မောင်းထောင်ရွာ၊ ဘုတလင်မြို့နယ်

ဝီကီပီးဒီးယား မှ
မောင်းထောင်
ရွာ
မောင်းထောင်ရွာ
မောင်းထောင် သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
မောင်းထောင်
မောင်းထောင်
မြန်မာနိုင်ငံတွင်း တည်နေရာ
ကိုဩဒိနိတ်: 22°28′51″N 95°04′12″E / 22.4808502197266°N 95.0700378417969°E / 22.4808502197266; 95.0700378417969ကိုဩဒိနိတ်: 22°28′51″N 95°04′12″E / 22.4808502197266°N 95.0700378417969°E / 22.4808502197266; 95.0700378417969
နိုင်ငံ မြန်မာ
တိုင်းဒေသကြီး စစ်ကိုင်း
ခရိုင်မုံရွာခရိုင်
မြို့နယ်ဘုတလင်မြို့နယ်
ကျေးရွာအုပ်စုမောင်းထောင်
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6.30)

မောင်းထောင်ရွာ (အင်္ဂလိပ်: Maunghtaung)သည် စစ်ကိုင်းတိုင်းဒေသကြီးမုံရွာခရိုင်ဘုတလင်မြို့နယ်မောင်းထောင်ကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၇၃၁၇၄ ဖြစ်သည်။ [၁] ‌စစ်ကိုင်းမြို့နယ်ရှိမောင်းထောင်ရွာ နှင့် ကွဲပြား‌စေရန် ရှေးအခါက မောင်းထောင်ကြီးရွာ ဟုလည်း ခေါ်ကြသည်။

စည်ကားသည့် ရှေးဟောင်း ရွာကြီးတရွာဖြစ်သည်။ တိုက်နယ်ဆေးရုံ၊ အထက်တန်း‌ကျောင်းများ ရှိသည်။ ‌တောင် နှင့် ‌မြောက် သုဿန်နှစ်ခုရှိသည်။ ဘုရား‌ကျောင်းကန် များစွာရှိသည်။ ရှေးဟောင်းသမိုင်းဝင် ဘလ္လာတိယ ‌ရေကန်တော်ကြီးမှာ ထင်ရှားသည်။

ဘလ္လာတိယကန်တော်ကြီး[ပြင်ဆင်ရန်]

မောင်းထောင်ရွာ၏ သမိုင်းဝင်ဘလ္လာတိယကန်တော်ကြီးသည် ရွာအရှေ့ဘက် တစ်မိုင်ခန့်ကွာတွင်တည်ရှိသည်။ ကန်တော်ကြီးကိုရပ်ရွာက ထိန်းသိမ်းစောင့်ရှောက်ထားသည်။ ငါးဧကခန့် ကျယ်ဝန်းပြီး ကန်ရေကို မျက်မှောက်ခတ်အထိ သုံးစွဲနေကြဆဲဖြစ်သည်။

ဘလ္လာတိယကန်တော်ကြီးမူလအလှူရှင်မှာ မောင်းထောင်ရွာသား မင်းဆရာ တွင်းသင်းမင်းကြီး မဟာစည်သူ ဦးထွန်းညိုဖြစ်သည်။ အနောက်ဘက်ကန်ဘောင်ပေါ်တွင် အလှူရှင် တွင်းသင်းမင်းကြီးမဟာစည်သူဦးထွန်းညိုအကြောင်းနှင့် ဘလ္လာတိယကန်တော်ကြီးသမိုင်းကို ဖော်ပြထားသည့် မျက်မှောက်ခေတ်ထိုးကျောက်စာတစ်ချပ်ကိုလည်းတွေ့နိုင်သည်။

ကျောက်စာဖော်ပြထားချက်အရ တွင်းသင်းမင်းကြီးမဟာစည်သူဦးထွန်းညိုကို သက္ကရာဇ် ၁၀၈၈ ခုနှစ်တွင်မွေးသည်။ ညောင်ရမ်းခေတ်နှောင်း ဟံသာ၀တီပါမင်းလက်ထက်တွင် ရဟန်းအဖြစ် ဇာတိရွာမောင်းထောင်တွင် သီတင်းသုံးနေခဲ့ပြီး အလောင်မင်းတရားကြီးနန်းတက်ချိန်တွင် လူဝတ်လဲပြီးဘုရင်ထံအခစားဝင်ပါသည်။ အလောင်းမင်းတရားကြီးက ဦးထွန်းညိုကို သားတော်ဗဒုံမြို့စားမင်းသား ( ဘိုးတော်ဘုရား ) ၏ဆရာအဖြစ်ခန့်အပ်ပြီး မဟာသင်္ခယာဘွဲ့ကိုချီးမြှင့်သည်။ ၎င်းနောက် မဟာစည်သူဘွဲ့ချီးမြှင့်ပြီး တွင်းသင်းတိုက်ဝန်အဖြစ်ခန့်ထားရာမှ တွင်းသင်းမင်းကြီးမဟာစည်သူဦးထွန်းညိုအဖြစ်ထင်ရှားလာခဲ့သည်။

တစ်ခါတွင် ဘိုးတော်ဘုရား၏မြေးတော် အိမ်ရှေ့မင်း စစ်ကိုင်းမင်းသား ( တချို့မှတ်တမ်းများတွင် သားတော်အိမ်ရှေ့မင်း ရွှေတောင်မင်းသားဟုဖော်ပြသည်) နှင့် အိမ်ရှေ့မိဖုရားတို့စိတ်သဘောထားမတိုက်ဆိုင်ဖြစ်ပြီး မသင့်မမြတ်ဖြစ်ကြသည့်အခါ ထွင်းသင်းမင်းကြီးမဟာစည်သူဦးထွန်းညိုက ချစ်ခြင်းမေတ္တာဖွဲ့ဘလ္လာတိယပျို့ကိုရေးသားဆက်သွင်းရသည်။ အဆိုပါဘလ္လာတိယပျို့ကြောင့် အိမ်ရှေ့မောင်နှံတို့ ပြန်လည်သင့်မြတ်လာခဲ့ကြပြီး ပျို့ရေးသားဆက်သွင်းသူ တွင်းသင်းမင်းကြီးမဟာစည်သူဦးထွန်းညိုကိုလည်း ဆုတော်ငွေချီးမြှင့်ခဲ့သည်။ ဦးထွန်းညိုက အဆိုပါဆုတော်ငွေများကို ကိုယ်ကျိုးအတွက်အသုံးမပြုဘဲ သူ့ဇာတိမောင်ထောင်ရွာအကျိုးအတွက် ယခုမြင်တွေ့နေကြရသည့် ရေကန်ကြီး (ဘလ္လာတိယကန်) ကိုတူးဖော်ရန်အသုံပြုခဲ့ကြောင်း အဆိုပါကျောက်စာတွင်ဖော်ပြထားသည်။

သမိုင်းဝင်ရေကန်ကြီး အနီးအနားဝန်းကျင်တွင် ရှေးဟောင်းစေတီပုထိုးဘုရားအမြောက်အများတည်ရှိနေသည်။ ညောင်ရမ်းခေတ်နှောင်း နှင့် ကုန်း‌ဘောင်ခေတ်ဦး လက်ရာများဖြစ်ကြသည်။

ထူးခြားထင်ရှား မောင်းထောင်သားများ[ပြင်ဆင်ရန်]

မောင်းထောင်ရွာသည် ညောင်ရမ်းခေတ်မှစပြီး ကိုလိုနီခေတ်ထိ ခေတ်အဆက်ဆက် ရဟန်းပညာရှိ လူပညာရှိအမြောက်အများပေါ်ထွန်းခဲ့ရာ ရွာဖြစ်သည် ။ စိတ္တကျော်သူဦးဩ ၊ တွင်းသင်းမင်းကြီးမဟာစည်သူဦးထွန်းညို၊ မောင်းထောင်သာသနာပိုင်ဆရာတော်ကြီးများ၊ သံချိုဆရာကြီးမောင်းထောင်ဦးကျော်လှ၊ မောင်းထောင်ဦးကောက် စသူတို့မှာ ခေတ်အဆက်ဆက်ထင်ရှားခဲ့သည့် မောင်းထောင်ရွာဇာတိ ပညာရှိများဖြစ်ကြသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. Place codes (Pcodes)Myanmar Information Management Unit (June 2020)။