မောင်မောင်တင် (မဟာဝိဇ္ဇာ)
ဦးမောင်မောင်တင် (မဟာဝိဇ္ဇာ)သည် မြန်မာ့စာပေ၊ မြန်မာ့သမိုင်း၊ မြန်မာ့ရှေးဟောင်းသုတေသနလုပ်ငန်းနှင့် မြန်မာ့ယဉ်ကျေးမှု အနုပညာလုပ်ငန်းအရပ်ရပ်တွင် အများပြည်သူတို့၏ အလေးအမြတ်ပြုခြင်းကို ခံရ၍ နိုင်ငံတော်မှ အားကိုးအားထားရသော ပညာရှင်ပုဂ္ဂိုလ်ကြီး တစ်ဦးဖြစ်သည်။
ဇာတိချက်ကြွေ ပွဲကုန်းမြေ
[ပြင်ဆင်ရန်]ဦးမောင်မောင်တင်ကို ၁၂၇၉-ခုနှစ်၊ နတ်တော်လဆန်း(၉)ရက်၊ ကြာသပတေးနေ့ (၁၉၁၇-ခု၊ နိုဝင်ဘာလ(၂၂)ရက်နေ့) တွင် ကုန်သည်ကြီး ဦးစံဦး နှင့် အမိ ဒေါ်မ တို့မှ သီရိမာလာ ပွဲကုန်းရပ်၊ မန္တလေးမြို့တွင် မွေးဖွားသည်။ မွေးချင်းမောင်နှမ ကိုးယောက်ရှိသည့်အနက် အငယ်ဆုံးသား ဖြစ်သည်။ ငယ်အမည်မှာ သံချောင်း ဖြစ်ပြီး အမည်ရင်းမှာ မြသင်း ဟု ခေါ်သည်။ မိဘနှစ်ပါးသည် လက်ဖက်ခြောက်၊ ငါးခြောက်၊ ပုဇွန်ခြောက် ကုန်သည်ကြီးများဖြစ်ပြီး နန်းတွင်းနှင့် ဆက်သွယ်မှုရှိသူများ ဖြစ်ကြသည်။
ပညာသင်ကြားခြင်း
[ပြင်ဆင်ရန်]ဦးမောင်မောင်တင်သည် ပွဲကုန်းရပ်၊ ဂွေးချိုတိုက်ဆရာတော်ကြီး ဦးတိဿထံတွင် စတင်ပညာသင်ကြားသည်။ ဦးတိဿ၏ တပည့်ရင်းဖြစ်သည်။ ဆရာကြီးသည် ဂွေးချိုတိုက်တွင် ပရိတ်ကြီးအထိ စာပေသင်ကြားသည်။ ထို့နောက် နဘဲကြူးအရပ်၊ မမသူ နန်းတွင်းသူ အတန်းကျောင်း၌ တစ်နှစ်ဆက်လက် ပညာသင်ကြားသည်။
၁၉၂၆-ခုနှစ်တွင် မန္တလေးမြို့၊ အေဘီအမ် မိန်းကလေးကျောင်းတွင် ကျောင်းအိပ်ကျောင်းစားနေ၍ လေးတန်းအထိပညာသင်ကြားသည်။ အဆိုပါကျောင်းသို့ တက်ရောက်သောအခါ မောင်သိန်းဖေဟု အမည်ပြောင်းခဲ့သည်။
၁၉၃၀-ပြည့်နှစ်တွင် ကယ်လီအထက်တန်းကျောင်းသို့ ပြောင်းရွေ့ကာ ကျောင်းအိပ် ကျောင်းစား နေရင်း ပညာဆက်လက်သင်ကြားရာ ၁၉၃၆-ခုနှစ်တွင် ဆယ်တန်းအောင်မြင်သည်။ ဆယ်တန်းအောင်ပြီး မန္တလေးမြို့၊ ဥပစာကောလိပ်တွင် ဆက်လက်ပညာသင်ကြားသည်။ ၁၉၃၉-ခုနှစ်တွင် ဥပစာအပိုင်း(ခ)ကို အောင်မြင်သည်။ ထိုအချိန်မှစ၍ မြန်မာစာပေ မြန်မာ့သမိုင်းနှင့် မြန်မာ့အနုပညာရပ်များကို စိတ်ဝင်စား၍ ထိုပညာရပ်များနှင့် နီးစပ်ရင်းနှီးမှု ရှိစေရန် စတင်လေ့လာလိုက်စားသည်။ ထိုစဉ်မှစ၍ ဆရာကြီးသည် စာပေ၊ သမိုင်း၊ အနုပညာနှင့် ရှေးဟောင်းသုတေသနဆိုင်ရာ စာအုပ်များ၊ စာတမ်းများ၊ ပေစာ၊ ပုရပိုက်စာ အထောက်အထား အချက်အလက်များကို စတင်စုဆောင်းသည်။
လုပ်ငန်းခွင်သို့ဝင်ခြင်း
[ပြင်ဆင်ရန်]ဥပစာတန်းအောင်မြင်ပြီးသောအခါ ဆရာကြီးသည် မန္တလေးမြို့၊ တိုင်းမင်းကြီးရုံးတွင် စာရေးအဖြစ်ဝင်ရောက်အမှုထမ်းသည်။ ထို့နောက် စိုက်ပျိုးရေးဌာနသို့ ပြောင်းရွှေ့ကာ ကူးသန်းရောင်းဝယ်ရေး သတင်း အလုပ်သို့ ပြောင်းရွှေ့တာဝန်ထမ်းဆောင်သည်။ ၁၉၄၀-ပြည့်နှစ်တွင် စစ်ကြီးဖြစ်လာပြီး ၁၉၄၁-ခုနှစ် ဂျပန်ခေတ်တွင် မိဘများနှင့်အတူ စစ်ကိုင်းမြို့နယ်၊ ညောင်ပင်စင်ကျေးရွာသို့ စစ်ပြေးဘဝဖြင့် သွားရောက်နေထိုင်သည်။ ထို့နောက် မန္တလေးမြို့သို့ ပြန်လည်ရောက်ရှိလာခဲ့ပြီး ဂျပန်ခေတ်၌ လမ်းပန်းဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဌာနတွင် ရုံးအုပ်အဖြစ် ဝင်ရောက်လုပ်ကိုင်သည်။ ထိုအချိန်တွင် ဆရာကြီးသည် မန္တလေးဈေးချိုအတွင်း၌လည်း အထည်အလိပ် ရောင်းဝယ်သည့် လုပ်ငန်းကို နံနက်ပိုင်း၌ လုပ်ကိုင်သည်။ ဆရာကြီး၏ စစ်ဘေးစစ်ဒဏ်ကာလ ဆောင်ရွက်ချက်မှာ မန္တလေးတက္ကသိုလ်ရှိ အဖိုးတန် စာအုပ်စာတမ်းများနှင့် ရှေးဟောင်းကျမ်းများ၊ ကိုယ်ပိုင်စာအုပ်များနှင့် ရှေးဟောင်းပစ္စည်း အရပ်ရပ်ကို စစ်ကြီးအတွင်း မပျောက်မပျက်စေရန် အသက်ပေး၍ ကာကွယ်ထိန်းသိမ်းထားရှိသည်။ ဂျပန်ခေတ်ကာလ၌ ဆရာကြီးသည် ဂျပန်ဘာသာသင်ကျောင်း၌ ဂျပန်စာနှင့် ဂျပန်စကားကို သင်ကြားသည်။ ၁၉၄၅-ခုနှစ် အင်္ဂလိပ် ပြန်ဝင်လာသောအခါ မန္တလေး ဈေးချိုအတွင်း၌ ပိုးကုန်အထည်အလိပ် ရောင်းချသည့် လုပ်ငန်းကို ဆက်လက်လုပ်ကိုင်သည်။
ပညာဆက်လက် သင်ကြားခြင်း
[ပြင်ဆင်ရန်]ဆရာကြီးသည် စစ်ဘေးစစ်ဒဏ် အတွေ့အကြုံများကို မိဘများနှင့်အတူ ခံစားပြီး ၁၉၄၈-ခုနှစ်၊ လွတ်လပ်ရေး ရရှိသောအခါ မန္တလေးတက္ကသိုလ် ဝိဇ္ဇာတန်းကို တက်ရောက် ဆက်လက်ပညာသင်ကြားသည်။ ၁၉၅၀-ပြည့်နှစ်တွင် ဝိဇ္ဇာတန်း အောင်မြင်သည်။ ထိုနှစ်မှာပင် မန္တလေးတက္ကသိုလ် မြန်မာစာဌာနတွင် နည်းပြလုပ်သည်။ ၁၉၅၂-ခုနှစ်တွင် လက်ထောက်ကထိကအဖြစ် တိုးမြှင့်တာဝန်ထမ်းဆောင်သည်။ ၁၉၅၄-ခုနှစ်တွင် မန္တလေးတက္ကသိုလ် မြန်မာစာဌာန၌ ကထိကအဖြစ် တိုးမြှင့်တာဝန်ယူရသည်။ ထိုစဉ်က ကထိကနေရာကို မဟာဝိဇ္ဇာဘွဲ့ ရရှိသူများကိုသာ ခန့်ထားသော်လည်း ဆရာကြီး၏ ထက်မြက်မှုကို ယုံကြည်အားထားကာ တာဝန်ရှိသူများက ဆရာကြီးအား မဟာဝိဇ္ဇာဘွဲ့ မရရှိသေးဘဲ ကထိကအဖြစ် ခန့်အပ်တာဝန်ပေးခြင်း ဖြစ်သည်။ ဆရာကြီးသည် ၁၉၅၈-ခုနှစ်၌ မြန်မာ့ပြဇာတ်နှင့် ဇာတ်သဘင် သမိုင်းစာတမ်း(Myanmar Drama and Myanmar Theatrical Art) ကို တင်သွင်းကာ မဟာဝိဇ္ဇာ MA ဘွဲ့ကို ရယူသည်။ ဆရာကြီးတင်သွင်းသော မဟာဝိဇ္ဇာစာတမ်းသည် နောင်တွင် ပြဇာတ်နှင့် ဇာတ်သဘင်ရေးရာတို့နှင့် ပတ်သက်ပြီး ကိုးကားမှီငြမ်းရာ စာတမ်းတစ်စောင် ဖြစ်လာသည်။ ဆရာကြီးသည် စစ်ကြီးအပြီး မန္တလေးတက္ကသိုလ်၌နေစဉ် မန္တလေးတက္ကသိုလ် မြန်မာစာအသင်း ဥက္ကဋ္ဌတာဝန်ကိုယူ၍ မြန်မာစာတိုးတက်ပြန့်ပွားရေးကို ဆောင်ရွက်သည်။
၁၉၅၀-ပြည့်နှစ် မန္တလေးတက္ကသိုလ်ဆရာများအသင်း၏ ဘဏ္ဍာရေးမှူးအဖြစ်၎င်း၊ ၁၉၅၂-ခုနှစ်တွင် မန္တလေးတက္ကသိုလ် သုတေသနအဖွဲ့၊ စာစဉ်ထုတ်ဝေရေး ကော်မတီတွင် အမှုဆောင်အဖြစ်၎င်း တာဝန်ယူသည်။ ထိုစဉ်မှစ၍ ဆရာကြီးသည် မိမိဝါသနာပါသော ရှေးဟောင်းပစ္စည်း စုဆောင်းသည့် လုပ်ငန်းကိုလည်း လုပ်ကိုင်သည်။ မန္တလေးမြို့ မြန်မာစာဌာနတွင် အနုပညာပြတိုက်ကို ဖွင့်လှစ်၍ မိမိစုဆောင်းရရှိသော ပစ္စည်းများကို ယင်းအနုပညာပြတိုက်တွင် သိမ်းဆည်းထားရှိသည်။ ထိုစဉ်က ဆရာကြီး စုဆောင်းခဲ့သော ရှေးဟောင်းပစ္စည်းတို့မှာ အလွန်ရှားပါး၍ အဖိုးတန်လှသော
- မန္တလေးနန်းတော်နှင့် မန္တလေးမြေပုံ၊
- ရွှေတိုက်အတွင်းဝန်၏ ဘောင်းတော်နှင့် ကတ္တီပါဝတ်ရုံအနီ၊
- ရှေးမြန်မာမြို့ဟောင်းများမှ မြန်မာမှုပစ္စည်းများ၊
- ရှေးငွေဒင်္ဂါးအမျိုးမျိုးတို့ ဖြစ်သည်။
မြန်မာရှေးမြို့ဟောင်းများကို တိုးချဲ့ရှာဖွေခြင်း
[ပြင်ဆင်ရန်]၁၉၅၈-ခုနှစ် နောက်ပိုင်းတွင် မြန်မာ့ရှေးဟောင်းမြို့များနှင့် ပတ်သက်သော တိမ်မြုပ်နေသည့် အချက်အလက်များကို ရှာဖွေသည်။ မြန်မာရှေးဟောင်းမြို့များကိုလည်း ငယ်ရွယ်ထက်မြတ်သော လုံ့လဝိရိယဖြင့် အကြိမ်ပေါင်းများစွာ သွားရောက်လေ့လာသည်။ ဆရာကြီးသွားရောက် လေ့လာမှတ်တမ်းပြုခဲ့သော ရှေးမြို့ဟောင်းကြီးများမှာ စစ်ကိုင်းမြို့ဟောင်း၊ တကောင်းမြို့ဟောင်း၊ အင်းဝမြို့ဟောင်း၊ ပင်းယမြို့ဟောင်း၊ မက္ခရာမြို့ဟောင်း၊ မြင်စိုင်းမြို့ဟောင်း၊ ပင်လယ်မြို့ဟောင်း၊ ဗိန္နက(ပျော်ဘွယ်) မြို့ဟောင်း၊ ပုဂံမြို့ဟောင်း၊ လယ်ကိုင်းကျောင်းတော်ရာ၊ ဗိဿနိုးမြို့ဟောင်း၊ တောင်တွင်းကြီး၊ သီရိခေတ္တရာမှော်ဇာ၊ သဲကုန်းဝန်းကျင်ဒေသ။ ဝေါမြို့ဝန်းကျင်ဒေသ၊ ကျိုက္ကသာ(စစ်တောင်း) မြို့ဟောင်း၊ သုဝဏ္ဏဘူမိသထုံမြို့ဟောင်း များဖြစ်သည်။ ထိုမြို့များနှင့် ပတ်သက်၍ သမိုင်းဆိုင်ရာ၊ ရှေးဟောင်းသုတေသနဆိုင်ရာ၊ အနုပညာ ယဉ်ကျေးမှုဆိုင်ရာ အချက်အလက်များကို ရှာဖွေသုတေသနပြု၍ မှတ်တမ်းတင်သည်။
စာပေစာတမ်းများ ပြုစုခြင်း
[ပြင်ဆင်ရန်]ဆရာကြီးသည် အထက်ပါ လေ့လာမှုများ သုတေသနခရီးများကို သွားရှိကာ တွေ့ရှိသော အချက်အလက်များနှင့် ပတ်သက်၍ ဆောင်းပါးများ၊ စာတမ်းများ ရေးသားသည်။ ထိုစဉ်က ဆရာကြီးရေးသားခဲ့သော စာပေစာတမ်းများမှာ-
- ပျူပစ္စည်း အထောက်အထား သမိုင်းစာတမ်း၊
- မန္တလေးရပ်ကွက်များဆိုင်ရာ သမိုင်းစာတမ်း၊
- မြန်မာသာသနာဝင်စာတမ်း၊
- နတ်ကိုးကွယ်မှု စာတမ်း၊
- တိုင်းရင်းဆေးပညာစာတမ်း စသည်တို့ ဖြစ်သည်။
ဆရာကြီးသည် သမိုင်းရေးရာဆိုင်ရာ ဆောင်းပါးပေါင်း ၁၀၀၀ ကျော် ရေးသားခဲ့သည်။ ဆရာကြီးသည် မြန်မာမှုနှင့် သမိုင်းဆိုင်ရာ ပေစာပေထုပ် ၃၆၀-ကျော်တို့ကို စုဆောင်းထားရှိခဲ့ရာ ယင်းအထဲတွင်
- စူဠဂန္ဒီ သာသနာဝင်ကျမ်း
- မြန်မာမင်းများ အုပ်ချုပ်ပုံ စာတမ်းမှတ်စု (ဦးမောင်မောင်ဗြား) စသည်တို့ ပါဝင်သည်။ ဆရာကြီးသည် ပုရပိုက် ၂၀၀ကျော်၊ ရှေးဟောင်းရှားပါးဂျာနယ်နှင့် မဂ္ဂဇင်း ၃၀၀ ကျော်၊ အဖိုးတန် အင်္ဂလိပ်မြန်မာစာအုပ် ၅၀၀ကျော် တို့ကို စုဆောင်းထားရှိကာ မိမိ၏ ပွဲကုန်းနေအိမ်တွင် ဦးမောင်မောင်တင်(မဟာဝိဇ္ဇာ) ပြတိုက်နှင့် စာကြည့်တိုက် ဖွင့်လှစ်ရန် ရည်ရွယ်ဆောင်ရွက်ခဲ့သေးသည်။
သမိုင်းရေးရာတာဝန်များ တိုးတက်ဆောင်ရွက်ခြင်း
[ပြင်ဆင်ရန်]၁၉၅၈-ခုနှစ်မှ ၁၉၆၅-ခုနှစ်များအတွင်း သမိုင်းရေးရာ၊ စာပေရေးရာ၊ ရှေးဟောင်းသုတေသနဆိုင်ရာ လုပ်ငန်းများကို မနားမနေ ဆောင်ရွက်သည်။ ခရီးအကြိမ် ရာနှင့်ချီ၍ သွားရောက်ခဲ့သည်။ ပြဒါးလင်းဂူသို့ နှစ်ကြိမ်တိုင် သွားရောက်လေ့လာမှု ပြုသည်။ အင်းဝ၊ ပုဂံနှင့် ပင်းယမြို့များသို့ အကြိမ်ကြိမ် သွားရောက်ကာ ထိုမြို့ဟောင်းများအနက် ဆရာကြီးသည် အင်းဝမြို့ဟောင်းအား ပိုမိုမြတိနိုးတွယ်တာဟန်ရှိသည်။ ၁၉၆၅-ခုနှစ်တွင် မန္တလေးတက္ကသိုလ်မှ အငြိမ်းစားယူကာ မြန်မာနိုင်ငံသမိုင်းကော်မရှင်တွင် မန္တလေးမြို့မှနေ၍ တာဝန်ခံ အမှုထမ်းသည်။ ထိုစဉ်ကာလများ၌ စွယ်စုံဆင်ပြောင်ကြီးအလား စာပေဆိုင်ရာ၊ သမိုင်းဆိုင်ရာ လေ့လာမှု၊ အဖိုးတန်သမိုင်းဆိုင်ရာ စာတမ်းနှင့် အချက်အလက်များကို စုဆောင်း၍ သမိုင်းကော်မရှင်သို့ ပေးအပ်ခဲ့၏။ ၁၉၈၅-ခုနှစ်တွင် မြန်မာနိုင်ငံ သမိုင်းကော်မရှင်၌ အဖွဲ့ဝင်အဖြစ်၎င်း၊ မြန်မာစာအဖွဲ့တွင် အဖွဲ့ဝင်အဖြစ်၎င်း နိုင်ငံတော်မှ တိုးမြှင့်တာဝန် ပေးအပ်သဖြင့် ယင်းတာဝန်ကို လက်ခံပြီး မိမိချစ်မြတ်နိုး၍ သံယောဇဉ် ကြီးမားသော မွေးရပ်မြေ မန္တလေးနေပြည်တော်အား စွန့်ခွာကာ ရန်ကုန်မြို့တော်သို့ ပြောင်းရွှေ့နေထိုင်သည်။ မန္တလေးမြို့ပေါ် သံယောဇဉ်ကြီးမားလှသော ဆရာကြီးသည် ရန်ကုန်မြို့တော်ကြီးတွင် နေထိုင်ရပါသော်လည်း မန္တလေးနှင့် နေ့စဉ်နှင့်အမျှ အဆက်အသွယ်မပြတ်ရှာဘဲ မိမိ၏ မွေးနေ့ကိုလည်း ကုသိုလ်တော်ဘုရားကြီးအတွင်း၌ နှစ်စဉ်ကြွရောက် ကျင်းပခဲ့သည်။
နန်းတော်ကြီးများ ထိန်းသိမ်းဖော်ထုတ်ရာတွင် ပါဝင်ခြင်း
[ပြင်ဆင်ရန်]ဆရာကြီးသည် ရှေးမြို့ဟောင်းများကို လေ့လာသုတေသနပြုလုပ်ခဲ့သူ ပုဂ္ဂိုလ်၊ သမိုင်းရေးရာပညာရှင်ကြီး တစ်ဦးဖြစ်သည်နှင့် လျော်ညီစွာ ရှေးနန်းတော်ကြီးများကို ရှေးဟန်မပျက် ဖော်ထုတ်ထိန်းသိမ်းရေး လုပ်ငန်းအရပ်ရပ်တွင် အမှားအယွင်းမဖြစ်ရန်နှင့် အမှန်အကန်ဖြစ်စေရန် အတွက် ထိန်းကြောင်းလမ်းညွှန်မှုများ ပြုလုပ်သည်။
ဆရာကြီးသည်
- မန္တလေးမြနန်းစံကျော် မြေနန်းပြာဿဒ်တော်ကြီး တည်ဆောက်ခြင်း၊
- ပဲခူးဟံသာဝတီ ကမ္ဘောဇသာဓီ ဘုရင့်နောင်မင်းတရားကြီး၏ နန်းတော်ကြီးနှင့် အဆောင်အခန်းအရပ်ရပ်တည်ဆောက်ခြင်း၊
- ကုန်းဘောင်ရွှေဘိုမှ နန်းမြေဘုံသာ မင်္ဂလာနန်းတော်ကြီး တည်ဆောက်ခြင်း စသောလုပ်ငန်းရပ်များတွင် သမိုင်းစာပေမှတ်တမ်း အထောက်အထားများစွာဖြင့် ပါဝင်ကူညီမှု ပြုသည်။
ဆရာကြီးသည် သမိုင်းဆိုင်ရာ၊ စာပေဆိုင်ရာ၊ အနုပညာယဉ်ကျေးမှုနှင့် ရှေးဟောင်းသုတေသနဆိုင်ရာ ပညာရပ်များတွင် သမိုင်းအထောက်အထား၊ စာပေအထောက်အထား ယဉ်ကျေးမှု အနုပညာ ရှေးဟောင်း သုတေသန အထောက်အထားတို့အတွက် လိုအပ်သော အကူအညီမှန်သမျှကို ပေးအပ်လျက် ရှိပြီး ဆရာကြီး၏ နေအိမ်သည် ပြည်တွင်းမှ စာပေဝါသနာရှင်၊ သမိုင်းပညာရှင်များ၊ အနုပညာယဉ်ကျေးမှု လိုက်စားသူများ သာမက အနောက်ဥရောပနိုင်ငံများနှင့် အရှေ့တိုင်း ဂျပန်၊ ကိုရီးယား၊ ထိုင်း အစရှိသော နိုင်ငံများမှ ပညာရှင်များလည်း နေ့စဉ်လာရောက်ကာ မိမိတို့ မသိသည်များကို မေးမြန်းခြင်း၊ မိမိတို့ ရရှိပြီး အချက်အလက်များကို အတည်ပြုခြင်းများ ရှိရာ ဆရာကြီးသည် ယင်းကိစ္စအရပ်ရပ်အတွက် စိတ်ရှည်သည်းခံကာ ကူညီသည်။ ထို့ကြောင့် ဆရာကြီးအား စာပေ၊ အနုပညာ၊ ယဉ်ကျေးမှု၊ သမိုင်းနှင့် ရှေးဟောင်းသုတေသနဆိုင်ရာ ဘဏ်တိုက်ကြီးအဖြစ်၎င်း၊ ပိဋကတ်တိုက်ကြီးအဖြစ်၎င်း၊ စွယ်စုံကျမ်းကြီးသဖွယ် ၎င်း မြန်မာကသာမက ကမ္ဘာကပါ လေးစားအသိအမှတ်ပြုရသော ဂုဏ်ယူဖွယ်ရာ ပုဂ္ဂိုလ်ကြီးတစ်ဦးဖြစ်သည်။
အကဲဖြတ်ခြင်း
[ပြင်ဆင်ရန်]ဆရာကြီးသည် မိမိ၏ များပြားလှစွာသော အတွေ့အကြုံများဖြင့် အကဲဖြတ်ခြင်း လုပ်ငန်းအရပ်ရပ်ကိုလည်း နိုင်ငံနှင့် လူမျိုးအတွက် စေတနာရှေ့ထား ဆောင်ရွက်သည်။ ရှေးဟောင်းအမွေအနှစ် စာပေများ၊ ပုရပိုက်စာများ၊ ရှားပါးသော ပုံနှိပ်စာများကို သာမက ရှေးမင်းခမ်းမင်းနား အဆောင်အယောင်များ ရှာဖွေခြင်း၊ စုဆောင်းခြင်း၊ အကဲဖြတ်ခြင်းလုပ်ငန်းကိုလည်း လုပ်ဆောင်သည်။ ဆရာကြီးသည် ရှေးခေတ်အလွန်တရာမှ ရှားပါး၍ နိုင်ငံအတွက် အဖိုးမဖြတ်နိုင်သော သမိုင်းအထောက်အထားဆိုင်ရာ အရိုးအိုးများ၊ ပျူခေတ်သံဓားများ၊ ကြေးခေတ်ပုဆိန်နှင့် ကြေးပစ္စည်းများ၊ မြန်မာနိုင်ငံတွင်ရှေးအခါက ကျိုချက်သော ဖန်ထည်ပစ္စည်းများ၊ ရွှေထည်ပစ္စည်း။ မကာဋ်းရွှေလက်ကြပ်ကြီးများ၊ ရွှေပတီးစေ့အမျိုးမျိုး၊ ရွှေဒင်္ဂါးအမျိုး၊ ရွှေထည်အမျိုးမျိုးနှင့် ကြေးပစ္စည်း၊ သံပစ္စည်းများကို မြန်မာနိုင်ငံအနှံ့သွားရောက်၍ အမျိုးသားပြတိုက်အတွက် စုဆောင်းပေးကာ ယင်းပစ္စည်းများအပေါ် အကဲဖြတ်သော လုပ်ငန်းအရပ်ရပ်ကိုလည်း မမောနိုင်၊ မပန်းနိုင် ဝမ်းမြောက်ဝမ်းသာကြိုးပမ်း လုပ်ဆောင်သွားခဲ့သည်။
မြန်မာနိုင်ငံအတွင်း၌သာမက အကဲဖြတ်ခြင်း လုပ်ငန်းကို အင်္ဂလန်ရှိ ဗြိတိသျှပြတိုက်၊ အဲလဘတ်နှင့် ဝိတိုရိယပြတိုက်တို့တွင်ရှိသော မြန်မာမင်းခမ်းမင်းနား ပစ္စည်းများကို အင်္ဂလိပ်ပညာရှင် တစ်ဦးဖြစ်သူ ဒေါက်တာဆွဲလိုးစ်၏ မေတ္တာရပ်ခံချက်အရ လန်ဒန်သို့ သွားရောက်စစ်ဆေး မှတ်ချက်ပေးသည်။ စာပေပညာရှင် တစ်ဦးဖြစ်သူ ပက်ထရစ်ရှာဟားဗတ်စ်၏ မေတ္တာရပ်ခံချက်အရ လန်ဒန်စာကြည့်ပိဋကတ်တိုက်ရှိ စာအုပ်စာပေများကိုလည်း အကဲဖြတ် မှတ်ချက်ပေးသော လုပ်ငန်းများကို လုပ်ဆောင်သည်။
မြန်မာစာပေ၊ မြန်မာ့သမိုင်းယဉ်ကျေးမှု အနုပညာတို့နှင့် ပတ်သက်၍ လေ့လာလျက်ရှိကြသော ဂျပန်လူမျိုးများဖြစ်သည့် မစ္စတာအိုကူဒိုင်ရာ(မောင်သစ္စာ)၊ မစ္စစ်ဆိုင်တို၊ မစ္စတာရာဘူရှိဒို၊ မစ္စတာတကာမာဆု(မောင်မေတ္တာ)တို့၏ လေ့လာမှုများအား အမှားအယွင်းမရှိစေရန် လိုအပ်သော အကူအညီ အထောက်အပံ့တို့ကို ပေးအပ်သည်။ ဂျပန်နိုင်ငံ ကာဂိုရှိမာတက္ကသိုလ်မှ ပါမောက္ခ အိုဂီဝါရာ၊ အိုဆာကာ တက္ကသိုလ်မှ ပညာရှင် အိုနိုတိုရူးနှင့် အခြားဂျပန်ပညာရှင်များက ဆရာကြီး သိမ်းဆည်းစုဆောင်းထားသော ပုရပိုက် ၅၀၀ကို မိုက်ခရိုဖလင်ဖြင့် ရိုက်ကူးကာ ဂျပန်တက္ကသိုလ်များတွင် မှတ်တမ်းတင်သိမ်းဆည်းထားသည်။
ဘဝနိဂုံး
[ပြင်ဆင်ရန်]၂၀၀၁-ခုနှစ်၊ ဇွန်လ (၃၁)ရက်နေ့၊ နံနက် (၇:၃၀) အချိန်တွင် ရန်ကုန်မြို့၊ အနောက်ရန်ကင်း၊ ရန်ကင်းတိုက်ခန်းအမှတ်(၃၈၈) အခန်း(၂)နေအိမ်၌ ကွယ်လွန်သည်။ ကွယ်လွန်ချိန်တွင် ဆရာကြီးသည် အသက် (၈၄)နှစ် ရှိပြီဖြစ်သည်။
ကလောင် အမည်ကွဲများ [၁]
[ပြင်ဆင်ရန်]- မင်းအောင်
- ကထိက ဦးမောင်မောင်တင်
- ဦးမောင်မောင်တင် (မန်းတက္ကသိုလ်)
စာပေလက်ရာများ
[ပြင်ဆင်ရန်]ရေးသားခဲ့သော ပြဇာတ်များ
[ပြင်ဆင်ရန်]စဉ် | ပြဇာတ် အမည် | ဖော်ပြသည့် မဂ္ဂဇင်း | လ/နှစ် |
---|---|---|---|
၁ | ကိုမိုဂျို၏ ချုယုအန် ပြဇာတ် | ရှုမဝ | စက် ၁၉၆၄ |
၂ | စလေဦးပုည၏ ကောသလ ပြဇာတ် | မြဝတီ | ဩ ၁၉၆၂ |
၃ | ဆိုယု၏ မုန်တိုင်း ပြဇာတ် | ရှုမဝ | ဇန် ၁၉၆၆ |
၄ | ပဒုမ ပြဇာတ်နှင့် ကနောင်မင်းသား၏ စိတ်နေစိတ်ထား | ရှုမဝ | စက် ၁၉၅၉ |
၅ | ရာမ ပြဇာတ်တော်ကြီး | ပြည်ထောင်စုယဉ်ကျေးမှု စာစောင် | မတ် ၁၉၅၇ |
၆ | ရုဇနဝတ်မှုံမင်းသမီး ပြဇာတ် | မန္တလေးတက္ကသိုလ် ကျောင်းနှစ်ပတ်လည် စာစောင် | ၁၉၆၀ |
၇ | လူဝံမောင်နှမ ပြဇာတ် | စာအမြုတေ | ဇွန် ၁၉၆၂ |
၈ | ဝိဇယ ပြဇာတ် | ငွေတာရီ | ဩ ၁၉၆၇ |
၉ | အသစ်တွေ့ ဦးကြင်ဥ၏ ပြဇာတ်များ | ငွေတာရီ | ဇူ ၁၉၇၀ |
၁၀ | အီနောင် နန်းတွင်းဇာတ်တော်ကြီး | ငွေတာရီ | နို ၁၉၆၇ |
၁၁ | ဦးကြင်ဥ၏ တေဇသူရိန် ပြဇာတ် | ပေဖူးလွှာ | ဖေ ၁၉၅၈ |
၁၂ | ဦးပုည၏ ဝေသန္တရာ ပြဇာတ် | မန္တလေးတက္ကသိုလ် ကျောင်းနှစ်ပတ်လည် စာစောင် | ၁၉၅၂ |
ရေးသားခဲ့သော မဂ္ဂဇင်းဝတ္ထု၊ ဆောင်းပါးများ
[ပြင်ဆင်ရန်]စဉ် | ခေါင်းစီး | ဖော်ပြသည့် မဂ္ဂဇင်း | လ/ခုနှစ် |
---|---|---|---|
၁ | မင်းဧကရာဇ်နှင့် စစ်ကဲ | ဂန္တလောက | ဇွန် ၁၉၃၇ |
၂ | မျက်နှာ | ဂန္တလောက | ဧ ၁၉၃၉ |
၃ | ရန်ပွဲ | ဂန္တလောက | မတ် ၁၉၃၈ |
၄ | လူနှင့် ခွေး | ဂန္တလောက | အောက် ၁၉၃၉ |
၅ | ကာလီဒါသ ဝတ္ထု | ငွေတာရီ | နို ၁၉၆၀ |
၆ | ကြမ္မာဒိုက် မင်းကြီး ဝတ္ထု | ငွေတာရီ | စက် ၁၉၆၀ |
၇ | ပါရာယန ဝတ္ထု | ငွေတာရီ | ဒီ ၁၉၆၀ |
၈ | ဘောက်ဇရောက်ကေတု ဝတ္ထု | ငွေတာရီ | ဩ ၁၉၆၀ |
၉ | ဟာတင်တာယီ ဝတ္ထုကြီး | ငွေတာရီ | ဇူ ၁၉၆၀ |
၁၀ | အားလုံး ကောင်းပါသည် | ကြေးမုံ | ဖေ ၁၉၅၉ |
ရေးသားခဲ့သော စာအုပ်များ
[ပြင်ဆင်ရန်]စဉ် | ခေါင်းစီး | ပုံနှိပ်တိုက် | ခုနှစ် | မှတ်ချက် |
---|---|---|---|---|
၁ | ကဗျာယဉ် စာယဉ် | တက်နေလင်း | ၁၉၆၄ | |
၂ | ဓလေ့ဘာသာ တေးကဗျာများ | စာပေဗိမာန် | ၁၉၆၅ | |
၃ | နှစ်ကိုယ်တကိုယ် | ပြည်သူ့မိတ်ဆွေ | ၁၉၃၉ | |
၄ | ပြဇာတ်နှင့် ပြဇာတ်စာပေ | စာပေဗိမာန် | ၁၉၇၁ | |
၅ | ပြည်သူ့တေးသံ (ပ) | ကမ္ဘာခေတ် | ၁၉၆၅ | |
၆ | ပြည်သူ့တေးသံ (ဒု) | မိုးစာပေ | ၁၉၆၆ | |
၇ | မြန်မာစာတက္ကသိုလ် | အလင်းရောင် | ၁၉၅၆ | |
၈ | မြန်မာပြဇာတ်စာတမ်းမှ မြန်မာစာပေစစ်တမ်း | ကမ္ဘာခေတ် | ၁၉၆၅ | |
၉ | မြန်မာမင်းလက်ထက်တော် စာတမ်းများ | ပုဂံ | ၁၉၆၇ | (ဒု)အကြိမ်၊ စပယ်ဦးစာပေ၊ ၁၉၈၂၊ (တ)အကြိမ်၊ ရာပြည့်စာပေ၊ ၂၀၁၈ |
၁၀ | လက်ရွေးစင်နှင့် ကဗျာသဘော | ကမ္ဘာခေတ် | ၁၉၆၆ | |
၁၁ | သျှင်မဟာရဋ္ဌသာရ၏ စာစုသမိုင်းစာတမ်း | ရဲရင့် | ၁၉၆၈ | |
၁၂ | အမှတ်တရပုဂ္ဂိုလ်များ
(တည်းဖြတ် − ဦးစိုးလှိုင်) |
ဝိဇယ | ၁၉၆၈ | |
၁၃ | မန္တလေး မဟာမုနိရုပ်ရှင်တော် ဘုရားကြီးသမိုင်း | ၁၉၉၇ | အမျိုးသားစာပေဆု၊ ပခုက္ကူဦးအုန်းဖေ တစ်သက်တာ စာပေဆု | |
၁၄ | မြန်မာပြဇာတ် စာပေသမိုင်း | စစ်သည်တော်စာပေ | ၂၀၀၂ | (ဒု)အကြိမ် ရာပြည့်စာပေ၊ ၂၀၁၉ |