မောင်ဝဏ္ဏ (ဒါရိုက်တာ)
| မောင်ဝဏ္ဏ | |
|---|---|
| မွေးဖွား | မောင်ဝဏ္ဏ ဇန်နဝါရီ ၁၉၊ ၁၉၄၇ ရန်ကုန်မြို့ |
| ကွယ်လွန် | ဇန်နဝါရီ ၁၁၊ ၂၀၁၁ (အသက် ၆၃) ရန်ကုန်မြို့ |
| နိုင်ငံလူမျိုး | |
| ပညာရေး | ဝိဇ္ဇာဘွဲ့ (ဒဿနိကဗေဒ) |
| အလုပ်အကိုင် | စာရေးဆရာ၊ ရုပ်ရှင် ဒါရိုက်တာ သရုပ်ဆောင် |
| ကျော်ကြားမှုအရင်းခံ | ပထမဆုံးရိုက်ကူးခဲ့သော ဇာတ်ကားဖြင့် အသက်အငယ်ဆုံး ဒါရိုက်တာထူးချွန်ဆုရ |
| ထင်ရှားသည့် လုပ်ဆောင်မှု | ကတ္တီပါဖိနပ်စီးရွှေထီးဆောင်း (ရုပ်ရှင်)၊
ပန်းတွေနဲ့ဝေ (ရုပ်ရှင်၊ စာပေ)၊ ခုနစ်စဉ်အလွမ်း (ရုပ်ရှင်)၊ ရင်ထဲက ဆောင်းရာသီ (ရုပ်ရှင်) |
| အိမ်ထောင်ဖက်(များ) | ဒေါ်ချိုချိုရီ |
| သားသမီး | (၃) ယောက် |
| မိဘ(များ) | ဦးသာဓု (စာရေးဆရာ၊ ဒါရိုက်တာ)၊ ဒေါ်ခင်ညို |
မောင်ဝဏ္ဏ (၁၉ ဇန်နဝါရီ ၁၉၄၇–၁၁ ဇန်နဝါရီ ၂၀၁၁) သည် မြန်မာနိုင်ငံရှိ ရုပ်ရှင်ထူးချွန် ဒါရိုက်တာဆု နှစ်ဆု ဆွတ်ခူးရရှိထားသော ရုပ်ရှင်ဒါရိုက်တာဖြစ်ပြီး စာရေးဆရာလည်း ဖြစ်သည်။ စာရေးဆရာ ရုပ်ရှင်ဒါရိုက်တာ ဦးသာဓု၏ သားကြီး၊ စာရေးဆရာ အဆိုတော် သရုပ်ဆောင် သုမောင်၊ သရုပ်ဆောင် ရူပ၊ စာရေးဆရာ မင်းလူနှင့် သီချင်းရေးဆရာ ရုပ်ရှင်ဒါရိုက်တာ အာယုတို့၏ အစ်ကိုကြီးလည်း ဖြစ်သည်။
ကိုယ်ရေးဖြစ်စဉ်
[ပြင်ဆင်ရန်]မောင်ဝဏ္ဏကို သက္ကရာဇ် ၁၃၀၈ ခု ပြာသိုလပြည့်ကျော် ၁၃ ရက်၊ ၁၉၄၇ ခုနှစ် ဇန်နဝါရီလ ၁၉ ရက်နေ့က အဖ ဦးသာဓု အမိ ဒေါ် ခင်ညိုတို့မှ မွေးဖွားခဲ့ပြီး မွေးချင်းလေးယောက်အနက် အကြီးဆုံးသားဖြစ်သည်။ ရန်ကုန်မြို့ရှိ စိန့်ပေါလ်ကျောင်း (ယခု အ.ထ.က. ၆ ဗိုလ်တထောင်) ၌ အထက်တန်းအထိ ပညာသင်ယူခဲ့ပြီး ရန်ကင်း စည်သူပညာရိပ်သာ အထက်တန်းကျောင်းတွင် ဆက်လက်တက်ရောက်ခဲ့ကာ မက်ထရစ်တန်းကို အပြင်ဖြေအနေဖြင့် အောင်မြင်ခဲ့သည်။ ထို့နောက် ရန်ကုန် ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်သို့ တက်ရောက်ခဲ့ပြီး ဒဿနိကဗေဒဘာသာရပ် အဓိကဖြင့် ဝိဇ္ဇာဘွဲ့ရရှိခဲ့သည်။
ရုပ်ရှင်လက်ရာများ
[ပြင်ဆင်ရန်]အသက် ၁၅ နှစ်အရွယ်မှာပင် ရုပ်ရှင်အတတ်ပညာများ စတင်လေ့လာခဲ့ပြီး ၁၉၆၉ ခုနှစ်တွင် သိုင်းသမား ဇာတ်ကားအတွက် ရုပ်ရှင်ဇာတ်ညွှန်းကို ရေးသားသည်။ ၁၉၇၁ ခုနှစ်တွင် ကတ္တီပါဖိနပ်စီး ရွှေထီးဆောင်း ဇာတ်ကားကို ရိုက်ကူးထုတ်လုပ်သည်။ ထိုဇာတ်ကားသည် မောင်ဝဏ္ဏ၏ ပထမဆုံးလက်ရာဖြစ်ပြီး ထိုဇာတ်ကားဖြင့်ပင် မြန်မာ့ရုပ်ရှင်ထူးချွန် ဒါရိုက်တာဆု ရရှိကာ ပထမဆုံးရိုက်ကူးသော ဇာတ်ကားဖြင့် အကယ်ဒမီရရှိသော အနုပညာရှင်များထဲမှ တစ်ဦး ဖြစ်လာခဲ့သည်။ ထို့နောက် ခြေဖဝါးတော်နုနု (၁၉၇၃) ၊ ဇာခန်းဆီး နောက်ကွယ်မှာ (၁၉၇၃) ၊ နှောင်းတမြေ့မြေ့ (၁၉၇၅)၊ ပန်းတွေနဲ့ဝေ (၁၉၇၇) ၊ ချစ်တဲ့သူငယ်လေ (၁၉၇၉) ၊ ခုနှစ်စဉ်အလွမ်း (၁၉၉၀) ဇာတ်ကားများ ဆက်လက်ရိုက်ကူးခဲ့သည်။
ဒါရိုက်တာ စာရေးဆရာ မောင်ဝဏ္ဏသည် ခုနှစ်စဉ်အလွမ်း ဇာတ်ကားဖြင့် ဒုတိယအကြိမ် အကောင်းဆုံး ဒါရိုက်တာဆု ရရှိခဲ့သည်။ ရယ်စရာမောစရာ (၁၉၉၆) ဇာတ်ကားနှင့် ရင်ထဲက ဆောင်းရာသီ (၁၉၉၉) ဇာတ်ကားများ ဆက်လက်ရိုက်ကူး ထွက်ရှိခဲ့သည်။ ရင်ထဲက ဆောင်းရာသီ ဇာတ်ကားသည်လည်း ရုပ်ရှင် သရုပ်ဆောင် လွင်မိုးကို အကယ်ဒမီ ရသည် အထိ အောင်မြင်စေခဲ့သည်။ ၂၀၀၅ခုနှစ် အချိန်တွင် လွမ်းအောင်ရယ်တတ်သူ ဇာတ်ကား ထွက်ရှိခဲ့ပြီး ၂၀၀၇ခုနှစ်တွင်မူ ရင်နင့်အောင်မွှေး ဇာတ်ကားထွက်ရှိခဲ့သည်။ ရင်နင့်အောင်မွှေး ဇာတ်ကားသည် ဒါရိုက်တာမောင်ဝဏ္ဏ၏ နောက်ဆုံး ရုပ်ရှင်လက်ရာတစ်ခုလည်း ဖြစ်သည်။
စာပေလက်ရာများ
[ပြင်ဆင်ရန်]၁၉၇၂ ခုနှစ် နိုဝင်ဘာလထုတ် ရှုမဝမဂ္ဂဇင်း၌ ဖော်ပြခဲ့သော စိမ်းမိ၊ ငြိမ်း၊ ကျွန်တော် ဝတ္ထုတိုဖြင့် စာပေလောကအတွင်းသို့ ရောက်ရှိလာခဲ့သည်။ ၁၉၇၆ ခုနှစ်အချိန်တွင် သူ၏ အကျော်ကြားဆုံးဝတ္ထုတစ်ပုဒ် ဖြစ်လာမည့် ပန်းတွေနဲ့ဝေ ဝတ္ထုကို ထုတ်ဝေခဲ့ပြီး ၁၉၇၇ ခုနှစ်၌ ရုပ်ရှင်ဖြစ်လာသည်။ ၁၉၇၇ ခုနှစ်တွင် ချစ်တဲ့သူငယ်လေ စာအုပ်ထွက်ရှိသည်။ ၁၉၇၉ ခုနှစ်အချိန်တွင် အိပ်မက်စိမ်း လုံးချင်းဝတ္ထု၊ ၁၉၈ဝပြည့် နှစ်တွင် တက္ကသိုလ်လွမ်းချင်း ဝတ္ထုများ ထွက်ရှိခဲ့သည်။ ထိုနှစ်တွင်ပင် ငြိမ်းကျော်နှင့် တွဲဖက်ပြီး ကျေနပ်ဖို့အကြောင်း တောင်းပန်ချင်သည် ဝတ္ထု ရေးသားထုတ်ဝေသည်။ မောင်စိန်သောင်းနှင့် မနှင်းရည် ဇာတ်ကောင်များဖြင့် ဇာတ်လမ်းများကိုလည်း မဂ္ဂဇင်းများ၌ စတင်ရေးသားသည်။
၁၉၈၁ ခုနှစ်အချိန်တွင် မောင် ဝတ္ထုရှည်၊ အရွယ်လွန် ဝတ္ထုရှည်များ ထွက်ရှိခဲ့ပြီး ၁၉၈၄ ခုနှစ်တွင် လှပါတယ်မသီတာ၊ ရည်းစားစကား၊ ချစ်ခင်စ မှော်ရုံမှာလေ အစရှိသော ဝတ္ထုရှည်များ ထွက်ရှိခဲ့သည်။ ၂၀၀၅ ခုနှစ်အချိန်တွင် အပျင်းပြေဖတ်ဖို့ ဖလော်ဆော်ဖီ စာအုပ်ကို ထုတ်ဝေသည်။ ပြည်တွင်းထုတ် ရွှေအမြုတေနှင့် ချင်းတွင်း မဂ္ဂဇင်းများတွင်လည်း ကင်ဆာဝေဒနာ မခံစားရခင် အချိန်အထိ စာပေများ ရေးသားခဲ့သည်။ ချင်းတွင်းမဂ္ဂဇင်း၌ အခန်းဆက်ရေးသားခဲ့သည့် သူလိုကိုယ်လို ကိုယ်ရေးအတ္ထုပ္ပတ္တိဆောင်းပါးများက စာအုပ် ပြန်လည်ထွက်ရှိသည်အထိ အောင်မြင်ခဲ့သည်။ လုံးချင်း ဝတ္ထုပေါင်း ၃၅ အုပ်ခန့် ရေးသား ခဲ့သည်။ ၂၀ဝ၆ ခုနှစ်တွင် ကျွန်တော်အူကြောင်ကြား စာအုပ်ဖြင့် ဆရာဝန်တင်ရွှေစာပေဆုကို ရရှိခဲ့သည်။[၁]
ရိုက်ကူးခဲ့သော ရုပ်ရှင်ဇာတ်ကားများ
[ပြင်ဆင်ရန်]- ကတ္တီပါဖိနပ်စီး ရွှေထီးဆောင်း (၁၉၇၁)
- ခြေဖဝါးတော်နုနု (၁၉၇၃)
- ဇာခန်းဆီးနောက်ကွယ်မှာ (၁၉၇၃)
- နှောင်းတမြေ့မြေ့ (၁၉၇၅)
- ပန်းနုရောင်မရင့်တရင့် (၁၉၇၆)
- ပန်းတွေနဲ့ဝေ (၁၉၇၇)
- အတ္တမဆန်လိုသော အတ္တ (၁၉၇၈)
- ကျွန်မကနွေ ကိုကဆောင်း (၁၉၇၈)
- ချစ်တဲ့သူငယ်လေ (၁၉၇၉)
- စုံနံ့သာမြိုင် (၁၉၈၀)
- ဝေလွင်လွင် (၁၉၈၁)
- အချစ်သစ်ပင် (၁၉၈၂)
- ပြိုမှာလေလားမိုးရဲ့ (၁၉၈၃)
- ချစ်ခြင်းငယ်ပြိုင်မယ် (၁၉၈၆)
- အသည်းအသက်နှင့်အတူ (၁၉၈၆)
- မောင်စိန်သောင်း မနှင်းရည် (၁၉၈၇)
- ခုနှစ်စဉ်အလွမ်း (၁၉၉၀)
- ခုနှစ်အိမ်တန်းက မဂျမ်းဘုံ (၁၉၉၄)
- ရယ်စရာ မောစရာ (၁၉၉၆)
- အတွေ့လေးရယ်မှ အိုအကြုံ (၁၉၉၆)
- ကျွန်တော်ကျွန်မတို့သည် (၁၉၉၈)
- မိန်းမနှင့် ငွေ (၁၉၉၈)
- ရင်ထဲက ဆောင်းရာသီ (၁၉၉၉)
- ဓာတ်ခဲ (၂၀၀၂)
- လွမ်းအောင်ရယ်တတ်သူ (၂၀၀၅)
- ရင်နင့်အောင်မွှေး (၂၀၀၇)
ရေးသားပြုစုခဲ့သော စာအုပ်များ
[ပြင်ဆင်ရန်]- ပန်းတွေနဲ့ဝေ (၁၉၇၆)
- ချစ်တဲ့သူငယ်လေ (၁၉၇၇)
- အိပ်မက်စိမ်း (၁၉၇၉)
- စေ့စပ်ကြောင်းလမ်း ထိမ်းမြားလက်ထပ် ကွာရှင်းပြတ်စဲပြီးစီးခြင်း (၁၉၇၉)
- တက္ကသိုလ်လွမ်းချင်း (၁၉၈ဝ)
- အရွယ်လွန် (၁၉၈၁)
- မောင် (၁၉၈၁)
- အစိမ်းရောင်မျက်နှာ (၁၉၈၂)
- မ လှတာ အပြစ်လားကွယ် (၁၉၈၂)
- မောင်ဘာမှ မတတ်နိုင်တော့ပါလားကွယ် (၁၉၈၂)
- တနေ့သ၌ (၁၉၈၃)
- ရယ်စရာကောင်းနေမလား မသိဘူး ဒီလိုလေ မင်းကို ကိုယ်ချစ်တယ် (၁၉၈၃)
- အသက်နှင့်အမျှ ချစ်၍ရပါသည် (၁၉၈၃)
- အတိတ်နှင်းတဝေဝေ (၁၉၈၃)
- တစ်သက်စာချစ်မှာလား (၁၉၈၃)
- ချစ်သောမနှင်းရည် (၁၉၈၄)
- ရင်တွေခုန်နေသည် (၁၉၈၄)
- တွေဝေနေသည် (၁၉၈၄)
- ချစ်နှင်းတဝေဝေ (၁၉၈၄)
- ချစ်တယ်လို့ ပြောရသေးဘူး (၁၉၈၄)
- လှပါတယ်မသီတာ (၁၉၈၄)
- ရည်းစားစကား (၁၉၈၄)
- ချစ်ခင်စ မှော်ရုံမှာလေ (၁၉၈၅)
- လိပ်ပြာလေ ပျံကာသွား ဟိုမှာ သည်မှာ နား (၁၉၈၆)
- ချစ်သလား (၁၉၈၆)
- ငယ်ချစ်ရယ် လိုက်ခဲ့တော့ (၁၉၈၆)
- လွမ်းတယ် (၁၉၈၆)
- သူလာမတွေ့မှာ စိုးလို့ (၁၉၈၆)
- ရွှေနံ့သာ (၁၉၈၇)
- စုစု ခင်မာ အစရှိသော (၁၉၈၇)
- သိပ်ပျော်စရာကောင်း (၁၉၈၇)
- မောင့်အပြင် မောင့်ညီကိုတွေ့ မေ့အလွမ်းပြေ (၁၉၈၈)
- ဒုက္ခကို မြိန်ရေရှက်ရေ ခံစားနေသော (၂၀၀၅)
- အပျင်းပြေဖတ်ဖို့ ဖလော်ဆော်ဖီ (၂၀၀၅)
- ကံကောင်းတယ်ဆိုတာ ဘာလဲ
- မည်သည့်လူမျှ မျောက်မဟုတ် (၂၀၀၈)
- ရင်ထဲမှာခွေနေတဲ့ မြွှေပွေး (၂၀၀၈)
- လို၍မရသော ဆင်းရဲ (၂၀၀၉)
- ဧ … ဧရာဝတီ ... မြစ်ကြီးဧရာဝတီ (၂၀၁၀)
- အဂ္ဂကောင်းကင်ဘုံတရားရုံးချုပ် နှင့် မဟူရာမာရ် (ခေါ်) ဆေတန် (၂၀၁၂)[၂]
မိသားစုဘဝ
[ပြင်ဆင်ရန်]မောင်ဝဏ္ဏသည် ၁၉၇၆ ခုနှစ်တွင် ဒေါ်ချိုချိုရီနှင့် အိမ်ထောင်ပြုပြီး သားသမီး သုံးဦး ထွန်းကားခဲ့သည်။
ဘဝနိဂုံး
[ပြင်ဆင်ရန်]စာရေးဆရာ ဒါရိုက်တာ အကယ်ဒမီ မောင်ဝဏ္ဏ (၆၄ နှစ်) သည် အဆုတ်ဝေဒနာကို တစ်နှစ်နီးပါး ခံစားခဲ့ရပြီး ၂၀၁၁ ခုနှစ် ဇန်နဝါရီ ၁၁ ရက်နေ့ မနက် ၄ နာရီ ၂ဝ မိနစ် ခန့်တွင် ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်တွင် ဇနီး ဒေါ်ချိုချိုရီ၊ သားသမီးများဖြစ်ကြသော စာရေးဆရာမ ဝါနု၊ သရုပ်ဆောင် ပြေဇင်၊ ဥက္ကာနှင့် မြေးမလေးတစ်ဦး ကျန်ရစ်ခဲ့သည်။
သာဓု သဘာဝအုပ်စုထဲတွင် ညီဖြစ်သူ သရုပ်ဆောင် ရူပ တစ်ယောက်သာ ကျန်ရှိတော့သည်။ [၃]
ကိုးကား
[ပြင်ဆင်ရန်]- ↑ စွယ်စုံကျမ်းနှစ်ချုပ်(၂၀၁၂)
- ↑ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီး ဌာန (ရုံးချုပ်) စာတည်း အဖွဲ့က စုဆောင်း ပြုစုသော ‘နှစ်ဆယ် ရာစု မြန်မာ စာရေး ဆရာ များနှင့် စာစု စာရင်း’ စာအုပ်(ပညာရွှေတောင် စာအုပ်တိုက်၊ ၂ဝဝ၃ ခုနှစ်၊ ဧပြီလ၊ ပထမ အကြိမ်)
- ↑ ဧရာဝတီ သတင်းဌာန