မုံလယ်ဆရာတော်

ဝီကီပီးဒီးယား မှ

ကျေးဇူးတော်ရှင် အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ -မိုးကုတ်ဝိပဿနာ ကမ္မဋ္ဌာနာစရိယ မုံလယ်တောရ ဆရာတော်ဘုရားကြီး ဘဒ္ဒန္တ သံဝရ ၏ ထေရုပ္ပတ္တိ ဖြစ်သည်။

ဖွားမြင်တော်မူခြင်း[ပြင်ဆင်ရန်]

မုံလယ်ဆရာတော် လောင်းလျာကို မကွေးတိုင်း ဂန့်ဂေါမြို့နယ် အနောက်ဂန့်ဂေါရွာ နေ ခမည်းတော် ဦးငွေထွန်း နှင့် မယ်တော် ဒေါ်ဆေးရန် တို့မှ ၁၂၈၂-ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၃-ရက် ၊ သောကြာနေ့၊ (၀၇- ၀၁- ၁၉၂၁) နံနက် ၁-နာရီအချိန်တွင် ဖွားမြင်ခဲ့သည်။ ငယ်အမည်မှာ မောင်ဝသိန်း ဖြစ်သည်။ ဒေါ်စောရင်၊ ဦးဝမော်၊ ဦးဝသိန်း၊ ဦးဝထွေး ဟု ညီအစ်ကို မောင်နှမ လေးယောက် အနက် တတိယမြောက် ဖြစ်သည်။

ပထမအကြိမ် ရှင်သာမဏေပြု တော်မူခြင်း[ပြင်ဆင်ရန်]

အသက်(၃)နှစ် အရွယ်တွင် မိခင် ဒေါ်ဆေးရန် ကွယ်လွန်ခဲ့သည်။ အသက် (၇)နှစ်အရွယ်တွင် ဖခင် ဦးငွေထွန်းက လောကုတ္တရာ စာပေများ သင်ယူရန် မုခ်ဦးကျောင်း ဆရာတော် ဦးသောဘိတထံ အပ်နှံပေးခဲ့သည်။ အသက် (၈)နှစ်အရွယ်တွင် ဖခင် ဦးငွေထွန်း ကွယ်လွန်ခဲ့သည်။ အသက်(၁၄)နှစ် အရွယ်တွင် မိထွေး ဒေါ်ဆေးသွယ်က မုခ်ဦးကျောင်း ဆရာတော် ဦးသောဘိတအား ဥပဇ္ဈာယ် ပြုလျက် ရှင်သာမဏေဘောင်သို့ သွတ်သွင်း ချီးမြှင့်ခြင်း ခံခဲ့ရသည်။ ဘွဲ့အမည်မှာ ရှင်သံဝရ ဖြစ်သည်။ ရှင်သံဝရသည် သာမဏေဝါ (၁)ဝါဆိုပြီး လူထွက်ခဲ့သည်။

လူဝတ်ကြောင် ကိုဝသိန်း ဘဝ[ပြင်ဆင်ရန်]

ထို့နောက် ကျောက်ပုတီး အရောင်းအဝယ် လုပ်ငန်းဖြင့် လည်းကောင်း ၊ လှေသူကြီးဘဝဖြင့်လည်းကောင်း မုံရွာ မြစ်ရိုးတစ်လျှောက် ကူးသန်း ရောင်းဝယ်ရေး လုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်း ခဲ့ရသည်။ အသက် (၂၄)နှစ် အရွယ်တွင် ရှုံးရှီရွာရှိ ဒေါ်ချစ်မြိုင် နှင့် အိမ်ထောင်ကျခဲ့သည်။ ဒေါ်ဂျမ်းစိန် ဒေါ်စန်းမြင့် ဒေါ်မြင့်မြင့်အေး ဦးမြင့်အောင် ဟု သားသမီးရတနာ (၄)ဦး မွေးဖွားခဲ့သည်။ အသက် (၃၅)နှစ် အရွယ်မှ စ၍ နိဗ္ဗာန်ရောက်ကြောင်း ဝိပဿနာတရားများကို လေ့လာခဲ့သည်။ အထူးသဖြင့် လယ်တီဆရာတော်ဘုရားကြီး ပြုစုစီရင်ရေးသားအပ်သော တရားစာအုပ်များ- မိုးကုတ်ဆရာတော် ဘုရားကြီး၏ တရားစာအုပ်များကို လေ့လာခဲ့သည်။ အသက်(၄၆)နှစ် အရွယ်တွင် ဇနီးဖြစ်သူ ဒေါ်ချစ်မြိုင် ကွယ်လွန်ခဲ့သည်။ ဇနီး မကွယ်လွန်မီ ကတည်းက ရဟန်းပြုလိုကြောင်း ခွင့်တောင်း ခဲ့ရာ ဇနီးသည်က ကြည်ကြည်ဖြူဖြူပင် ခွင့်ပြုခဲ့သည်။ သို့သော် ဇနီးဖြစ်သူ ကွယ်လွန်သောအခါ ရဟန်းဘောင်သို့ မကူးပြောင်းနိုင်သေးဘဲ သား သမီး လူမမယ်များအား လူလားမြောက်အောင် ထိန်းသိမ်း ကျွေးမွေး စောင့်ရှောက်ခဲ့သည်။ တချိန်ချိန်တွင် ရဟန်းဘောင်ဝင်ရန် ရည်ရွယ်ထားပြီး ဖြစ်၍ အသက် (၅၅)နှစ် အရွယ်တွင် ပရိက္ခရာ ၈-ပါး ကို ဝယ်ယူကာ အိမ်တွင် အဆင်သင့် သိမ်းဆည်းထားခဲ့ပြီး ၈-ပါးသီလကိုလည်း နေ့စဉ် စောင့်ထိန်း ကျင့်သုံးခဲ့လေသည်။

ဒုတိယ အကြိမ် ရှင်သာမဏေပြုခြင်း[ပြင်ဆင်ရန်]

အသက် (၅၆)နှစ် အရွယ်တွင် မုံလယ်တောရ ဆရာတော် ဦးဇာဂရ ထံတွင် ရှင်သာမဏေ ပြုခဲ့သည်။ ရှင်သာမဏေ ဘဝဖြင့် မုံလယ်တောရ ကျောင်း တောင်ဘက် ရေကန် ၏ အနောက်ဘက်နေရာတွင် တဲထိုး၍ သီတင်းသုံးကာ တရားအားထုတ် တော်မူခဲ့သည်။ ထို တဲကျောင်းဆောင်ကို ဦးထွေး ဒေါ်ချစ်လှ ကြားရပ်မှ တာဝန်ယူ၍ ကြားရပ်ဒကာ ဒကာမများ အကူအညီဖြင့် ဆောက်လုပ် လှူဒါန်းခဲ့သည်။ ဆရာတော်သည် ရှင်သာမဏေ ဘဝဖြင့်သာ သီတင်းသုံး၍ တရားအားထုတ်ရန် ရည်ရွယ်ပါသော်လည်း တရားဟော ဓမ္မကထိကဆရာ ဦးလွင်၏ လျှောက်ထား တောင်းပန်မှုဖြင့် ရဟန်းခံ သိက္ခာတင်ရန် လက်ခံတော်မူခဲ့သည်။

ရဟန်းဘောင် တက် (ဥပသမ္ပဒ ကံဆောင်)တော်မူခြင်း[ပြင်ဆင်ရန်]

သက်တော်(၅၇)နှစ် သာမဏေ (၁)ဝါ အရ ၁၃၃၉ခု ဝါဆိုလပြည့်ကျော် ၁ရက် နံနက် ၈နာရီ အရိပ်-၂/ ၁-ဖဝါး တွင် အနောက်ဂန့်ဂေါရွာ မာန်အောင်ကျောင်း (သုဿာန်ကျောင်း) ဆရာတော် ဦးသုစိတ္တာလင်္ကာရ မဟာထေရ် ကို ဥပဇ္ဈာယ်ပြု၍ ကုန်သည်ကြီး ဦးအေးဖေ ဒေါ်အုန်းကြည် တို့က ရဟန်းဒါယကာ ခံကာ ရဟန်းဘောင်သို့ သွတ်သွင်း ချီးမြှင့်ခဲ့သည်။

မိုးကုတ်ဝိပဿနာ နည်းနိဿရည်းခံ ကျင့်ကြံ ရှုပွားတော်မူခြင်း[ပြင်ဆင်ရန်]

ရဟန်း ၆ ဝါ အရတွင် မန္တလေးမြို့ -မြို့ဟောင်း မင်္ဂလာတိုက်ဆရာတော် ဦးဓမ္မိဿရ မြို့ဟောင်း တောင်ပြင်တိုက် ဆရာတော် ဦးသုမန တို့ထံတွင် မိုးကုတ်ဝိပဿနာ နည်းနိဿရည်းခံ ကျင့်ကြံ ရှုပွား အားထုတ်တော်မူခဲ့သည်။

မုံလယ်သာသနာအစ သုံးပင် လေးပင် ဇရပ်က စတင်ဟောကြားတော်မူခြင်း[ပြင်ဆင်ရန်]

မန္တလေး မြို့ဟောင်း တောင်ပြင်တိုက်မှ ပြန်ကြွလာပြီးသည့်နောက် သုံးပင်×လေးပင် ရှိသော ဇရပ်လေးတွင် ဒေါ်ချယ် ဒေါ်စောနှစ် ဒေါ်ရွှေမြိုင် ဒေါ်နွားစိန် ဒေါ်ခင်စိန် ဒေါ်အေရှိန် စသည့် ယောဂီ ၆ဦးနှင့် တရားစတင် ဟောကြားခဲ့သည်။

မုံလယ်စခန်းပွဲအစ ဝါးဓမ္မာရုံကမှ ဂန့်ဂေါ နယ်တဝိုက် စတင်ပြန့်ပွား သာသနာပြုတော်မူခြင်း[ပြင်ဆင်ရန်]

လေးငါး ခြောက်လခန့်အကြာတွင် ထန်းလက်မိုး ထရံကာ ဝါးဓမ္မာရုံ ဆောက်လုပ်ပြီးနောက် ဒေါ်သောင်းတင် ဒေါ်မြကြည် ဒေါ်အေကေ နှင့် ဒေါ်အုန်းကြူ စသည့် ယောဂီများ ပါ ရောက်ရှိလာပြီး တရားစခန်းဝင် အားထုတ်ကြသည်။

ထို့နောက် ဦးထွန်းတင် ဦးသံချောင်း ဒေါ်ခင်စိန် တို့မှ ဦးစီးကာ မောက်၊ မောက်လင်း၊ လက်ပန် ၊ မြင်းဇာ၊ လာပို့ ၊ ကျော်ရွာ၊ တောင်ပြင် နှင့် မကျည်းခင် စသည့် ကျေးရွာများမှ ယောဂီများ လာရောက်၍ တရားစခန်းဝင် အားထုတ်ကြသည့် အချိန်မှ စကာ ဂန့်ဂေါနယ်တဝိုက် စတင် ပြန့်ပွား ခဲ့သည်။

တရားစခန်းများ ဖွင့်လှစ်ကာ သာသနာပြုရာ ပြည်တွင်း ပြည်ပ ဒေသများ[ပြင်ဆင်ရန်]

ဆရာတော်ဘုရားကြီးသည် ကိုယ်တွေ့ ဉာဏ်မြင် တရားများကို ရန်ကုန် ပဲခူး မန္တလေး တောင်ကြီး ပြင်ဦးလွင် မြစ်ကြီးနား နမ္မတီး(မြတောင်) တာချီလိတ် ကျိုင်းတုံ မဘိမ်း မိုးနဲ ဟိုပုံး အောင်ပန်း ဖြူး မကွေး မင်းဘူး မင်းတပ် ကျောက်ထု မန်းသံပရာကန် စလေ ချောက် ဆိပ်ဖြူ ပခုက္ကူ ကျောက်ပန်းတောင်း ကလေး(တောင်သာ) တမူး ကြို့ပင်ကောက် မော်လမြိုင်ကျွန်း ရွှေကျင် (သူရဲသမိန်-ကွမ်းဆိပ်) ဖားကန့်(မှော်စီစာ) ဟုမ္မလင်း သုံးခွ ခရမ်း မြိတ် ကော့ကရိတ် ထားဝယ် ပုသိမ် ညောင်ဦး ဝေါ ဝန်းသို အမရပူရ မိတ္ထီလာ ပြည် နှင့် ရန်ကုန်မြို့ မိုးကုတ်ဝိပဿနာ အဖွဲ့ချုပ် သို့လည်းကောင်း ဂန့်ဂေါနယ် အတွင်းရှိ နှမ်းခါး မွှေ့လယ် ကန် မင်းရွာ တောင်ခင်ရန်း ကျောက်ပြုတ် ကျော ချောင်းကောက် မြင်းဇာ မြင်သား ဘော်ပြင်း နှင့် ကျောက်ဖူး ကျေးရွာ များသို့လည်းကောင်း ကြွရောက်၍ တရားစခန်းများ ဖွင့်ကာ သာသနာပြု ဟောကြားတော်မူခဲ့သည်။

မြန်မာပြည်အရပ်ရပ်အပြင် အမေရိကန် ဩစတြေးလျ အင်္ဂလန် စင်္ကာပူ ထိုင်း စသည့် ပြည်ပ နိုင်ငံများသို့လည်း ဒကာ ဒကာမများ၏ ပင့်လျှောက်ချက်အရ သာသနာပြုခရီးစဉ် ကြွရောက်ပြီး တရားစခန်းများဖွင့်ကာ သာသနာပြု ဟောကြားတော်မူခဲ့သည်။

မုံလယ်တောရ ဓမ္မရိပ်သာ ကျောင်းတိုက်ခွဲများ ဖွင့်လှစ် သာသနာပြုတော်မူခြင်း[ပြင်ဆင်ရန်]

ဆရာတော်ဘုရားကြီးသည် အနောက်ဂန့်ဂေါ ပင်မ မုံလယ်တောရဓမ္မရိပ်သာ အပြင် -ပဲခူးတိုင်းဒေသကြီး အင်းတကော်မြို့နယ် ဆယ်မိုင်ကုန်း အမှတ်(၁)တိုက်ခွဲ -ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံမြို့ အမှတ်(၂) တိုက်ခွဲ -မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် ရေတံခွန်တောင်ခြေ အမှတ်(၃)တိုက်ခွဲ ဟူ၍ မုံလယ်တောရ ဓမ္မရိပ်သာ ကျောင်းတိုက်ခွဲများ ဖွင့်လှစ်ကာ တရားဓမ္မများပြသ တရားစခန်းဖွင့်၍ ဟောကြားပြသ သာသနာပြုတော်မူခဲ့သည်။

အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ဘွဲ့တံဆိပ်တော် ဆက်ကပ်ခြင်းကို ခံယူ ရရှိတော်မူခြင်း[ပြင်ဆင်ရန်]

ဆရာတော်ဘုရားကြီးသည် ၁၃၆၁ -ခု တပေါင်းလပြည့်နေ့တွင် နိုင်ငံတော် အေးချမ်းသာယာရေး နှင့် ဖွံ့ဖြိုးရေး ကောင်စီ၏ အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်း ပူဇော်ခြင်းကို ခံယူ ရရှိတော်မူခဲ့သည်။

ခန္ဓာဝန်ချ လွန်တော်မူခြင်း[ပြင်ဆင်ရန်]

ဆရာတော်ဘုရားကြီးသည် သက်တော် ၉၁ နှစ်၊ သိက္ခာတော် ၃၄ ဝါ အရ ၁၃၇၂ ခုနှစ် တပို့တွဲ လပြည့်ကျော် ရ ရက် (၂၅-၀၂-၂၀၁၁) သောကြာနေ့ နံနက် ၈နာရီ တိတိ တွင် မန္တလေးမြို့ ၌ ခန္ဓာဝန်ချ ချုပ်ငြိမ်းတော်မူခဲ့သည်။

အန္တိမ အဂ္ဂိဈာပန တေဇောဓာတ်လောင်တော်မူခြင်း[ပြင်ဆင်ရန်]

ဆရာတော်ဘုရားကြီး ၏ ကြွင်းကျန်ရစ်သော ဥတုဇရုပ်ကလာပ်တော်ကို ၁၃၇၂ခု တပို့တွဲလပြည့်ကျော် ၁၃ရက် (၃-၃-၂၀၁၁) ကြာသပတေးနေ့ နေ့လယ် ၁နာရီ ခန့် အချိန်၌ မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် ရေတံခွန်တောင်ခြေ မုံလယ်တောရ ဓမ္မရိပ်သာ အမှတ် ၃တိုက်ခွဲ သီးသန့်မြေနေရာတွင် တေဇောဓာတ်လောင်တော်မူခဲ့သည်။

မုံလယ်တိုက်ခွဲများသို့ ပင့်ဆောင်တော်မူခြင်းနှင့် မုံလယ် ကောင်းမှုတော်ကြီး တည်ထား ပူဇော်တော်မူခြင်း[ပြင်ဆင်ရန်]

ဆရာတော်ဘုရားကြီး ၏ ၁၈နာရီ ကျော်ကြာ တေဇောဓာတ်လောင်တော်မူပြီး မီးမခဘဲ ကြွင်းကျန်ရစ်သော ဦးနှောက်တော် နှလုံးတော် မေးရိုးတော် သွားတော် အံတော် အရိုးတော် စသည် များကို မုံလယ်တိုက် ၄ တိုက်ခွဲကာ အသီးသီးပင့်ဆောင်တော်မူပြီး မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် ရေတံခွန်တောင်ခြေ မုံလယ်တောရအနီး တေဇောဓာတ်လောင်တော်မူရာ မြေတွင် ဆရာတော်ကြီး အကြောင်းပြုကာ မုံလယ်ကောင်းမှုတော်ကြီး တည်ထားတော်မူပြီး ၁၃၇၆ခု တပို့တွဲလပြည့် (၃.၂.၂၀၁၅) အဂါင်္နေ့ နံနက်ပိုင်း တွင် ရွှေထီးတော်တင်လှူပူဇော်ခဲ့ကြသည်။

ဆရာတော်ဘုရားကြီး၏ဥပနိဿယအတိုင်း မုံလယ်ရိပ်သာများတွင် တပည့်သံဃာများမှ ဆက်လက်၍ တရားစခန်းများဖွင့်လှစ် ပြသလျက်ရှိပြီး နှစ်စဉ် ဆရာတော်ကြီး လွန်တော်မူသောနေ့ အထိမ်းအမှတ်အဖြစ် တပို့တွဲလပြည့်ကျော် ရရက် တွင် မန္တလေး ရေတံခွန်တောင် မုံလယ်တောရ ဓမ္မရိပ်သာ၌ စာရေးတံမဲနှင့်တကွ သံဃိက ဒါန ဆွမ်းလောင်းပွဲကြီးကို လောင်းလှူ ပူဇော်လျက်ရှိသည်။​


ကိုးကား[ပြင်ဆင်ရန်]

  • မုံလယ်ဆရာတော်ဘုရားကြီး ၏ခန္ဓာဖွဲ့ သစ္စာဖွဲ့ ပဋိစ္စသမုပ္ပါဒ်တရားတော် စာအုပ် လာ ထေရုပ္ပတ္တိ အကျဉ်း
ဆရာကြီး ဦးရုန်းမော် ပြုစုသော မုံလယ်တောရသမိုင်း