မိုင်ဆိုပြည်နယ်

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
Mysore State
အိန္ဒိယပြည်နယ်

၁၉၄၇–၁၉၇၃
Mysuru၏ တည်နေရာ
မိုင်ဆိုပြည်နယ် (၁၉၅၁)
သမိုင်း
 •  မိုင်ဆိုဘုရင့်နိုင်ငံမှ အိန္ဒိယပြည်ထောင်စု သို့ ပါဝင် ၉ ဩဂုတ် ၁၉၄၇
 •  ကာနာတာကာပြည်နယ်ဟု အမည်ပြောင်း ၁ နိုဝင်ဘာ ၁၉၇၃

မိုင်ဆိုပြည်နယ်သည် အိန္ဒိယပြည်ထောင်စုတွင် ၁၉၄၈ မှ ၁၉၅၆ ခုနှစ်အထိ[၁]ပါဝင်ခဲ့သော ပြည်နယ်တစ်ခု ဖြစ်ပြီး မြို့တော်မှာ မိုင်ဆိုမြို့ ဖြစ်သည်။ တိုင်းရင်းပဒေသရာဇ်နယ်အဖြစ် မဟာရာဇာများ အုပ်စိုးခဲ့စဉ်က ချမ်းသာကြွယ်ဝ ခေတ်မီသော နယ်ဖြစ်သောကြောင့် ထင်ရှားခဲ့ပေသည်။

မိုင်ဆိုပြည်နယ်သည် အိန္ဒိယကျွန်းဆွယ်၏ အနောက် တောင်ဘက်တွင် ဒက္ကန်ကုန်းမြင့်ပေါ်၌ တည်ရှိ၏။ နယ်နိမိတ် အားဖြင့် အရှေ့ဘက်တွင် အန္ဒရဒေသပြည်နယ်၊ အရှေ့တောင်ဘက်တွင် မဒရပ်ပြည်နယ်၊ အနောက်တောင်ဘက်တွင် ကေရာလပြည်နယ်၊ မြောက်ဘက်တွင် ဘုံဘိုင်ပြည်နယ်နှင့် အနောက် ဘက်တွင် အာရေဗျပင်လယ်တို့ ဝန်းရံလျက်ရှိ၏။ အိန္ဒိယနိုင်ငံ ရှိ ပြည်နယ်များကို ပြန်လည်သတ်မှတ်ပြီးဖြစ်၍ ယခုအခါ မိုင်ဆိုပြည်နယ်၏ အကျယ်အဝန်းမှာ ၇၄,၁၂၂ စတုရန်းမိုင် ဖြစ်၏။ မိုင်ဆိုပြည်နယ်၏ ရုံးစိုက်မြို့တော်သည် မိုင်ဆိုမြို့ဖြစ်၍ အုပ်ချုပ်ရေး၏ ဗဟိုဌာနမြို့ကြီးမှာ ဘန်ဂလိုမြို့ ဖြစ်သည်။ အခြားမြို့ကြီးများကား ကိုလာရွှေတွင်းမြို့၊ ဗယ်လာရီမြို့၊ဒါးဗန်းဂယ်ရီမြို့တို့ ဖြစ်၏။

မိုင်ဆိုပြည်နယ်သည် ဒက္ကန်ကုန်းပြင်မြင့်၏တောင်ပိုင်း တွင် တည်ရှိသည်။ အနောက်ဘက်တွင် တောင်များသွယ်တန်း တည်ရှိကာ အမြင့်ဆုံးတောင်ထွတ်သည် ပေ ၆၃ဝဝ ကျော် မြင့်သည်။ မိုင်ဆိုပြည်နယ်တွင်းသို့ ကစ္စန၊ ပင်နာနှင့်ကောဗာရီ မြစ်များမှ လက်တက်များ ဖြတ်သန်းစီးဝင်သည်။ ယင်းမြစ် လက်တက်များမှရေများကို တူးမြောင်းဖြင့်ဆက်သွယ်၍ လယ်ယာ စိုက်ပျိုးနိုင်သည့်အပြင် ရေအားဖြင့် လျှပ်စစ်ဓာတ်အားပေးနိုင်သည်။ မိုင်ဆိုပြည်နယ်တွင် ရာသီဥတုသာယာ၍ ကျန်းမာ ရေးနှင့် ညီညွတ်သည်။ တောင်တန်းဒေသဘက်တွင် မိုးကြီးသည်။

မိုင်ဆိုပြည်နယ်သည် သဘာဝပစ္စည်းကြွယ်ဝ၍ ခေတ်မီစက်မှုလက်မှုလုပ်ငန်းများအတွက် လိုအပ်သော အခြေခံကုန်ရိုင်းပစ္စည်းများ ပေါများသည်။ ထိုကြောင့် စက်မှုလုပ်ငန်းကြီးများ ဖြစ်သည့် သံ၊ သံမဏိ၊ ဘိလပ်မြေ၊ စက္ကူ၊ သကြား၊ ချည်ထည်၊ ပိုးထည်၊ ဓာတ်သတ္တု၊ ဆပ်ပြာ၊ မြေဩဇာ၊ နံ့သာ အစရှိသည့် လုပ်ငန်းများ ထွန်းကားသည်။ တစ်ခုတည်းသော လေယာဉ်လုပ်စက်ရုံသည် ဘန်ဂလိုမြို့တွင် တည်ရှိသည်။ ထိုပြင်တဝ မိုင်ဆိုပြည်နယ်သည် အိန္ဒိယနိုင်ငံတွင် ရွှေထွက်ရာ အဓိကဒေသဖြစ်၏။ အိန္ဒိယနိုင်ငံတွင် ရေအားလျှပ်စစ်ဓာတ်ကို ဖွံ့ဖြိုးအောင် ဦးစွာရှေ့ဆောင်သော ပြည်နယ်အဖြစ် အသိအမှတ် ပြုခြင်းကို ခံရ၏။ မိုင်ဆိုပြည်နယ်သည် ကမ္ဘာသုံး နံ့သာဆီ အများဆုံးထွက်သည်။ ကျေးလက်နှင့် အိမ်တွင်းလက်မှုလုပ်ငန်း များကိုလည်း အစိုးရက အားပေးသည်။ လယ်ယာစိုက်ပျိုးခြင်း အားဖြင့် အဓိကစိုက်ပျိုးသော အပင်တို့မှာ နှံစားပြောင်းပင်၊ သစ်သီးပင်၊ လက်ဖက်ပင်၊ ကော်ဖီပင်နှင့် ဆန်စပါးတို့ ဖြစ်၏။

လမ်းပန်းဆက်သွယ်ရေးအားဖြင့်လည်း မိုင်ဆိုပြည်နယ်သည် လွယ်ကူမှုရှိပေသည်။ မော်တော်ကားလမ်းများအပြင် မီးရထား လမ်းကျယ်ရော လမ်းကျဉ်းများပါရှိသည်။ လေကြောင်းအားဖြင့် အချက်အချာလေဆိပ်သည် ဘန်ဂလိုမြို့တွင် တည်ရှိပေသည်။

မိုင်ဆိုပြည်နယ်ရှိ လူဦးရေမှာ ၁၉၅၉ ခုနှစ်ခန့်မှန်းခြေ အရ ၁၉,၄ဝ၁,၁၉၃ ယောက်ဖြစ်၏။ ဟိန္ဒူအယူဝါဒီ များ၏။ အများဆုံး ဘာသာစကားမှာ ကန်နဒါ ဖြစ်၏။

သမိုင်းကြောင်း[ပြင်ဆင်ရန်]

မိုင်ဆိုပြည်ကို ၁၃၉၉ ခုနှစ်က လက်ရှိ မဟာရာဇာ၏ ဘိုးဘေးတို့ကတည်ထောင်ခဲ့ကြ၏။ ၁၈ ရာစုနှစ် နှောင်းပိုင်း လောက်က မွတ်စလင်တစ်ဦးဖြစ်သူ ဟိုက်ဒါအလီသည် မိုင်ဆို ပြည်ကို တိုက်ခိုက်၍ သိမ်းပိုက်ခဲ့၏။ သူ့အား သားဖြစ်သူ တစ်ပူးက ဆက်ခံသည်။ ၁၇၉၉ ခုနှစ်တွင် ဗြိတိသျှတို့က တစ်ပူးကို နှိမ်နင်းလိုက်၏။ ၁၇၉၉ ခုနှစ်မှ ၁၈၁၁ ခုနှစ်တိုင် ကရစ်ရှနရာဇာ အရွယ်မရောက်သေးသဖြင့် ပူရနေယျက ရင်ခွင် ပိုက်အဖြစ် အုပ်ချုပ်သည်။ အရွယ်ရောက်လတ်သော် ကရစ်ရှန ရာဇာ နန်းတက်ကာ ၁၈၃၁ ခုနှစ်တိုင် အုပ်ချုပ်သည်။ ပြည်တွင် အကြွေးများတင်ရှိနေသောကြောင့် ၁၈၃၁ ခုနှစ်မှ ၁၈၈၁ ခုနှစ်တိုင်အောင် ဗြိတိသျှတို့က အုပ်ချုပ်သည်။ ယင်းနှစ်တွင်ပင် ဗြိတိသျှတို့က ရှေးမင်းအဆက်အနွယ်များသို့ ပြည်ကို ပြန်အပ်လေသည်။ မိုင်ဆိုပြည်နယ်ကို အစိုးရသော မဟာရာဇာတို့သည် မိုင်ဆိုကို ခေတ်မီတိုးတက်စေအောင် များစွာ အားပေးပြုလုပ်ခဲ့ ပေသည်။ ၁၉၄၇ ခုနှစ်၌ အိန္ဒိယနိုင်ငံသည် ဗြိတိသျှတို့လက်မှ လွတ်မြောက်၍ လွတ်လပ်ရေးရရှိသောအခါ မိုင်ဆိုပြည်နယ်သည် အိန္ဒိယပြည်ထောင်စုတွင် ပြည်နယ်တစ်ခု ဖြစ်လာသည်။ လွတ်လပ်ရေးရပြီး၍ မရှေးမနှောင်းတွင်ပင် ရှေးက ဘုန်းတန်ခိုး အတန်ပင်ကြီးခဲ့သော မဟာရာဇာတို့သည် ရိက္ခာတော်များကို သာ ရရှိ၏။ ရာဇာပရမုခဟူသောဘွဲ့ဖြင့် ပြည်နယ်တွင် အကြီး အမှူးဖြစ်သော်လည်း တကယ့်အာဏာသည် ပြည်နယ်ဝန်ကြီးချုပ် လက်ထဲတွင် ရှိလေသည်။ မိုင်ဆိုပြည်နယ်တွင် သီးခြားဝန်ကြီး အဖွဲ့နှင့် သီးခြားလွှတ်တော် နှစ်ရပ်ရှိ၏။ အိန္ဒိယပြည်ထောင်စု၏ အထက်လွှတ်တော် နှစ်ရပ်ရှိ၏။ အိန္ဒိယ ပြည်ထောင်စု၏ အထက်လွှတ်တော်ဖြစ်သော ပြည်နယ်ကောင်စီအဖွဲ့သို့ ကိုယ်စားလှယ် ၁၂ ယောက်နှင့် အောက်လွှတ်တော်ဖြစ်သော ပြည်သူ့ လွှတ်တော်သို့ ကိုယ်စားလှယ် ၂၆ ယောက် စေလွှတ်ရပေသည်။[၂]

ကိုးကား[ပြင်ဆင်ရန်]

  1. States of India since 1947။ World Statesman။ Archived from the original on 1 July 2014။ 9 July 2014 တွင် ပြန်စစ်ပြီး။
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)