ဘုံဘိုင်ပြည်နယ်

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

ဘုံဘိုင်ပြည်နယ်[ပြင်ဆင်ရန်]

ဘုံဘိုင်ပြည်နယ်သည် အိန္ဒိယ ပြည်ထောင်စု နိုင်ငံတွင် ဖွဲ့စည်းပါဝင်သော ပြည်နယ်တစ်ခု ဖြစ်ခဲ့၍ အိန္ဒိယကျွန်းဆွယ်၏ အနောက်ဘက်တွင် တည်ရှိ သည်။ နယ်နိမိတ်အားဖြင့် မြောက်ဘက်တွင် ရာဇဌာန်၊ အရှေ့ဘက်တွင် မဇ္ဈပဒေသ၊ တောင်ဘက်တွင် မိုင်ဆိုပြည်နယ် နှင့် အန္ဓရပဒေသပြည်နယ်၊ အနောက်ဘက်တွင် အာရေဗျ ပင်လယ်နှင့် အနောက်မြောက်ဘက်တွင် အနောက်ပါကစ္စတန် တို့တည်ရှိသည်။ ဘုံဘိုင် ပြည်နယ်သည် ၁၉ဝဝ၃၈ စတုရန်းမိုင်ရှိသည်။ လူဦးရေမှာ ၄၈၂၆၅၂၂၁ ယောက်ရှိသည်။ ပြည်နယ်၏ မြို့တော်မှာ ဘုံဘိုင်မြို့ဖြစ်ခဲ့သည်။ ပြည်နယ် တွင်း အများဆုံးပြောဆိုသော ဘာသာစကားတို့မှာ မရာသီနှင့် ဂူဂျရာဘီ စကားတို့ဖြစ်သည်။

ဘုံဘိုင်ပြည်နယ်သည် မြေမျက်နှာပြင်အားဖြင့် အနောက်ဘက် ကမ်းရိုးတန်းတစ်လျှောက်တွင် ရှည်လျားစွာ တည်ရှိသော မြေပြန့်ကမ်းမြောင်ဒေသ ဖြစ်သည်။ အရှေ့ဘက်တွင် ပြည်နယ် တစ်လျှောက်လုံး ဆိုသလိုပင် အနောက်ဂတ်တောင်တန်းများ သွယ်တန်းလျက်ရှိသည်။

ဘုံဘိုင်ပြည်နယ်တွင်း စီးဆင်းသော မြစ်ချောင်းတို့အနက် ထင်ရှားသော မြစ်များမှာ နာဗဒ္ဒါ ( နရဗဒ္ဓါ ) နှင့် တပတီ (တာပီ) မြစ်များဖြစ်၍ မြစ် ၂ စင်းလုံးပင် အာရေဗျ ပင်လယ်တွင်းသို့စီးဆင်းသည်။ ဘုံဘိုင်ပြည်နယ်တွင် ရာသီဥတု ပူပြင်းသည်။ ဖာရင်ဟိုက် ဒီဂရီ ၈ဝ ပျမ်းမျှ ရှိသည်။

ဘုံတိုင်ပြည်နယ်မှ ထွက်ကုန်တို့အနက် ဝါဂွမ်းမှာ အဓိကဖြစ်၏။ အိန္ဒယနိုင်ငံမှ ထွက်သမျှ ဝါဂွမ်း၏ ၄ ပုံ ၁ ပုံမှာ ဘုံတိုင်ပြည်နယ်မှ ထွက်သည်။ ဝါဂွမ်းအပြင် ဆန်၊ ဂျုံ၊ နှံစားပြောင်း၊ လက်ဖက်၊ သကြား၊ အုန်းပင်ထွက် ပစ္စည်းတို့ လည်းထွက်၏။ ဘုံဘိုင်ပြည်နယ်မှ သံအနည်းငယ် တူးဖော် ရရှိသည်။ ထိုပြင် ဗောက်ဆိုက်နှင့် ဂျစ်ပဆမ်တို့ကို လည်းကောင်း၊ ကမ်းရိုးတမ်းတစ်လျှောက်တွင် ဆားကို လည်းကောင်း ရရှိသည်။ သို့သော် လူဦးရေ တစ်ဝက်ကျော် သည် လယ်ယာ ကိုင်းကျွန်းကိုမှီ၍ အသက်မွေးကြသည်။

ဘုံတိုင်ပြည်နယ်သည် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ပေသည်။ ကုန်း၊ ရေ၊ လေလမ်းကြောင်း အသွယ် သွယ်သည် မြို့တော်ဖြစ်သော ဘုံဘိုင်မြို့တွင် ဆုံကြသည်။


သို့ဖြင့် ပြည်တွင်း ပြည်ပကောင်းစွာ ပေါက်ရောက်သောကြောင့် ဘုံတိုင်ပြည်နယ်သည် ကူးသန်းရောင်းဝယ်ရေး ဖွံ့ဖြိုး၍ အိန္ဒိယနိုင်ငံတွင် အခြားပြည်နယ်တို့ထက် ကုန်သွယ်မှုတွင် စည်ကားသည်။

ဘုံဘိုင်ပြည်နယ်တွင်းသို့အင်္ဂလိပ်တို့သည် ခရစ် ၁၆၁၈ ခုနှစ်က ဦးစွာဝင်ရောက် နေထိုင်သည်။ ထိုစဉ်က ဧကရာဇ် ဂျဟန်ဂါ၏ ခွင့်ပြုချက်အရ အရှေ့အိန္ဒိယ ကုမ္ပဏီသည် စူရတ်တွင် ကုန်တိုက်ဖွင့်ခွင့်ရသည်။ ၁၆၆၁ ခုနှစ်တွင် ဘုံဘိုင်မြို့သည် အင်္ဂလိပ်ပိုင်နယ် ဖြစ်လာသည်။


ဘုံဘိုင်နယ်သည် ၁၈ဝ၃ ခုနှစ်တွင် မကျယ်ဝန်းသေးချေ။ ၁၈ဝ၅ ခုနှစ်၌ ဂူဂျရတ်နယ်များကို ဘုံဘိုင်ပြည်နယ်တွင်းသို့သိမ်းသွင်း၍ အခြား နယ်များကို လည်း တဖြည်းဖြည်း ပေါင်းစပ်လိုက်၏။ ဗြိတိသျှတို့ အုပ်စိုးစဉ်က ဗြိတိသျှတို့လုံးဝအုပ်စိုးသည် မဟုတ်ဘဲ အချို့နယ်များတွင် မဟာရာဇာများ အုပ်ချုပ်သည်။ ဒုတိယကမ္ဘာစစ်အတွင်းက ဗြိတိသျှ ဘုရင်ခံ အုပ်ချုပ်သည်။

သို့သော် ၁၉၃၅ ခုနှစ် အိန္ဒိယပြည် အုပ်ချုပ်ရေး အက်ဥပဒေ ကို ပြဋ္ဌာန်းပြီးသည့်နောက်တွင် ပြည်သူတို့က ရွေးကောက် တင်မြေ|ာက်ရသော ဝန်ကြီးအဖွဲ့သည် အုပ်ချုပ်ရေးတွင် အတော်အတန် ပါဝင်ဆောင်ရွက်ခွင့် ရလာခဲ့၏။ အိန္ဒိယနိုင်ငံ လွတ်လပ်ရေးရသောအခါ အိန္ဒိယပြည်ထောင်စုတွင် ပါဝင် သည်။ ခရစ် ၁၉၄၈ ခုနှစ် နှင့် ၁၉၄၉ ခုနှစ်တွင် လည်းကောင်း၊ ၁၉၅၆ ခုနှစ်တွင်လည်းကောင်း နိုင်ငံကို ပြန်လည်ဖွဲ့စည်းသောအခါ ပြည်နယ် တွင်းသို့အခြားနယ်များ ကို သွတ်သွင်းလိုက်သောကြောင့် ပြည်နယ်သည် ကျယ်ဝန်း လာကာ အိန္ဒိယနိုင်ငံတွင် အကျယ်ဝန်းဆုံး ဖြစ်လာသည်။

၁၉၆ဝ ပြည့်နှစ် မေလ ၁ ရက်နေ့တွင် ဘုံဘိုင်ပြည်နယ် ကြီးကို ဂူဂျရတ်ပြည်နယ် နှင့် မဟာရဋ္ဌပြည်နယ်ဟူ၍ ပြည်နယ် ၂ ခု ခွဲလိုက်သည်။ ဂူဂျရတ်ပြည်နယ်တွင် ယခင်က ဘုံဘိုင်ပြည်နယ် အတွင်း၌ ပါဝင်ခဲ့သော အမီဒါဗတ်၊ ဗာရိုဒါ၊ ဂျူနာဂတ်၊ ရာ့ဂျကော့ အစရှိသည့် ခရိုင် ၁၇ ခရိုင်အပြင်၊ ဌာနာ ခရိုင်အတွင်းမှ ရွာပေါင်း ၅ဝ နှင့် အနောက်ခန်ဒက်ရှ ခရိုင်းအတွင်းမှ ရွာပေါင်း ၁၅၆ ရွာတို့ပါဝင်သည်။

အကျယ်အဝန်းမှာ ၇၂၁၃၇ စတုရန်းမိုင်ဖြစ်၏။ လူဦးရေ ၁၆ ့၃ သန်း နေထိုင်သည်။ မြို့တော်အဖြစ် အမီဒါဗတ် မြို့ကို ယာယီအားဖြင့် သတ်မှတ်ထား၏။

မဟာရဋ္ဌပြည်နယ်တွင် ဂူဂျရတ်ပြည်နယ်အတွင်း မပါမဝင် ကျန်နေသော ယခင်က ဘုံဘိုင်ပြည်နယ်၏ အစိတ်အပိုင်းများ ပါဝင်၏။ ၁၁၈၉ဝ၃ စတုရန်းမိုင် ကျယ်ဝန်းသည်။ လူဦးရေ ၃၂ ့၂ သန်း နေထိုင်လျက်ရှိသည်။ မြို့တော်မှာ ဘုံဘိုင်မြို့ဖြစ်လေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၈)

ကိုးကား[ပြင်ဆင်ရန်]