မောနေယျအကျင့်

ဝီကီပီးဒီးယား မှ

မောနေယျအကျင့် (moneyya အင်္ဂလိပ်: moral perfection[၁]) ဆိုသည်မှာ အလွန်တရာခက်ခဲသော၊ ရဟန်း (သို့) ပညာရှိတို့၏ အကျင့်[၂] ဖြစ်သည်။ ထိုအကျင့်သည် ဆည်းပူးအပ်သော ပါရမီ ရှိမှသာလျှင် ကျင့်နိုင်သည်။

နောက်ခံအကြောင်း[ပြင်ဆင်ရန်]

ဂေါတမမြတ်စွာဘုရားသည် မဟာသက္ကရာဇ် ၁ဝ၃ ခု ဝါဆိုလပြည့်နေ့တွင် မိဂဒါဝုန်တောပဉ္စဝဂ္ဂီတို့အား ဓမ္မစကြာတရားဟောတော်မူပြီးလျှင် လပြည့်ကျော် ၅ ရက်နေ့၌ ထို ၅ ဦးသော ရဟန်းတို့ကို အနတ္တလက္ခဏာသုတ်ကို ဟောတော်မူရာတွင် ၅ ဦးလုံးပင် ရဟန္တာအဖြစ်သို့ ရောက်ကြကုန်၏။ လပြည့်ကျော် ၇ရက်နေ့သို့ရောက်သောအခါ ဒေဝိလရသေ့၏ တူဖြစ်သော နာဠကထေရ် ရောက်လာ၍ မောနေယျအကျင့်ကို ဟောကြားတော်မူလေသည်။

နာဠကသည် ဘုရားအလောင်းဖွားစကပင် အရှင်ဒေဝိလ၏ ဆုံးမစကားကြောင့် ဘုရားလောင်းအားရည်မှန်း၍ ကြိုတင်ရဟန်းပြုပြီးလျှင် တစ်ခုသော တောအုပ်ကို မှီ၍နေ၏။ သုံးဆယ့်ငါးနှစ်ပတ်လုံး စင်ကြယ်စွာ အကျင့်ဖြင့်နေသည်တွင် ဘုရားပွင့်ကြောင်းကို နတ်သားတစ်ယောက်ကြားလာ၍ သိသဖြင့် မိဂဒါဝုန်တော်သို့လာပြီးသော် ဘုရားသခင်အား နိဗ္ဗာန်အလျင်အမြန်ရကြောင်း ကောင်းမြတ်သော မောနေယျပဋိပတ်ကို ဟောတော်မူပါဟု လျှောက်၏။

မြတ်စွာဘုရားက ဤမောနေယျအကျင့်သည် ဆည်းပူးအပ်သော ပါရမီ ရှိမှသာလျှင် ကျင့်နိုင်သည်။ ပြုခြင်းငှာ အလွန်ခဲယဉ်းသော အကျင့်ဖြစ်၏ ဟုဆိုကာ ဟောကြားခဲ့သည်။ ဤသို့ဖြင့် သမာန ဘာဝံကြုဗ္ဗေထ အစရှိသော နှစ်ဆယ့်နှစ်ဂါထာဖြင့် ဟောတော်မူလေသည်။

  • ရွာ၌ အမျက်ထွက်ငြား ထိပါးသောသူအားလည်းကောင်း၊ ကြည်ညွတ်ရိုကျိုးရှိခိုးလာသော သူအားလည်းကောင်းမုန်းချစ်မဟူ၊ အတူအမျှပြုရာ၏။ *စိတ်ဖြင့် ပြစ်မှားခြင်းကို စောင့်ရာ၏၊
  • ဝမ်းမမြောက်ဘဲ ကျင့်ရာ၏။
  • ဖြားယောင်းသွေးဆောင်တတ်ကုန်သော မိန်းမတို့ကြောင့် မပျက်စီးစေလင့်။
  • မေထုန်အကျင့်မှ ရှောင်ကြဉ်ရာ၏။
  • ကာမဂုဏ် ငါးပါးတို့ကို စွန့်ရာ၏။
  • ရန်မူတတ်သော သတ္တဝါတို့အား ဆန့်ကျင်မှု မပြုရာ။
  • ကြင်နာသော သတ္တဝါတို့၌ တပ်မက်ခြင်းမရှိရာပေ။
  • သတ္တဝါအပေါင်းတို့အား မိမိကိုယ်ကဲ့သို့ ထပ်တူ ဥပမာကို ပြု၍ မထိပါးရာ၊ မညဉ်းဆဲရာ။
  • မရသေးသော ပစ္စည်း လေးပါး၌ လိုချင်တပ်မက်သော ဣစ္ဆာကိုလည်းကောင်း၊ ရပြီးသည်ကို မဖိတ်မယို လိုချင်မက်မောသောလောဘကိုလည်းကောင်း ပယ်စွန့်၍၊ ပညာမျက်စိဖြင့် ဆင်ခြင်ရာ၏။
  • ဝမ်းပြည့်ရုံမျှ အစာအာဟာရကို ပိုင်းခြား၍ စားရာ၏။
  • အလိုနည်းခြင်း၊ မလျှပ်ပေါ်ခြင်းတို့ ဖြစ်ရာ၏။
  • မောနေယျအကျင့်ကို ကျင့်သော ရဟန်းသည် ရွာသို့ဆွမ်းခံဝင်၍ ဆွမ်းစားပြီးလျှင် တောသို့သာလျှင်ရှေးရှူသွားရာ၏။
  • သစ်ပင်ရင်း၌သာ မလျောင်း မစက် တက်ဝယ်ထိုင်၍သာ ဈာန်တရားတို့ကို ပွားများရာ၏။
  • နံနက်လင်းသောအခါ ရွာတွင်းသို့ ဆွမ်းခံဝင်သောကျင့်ဝတ်ကို ပြုရာ၏။
  • ဆွမ်းခံဝင်သောအခါ ကမ္မဋ္ဌာန်းကို နှလုံးသွင်း၍ သွားရာ၏။
  • အိမ်၌ ဆွမ်းစားပင့်ခေါ်ခြင်းကို မနှစ်သက်ရာ။
  • ရွာတွင်း၌ ဒါယကာတို့နှင့် ရောနှော၍ မနေအပ်ပေ။
  • စကားကို ပြတ်ပြတ် ပြောရာ၏။
  • အစားအဝတ် ရှာခြင်းနှင့် စပ်သော ပရိယာယ်အရိပ်နိမိတ်စကားကိုမျှ မဆိုရာ။
  • စိုးစဉ်မျှသော ဝတ္ထုကို ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ မည်သို့မျှဖောက်ပြန်ခြင်း မရှိဘဲ သစ်ပင်ကဲ့သို့ လျစ်လျူပြုရာ၏။
  • သပိတ်ကိုပိုက်၍ သွားသည်ရှိသော် အ နေဘိသကဲ့သို့ ပြုရာ၏။
  • အနည်းငယ်မျှ လှူခြင်းကို မရှုတ်ချရာ၊ လှူသောသူကို မထေမဲ့မြင်မပြုရာ စသည်တို့ဖြစ်သည်။

တဠကလည်း ဘုရားဆုံးမသော ဩဝါဒအတိုင်းမှတ်နာ၍ အားထုတ်ကျင့်ကြံသဖြင့် ၇ လတိုင်လျှင် အရဟတ္တဖိုလ် ကိုရပြီးနောက်တစ်ခုသောရွှေတောင်ကို မှီလျက် ပရိနိဗ္ဗာန်ပြုလေသည်။ ဘုရားတစ်ဆူတစ်ဆူ မောနေယျ ကျင့်သူတစ်ယောက်သာ ရှိမြဲ ဖြစ်၏။ ဤနာဠကကား ဥက္ကဋ္ဌ်ကျင့်သောကြောင့် ကျင့်သည့်နေ့မှ၇ လ သာ အသက်ရှည်သည်။ မဇ္ဈုံကျင့်သော် ၇ နှစ်၊ မုဒုံကျင့်သော် ၁၂ နှစ် အသက်ရှည်သည်။[၃]

ကိုးကား[ပြင်ဆင်ရန်]

  1. English-Pali Dictionary by Polwatte Buddhadatta Thera
  2. ပါဠိ-မြန်မာအဘိဓာန်၊ ဟုတ်စိန်
  3. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)