားထောင်ဖူးတယ်။ အောင်ဆန်းအက်တလီစာချုပ်ချုပ်ပြီး မြို့တော်ခန်းမမှာ တရားပွဲလုပ်တော့ ပန်းခြံထောင့်မှာရပ်ပြီး နားထောင်ရ တယ်။ ဗိုလ်ချုပ်ကို ကြည်ညိုလေးစားလွန်းလို့ ဗိုလ်ချုပ်သွားလေရာ နောက်ကလိုက်ကြည့်တဲ့အထိပဲ။

ဗိုလ်ချုပ်တို့ကျဆုံးတဲ့နေ့က ရွာကလူငယ်တွေနဲ့ အတွင်းဝန်ရုံးကို လာကြည့်ရင်း ဗိုလ်ချုပ်တို့ ရုပ်ကလာပ်တွေထားတဲ့ ဂျူဗလီဟော ကိုလာတယ်။ လာရင်းနဲ့ အိမ်မကိုမပြန်တော့ဘူး။ ဗလစ က တာဝန်ပေးတဲ့ ဈာပနကိစ္စတွေ လုပ်ခဲ့ရတယ်။ ပြောရရင်တော့ မောင် အောင်ဆန်းက ကျုပ်ကလေးပါလို့ပြောတဲ့ ဒေါက်တာဘမော်တရားပွဲက ရေကျော်မောင်အေးရှေ့မှာ နားထောင်ရသေးတယ်။ တောင် ညွန့်မှာ ရေပက်ခံပွဲတက်တဲ့ နာဆာ၊ နေရူး၊ ဆူကာနိုတို့ကို မြင်ဖူးချင်လို့ သွားတယ်။ ဆရာကြီး သခင်ကိုယ်တော်မှိုင်းကို စတာလင် ငြိမ်းရေးဆုလာပေးတဲ့ ဆိုဗီယက်ယဉ်ကျေးမှုဝန်ကြီး တီကိုးနော့ဗ်ရဲ့ တရားပွဲတွေ လျှောက်နားထောင်တာပဲ။

ဒလမြို့ သန်းခေါင်စာရင်းရုံး၌ အောက်တန်းစာရေးလေးဘဝမှာ ရန်ကုန် ပန်းဆိုးတန်း ရာရှင်ရုံးရောက်လာသည်။

လခ ၉၆ ကျပ် စာဖတ်ဝါသနာပါခဲ့သူဖြစ်သဖြင့် စာယဉ်ကျေးမှုမှအစ တေးဝါသနာထုံမှု အဆုံး၊ အနုပညာလောကမှ လူအားလုံး နှင့်နေရလျှင် ပျော်နေတတ်သူဖြစ်သည်။ စစ်ပြီးခေတ်၊ ရေဒီယိုအသံရှင်များတွင် တက္ကသိုမြကြီးကို သူသဘောကျသည်။ တက္ကသိုလ်စိုး၊ တက္ကသိုလ်မြကြီးတို့နှင့် အမြဲတွေ့နေကျဖြစ်သည်။ ကိုမြကြီးရဲ့ လေယူလေသိမ်း ဆိုဟန်များကို အမြဲဂရုထားသူဖြစ်၍ ကိုမြကြီးရဲ့ အကြိုက်တေးသွားများကို တစွန်းတစ ဖန်တီးပေးနိုင်သူအဖြစ် ထင်ပေါ်လာသည်။ သီချင်းကို ကဗျာဟန်၊ စကားပြောဟန်၊ နဘေ ဟန်များစ၍ တီထွင်သူဟု တချို့က ဆိုသည်။ ကဗျာချစ်သူ မြတ်လေးသီချင်းများက “နဘေ” ခေတ်ကို လှုပ်ခါစေသည်။ လေးထပ်၊ ငါးထပ်နဘေများ သူ့တေးများတွင် တွေ့ရပေမည်။ ဆရာကြီး သခင်ကိုယ်တော်မှိုင်း၊ အချုပ်တန်းဆရာဖေ၊ ဦးပုညတို့စာ အမြဲတစေ ရိုသေသောသူ ဖြစ်သည်။ လွန်ခဲ့သည့် နှစ်လေးဆယ်မှ သူ့တေးစာများကို လေ့လာလျှင်သိမည်။ တခါတရံ သီချင်းစုံရေးတတ်သော ရွှေပြည်အေး၊ ကမ္ဘာတူရိယာ ပစ္စည်းစုံမြန်မာ တေးနှင့်ဟပ်အောင် ဖန်တီးသော မြို့မငြိမ်း၊ မြန်မာအကသီချင်းစုံ တံခွန်ထူ သူမတူ အောင် ရေးတတ်သော နန်းတော်ရှေ့ဆရာတင်အကြောင်းများကို ပလက်ဖောင်းတွင်သော်လည်းကောင်း၊ စင်မြင့်ပေါ်တွင်သော် လည်းကောင်း ပြောကြား၊ ဟောကြားခဲ့သူလည်း ဖြစ်သည်။)

အဲဒီအချိန်မှာ မြန်မာဝတ္ထုတွေဖတ်နေပြီး အဘိုးကတော့ စာဟောဆရာ ဦးပြား၊ ဗန်းမော်တင်အောင်က ပန်းဆိုးတန်းက ဗိုလ်သိန်း အောင်ဆီ ခဏခဏလာတယ်။ ဝတ္ထုတွေက ရဲခေါင်ရေးတဲ့ ညောင်ရွက်လေချီ၊ လင်းယုန်နီ၊ ဒဂုန်တာရာ၊ တင့်တယ်။ စာဖတ်ရင်းနဲ့ စာပေနယ်ကလူတွေနဲ့ နီးစပ်လာတယ်။ ၃၉ လမ်းလား လမ်း ၄၀ လားမသိဘူး။ ဗန်းမော်တင်အောင်တို့ လင်းယုန်တိုက်ရှိတယ်။

အဲဒီလမ်းမှာ ကဗျာဆရာတွေ၊ စာရေးဆရာတွေ စုစည်းမိကြတယ်။ ထွဏ်းနေနွယ်၊ ဒေါင်းနွယ်ဆွေ၊ နေသွေးနီစတဲ့ လူတွေ ကဗျာ ဆရာတွေနဲ့ ရင်းနှီးလာတာပေါ့၊ ဒီလိုနဲ့ မခင်နှင်းဆီသီချင်းတွေ ရေးဖြစ်လာတယ်။ ပဒေသရာဇ်ဆန့်ကျင်ရေး သီချင်းတွေ၊ ငြိမ်းချမ်း ရေးသီချင်းတွေ ဆိုပါတော့။ နောက် ရုပ်ရှင်စရိုက်ဖြစ်တယ်။ ပထမ “ပင်လုံထိပ်ထားဦး”၊ ဒုတိယ “အမုန်း၏ နောက်ဝယ်”၊ တတိယ “ပန်းတိုင်းပွင့်ပါစေ”၊ စတုတ္ထ “သီချင်းဆို၍ ငိုရသည်” အဲဒီလေးကားရိုက်ပြီးတဲ့အခါကျတော့ နိုင်ငံခြားကိုသွားဖြစ်တယ်။ ဆိုဗီယက် မော်စကို၊ တရုတ်ပြည်တို့ပေါ့လေ။ အဲဒီရောက်တော့ နိုင်ငံခြားက စာရေးဆရာတွေ ဟောတာပြောတာတွေပါ နားထောင်ရတယ်။ ပိုင် အိုနီးယားပဲလေ့စ်မှာ ကဗျာဆရာ ယက်ဖ်တူရှင်ကို ကဗျာရွတ်တာအကြိုက်ဆုံးပဲ။ ယက်ဖ်တူရှင်ကို ငယ်ငယ်ကလူချော။

မော့စ်ဖလင်လေ့လာဖူးတယ်။ War & Peace ရိုက်တဲ့ ဒါရိုက်တာနဲ့ ရင်းနှီးခဲ့တယ်။ “ပင်လုံထိပ်ထားဦး” ကားဆိုရင် မော့စ်ဖလင်နဲ့ တရုတ်မြန်မာ လေ့လာရေးအဖွဲ့ကို (၃) လကြာပေးခဲ့ဖူးတယ်။ဆရာကြီး သခင်ကိုယ်တော်မှိုင်းရဲ့ ဓာတ်ပုံ (၁၂) ပုံ ကိုယ့်စရိတ်နဲ့ ကိုယ်ကူးပြီး ဆိုဗီယက်ငြိမ်းချမ်းရေးအဖွဲ့ ဥက္ကဋ္ဌ အင်ဒရီယက်ဖ်ကို ပေးခဲ့တယ်။ တရုတ်ပြည် ငြိမ်းချမ်းရေးအဖွဲ့ကိုလည်း ပေးခဲ့တယ်။ ကမ္ဘာကျော် ဒါရိုက်တာ ဘာတိုလူချီနဲ့ ဆုံခဲ့တယ်။

ယူဂျီဂါဂါရင်ကို နောက်အာကာသတက်တဲ့ အာကာသယာဉ်မှူး နီကိုလိုင်နဲ့ ပါကော့ဗစ်ချ်တို့နဲ့အတူ ကရင်မလင်နန်းတော် လီနင်ဂူပေါ်မှာ ဂုဏ်ပြုအခမ်းအနား တက်ရတယ်။ ဝူးမင်းသည် အတ်ချ်မင်းကားနဲ့ ဧည့်ခံတယ်။ ယူနန်သံမဏိသူရဲကောင်းမင်းသားပါတဲ့ ရိုက်ကွင်း တွေကို တရုတ်ပြည်ရောက်တုန်း လိုက်ပြတယ်။ ဆံဖြူမယ် ရုပ်ရှင်မင်းသမီးနဲ့ ရုပ်ရှင်အကြောင်း ဆွေးနွေးဖြစ်သေးတယ်။

မော်စကိုပြန်လာပြီးတော့ ဝမ်းနည်းဝမ်းသာ၊ ပန်းပန်လျက်ပါ၊ ချွေးနဲ့သွေးနဲ့ ရင်းသည့်မြေ ကားတွေရိုက်ဖြစ်တယ်။ “ငို၍ရယ်၍မရသော မျက်နှာ”၊ “ချစ်သူကလ ကိုယ်ကည”၊ “သူများရယ်ဖို့ ကိုယ်ငိုမယ်”၊ “ရွှေပန်းကန်ပေါ်ကျတဲ့ မျက်ရည်”၊ “ပုဂံအလှရှာပုံတော်”၊ “စက္ကူ လှေကလေးများ”၊ “မျက်စပစ်၍ ခေါင်းခါသည်”၊ ကားတွေရိုက်တယ်။ ဒီကနေ့အထိ ဆိုပါတော့၊ ကားတွေလဲ အခိုးခံရ၊ ပျောက်နဲ့ လက် ထဲမှာ သိပ်မရှိတော့ဘူး။ သူ၏ တေးများကို စာရေးဆရာ၊ ကဗျာဆရာများသည် ယနေ့အထိ အသိအမှတ်ပြုပြောဆိုနေကြဆဲ ဖြစ်သည်။ သူ၏ ပင်လုံထိပ်ထားဦးမှ သီချင်းတပုဒ်အား အလျဉ်းသင့်၍ ဖော်ပြလိုက်ရပါကြောင်း

(၁) မြေပြန့်ဆီသာ ဆင်းခဲ့ပါ။

စည်းရွှေကာ၍ လေသာလျှော့ဖြေ၊ ထုံးနေကျစ်လစ်၊ စံရွှေရစ်ဝါ၊ ဖြူပြာပြာ၊ မာယာတော်နန်း၊ မော်ကြငှန်းမှာ၊ စံမြန်းမော်ကြွား၊ ပျော်နေသလား၊ လှထိပ်ထားရေ။


လူသားသစ္စာ၊ အဘိဓမ္မာလို၊ သိပါလိုလျှင်၊ တံစဉ်နှင့်တူ၊ ဆွဲကိုင်ထူသည့်၊ တောင်သူလုပ်သား၊ လူတန်းစားထဲ၊ ကျော်လွှားသက်တန့်၊ အသာငုံ့၍ မြေပြန့်ဆီသာ ဆင်းခဲ့ပါ။ မြေပြန့်ဆီသာ ဆင်းခဲ့ပါ။

(၂) ဆရာမြတ်လေးနှင့် ကျနော်တို့ စကားပြောဖြစ်ကြသည်။ အသက်အရွယ်အားဖြင့် ကွာလှသော်လည်း သူနှင့်စကားပြောလျှင် အဲဒီ အသက်အရွယ်တွေ ရုပ်ရှင်မင်းသား၊ ဒါရိုက်တာ၊ စာရေးဆရာဆိုတာတွေ ပျောက်ကုန်သည်။ သူ အိမ်ထောင်ကျတာ ၁၉၆၂ ခုနှစ်မှာ ဟူသော စကားလည်းပါသည်။ သူ့မိသားစုအကြောင်းနှင့် မခင်နှင်းဆီကိစ္စတော့ ဆရာမြတ်လေးက သိပ်မပြော။ ရုပ်ရှင်ကိစ္စပြောလျှင် မြတ်လေးဆိုသော အမည်နာမပျောက်သွားပြီး သီဝရီတွေ၊ ဇာတ်လမ်း ဇာတ်ကွက်တွေ၊ နိုင်ငံတကာကိစ္စတွေ ကြားရသည်။ ရန်ကုန် တက္ကသိုလ်တွင် သူ၏ပြဇာတ် “ဆံမြိတ်လည်းပြေ၊ ပန်းလည်းကြွေ” ကို စောစောစီးစီးမပြ၍ ဆရာဇော်ဂျီနှင့် ဆရာမင်းသုဝဏ်က အပြစ်တင်သတဲ့။ ကျနော်မသိဘူး ဆရာ၊ ကိုဘကောင်းတို့ အစီအစဉ်ဆွဲတာဟု ပြောရသည်ဆိုသည်။ “ညီမလေး မာစေ” ပြဇာတ် တင်တော့လည်း ရန်ကုန်တက္ကသိုလ် အဓိပတိ (ဟောင်း) နှင့် စာရေးဆရာ သိန်းဖေမြင့် (ကွယ်လွန်) တို့က ဇာတ်ခုံနောက်မိုက်နှင့် စကားပြောနေရာသို့ ရောက်ရှိလာပြီး နောက်ဘေးထရံခွကြည့်သတဲ့။ ဆရာကြီးတွေ၊ လူကြီးတွေက စိတ်ဝင်စားကြသည်။ သူ၏ လူ ငယ်ဘဝ အနုပညာဖြတ်သန်းမှုမှာ အားကျမက်မောစရာ ကောင်းလှသည်။ သူ၏ “သီချင်းဆို၍ ငိုရသည်” ဇာတ်ကား (မြင်ကွင်းကျယ်) ဇာတ်သိမ်းနှင့်ပတ်သက်၍ အနောက်ဂျာမဏီသတင်းစာတွေက ရေးကြသည့်သတင်းလည်း ငယ်စဉ်ကတည်းက ကြားခဲ့ဖူးသည်။

မြတ်လေးဟုဆိုလျှင် သူ၏ရုပ်ရှင်မင်းသား၊ ဒါရိုက်တာ၊ စာရေးဆရာ၊ ကဗျာဆရာ၊ အဆိုတော်၊ သီချင်းရေးဆရာ ရုပ်ပုံလွှာပေါင်း များစွာက ခံစားမှုထဲ၌ လှပစွာ တောက်လောင်လာသည်။ အနုပညာသမားတယောက်၏ ဘဝကိုမြင်လာရသည်။ အနုပညာနယ်ပယ်၌ မြတ်လေးသည် မိမိကိုယ်မိမိ မှည့်ခေါ်သောနာမည် မဟုတ်တော့။ ပြည်သူက အသိအမှတ်ပြုထားသော မြန်မာအနုပညာရှင်တဦးအဖြစ် သူ့အနုပညာများက တည်ဆောက်ထားနိုင်ခဲ့ပြီ။[၂][၃] [၄] [၅] [၆]

ကိုးကား[ပြင်ဆင်ရန်]

  1. မိုးမခ
  2. ပိတောက်ပွင့်သစ် စာပေအနုပညာမဂ္ဂဇင်း အမှတ် ၂၆၊ စက်တင်ဘာလ ၂၀၀၉
  3. သမိန်ကောင်း “ဒါရိုက်တာမင်းသား အကယ်ဒမီမြတ်လေး” ငွေတာရီ မဂ္ဂဇင်း အမှတ် ၁၂၃ (၁၉၇၀ စက်တင်ဘာ) စာ ၁၇၃ - ၁၇၇။
  4. ခင်မျိုးသန့် (ပြန်/ဆက်) “မြတ်လေးအကယ်ဒမီ” (၁၉၂၈-၂၀၀၀) မြန်မာ့စွယ်စုံကျမ်းအနှစ်ချုပ် ၂၀၀၁ စာ ၂၂၉ - ၂၃၁။
  5. မိုးမြင့်ဦး “မြတ်လေး” မိုးဂျာနယ် ၁၉၉၈ ၊ ဧပြီ၊ စာ ၁၅၄-၁၆၀။
  6. ပန်းတောက်ပွင့်သစ် အမှတ် (၂၆) ၂၀၀၉ စက်တင်ဘာလ။