မောင်စွမ်းရည် (စာရေးဆရာ)

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
မောင်စွမ်းရည်
မောင်စွမ်းရည်
မောင်စွမ်းရည်
အမည်ရင်း ဦးဝင်းဖေ
နိုင်ငံသား မြန်မာ
ဆရာစွမ်း

အမည်ရင်း - ဦးဝင်းဖေ၊

မိဘ - ဦးသိန်းဖေ (ရွာသူကြီး၊ မူလတန်း ကျောင်းအုပ်)၊ ဒေါ်တင်ကြည်၊

ကိုးကွယ်သည့် ဘာသာ - ဗုဒ္ဓ

ဇာတိ - မြင်းခြံမြို့နယ်၊ ကန်ဆင့်တောင်ရွာ၊

မွေးချင်း - ၇ ဦး အနက် အကြီးဆုံး၊

မွေးနှစ် - ၁၉၃၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၇ ရက်နေ့၊

ပညာရေး - ဝိဇ္ဇာ၊ ပညာရေး ဒီပလိုမာ၊ စာကြည့်တိုက်ပညာ ဒီပလိုမာ၊

အလုပ် - ကျောင်းဆရာ၊ သမိုင်း - ပြည်သူ့ နီတိ - မြန်မာစာ သင်ရိုး အဖွဲ့ဝင်၊ မြန်မာစာသင်ရိုး လက်ထောက်၊ အခြေခံ ပညာ ဦးစီး ဌာန စာကြည့်တိုက်မှူး (ငြိမ်း)၊ ရန်ကုန် တက္ကသိုလ် စာကြည့်တိုက် ပညာ ဌာန ပြင်ပကထိကနှင့် စာစစ်၊ ပညာ တန်ဆောင် ပညာရေး မဂ္ဂဇင်း အတိုင်ပင်ခံ အယ်ဒီတာ အဖွဲ့ဝင်၊


မြင်းခြံ အစိုးရ အထက်တန်းကျောင်း၊ မန္တလေး အထက (၁)၊ မန္တလေး တက္ကသိုလ်၊ ရန်ကုန် ပညာရေး တက္ကသိုလ် များတွင် ပညာ သင်ကြားခဲ့ပြီး၊ ဝိဇ္ဇာဘွဲ့၊ ပညာရေး ဒီပလိုမာ၊ စာကြည့်တိုက် ဒီပလိုမာ ဘွဲ့များ ရရှိခဲ့သည်။ ဇနီး ဖြစ်သူမှာ ဒေါ်ခင်နွဲ့ကြည် ဖြစ်ပြီး၊ သားသမီး ၄ ဦး ထွန်းကားခဲ့သည်။


စာပေ အတွေ့အကြုံ[ပြင်ဆင်ရန်]

  • ၁၉၅၃ ခုနှစ် - မန္တလေး အထက (၁) ကျောင်းသား သမဂ္ဂ စာစောင်တွင် ကဗျာ စတင်ရေး၊
  • ၁၉၅၉ ခုနှစ် - မန္တလေး တက္ကသိုလ် နှစ်ပတ်လည် မဂ္ဂဇင်း ကော်မတီ အတွင်းရေးမှူး၊
  • ၁၉၅၇ - ၅၉ - ကျောင်းသား သမဂ္ဂ အမှုဆောင်၊
  • ၁၉၆၁ - ၆၂ - မန္တလေး တက္ကသိုလ် ကလောင်ရှင် အသင်း အတွင်းရေးမှူး။
  • ၁၉၆၂ - ၂ဝဝ၂ (မြန်မာပြည်တွင်း)

အထက် မြန်မာ နိုင်ငံ စာရေး ဆရာ အသင်း အလုပ်အမှုဆောင် (တွဲဖက် အတွင်းရေးမှူး)၊ လူထု သတင်းစာ၊ ရှုမဝ၊ ငွေတာရီ၊ မိုးဝေ၊ စာပေဂျာနယ်၊ သောင်းပြောင်း ထွေလာ၊ မြားနတ်မောင်၊ ရွှေဝတ်မှုန်၊ မန္တလေး ဂျာနယ်၊ ဗြူတီ စသည့် စာနယ်ဇင်း များတွင် ကဗျာနှင့် စာပေ ဝေဖန်စာများ ရေးသား။ မြန်မာ့ ရိုးရာ လူထုတေး၊ ပေပုရပိုက် စုဆောင်း၊

  • ၂ဝဝ၂ နှင့် နောက်ပိုင်း (မြန်မာပြည် ပြင်ပ)
  • ၂ဝဝ၂ နိုဝင်ဘာ - နယ်သာလန် နိုင်ငံ အမ်စတာဒမ်မြို့ လေဒင် တက္ကသိုလ် အာရှ စာပေ နှီးနှော ဖလှယ်ပွဲတွင် တက်ရောက် စာတမ်း ဖတ်ကြား။
  • ၂ဝဝ၃ - (၁) အိုင်အိုဝါ တက္ကသိုလ် နိုင်ငံတကာ စာရေး ဆရာများ အစီအစဉ်သို့ ၃ လ တက်ရောက်၊
  • နီဘရာစတာမြို့ KHN အနုပညာ စခန်းဝင်၊
  • ဝါရှင်တန် တက္ကသိုလ် FBC နှစ်လည်ပွဲတွင် တက်ရောက် စာတမ်း ဖတ်ကြား၊
  • ၂ဝဝ၄ - ၂ဝဝ၅ မြောက်အီလီနွိုက် တက္ကသိုလ် Center for Burma Studies တွင် သုတေသီ အဖြစ် တာဝန် ထမ်းဆောင်၊
  • ၂ဝဝ၅ - ဂျပန်နိုင်ငံ မိုးသောက်ကြယ် စာကြည့်တိုက် နာယက၊
  • ၂ဝဝ၆ - (၁) DVB, RFA အသံလွှင့် ဌာနများ၏ အသံလွှင့် ဆောင်းပါးရှင် (ရွှေဒေါင်းတောင် ကဏ္ဍ)၊
  • VOA အသံလွှင့် ဌာန၏ သက်ကြီးစကား သက်ငယ်ကြား အစီအစဉ်၊


ယခု မိုးမခ Radio and Multimedia ၏ အကြံပေး၊ အခါအားလျော်စွာ ပြည်ပရောက် မြန်မာများ၏ စာအုပ် စာစောင် ထုတ်ဝေရေး လုပ်ငန်းများ အတွက် အတိုင်ပင်ခံ အယ်ဒီတာ။ ဂျပန် မေခ ရေဒီယို အဖွဲ့ အကြံပေး၊


ရေးသားခဲ့သော စာအုပ်များ[ပြင်ဆင်ရန်]

  1. စိတြကဗျာများ (ကြည်အောင်နှင့် တွဲဖက်ပြီး) (၁၉၆ဝ)
  2. အနီနှင့်အပြာကဗျာများ (အမျိုးသား စာပေဆုရ) (၁၉၆၄)
  3. ဟိုချီမင်အကျဉ်းထောင်က ပုလွေသံ (ဘာသာပြန် ကဗျာ) (၁၉၆၄)
  4. ပြည်သူရှုဒေါင့်စာအုပ် ဝေဖန်ချက်များ (၁၉၆၆)
  5. မန္တလေးမြို့ရဲ့ မနက်ခင်း ကဗျာများ (၁၉ရဝ)
  6. ဂယက်စာပေဆောင်ပါးများ (၁၉၇၃)
  7. မြန်မစာပေ ဘာလဲ ဘယ်လဲ (၁၉၇၆)
  8. အမေ့ခေါ်သံကဗျာများ (၁၉၈၇)
  9. အတွေးကြွယ်ကြွယ်၊ အရေးလွယ်လွယ် အက်ဆေးငယ်များ (ဒေါ်နွဲ့ကြည်နှင့်) (၁၉၉၂)
  10. စာပန်းချီ စာစီစာကုံးများ (၁၉၉၆)
  11. ဖိုးဝနဲ့ ဖိုးလှ ကလေးကဗျာများ (၁၉၉၉)
  12. နံ့သာသူခိုးနှင့် ဝတ္ထုတိုများ (၂ဝဝဝ)
  13. ကဗျာဆရာ့အဖေ ကဗျာဆရာ့အမေ (၂ဝဝ၂)
  14. သူတို့နှင့် ကျနော် (၂ဝဝ၂)
  15. ဘာလဲဟဲ့ မောင်စွမ်းရည် (၂ဝဝရ)
  16. မှိုင်းမှသည် မိုးထိအောင် ISBN 978-0-9788396-5-9 (၂ဝ၁၀)

"လုံခြုံ စိတ်ချစွာ အင်တာနက် သုံးစွဲနည်း လမ်းညွှန်"[ပြင်ဆင်ရန်]

  • အင်တာနက် သုံးစွဲသူများ အတွက် အသိပေးချက် ၈ ချက်၊
  • လက်တွေ့ အသုံးချ အစီအစဉ်၊
  • အင်တာနက် စိစစ် ဖြတ်တောက်မှုများ ကျော်လွှားနိုင်ရေး လူထု လက်စွဲ၊
  • သံဃာ သတ်တဲ့ စစ်အစိုးရ စီးပွားရေး သပိတ် ဝိုင်းမှောက်ကြ


"ဒီမိုကရေစီ အဓိပ္ပါယ်မှာ . . . . . . ပြည်သူ့အာဏာ ရှင်းရှင်းလေးပဲ။"

"အာဏာသုံးရပ် လူထုပိုင် . . . . . . စစ်တပ်နဲ့မဆိုင် မြဲမြဲမှတ်ကြ။"

မြတ်ထက် ရေးသားပြီး ကျောက်မဲ ကျော်ကြီး စီစဉ် တင်ဆက်တဲ့ အိန္ဒိယရောက် မြန်မာ့ ဒီမိုကရေစီ အင်အားစု တွေရဲ့ ၂ဝဝ၈ ခုနှစ်၊ မြန်မာ့ ရိုးရာ အတာ သင်္ကြန်

"ဘုန်းဘုန်းချမှ၊ လုံးလုံးရမယ်"

တိုက်ပွဲခေါ် သံချပ်များ။ [၁] [၂]


အညာသား စစ်စစ် ကဗျာ ဆရာကြီးတွေ ဖြစ်ကြတဲ့ အတွက် "ထနောင်း၊ တမာ၊ မန်ကျည်း၊ ရှား၊ နဘူးခြုံ၊ ခံပင်ခံပွင့်၊ သန်း၊ ဒဟတ်၊ လက်ပံတောနဲ့ ရိုးပြတ်တော၊ ပတ်ကြားတော၊ မိုးခေါင်တော" တွေ အကြောင်း အကြောင်း အားလျော်စွာ ကဗျာ ဖွဲ့ဆိုတတ်သည်။မောင်စွမ်းရည်၏ ကဗျာများသည် စူးစူးရင့်ရင့် ထိထိရှရှနဲ့ သိသိသာသာ ထက်မြ နေတတ်သည် ၊၊ မောင်စွမ်းရည်၏ ကဗျာများသည် လူထုရနံ့ သိသိသာသာ လွှမ်းခြုံ ပျံ့လှောင်း နေတတ်ပြီး အထူးသဖြင့် ထေ့သံ ငေါ့သံ လှောင်သံ သရော်သံ တွေနဲ့ ဖွဲ့သီရာ မှာတော့ ကဗျာကဝေ စလေ ဦးပုည ပြီးရင် ဒီဘက်ခေတ်တွင် မောင်စွမ်းရည်သည် အပီသဆုံး အပြောင်မြောက်ဆုံး ဟု အတော်များများက လက်ခံ အသိအမှတ် ပြထား ကြသည်။ မောင်စွမ်းရည်၏ အနီနှင့် အပြာသည် ထင်ရှားသော စာအုပ်တစ်အုပ် ဖြစ်သည်။ ကဗျာဆရာ တစ်ဦးသာမက ဝေဖန်ရေး ဆရာတစ်ဦးလည်း ဖြစ်သည်။


To Merge[ပြင်ဆင်ရန်]

လွန်ခဲ့တဲ့ နှစ်နှစ်ဆယ် ဝန်းကျင်လောက်က စာပေလောကမှာ အုတ်အော်သောင်းတင်း ဖြစ်ခဲ့တဲ့ အဖြစ်အပျက် တခု ရှိခဲ့ ဖူးပါတယ်၊၊ အဲဒါကတော့ "ဘီရိုကြီး" ဆိုတဲ့ ကိစ္စပါ၊၊ စာပေဝေဖန်ရေးဆရာ ဆရာ မောင်စွမ်းရည်ကို ဒီတခါတော့ အပိုင်ပဲဆိုတဲ့ အပေါက်မျိုးနဲ့ ဟိုက ဒီက ဝိုင်းပြီး ဆော်ကြ ကလော်ကြတဲ့ အဖြစ်ပါ၊၊ စာပေရပ်ကွက် သတင်းလိုလို ကဏ္ဍမျိုးတွေမှာ စာနယ်ဇင်းလောက ကြားသမျှ မြင်သမျှ ဆိုတဲ့ အခန်းကဏ္ဍမျိုးလိုလိုတွေမှာ သာမက၊ ဟိုမှာ ဒီမှာ နေရာအနှံ့ ကာတွန်းနဲ့ လှောင်တဲ့သူက ကာတွန်းနဲ့လှောင်၊ ဟာသရေးပြီး ခပ်နှက်နှက်ကလေး ကလိတဲ့သူကကလိနဲ့ မဂ္ဂဇင်းတချို့ရဲ့ စာမျက်နှာတွေ ပေါ်ကနေ တော်တော်ကြာအောင် သရော်တာ ခနဲ့တာ ဟားတိုက်တာကို ဆရာစွမ်းကြီး ကြုံခဲ့ရ ပါတယ်၊၊ "အမျိုးသမီး ကလောင်ရှင် တဦးရဲ့ ဝတ္တုကို နာမည်ကြီး ဝေဖန်ရေး ဆရာကြီး တဦးက ကောင်းတယ်လို့ ချီးကျူး ရေးသား၊ ဘာလို့လဲ ဆိုတော့ အဲဒီ အမျိုးသမီး စာရေး ဆရာမက ဘီရိုကြီး တလုံး လက်ဆောင် ပေးခဲ့လို့ ဆိုပဲ" ဆိုတဲ့ အကြောင်းအရာ ကိစ္စ ဖြစ်ပါတယ်၊၊


ကြားရသူတိုင်း စိတ်ဝင်စားဖွယ် ဖြစ်ခဲ့ရပြီး အမှန်တကယ်လဲ သို့လော သို့လော တွေးတောချင် စရာကြီး ဖြစ်ခဲ့ ရပါတယ်၊၊ အမျိုးသမီး စာရေး ဆရာမ ဆိုတာက မနုရည် (နုနုရည် - အင်းဝ) ကို ဆိုလိုတာ ဖြစ်ပြီး နာမည်ကြီး ဝေဖန်ရေး ဆရာ တဦး ဆိုတာ ကတော့ ကျနော်တို့ရဲ့ ဆရာ စွမ်းကြီးကို ရည်ရွယ် တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်၊၊ အဲဒီတုန်းက "ကျုပ်အိမ်မှာ ကြည့်စမ်းပါဗျာ၊ ဘီရိုကြီး မပြောနဲ့၊ ဘီရိုနဲ့ တူတာဆိုလို့ ကြောင်အိမ်တောင် ကောင်းကောင်း မရှိ ပါဘူးဗျာ" လို့ မခံချိ မခံသာ အပြုံးနဲ့ ဆရာစွမ်းရဲ့ ပြောဆို သံကိုလည်း ကျနော် ကောင်းကောင်း ကြားသိ ခဲ့ရပါတယ်၊၊ အဲဒီ "ဘီရိုကြီး ကိစ္စ" ရဲ့ အဓိက လက်သည် တရားခံ ကလဲ တခြားသူ တပါးသူ မှတ်လို့၊ ကိုအောင်ကျော်တိုး ကိုယ်တိုင် ဖြစ်နေတယ်၊၊ နုနုရည် - အင်းဝရဲ့ ယောက်ကျား ကိုအောင်ကျော်တိုး ကိုယ်တိုင် တာဝန် ရှိသူ ဖြစ်နေတာ သိရ ပါတော့တယ်၊၊ တရက်မှာ ရန်ကုန် တက္ကသိုလ် ထဲက ချောင်ကျကျ သက်သာ လက်ဖက်ရည်ဆိုင်လေး တခု ထဲမှာ ကိုအောင်ကျော်တိုးက ကျနော့်ကို လက်ဖက်ရည် တိုက်ရင်းက "အခု ကျုပ်မှာ ဆရာ စွမ်းကြီးကို မတွေ့အောင် ရှောင်နေရ တာဗျ။ တွေ့များ တွေ့လို့ ကတော့ - ဒီကောင့်ကို လက်သီးနဲ့ကို ဆွဲထိုးမှာလို ့ ကြိမ်းထား တယ်ဗျ။ အဲဒါ ပက်ပင်း တိုးနေရင် အထိုး ခံရ နိုင်တယ်ဗျ" လို ့ပြောရင်း သူ့ရဲ့ ထုံးစံ အတိုင်း ပြုံးဖြဲဖြဲ မျက်နှာကြီးနဲ့ ဇာတ်စုံ ခင်းပြမှ ကျနော့်မှာ အကြောင်းစုံ သိရ ပါတော့တယ်၊၊ အဖြစ် ကတော့ ကိုအောင်ကျော်တိုးရဲ့ နောက်စပ်စပ် ပြောတတ် ဆိုတတ်တဲ့ ဝါသနာကြောင့် "ဘီရိုကြီး ပြဿနာ" ပေါ်ခဲ့ရတာ ဖြစ်ပါတယ်၊၊ နုနုရည်ရဲ့ ဝတ္တုကို ကျနော် တို့ရဲ့ ဆရာ စွမ်းကြီးက သူကိုင်စွဲ ထားတဲ့ ဝေဖန်ရေး ပေတံကြီးနဲ့ တိုင်းပြီး ကောင်းတယ်လို့ ချီးကျူး ထောပနာ ပြုပြီးတဲ့နောက် မကြာခင် မှာပဲ စာပေလောက နေရာ တခုမှာ ကိုအောင်ကျော်တိုးနဲ့ တွေ့တဲ့ စာပေသမား တဦးက "တော်တော်တန်တန်များ ကောင်းတယ်လို့ကို သိပ်မပြောတတ်တဲ့ ဒီဆရာကြီးက ခင်ဗျား မိန်းမရဲ့ စာအုပ် ကိုတော့ တယ်ချီးကျူး ထားပါလားဗျ" လို့ စကား စပြီး ပြောသတဲ့၊၊ အဲဒီတော့ ခပ်တည်တည်နဲ့ မထေ့တထေ့ ပြောရာမှာ၊ ဗလရွှတ်ရွှတ်တ နောက်တီးနောက်တောက် ပြောရာ ဆိုရာမှာ အင်မတန် ပါရမီ ပါလှတဲ့ ကိုအောင်ကျော်တိုးက အနီးအနားမှာ ဘယ်လို လူတွေ ရှိနေတယ် ဆိုတာ မျိုးတောင် ဂရု မစိုက်ဘဲ သူ့ရဲ့ ထုံးစံအတိုင်း ပြုံးဖြဲဖြဲနဲ့ "ဟာ - ကောင်းတယ်လို့ ပြောမှာပေါ့ဗျ၊ ကျနော်တို့ လင်မယားက ဘီရိုကြီး တလုံးလုံး သွားပီး လက်ဆောင် ပေးထားတာ ကိုးဗျ" လို့ ခပ်တည်တည်ပဲ ပြန်လည် ဖြေဆိုသမှု ပြုခဲ့သတဲ့၊၊ အဲဒီ အကြောင်းကို ကြားလိုက် ကြရသူတွေ ထဲက ရွှေဉာဏ်တော် စူးရောက် ကြသူတွေ၊ ဆရာ စွမ်းကြီး အပေါ် မေတ္တာ တုံးကြီးကြီး ဟီးတိုက်ပြီး ပို့သချင် သူတွေက ဒီကိစ္စ ကတော့ အပိုင်ပဲ၊ လင်ယောက်ကျား လုပ်သူ ကိုယ်တိုင်က တော်တော်များများ အကြား ပြောဆို ဖွင့်ဟ သွားခဲ့တဲ့ စကားပဲ ဆိုပြီး မဂ္ဂဇင်း စာမျက်နှာတွေ ပေါ်အထိ ရောက်လာ ခဲ့ရတော့တာ ဖြစ်ပါတယ်၊၊ ကာတွန်းသမားက ကာတွန်းနဲ့ လှောင်၊ ဟာသ စာရေးဆရာက ဟာသနဲ့ နောက်၊ "ဘီရိုကြီး လက်ဆောင်ရလို့ စာအုပ် ကောင်းတယ်လို့ ဝေဖန်ရေး ရေးပေးသူ ဝေဖန်ရေး ဆရာကြီး" အဖြစ် ပုံဖော် တိုက်ခိုက် လှောင်ပြောင် တာကို ဆရာ စွမ်းကြီး ခံခဲ့ရ ရှာပါတယ်၊၊ အဲဒီ ကာလက နုနုရည် ဆိုတာတောင် လူချင်း မမြင်ဖူး မသိဖူး သေးဘဲ ကိုယ် ယုံကြည် ယူဆတဲ့ အမြင် အတိုင်း ဝေဖန်ရေး ရေးခဲ့တာ ဖြစ်တဲ့ အတွက် ဆရာ စွမ်းကြီး ဘယ့်လောက် ရူးရူးရှားရှား ဖြစ်လိုက် ဒေါသ ထွက်လိုက်မလဲ ဆိုတာ စဉ်းစား ကြည့်နိုင် ပါတယ်၊၊ နောက်စစ ပြောတတ် လွန်းတဲ့ ကိုအောင်ကျော်တိုး ကိုယ်တိုင် နဲနဲတော့ ဖြုံသွား ခဲ့တယ်လို ့ထင်ပါတယ်၊၊ ကျနော် ကတော့ - ဆရာ စွမ်းကြီး ဒေါသ ထွက်တာ ကြားလည်း ကြားဖူး၊ မြင်လည်း မြင်ဖူး ပါတယ်၊၊

(၅)[ပြင်ဆင်ရန်]

ကျနော်တို့ရဲ့ ဆရာ စွမ်းကြီး ဟာ ၁၉၃၇ ခုနှစ်၊ ဖေဖော်ဝါရီ ၁၇ ရက်နေ့ဖွား ဆိုတော့ မနှစ်က ၂ဝဝရ ခုနှစ်၊ ဖေဖော်ဝါရီ ၁၇ မှာ အသက် ရဝ တိတိ ပြည့်မြောက် ခဲ့ပါတယ်၊၊ အဲဒီတုန်းက မှတ်မှတ်ရရ ရဝ ပြည့်အမီ ဆရာ စွမ်းကြီး အတွက် ရုပ်ပုံလွှာ ဖွဲ့ဦးမယ်လို့ ရင်ထဲမှာ ခံစားမှုတွေ စုစည်း ပွားစည် နေမိတုန်းပဲ ရှိသေး ဇန်နဝါရီ လထဲမှာ ဆရာ ဂျမ်းကြီး ရုတ်တရက် ကွယ်လွန် သွားတာ ကြားလိုက်ရပြီး ဆရာဂျမ်းရဲ့ ရုပ်ပုံလွှာ ကိုပဲ လွမ်းလွမ်းဆွတ်ဆွတ် ရေးဖွဲ့ လိုက်ရ ပါတော့တယ်၊၊ ဆရာစွမ်းရဲ့ အသက် ရဝ ပြည့် အတွက် မရေးဖွဲ့ ဖြစ်တော့ပါ၊၊ ဒီနှစ်တော့ ဘာပဲဖြစ်ဖြစ် ဆရာ စွမ်းကြီးရဲ့ ရုပ်ပုံလွှာကို ကျနော် မြင်သလို၊ နားလည်သလို၊ ခံစား မိခဲ့သလို အခုပဲ ကောက်ကြောင်း တို့ကြည့် လိုက်မိပါပြီ၊၊


ကျနော်တို့ ကြည့်မိလိုက်တဲ့ ကောက်ကြောင်းဟာ ဘယ်လိုမှတော့ ပြည့်စုံ လုံလောက်မှာ မဟုတ်ပေမယ့် ဆရာ စွမ်းကြီး ကိုယ်တိုင် ကျန်းကျန်းမာမာ သက်ရှိ ထင်ရှား ရှိနေတုန်း မှာပဲ အခုလို ရေးခြယ် ပြလိုက် နိုင်တာ အပေါ် မှာတော့ ကိုယ့်ဟာကိုယ် ဝမ်းသာပီတိ ဖြစ်လိုက် မိပါတယ်၊၊


ဆရာဟာ ပညာရေး သမား၊ ပညာရှင်၊ စာကြည့်တိုက် ပညာ အပေါ် မြတ်မြတ်နိုးနိုး တန်ဖိုး ထားလှသူ၊ ကောက်စိုက်တေး၊ လူထုတေးတွေ စုဆောင်းသူ၊ အသံလွှင့် ဆောင်းပါးရှင် စသဖြင့် စသဖြင့် လေးစား အပ်ဖွယ် ဂုဏ်ပုဒ်တွေ တသီတသန်းကြီး နဲ့ပေမယ့် ဆရာ့ကို ကျနော် မြင်တာ ကတော့ တကယ့် ကဗျာ ဆရာနဲ့ တကယ့် စာပေ ဝေဖန်ရေး ဆရာ ဆိုတာ ပါပဲ၊၊ ဆရာ့ရဲ့ ကဗျာ တွေဟာ ကိုယ်ပိုင် စတိုင် ကိုယ်ပိုင်ဟန်နဲ့ ထက်ထက်ရှရှ ရှိခဲ့သလို ဆရာ့ရဲ့ ဝေဖန် စာတွေ ဟာလည်း ပစ်ကွင်းရှိရှိ၊ ထိချက်မှန်မှန်၊ ရပ်ခံမှု ပီပီသသနဲ့ လူထုဘက်က ဆိုတာ ပြတ်ပြတ်သားသား ပေါ်လွင် နေခဲ့ ပါတယ်၊၊


ဆရာ စွမ်းရည် ဆိုတဲ့ ကလောင်ဟာ ဘယ်လို ကလောင်လဲ ဆိုတာ စာပေသမား မှန်ရင် သိပါတယ်၊၊


ဖောက်ပြန်သူတွေ အပေါ်၊ စစ်အာဏာရှင် ရူးတွေ အပေါ် တစိုက်မတ်မတ် ထိုးနှက် တိုက်ခိုက်ရာမှာ ကဗျာ တွေထဲမှာမှ ထိထိမိမိ စူးစူးရှရှ ရှိခဲ့တာ မဟုတ်၊ စာပေ ဝေဖန်ရေးတွေ၊ စာအုပ် ဝေဖန်ချက်တွေ ထဲမှာလည်း ပြင်းပြင်းထန်ထန် လေးလေးနက်နက် ထက်ထက်ရှရှ ရှိခဲ့ပါတယ်၊၊ ကဗျာထဲ မှာရော၊ ဝေဖန်ရေး ထဲမှာပါ သိသိသာသာ ထိုးထိုး ထွက်လာပြီး ပေါ်ပေါ်လွင်လွင် ထက်ထက်မြမြ တွေ့ရ မြင်ရ ကြားရ တတ်တာ ကတော့ (တခြား သူတွေနဲ့ မတူ တမူ ထူးခြား တယ်လို့ ပြောရ လောက်တဲ့) ထေ့သံ လှောင်သံ သရော်သံ ပါပဲ၊၊ ဒါဟာ ဆရာစွမ်းရဲ့ ကိုယ်ပိုင် ဟန်ပါ၊၊ စာပေ သမားတိုင်း လိုလို အလွယ်တကူ မြင်ရနိုင်တဲ့ ဆရာ စွမ်းကြီးရဲ့ ကိုယ်ပိုင်ဟန် ပါပဲ၊၊


ဒီထက် တဆင့် တက်ပြီး ကျနော် မြင်လိုက် မိတာ ကတော့ ဆရာ စွမ်းကြီးဟာ ထက်မြက်တဲ့ ကလောင်ရှင်သာ မဟုတ် ထက်မြတဲ့ ခေါ်သံရှင်လည်း ဖြစ်တယ် ဆိုတာပါပဲ၊၊ ကျနော် ဆိုလိုတဲ့ "ခေါ်သံ" ကတော့ လိုက်လာဖို့ ခေါ်လိုက်သံ မျှတင် မကပါဘူး၊ နှိုးလိုက်တဲ့ အသံ၊ စလိုက်တဲ့ အသံ၊ လူထုကြား ကျအောင် ချပေး လိုက်တဲ့ အသံ တွေပါ ပါပါတယ်၊၊ ကြည့်ပါ့ . . .


ဆရာ စွမ်းကြီးရဲ့ စာကဗျာတွေ ထဲမှာ ... တိုက်ပွဲ ခေါ်သံ၊ စိန်ခေါ်သံ တွေလည်း အများအပြား ရှိပါတယ်၊၊ "အမေ့ခေါ်သံ"၊ "အဘခေါ်သံ" တွေ သာမက၊ "မြန်မာစာပေ ဘာလဲ ဘယ်လဲ" လို့ မေးလိုက်တဲ့ အသံ ကနေ "ဘာလဲဟဲ့ ..." "ဘာလဲဟဲ့ ..." လို့ မေးလိုက် မြန်းလိုက် ကြိမ်းမောင်း လိုက်သံ၊ စိန်ခေါ် သံတွေ အထိ အင်မတန် ပြောင်ပြောင်မြောက်မြောက် ထူးထူးခြားခြား ရှိခဲ့ပါတယ်၊၊ လူတိုင်း လူတိုင်းရဲ့ နားထဲ မျက်စေ့ထဲ ကွက်ကနဲ ကွင်းကနဲ ဖြစ်သွားရအောင် မဟုတ်မဟပ် စာမျိုးတွေ အပေါ် "အပစ်အခတ် အညှစ်အသတ် အညစ်အပတ် စာပေတွေ" လို့ ခေါ်ဝေါ် ကင်ပွန်း တပ်ပေးခဲ့ တာလည်း ဆရာ စွမ်းကြီးပဲ မဟုတ်လား၊၊ ၁၉၇၆ လောက်က "မြန်မာ စာပေ ဘာလဲ ဘယ်လဲ" လို့ ခေါင်းစဉ် တပ်ပြီး စာပေ ဝေဖန်ရေး စာအုပ် ထုတ်ဝေ ခဲ့သလို၊ ၂ဝဝရ ခုနှစ်ထဲမှာ "ဘာလဲဟဲ့ - မောင်စွမ်းရည်" ဆိုတဲ့ ဆောင်းပါး ပေါင်းချုပ် ထုတ်ဝေ ခဲ့တဲ့ အထိ နှစ်ပေါင်း ၃ဝ ကျော်ကျော်လောက် အတွင်း မှာလည်း ဆရာ စွမ်းကြီးရဲ့ ခေါ်သံ မျိုးစုံဟာ စာပေနယ် တခုလုံးမှာ ပဲ့တင် ဝေနေခဲ့တာ အားလုံး ကြားကြ သိကြတဲ့ အတိုင်း ပါပဲ၊၊ ခေါ်သံတွေ ကတော့ တိုက်ပွဲခေါ်သံ၊ စိန်ခေါ်သံ၊ ခေါ်ဝေါ်သံ၊ ခေါ်လိုက်သံ ... အစုံ အစုံပါပဲ၊၊


ဒါကြောင့်မို့ ကျနော် ကတော့ ဆရာ စွမ်းကြီးကို ထက်မြက်တဲ့ ကလောင်ရှင် သာမက၊ ထက်မြတဲ့ ခေါ်သံရှင် လို့လည်း မြင်မိ နေပါတယ်၊၊ အနီနဲ့ အပြာ နောက်ခံ ကားချပ်ပေါ်မှာ ဆရာ စွမ်းကြီးရဲ့ ရုပ်ပုံဟာ တိုက်ပွဲဝင် စိတ်ဓာတ် အပြည့်နဲ့ တဖျတ်ဖျတ် လှုပ်ရှား နေဆဲ ဖြစ်တာ ငေးမော ကြည့်မိရင်း ပဲ့တင် သံတွေ ကိုလည်း ကြားနေ မိပါတယ်၊၊ ဆရာစွမ်းရဲ့ ခေါ်သံ အလီလီ ကိုလည်း ကြားနေ မိပါတယ်၊၊ ဆရာစွမ်းရေ ... အမှတ်တရ ဦးညွှတ် လိုက်ပါတယ်၊၊[၃]



ကိုးကား[ပြင်ဆင်ရန်]

  1. ၂ဝဝရ ခုနှစ် ဇူလိုင်လမှာ ပထမ အကြိမ် အဖြစ် ဖန်မီးအိမ် စာပေ ချစ်သူများ [ဆန်ဖရန်စစ္စကို] မှ ထုတ်ဝေ ဖြန့်ချိ ခဲ့တဲ့ ကဗျာဆရာ ဦးတင်မိုး [၁၉၃၃-၂ဝဝရ] ကွယ်လွန်ခြင်း ၆ လပြည့် အမှတ်တရ စာစုက "မောင်စွမ်းရည် အတ္ထုပ္ပတ္တိ"
  2. ဗိုလ်ချုပ်ကြီး ခင်ညွှန်ရဲ့ ထောက်လှမ်းရေး လက်ကျန်တွေက စုစည်း ထုတ်ဝေခဲ့တာလို့ ယုံကြည်ရတဲ့ "သိမှတ်ဖွယ်ရာ ကိုယ်ရေး အချက်အလက်များ" (ရေးသားသူ၊ ထုတ်ဝေသည့် စာအုပ်တိုက်နှင့် ခုနှစ်၊ လတို့ မပါရှိ။) စာအုပ်
  3. ၂ဝဝဂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှာ ကျရောက်မယ့် ဆရာ မောင်စွမ်းရည်ရဲ့ (၇၁) နှစ်မြောက် မွေးနေ့ကို မှတ်မှတ်ရရ ရည်စူး အထိမ်းအမှတ်ပြု ရေးဖွဲ့ လိုက်တာ ဖြစ်တဲ့ ဝင်းတင့်ထွန်းရဲ့ "ဆရာစွမ်း (သို့မဟုတ်) အနီနဲ့ အပြာ နောက်ခံကားချပ် ပေါ်က ထက်မြတဲ့ ခေါ်သံရှင်၊ (၂၆။ ၁။ ၂ဝဝဂ)