ကြည်အောင် (ကဗျာဆရာ)

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
Kyiaung.gif

မိုးမခ ကွန်ရက် စာမျက်နှာမှာ လွှင့်တင် ထားတဲ့ ကဗျာ ဆရာ ကြည်အောင် အကြောင်း ဖွဲ့နွဲ ထားတဲ့ ဖိုးသံ (လူထု) ရဲ့ “ကိုကြည်လင်နဲ့ ကျနော်” ရုပ်ပုံလွှာ အဖွဲ့အနွဲ့နဲ့ “လူထု အမှတ်တရ လူထု ဦးလှ” (လူထု ဦးလှ ကွယ်လွန်ခြင်း (၁၂) နှစ်ပြည့် အမှတ်တရ စာတွေ အဖြစ် လူထု ကြီးပွားရေး စာအုပ်တိုက်က ၁၉၉၄ ဩဂုတ်လမှာ ပထမ အကြိမ် ထုတ်) နဲ့ “သစ္စာရှာဖို့ ငါ မြင်းစီးမယ်” (ဆရာကြီး ရွှေဥဒေါင်း နှစ်တရာပြည့် (၁၈၈၉ - ၁၉၈၉) အမှတ်တရ စာတမ်းကို ဥတ္တရ လွင်ပြင် စာအုပ် တိုက်က ၁၉၉ဝ ဧပြီမှာ ပထမ အကြိမ် ထုတ်) စာအုပ် တွေက ကဗျာ ဆရာ ကြည်အောင်ရဲ့ အတ္ထုပ္ပတ္တိ အကျဉ်း တို့ကို ပြန်လည် ကူးယူ ဖော်ပြတာ ဖြစ်ပါတယ်။

အတ္ထုပ္ပတ္တိ အကျဉ်း[ပြင်ဆင်ရန်]

အင်းဝမြို့ဇာတိ၊ အဖ ဦးစိန်ညွန့်၊ အမိ ဒေါ်ထွေး တို့က ၁၉၃၇ ခုနှစ်၊ ဖေဖော်ဝါရီ ၂၇ ရက်နေ့တွင် မွေးဖွားသည်။ အမည်ရင်းမှာ ကြည်လင် ဖြစ်ပြီး၊ မော်ကွန်း ဘုန်းကြီးကျောင်း၊ တံတားဦး အ.ထ.က၊ မန္တလေးတက္ကသိုလ် တို့တွင် ပညာ သင်ကြားခဲ့သည်။ မောင်သာနိုး၊ မောင်စွမ်းရည်၊ တင်မိုး တို့နှင့်အတူ မန္တလေးတက္ကသိုလ် ကဗျာရွှေခေတ် (၁၉၅၆ - ၆၅) ကို ထူထောင်ခဲ့သူတဦး ဖြစ်သည်။ ၁၉၅၈ - ၅၉ တွင် မန္တလေးတက္ကသိုလ် နှစ်လည်မဂ္ဂဇင်း အင်္ဂလိပ်စာစာတည်း၊ မန္တလေးတက္ကသိုလ် ကလောင်ရှင်အသင်း အတွင်းရေးမှူး၊ ၁၉၆ဝ - ၆၁ တွင် မန္တလေးတက္ကသိုလ် နှစ်လည်မဂ္ဂဇင်း မြန်စာစာတည်း စသော တာဝန်များကို ယူခဲ့သည်။ မန္တလေး လူထု သတင်းစာ၊ ရှုမဝ၊ ငွေတာရီ စသောမဂ္ဂဇင်းများတွင် ကဗျာ၊ စာပေ ဝေဖန်ရေး ဆောင်းပါးများ ရေးသားရင်း “ကြည်အောင်” ကလောင်အမည်အား တည်ဆောက်ခဲ့သည်။

၁၉၅၉ ခု၊ ရှုမဝ မဂ္ဂဇင်းပါ “ဖြစ်အင်” ကဗျာဟာ ပထမဆုံး ပုံနှိပ် ဖော်ပြခဲ့တဲ့ စာမူ ဖြစ်တယ်။ ၁၉၆၃ မှာ “လမင်းတရာ” ကဗျာ စာအုပ်နဲ့ အမျိုးသား စာပေဆု ရခဲ့တယ်။ မောင်စွမ်းရည်နဲ့ တွဲပြီး စိတြ (၁၉၆ဝ)၊ ဒုဋ္ဌဝတီမှ ဧရာဝတီသို့ (၁၉၆၅)၊ မိခင် မာရသွန်၊ ဟေမန္တ ခြေမြန်တော် (၁၉၉၁)၊ နှင်းဆီ ခင်းပေါ်က လမင်း (၁၉၉၄) စတဲ့ ကဗျာ စာအုပ် တွေနဲ့ သစ္စာရှာဖို့ ငါ မြင်းစီးမယ် (၁၉၉ဝ) စကားပြေ စာအုပ်လည်း ထုတ်ဝေပြီး ဖြစ်တယ်။

ဖိုးသံ (လူထု) ရေးသော ကိုကြည်လင်အကြောင်း[ပြင်ဆင်ရန်]

ကိုကြည်လင်နဲ့ ကျနော်[ပြင်ဆင်ရန်]

ကြည်လင် ဆိုတာက သူ့အိမ် နာမည်၊ ကျောင်းနာမည်၊ ကျနော်တို့ ခေါ်တဲ့ နာမည်။ ကြည်အောင် ဆိုတာက သူ့ကလောင် နာမည်၊ စာပေဗိမာန် ကဗျာဆုရတဲ့ နာမည်။ သူ့နာမည်နဲ့ ပတ်သက်လို့ ပြောစမှတ် အဖြစ်အပျက် တခုကို ကြားဖူးသူများ ကြားဖူး ကြပါလိမ့်မယ်။

တက္ကသိုလ် ကျောင်းသား ဘဝ အချင်းချင်းတွေ တခါ ဆုံကြတုန်း လူငယ်တို့ ဘာသာဘာဝ ပျော်ကြ နောက်ကြရင်း ကဗျာ ဆရာ တင်မိုးက “တင်မိုး - ဗင်ဂိုး” လို့ကြွေးကြော် လိုက်ပါသတဲ့။ ဒီအခါမှာ ကိုကြည်လင် ကလည်း ချက်ချင်း ဆိုသလို အညံ့ မခံဘဲ “ကြည်လင် - လီနင်ကွ” လို့ ပြန်ကြွေးကြော် လိုက်လို့ မှတ်မှတ်ရရ ပြောစရာ အဖြစ်အပျက် ကလေး တခု အဖြစ် အပေါင်းအသင်းများ အကြားမှာ ကျန်ရစ် ပါတယ်။ အဲဒါ သူ့ နာမည်ရင်းပါ။

ကျနော် ရေးမှာက သူ့ကျောင်းသား ဘဝပါ၊ စိတြ ကဗျာများ၊ လမင်းတရာ ကဗျာများနဲ့ ဒုဋ္ဌဝတီမှ ဧရာဝတီသို့ ကဗျာများ တို့ကို ဖန်တီးတဲ့ ကာလက အကြောင်းအရာ တွေပါ။ ကျနော် သူ့ကို ရင်းနှီးတာက အဲဒီ ကာလ တွေသာ ဖြစ်ပါတယ်။

အဲဒီ ကာလတွေ လွန်ပြီးတဲ့ နောက်မှာတော့ အင်းဝ တံတားကြီး အောက်မှာ နှစ်ပေါင်း ၃ဝ စာ မြစ်ရေတွေ ဖြတ်စီး သွားပါပြီ။

သူ့ကို ကြည့်လိုက်ရင် အများဆုံး တွေ့ရတာက ပင်နီ ရှပ်အင်္ကျီ ရင်ဘတ်ဖွင့်နဲ့၊ လုံချည် အစိမ်းရောင်ကို ခြေသလုံး ပေါ်အောင် တိုတို ဝတ်ထားတဲ့ အရပ် ငါးပေ ခြောက်လက်မလောက် လူပါ။ သူ့အင်္ကျီ အိတ်ထဲမှာ အမြဲလိုလို နဂါး ဆေးပေါ့လိပ် သုံးလေးလိပ်ကို ထောင်ထည့် ထားတာ မြင်ရပါမယ်။ သူများက သူ့ဆီ ကနေ ဆေးလိပ် တလိပ် လိပ်လောက်လို့ တောင်းပြီး လှမ်းယူမယ် လုပ်လိုက်ရင်၊ “ကိုယ့်လူ - ဒါ ကိုယ်သောက်တာ၊ မောင်ရင် သောက်ချင်ရင် ဆိုင်မှာ ယူလိုက်၊ ကိုယ်ပိုက်ဆံ ပေးမယ်” ဆိုပြီး ပြန်ဆွဲ ယူပါတယ်။ အကြောင်းက သူက သူသောက်မယ့် နဂါး ဆေးလိပ် ဖင်ကို အမြဲ လက်ဖက်ရည် အချို ထဲမှာ နှစ်ပြီးမှ အိတ်ထဲမှာ ထည့်ထားတာ မို့ပါ။ သူဟာ ဆေးလိပ်နဲ့ လက်ဖက်ရည်ကို အင်မတန် ကြိုက်သူပါ။ ဆေးလိပ်မှ နဂါး ဆေးလိပ်ပါ။ စီးကရက် မသောက်ပါ။

အဲဒီတုန်းက လူတွေ သူ့ကို နားလည် ထားကြတာက လူရိုး၊ စိတ်ထဲ ရှိတာကို မချန်မလှပ် ဘွင်းဘွင်း ပြောတတ်သူ၊ ကဗျာနဲ့ စာပေကို အင်မတန် လိုက်စား သူရယ်လို့ ဖြစ်ပါတယ်။ သူ အဲဒီလို ပွင့်ပွင့်လင်းလင်း ပြောတတ် လို့လည်း သူနဲ့ ပတ်သက်ပြီး ကျနော်တို့ အကြား ပြောစမှတ် စကားတွေ အတော်လေး ကျန်နေတာ ကျနော် မှတ်မိ သလောက် ပြန်ပြော ပြချင် ပါတယ်။

ဥပမာ၊ သူက တူရကီ စာဆို ခါလစ်လ် ဂျီဘရန်း (Khalil Gibran) ရဲ့ မျက်ရည်များနှင့် ရယ်မောသံများ (Tears and Laughter) ဆိုတဲ့ စာအုပ်ကို “ဒါ ကျနော့် ကဗျာ ဂေါက်ကြီးပဲ၊ ကဗျာဈာန် မရရင် ဒီစာအုပ်ကို ဖတ်ပြီး ဒီဂေါက်ကြီးနဲ့ နှိုးရတာလေ …” လို့ ပြောတတ် ပါတယ်။ နောက် သူ့စကားတွေ ထဲက တင်ကျန် ရစ်တာတွေက “ကုလား ရုပ်ရှင်ကား ကြည့်ရင် မေတ္တာဓာတ် သန့်စင်တယ် …”၊ “ငရုတ်သီး စားရင် ကိလေသာ ငြိမ်းတယ်” ဆိုတာတွေပါ။ တခြားလည်း မနည်းပါဘူး။ ကာလ ကြာတော့ ကျနော်လည်း မေ့ကုန် ပါပြီ။

သူညွှန်းတဲ့ ဂေါက်ကြီးကို ကျနော် သူ့ဆီက ငှားဖတ် ကြည့်တော့ ကြိုက်လိုက်တဲ့ ဖြစ်ခြင်း။ တဂိုး ကဗျာများနဲ့ ပထမဆုံး ထိတွေ့ ရတုန်းက ခံစားမှုမျိုး ပြန်ပေါ် လာပါတယ်။

သူက ကျနော့်ထက် အသက် အတော်ကြီးသူ ဖြစ်တဲ့ အလျောက် တက္ကသိုလ် ရောက်တာလည်း ကျနော့်ထက် အတော် စောပါတယ်။ ကျနော်က တက္ကသိုလ်မှာ စာတွေ ဘာတွေ ရေးတာ မဟုတ်လို့ သူနဲ့ သိကျွမ်းတာဟာ စာပေကြောင့် မဟုတ်ပါဘူး။ မန္တလေး ခရိုင် ဗကသ၊ မန္တလေး တက္ကသိုလ် ကျောင်းသား ညီညွတ်ရေး တပ်ဦးနဲ့ မန္တလေး တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ စတဲ့ လှုပ်ရှားမှုတွေ အတွင်းမှာ ရင်းနှီး ကြတာပါ။ အဲဒီတုန်းက သူဟာ အောင်မင်္ဂလာ ဆောင်မှာ နေခဲ့ဖူးတယ်လို့ အမှတ်ရ နေပါတယ်။ နောက်တော့ ဗောဓိကုန်း ထဲနဲ့ ရေနီမြောင်း ထိပ်က ကိုကံ့ လက်ဖက်ရည် ဆိုင်မှာသာ ကျနော်တို့ချင်း တွေ့ကြ ဆုံကြတာ များပါတယ်။

အဲဒီတုန်းက သူနဲ့ အတွဲဆုံး တွေက ပေါင်းလောင်း ဒေသမှာ ကျသွားတဲ့ မန္တလေး ဖားသားလဖုံး ကျောင်းတောင်ဘက်၊ စာတိုက်တန်းက ကိုသောင်းရွှေ၊ မြင်းခြံက ကိုကျော်ဝင်း (ရှစ်လေးလုံး လှုပ်ရှားမှုမှာ တရားဟောရင်း ကွယ်လွန်သွားသူ)၊ ကိုမြသွင်၊ ကိုလေးမောင် (ကိုကိုးကျွန်း အာဇာနည်)၊ ကိုကျော်ဌေးထွေး၊ ရခိုင် ကိုကျော်ခင် (ပဲခူး ရိုးမ ကျဆုံးသွားသူ)၊ မြင်းခြံက ကိုအောင်သူ (နောက်ဆုံး မတကသမှာ အတွင်းရေးမှူး လုပ်ခဲ့သူ) စတာတွေ ဖြစ်ပါတယ်။ ဒီထဲမှာ ကျနော်လည်း ပါတာပေါ့။ ဒါပေမဲ့ ညီငယ်လေး အရွယ်နဲ့ပါ။

ကိုကြည်လင်နဲ့ ကျနော် နီးနီးကပ်ကပ် အတူတွဲ လုပ်ရတာတွေ ထဲမှာ မေ့မရတဲ့ လုပ်ငန်း တခု ကတော့ ၁၉၆၃ ခုနှစ်၊ မန္တလေး တက္ကသိုလ် နှစ်လည် မဂ္ဂဇင်းပါ။ ၁၉၆၃ ခုနှစ်မှာ ဗိုလ်နေဝင်းက ငြိမ်းချမ်းရေး ထိုးဇာတ် ကတာကို အခွင့်ကောင်း ယူပြီး ကျောင်းသားတွေဟာ တက္ကသိုလ် သမဂ္ဂ ပြန်ဖော်ရေး၊ နှစ်လည် မဂ္ဂဇင်း ပြန်ထုတ်ရေး စတဲ့ တက္ကသိုလ် နယ်မြေများရဲ့ ပုံမှန် လုပ်ငန်း တွေကို ပြန်ဖော်ဖို့ ကြိုးစား ကြပါတယ်။

မန္တလေး တက္ကသိုလ် မှာတော့ နှစ်လည် မဂ္ဂဇင်းမှာ ကိုကြည်လင်က မြန်မာစာ စာတည်း ဖြစ်ပါတယ်။ ကိုကျော်ခင်က အင်္ဂလိပ်စာ စာတည်းပါ။ အဲဒီ နှစ်လည် မဂ္ဂဇင်း ကော်မတီမှာ ကျနော်က ကြော်ငြာ တာဝန်ခံ ဖြစ်ပါတယ်။ မှန်တာ ဝန်ခံရရင် ကျနော့်မှာ ဘာအတွေ့အကြုံမှ မရှိ၊ လုပ်လည်း မလုပ် တတ်ပါဘူး။ သူတို့က တွဲသင် ပေးမယ်၊ လေ့ကျင့် ပေးမယ် ဆိုတဲ့ သဘောနဲ့ ဆွဲခေါ် ကြတာပါ။ အဲဒီ နှစ်လည် မဂ္ဂဇင်းဟာ မန္တလေး တက္ကသိုလ်ရဲ့ (အခုထိ) သမိုင်းမှာ နောက်ဆုံး နှစ်လည် မဂ္ဂဇင်း ဖြစ်တယ်လို့ ဆိုရင် ရမယ်လို့ ထင်ပါတယ်။

မှတ်မှတ်ရရ၊ ဒီမဂ္ဂဇင်းရဲ့ အဖုံးကိုက တမူ ထူးခြားတဲ့ အဖုံးပါ။ အဖုံးကို ရေးဆွဲသူက အဲဒီတုန်းက မျက်နှာဖုံး ပန်းချီတွေမှာ နေရာ ရနေပြီး ထူးထူးဆန်းဆန်းတွေ ထွင်လေ့ ရှိတဲ့ ကိုပေါ်ဦးသက် ဖြစ်ပါတယ်။ ထုံးစံ အတိုင်း သူက အခမဲ့ ဆွဲပေးတာ ဖြစ်ပါတယ်။ လူထု သတင်းစာမှာ ကာတွန်းတွေရေး၊ လူထုတိုက် စာအုပ်တိုက် အဖုံးတွေ ရေးဆွဲပေးနဲ့ နာမည် ကျော်နေပြီ ဖြစ်တဲ့ ကိုပေါ်ဦးက ကြည်ပြာရောင် ပိန်း (ဗိန်း) နောက်ခံပေါ်မှာ တရုပ် ကတ်ကြေးညှပ် ပန်းချီမျိုးနဲ့ လောကနတ် ပုံကို အနက်ရောင် တောက်တောက် ရေးထားတာပါ။ အမှတ်တမဲ့ ကြည့်လိုက်ရင် လောကနတ် အရုပ်လေးဟာ ကတ်ကြေးနဲ့ ညှပ်ပြီး တင်ထားသလား အောက်မေ့ရ ပါတယ်။

အထက်ထောင့် မှာတော့ ဖော်ထုတ် လိုက်တာ မကြာသေးဘူး ဖြစ်တဲ့ အဲဒီတုန်းက အင်မတန် သစ်ဆန်းတဲ့ မန္တလေး တက္ကသိုလ်ရဲ့ ကျောင်းတံဆိပ် ဖြစ်ပါတယ်။ အဲဒီ တံဆိပ် ကိုလည်း (အမေရိကန်ရောက် ပန်းချီဆရာ၊ ကာတွန်းဆရာ၊ စာရေးဆရာ၊ ဒါရိုက်တာ) ကိုဝင်းဖေနဲ့ ကိုပေါ်ဦးသက် တို့ပဲ တီထွင်တာလို့ မှတ်မိ နေပါတယ်။ ကျနော်တို့ အိမ်က စာအုပ် ဗီဒိုထဲမှာ နှစ်လည် မဂ္ဂဇင်း ပေါင်းစုံကို ဒေါင်လိုက် ထောင်ပြီး စီထားရင် ဒီမဂ္ဂဇင်းဟာ တောက်ပတဲ့ အပြာရောင် အနှောင့်နဲ့ ထူးထူးခြားခြား ပေါ်လွင် နေပါတယ်။

၁၉၆၃ ထဲမှာ ကျောင်းသား သမဂ္ဂတွေ ပြန်ထူထောင်ဖို့ ကြိုးစား ကြတယ် ဆိုတော့ တက္ကသိုလ် ထဲမှာရော တက္ကသိုလ် ပြင်ပ တွေမှာပါ ထူထောင် ကြပါတယ်။ ဒီအခါမှာ အခြေခံ ကျတဲ့ ဗကသ များကို မြို့နယ် အလိုက်၊ ခရိုင် အလိုက် ပြန်ဖွဲ့ ကြတော့ သူနဲ့ ကျနော်နဲ့ မန္တလေး ခရိုင် ဗကသ ကော်မတီမှာ တွဲလုပ် ကြရပါတယ်။ သူက ဥက္ကဋ္ဌ၊ ကျနော်က အတွင်းရေးမှူး ထင်ပါတယ်။ သေချာတော့ မမှတ်မိပါ။ သူလို နာမည် ရှိတဲ့ ကဗျာ ဆရာက ဥက္ကဋ္ဌ လုပ်တယ် ဆိုတော့ အတူ တွဲလုပ် သူတွေက သိပ်သဘောကျ ကြပါတယ်။ သူကလည်း စကားပြောတယ် ဆိုရင် အင်မတန် စိတ်ပါ လက်ပါနဲ့ လေးလေးနက်နက် ပြောလေ့ ရှိတာကိုး။

သူ့ရဲ့ ထူးခြားချက် တခုက သူဟာ စာပေကို အလွန် လိုက်စား၊ တန်ဖိုး ထားပြီး သူများတွေ ကိုလည်း စာရေးဖို့ အင်မတန် တိုက်တွန်းလေ့ ရှိပါတယ်။ ဒီလို အတိုက်တွန်း ခံရသူတွေ ထဲမှာ ကျနော်လည်း ပါမယ် ဆိုတာ တွေးမိကြ ပြီးသား ဖြစ်မှာပါ။ မနှစ်ကမှ ကွယ်လွန် သွားတဲ့ ကျနော့် အမေရဲ့မောင်၊ ကျနော့် ဦးလေး ဦးမောင်လေးဟာ စာ အလွန်ဖတ်သူ တယောက် ဖြစ်ပါတယ်။ နောက်ပြီး ဟာသတွေ အပါအဝင် စကားပြောလည်း သိပ်ကောင်း ပါတယ်။ သူ့ကိုလည်း ကိုကြည်လင်က “ဦးမောင်လေး စာရေးပါဗျ” လို့ ခဏ ခဏ ပြောပါတယ်။

အဲဒီလို သူ့ရဲ့ လူတိုင်း အပေါ်မှာ အလေးထား ဆက်ဆံတာနဲ့ စာရေးဖို့ တိုက်တွန်း တာတွေကြောင့်ပဲ ကျနော်လည်း ကျနော့်ဖာသာ တိတ်တိတ် ရေးထားတဲ့ ကျနော့်ရဲ့ ပထမဆုံး ဝတ္ထုတိုလေးကို သူ့ကို ပေးဖတ် ခဲ့ပါတယ်။ တခြား ဘယ်သူ့ကိုမှ ပေးမဖတ်ခဲ့ဘူး ထင်ပါတယ်။ သူက သေသေချာချာ ဖတ်ကြည့်ပြီး များများရေးဖို့ တိုက်တွန်း ပါတယ်။

ကျနော် မှတ်မိသလောက် ဆိုရင် အဲဒီ ကာလတုန်းက ကျနော် သိသူတွေ ထဲမှာ သူ့လောက် ကဗျာ ရေးအား ကောင်းသူ မရှိသလောက် ပါပဲ။ ဒါကြောင့်လည်း စိတြ ကဗျာများ (မောင်စွမ်းရည်နဲ့ တွဲလျက်)၊ လမင်းတရာ ကဗျာများနဲ့ ဒုဋ္ဌဝတီမှ ဧရာဝတီသို့ ဆိုတဲ့ ကဗျာစာအုပ် သုံးအုပ်ကို ၄ - ၅ နှစ်လောက် ကာလအတွင်း ထုတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီ ကာလတွေ တုန်းက သူ့ရဲ့ ပုံဟာ အင်မတန် တည်ပြီး ဟာသ အင်မတန် နည်းသူ တယောက် ပုံမျိုးလို့ မှတ်မိ နေပါတယ်။ ဒီလိုပြောလို့ သူ့မှာ ဟာသဉာဏ် မရှိဘူးလို့ ဆိုလိုတာ မဟုတ်ပါဘူး။ ဒါပေမဲ့ သူ အဲဒီလို တည်တည်ကြီး နေတာ၊ အရာရာကို အလေးအနက်၊ အရေးတကြီး ထားပြီး တွေးတော တတ်တာကိုက သူများတွေ အဖို့ ချစ်စနိုး ကျီစားစရာ ဖြစ်နေ ပါတယ်။ သူ့ကို အဲဒီတုန်းက မ စ မနောက်တဲ့ လူရယ်လို့ မရှိသလောက် ဖြစ်ပါတယ်။

ဘယ်လောက်ထိများလဲ ဆိုရင် ပြောပြ ချင်ပါ သေးတယ်။ အဲဒီတုန်းက ကျောင်းသား သမဂ္ဂ အဆောက်အဦကြီးလည်း မရှိတော့ဘူး ဆိုတော့ သမဂ္ဂ လုပ်ငန်းနဲ့ ပတ်သက်သူ၊ တပ်ဦးနဲ့ ပတ်သက်သူ မှန်သမျှဟာ ဗောဓိကုန်း အဝင်မှာ ရှိတဲ့ “သပြေ” ဆိုတဲ့ အိမ်ကလေးမှာ စုဝေး ကြပါတယ်။ အဲဒီ အိမ်နဲ့ မျက်နှာချင်းဆိုင်မှာ အိမ်ဆိုင်လေး ငယ်ငယ် တခု ရှိပြီး အဲဒီ ဆိုင်ရှင်ရဲ့သား လှရွှေ ဆိုတဲ့ ကောင်လေးဟာ အားရင် ဒီဘက်ကို ကူးလာပြီး ဒီက လူတွေနဲ့ နောက်ပြောင် ကျီစယ် တဟားဟား နေသူပါ။ သူ့ အသက်က ၁၃ နှစ်လောက် ရှိဦးမယ် ထင်ပါတယ်။

တခါမှာတော့ ကိုကြည်လင် လမင်းတရာ ကဗျာ စာအုပ် အတွက် စာပေဗိမာန်ဆု ရပြီးနောက် ထင်ပါတယ်၊ လှရွှေက သူ့ကို အိမ်ရှေ့က မာလကာပင်တွေ ပေါ်မှာ ကူးချည် သန်းချည် လုပ်နေတဲ့ စာကလေး တွေကို လက်ညိုး ထိုးပြပြီး၊ “လုပ်စမ်းဦး ပါဗျ ဦးကြည်လင်၊ ဟိုမှာ ငှက်ကလေးတွေ ချစ်စရာ ကောင်းလိုက်တာ၊ ကဗျာ တပုဒ်လောက် ရေးပါဦး …” လို့ ပြောတတ် ပါတယ်။ ကိုကြည်လင့် ခမျာ၊ ရယ်ရ အခက်၊ စိတ်ဆိုးရ အခက်နဲ့ အတော် စိတ်ညစ် သွားရပါတယ်။

ဒီလိုနဲ့ ကျနော်တို့ နှစ်ယောက် ပိုပြီး ရင်းသွားရတာက နဂိုရှိတဲ့ သမဂ္ဂ ခေါင်းဆောင်တွေ ကျောင်းပြင် ရောက်ကုန်တာ၊ တချို့က မဆလ ပါတီဘက် လိုက်ပြီး တပ်ဦး ပြင်ပ ရောက်ကုန်တာ စတာ တွေကြောင့် ကျနော်တို့ တတွေ ကိုယ်တတ်နိုင်တဲ့ ဘက်က ဝင်လုပ်ကြရင်း သိပ်တွဲမိ သွားတာပါ။

၁၉၆၃ ခုနှစ် အကုန် နားနီးမှာ ဗိုလ်နေဝင်းဟာ သူတီထွင်ခဲ့တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ဆိုတာတွေကို ဖျက်သိမ်း လိုက်ပြီး ငြိမ်းချမ်းရေး အတွက် လှုပ်ရှား ခဲ့သူတွေ၊ အတိုက်အခံတွေ၊ ကျောင်းသား ခေါင်းဆောင် တွေကို အကုန် သိမ်းဖမ်းတော့ မြေပေါ်မှာ လုပ်နိုင် ကိုင်နိုင်သူ ဆိုလို့ ကျနော်တို့ပဲ ကျန်ရစ် ပါတယ်။ ဒီအခါမှာ ကျနော်တို့ဟာ မြေအောက် ပုံစံနဲ့ ဆက်လှုပ်ရှား ကြရင်း ကဗျာလိုင်းကို အဓိက ထားနေတဲ့ ကဗျာ ဆရာ နှစ်ဦး ဖြစ်တဲ့ သူနဲ့ ကျွန်းမှာ ကျဆုံးသွားတဲ့ ကိုလေးမောင် တို့လည်း ရှေ့တန်းတက် နေရာ ယူလာကြတာ ဖြစ်ပါတယ်။

မှတ်မှတ်ရရ အဲဒီလို မြေအောက် လုပ်ကြရင်း ကနေ သမဂ္ဂဆိုတဲ့ မြေအောက် စာစောင်လေး တအုပ် ထုတ်ဖြစ်ကြ ပါတယ်။ ဒီမိုင် ၈ ချိုးဆိုက်၊ စာမျက်နှာ ၁၂ဝ လောက်ရှိတဲ့ စာအုပ်လေးပါ။ စာအုပ်ကို ရိုက်တာက ပုံနှိပ်စက် ခပ်ငယ်ငယ် တခုမှာပါ။ ပုံနှိပ်စက် ပိုင်ရှင်ဟာ ကျနော်တို့ကို ထောက်ခံတဲ့သူ တဦး ဖြစ်ပါတယ်။ သူ အခုအထိ သက်ရှိ ထင်ရှား နေထိုင်တုန်း ဖြစ်လို့မို့ ဒီနေရာမှာ ဝမ်းနည်းစွာ နဲ့ပဲ သူ့ရဲ့နာမည်ရင်းကို ချန်လှပ် မှတ်တမ်း တင်ရပါတယ်။

အဲဒီမှာ ပုံနှိပ်ပြီးတဲ့ စာမူတွေကို အဲဒီတုန်းက ကိုလေးမောင်၊ ကိုအောင်ငြိမ်း (ကျွန်းပြန်) တို့ နေတဲ့ မန္ဈလေး ၈၅ လမ်း၊ မန်းညွန့် ဦးမောင်လေး တိုက်နဲ့ မျက်နှာချင်းဆိုင်က ကိုစောလွင် (မတကသ ဥက္ကဋ္ဌဟောင်း၊ စာရေးဆရာ မောင်တောလူ) အိမ်မှာ ချုပ်ကြ၊ အဖုံး ကပ်ကြပါတယ်။ မအေးစန်း (ကဗျာ ဆရာမ မစိမ်းပင်) နဲ့ သူစည်းရုံး ထားတဲ့ လူငယ်လေး တွေလည်း ပါဝင် ကြပါတယ်။ ပထမဆုံး စာအုပ် တအုပ် ထွက်လာတော့ ခိုးကြောင်ခိုးဝှက် လုပ်ရတာ ဝမ်းသာလွန်းလို့ အနားမှာ ရှိနေတဲ့ လူတွေ အားလုံး လက်မှတ် ထိုးကြပါတယ်။ နောင်ကျမှ “ဟာ၊ ဒီစာအုပ်များ သိမ်းမိ သွားရင် …” ဆိုတဲ့ အတွေးနဲ့ လန့်ကုန် ကြတာလည်း မှတ်မိ နေပါတယ်။

အားလုံးက သူ့ကို ခင်ကြ ချစ်ကြတော့ သူ့ကို စတာ နောက်တာလည်း ရှိသလို သူ့ဇိုးတွေ ခံကြတာလည်း ရှိပါတယ်။ ဥပမာ၊ သူ အဲဒီတုန်းက ချစ်ကြိုက် နေတဲ့ မန္တလေး နန်းတော်ရှေ့က အမျိုးသမီးလေး ဆီကို စက်ဘီးနဲ့ လိုက်ပို့ ရတာမျိုးပါ။ ခရီးက မနီးပါ။ ၃ - ၄ မိုင် ဝေးပါ လိမ့်မယ်။ အဲဒီ ခရီးမှာ သူက အစ အဆုံး စက်ဘီးရှေ့က ထိုင်ပြီး လိုက်ပို့တယ် ဆိုတဲ့ လူက အသွား အပြန် နင်းရတာပါ။ ၇ မိုင်၊ ၈ မိုင် ခရီးပေါ့။ သူကတော့ တဖက်သတ် ချစ်သူတို့ ထုံးစံ အတိုင်း ချောင်းကြည့် ပြုံးပြန် သာသာပါ။ ဒီဝဋ်ကို တကယ် ခံရသူက စက်ဘီး နင်းသူတွေပါ။ ဒီအထဲမှာ မြို့ထဲ နေသူတွေ မပါပါ။ အဆောင်နဲ့ ဗောဓိကုန်း နေသူတွေသာ ဖြစ်ပါတယ်။ သူတို့ခမျာ အပြန်မှာ ကိုကြည်လင် အကြောင်း ပြောစရာ တခု ရတယ် ဆိုတာ လေးလောက်နဲ့ပဲ ကျေရပါတယ်။ တခါတလေ တော့လည်း ကိုကြည်လင်က လက်ဖက်ရည် တိုက်သလား မပြောတတ်ပါ။ နောက်ကျတော့ သူ့ရဲ့ လမင်းတရာ ကဗျာ စာအုပ်မှာ ပါတဲ့ “နန်းရှေ့သူ ပျိုလုံမ” အစချီတဲ့ ကဗျာကို ဖတ်ကြ ရတာပါပဲ။

သူ့ရဲ့ လမင်းတရာ စာအုပ်ကို လူထုတိုက်မှာ ပုံနှိပ်တော့ သူကိုယ်တိုင် “ပရု” လာလာ ဖတ်တာလည်း မှတ်မိ နေပါတယ်။ သူ့စာအုပ်မှာ ကျနော့် အမေက ဒီမန္တလေး တက္ကသိုလ်က ထွက်တဲ့ ကလောင်ရှင် တွေဟာ အတွေးရဲ၊ အရေးရဲတယ် ဆိုလို့ တချို့က မကျေနပ်ကြဘဲ ရန်ကုန်မှာ ပွက်လော ရိုက်သွားတာ၊ ကာတွန်းတွေ၊ ဆောင်းပါး တွေနဲ့ ပြန်ရိကြ၊ တွယ်ကြတာတွေ။ နောက်ဆုံး စာပေဗိမာန် ကနေ ကဗျာဆု ပေးလိုက်တော့ အားလုံး ဘာမှ မပြောတော့ဘဲ ဖြစ်သွားတာတွေ ပြန်တွေးလိုက်ရင် မနေ့တုန်းက လိုပဲ ကျနော် မှတ်မိ နေပါတယ်။

နောက်မှတ် မိတာ တခု ကတော့ ကျနော် အဖမ်းခံ နေရချိန် မတိုင်မီ တနှစ်လောက် ကတည်းက သူ ရှောင်နေ တိမ်းနေရတယ် ဆိုတာပါပဲ။ ဒီလိုနဲ့ ကျနော် ထောင်က လွတ်လာတော့ သူ့အကြောင်း စုံစမ်း ခဲ့ပါတယ်။ သိပ်လည်း တွေ့ချင် မိပါတယ်။ အထူးသဖြင့် သူ့ရောင်းရင်း ရဲဘော်ကြီး ကိုလေးမောင် အကြောင်း ပြောပြ ချင်တာပါ။

ဒါပေမဲ့ အဲဒီ အချိန်မှာ သူဟာ မန္တလေးမှာ မနေတော့ဘဲ အင်းဝမှာ ပြန်နေပြီး မန္တလေးကို တခါ တခါမှသာ လာတတ်လို့ သူနဲ့ တော်တော်နဲ့ မတွေ့ရ ပါဘူး။ ကျနော့် အထင် ကျနော် ထောင်က လွတ်ပြီး ၁ နှစ်ကျော် ၂ နှစ်လောက် နေမှ တွေ့ရပါတယ်။ ဒါပေမဲ့ အဲဒီ အခါမှာ သူ့မျက်နှာမှာ လွန်ခဲ့တဲ့ ၇ နှစ်လောက်က ကိုကြည်လင်ရဲ့ ထက်သန် တက်ကြွမှုမျိုး မတွေ့ရ ဘူးလို့ သတိ ထားလိုက် မိပါတယ်။ ပိုမို တည်ငြိမ် သွားတာလား မသိ။ ဘာလို့လဲ မပြောတတ်ပါ။

ကျနော်က ကျနော် ထောင်က ထွက်မှ ရေးထားတဲ့ ကဗျာ လေးတွေကို သူ့ကို ယူပြ ပါတယ်။ သူ့ဆီက မှတ်ချက်ကို နားစွင့်ရင်း ထိုးပေး လိုက်တာပါ။ ကဗျာတွေက မများပါဘူး။ သူက အားနာလို့ ဖတ်ပုံမျိုးနဲ့ ဖတ်ပြီး ဘာမှ မပြောဘဲ ပြန်ပေး ပါတယ်။ ဘာတွေ ပြောင်းကုန်သလဲ ကျနော် အခုအထိ မသိပါ။

ဘာပဲပြောပြော ရှစ်လေးလုံး လှုပ်ရှားမှုနဲ့ နောက်ပိုင်းမှာ သူဟာ (ဦး) ကိုလေး - အင်းဝ ဂုဏ်ရည်နဲ့ အတူ စင်မြင့်ပေါ် တက်လာတာ သိရတော့ ကျနော်တို့ တတွေ အင်မတန်မှ ဝမ်းသာ အားရနဲ့ သာဓု ခေါ်မိ နေကြ ပါတယ်။ အတူ ရှိစဉ်တုန်းက ပင်နီ အင်္ကျီ ရင်ဘတ် ဟောင်းလောင်း၊ ပုဆိုးတိုတိုနဲ့ ခြေဖျား ထောက်ထောက်ပြီး စိတ်လိုက် မာန်ပါ မိန့်ခွန်း ပြောလေ့ ရှိတဲ့ သူ့ပုံကို ပြန်မြင်ယောင် နေပါတယ်။

ဒုဋ္ဌာဝတီမြစ်ဟာ ဧရာဝတီ မြစ်ထဲ ကိုပဲ စီးဝင် ရမှာပါ။

ဖိုးသံ (လူထု) ဖေဖော်ဝါရီ ၁ဝ၊ ၂ဝဝ၈