မဟာဝံသ

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်
မဟာဝံသ
အမျိုးအစားပိဋကတ်မဟုတ်သော စာပေ; ရာဇဝင်ကျမ်း
ဖွဲ့စည်းမှုငါးရာစု
Attributionမဟာနာမ
Commentaryမဟာဝံသ ဋီကာ
PTS အတိုကောက်Bv
ပါဠိစာပေ

မဟာဝင် (ပါဠိ: မဟာဝံသ; Mahāvaṃsa) သည် သီရိလင်္ကာနိုင်ငံ (သီဟိုဠ်ကျွန်း) ၏ သမိုင်းဝင်ရာဇဝင်ကျမ်းတစ်ခုဖြစ်၍ ပါဠိဘာသာစကားကို အသုံးပြု၍ ကဗျာလင်္ကာရှည်သဏ္ဌာန်ဖြင့် ရေးသားထားသည်။[၁] ဒဏ္ဍာရီလာ မူလအစ (မဟာသမ္မတမင်း) မှ သီရိလင်္ကာ၊ အနုရာဓပုရမြို့၏ မဟာသေနမင်းလက်ထက် (အေဒီ ၃၀၂ သို့ ၃၀၄) အထိ အကြောင်းအရာများကို ဖော်ပြထားရာ အိန္ဒိယမှ အိမ်ရှေ့မင်းသား ဝိဇယ သိရိလင်္ကာသို့ ဘီစီ ၅၄၃ တွင် ရောက်ရှိလာပုံလည်းပါဝင်လေသည်။ နောက်ပိုင်း၌ ဤကျမ်းကို စာရေးသူများစွာက ခေတ်ကာလနှင့်အညီ မွမ်းမံခဲ့ကြသည်။ မဟာဝံသကျမ်းကို အေဒီငါးရာစုတွင် အနုရာဓပုရမြို့ရှိ မဟာဝိဟာရကျောင်းတွင် မဟာနာမ အမည်တွင်သော ရဟန်းတစ်ပါးက ရေးဖွဲ့ခဲ့သည်။

ပါဝင်ဖွဲ့စည်းမှု[ပြင်ဆင်ရန်]

မဟာဝံသကျမ်းကို အဓိကအုပ်စုကြီး လေးခုဖြင့် တည်ဆောက်ရေးသားထားသည်။ ၎င်းတို့မှာ[၂] :

  • ဗုဒ္ဓကိုယ်တော် သီရိလင်္ကာသို့ ကြွရောက်ခြင်း : ဤအပိုင်းတွင် ဘုရားရှင်သည် သီရိလင်္ကာသို့ သုံးကြိမ်ကြွရောက်သည့်အကြောင်းကို ဒဏ္ဍာရီဆန်ဆန်ဖော်ပြထားခြင်း၊ ဤဇာတ်လမ်းများ၌ ဗုဒ္ဓကိုယ်တော်တိုင် လင်္ကာကျွန်းတွင် နေထိုင်နေကြသော ယက္ခနွယ်များ နှင့် နဂါးများကို နှိမ်နင်းတော်မူခြင်းနှင့် သီရိလင်္ကာသည် အရေးပါအရာရောက်သော ဗုဒ္ဓသာသနာနယ်မြေတစ်ခုဖြစ်လာမည်ဖြစ်ကြောင်း ဟောပြောမိန့်ကြားခြင်းများပါဝင်ပြီး ဤသို့သောဇာတ်လမ်းများသည် ပါဠိပိဋကတ်စာပေများနှင့် အခြားရှေးဦးကျမ်းများ၌ ဖော်ပြထားခြင်းမရှိပေ။
  • သီရိလင်္ကာမင်းဆက်ရာဇဝင် : သီရိလင်္ကာမင်းများ၏ မျိုးနွယ်၊ ဆင်းသက်ပုံများပါဝင်ကာ ရံခါတွင် ဤတို့၏ နန်းခံခြင်း (သို့) သိသာထင်ရှားသော အဖြစ်ပျက်များကိုလည်း ဖော်ပြထားမှုရှိသည်။ ဤအပိုင်းသည် ပို၍ရှေးကျသော ရာဇဝင်များ၊ ဒေသယိဘာသာစကားများဖြင့် နှုတ်မှုရေးရာလက်ဆင့်ကမ်းလာကြသော မင်းဆက်စာရင်း စသည်တို့မှ ယူငင်ရေးသားထားဖွယ်ရှိ၍ သီရိလင်္ကာနိုင်ငံသမိုင်းအတွက်သာမက အနီးအပါးရှိ နိုင်ငံများ (ဥပမာ မြန်မာ) ရာဇဝင်သမိုင်းအတွက်လည်း အရေးပါသည်။
  • သံဃာသမိုင်း : ဤအပိုင်းသည် ဧကရာဇ်ရှင် အာသောကမင်း၏ သီရိလင်္ကာသို့ သာသနာပြုစေလွှတ်သည့်အကြောင်းအရာ၊ ဗောဓိပင်ပြောင်းရွှေ့စိုက်ပျိုးခြင်း၊ မဟာဝိဟာရကျောင်းကြီးတည်ထောင်ခြင်း စသည်တို့ပါဝင်လေသည်။ ထို့အပြင် လင်္ကာကျွန်းရှိ ထိုစဉ်က ထင်ရှားကျော်ကြားသော ရဟန်း၊ ရဟန်းမများ၏ အမည်များလည်းဖော်ပြရေးသားထားကာ အစောပိုင်းသင်္ဂါယနာများ အကြောင်းလည်းပါဝင်ပေသည်။ ထို့နောက်အရေးတကြီးပါဝင်မှုတစ်ခုမှာ ပါဠိကျမ်းစာများကို ပေထက်အက္ခရာတင်ရေးသားခြင်းဖြစ်၏ ။ ထိုကြောင့်ယခုအပိုင်းသည် အစောပိုင်းဗုဒ္ဓဘာသာအဖွဲ့အစည်း (သံဃာ့အဖွဲ့အစည်း) ၏ တိုးတက်ဖြစ်ထွန်းလာမှု၊ တောင်အာရှနှင့် အရှေ့တောင်အာရှသို့ သာသနာပြုများစေလွှတ်ရာတွင် စေလွှတ်ခံရသူ၏အမည်များပါဝင်လေရာ ထိုအမည်များကို ကျောက်စာများနှင့် အခြားရှေးဟောင်းသုတေသနရှာဖွေတွေ့ရှိမှုများက သက်သေထူနိုင်ခဲ့ကြသည်။
  • သီရိလင်္ကာရာဇဝင်ကျမ်းများ : နောက်ဆုံးဖြစ်သော ဤအပိုင်းတွင် မင်းသားဝိဇယ အိန္ဒိယမှ ရောက်ရှိလာမှုဖြင့် စတင်ထားကာ မဟာသေနမင်းစိုးစံသောကာလအထိဖြစ်၏ ။ စစ်ပွဲများ၊ နန်းခံခြင်းဆိုင်ရာ သဘောထားကွဲလွဲ အငြင်းပွားမှုများ၊ စေတီနှင့် ဌာပနာ(တိုက်) များတည်ဆောက်ခြင်းနှင့် အခြားသော အရေးပါသည့်ဖြစ်ရပ်များလည်းပါဝင်သည်။ သီဟိုဠ်ဘုရင် ဒုဋ္ဌဂါမဏိနှင့် တမီလ်ဘုရင် အလ္လရ တို့ကြား စစ်ပွဲကြီးနှင့်ပတ်သတ်သော ရာဇဝင်ကြောင်းကို အပိုဒ်ပေါင်း ၈၁၆ ပိုဒ်ဖြင့် ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြရေးသားထားခြင်းလည်းရှိရာ ဒေသယိရိုးရာစဉ်ဆက်များမှ စိတ်ဝင်စားဖွယ်ကဗျာရှည်ပုံစံအဖြစ် ပေါင်းစပ်ဖွဲ့နွဲ့ထားခြင်းလည်း ဖြစ်နိုင်သည်။[၂]

မဟာဝံသတွင် ပါဝင်သောအကြောင်းအရာများစွာသည် ဒီပဝံသတွင် တွေ့ရှိရသော အကြောင်းအရာများကို ချဲ့ထွင်ခြင်းမှ ဆင်းသက်လာသော်လည်း "အဘယဂိရိဝိဟာရ" နှင့်ပတ်သက်သော စာပိုဒ်အချို့ပါဝင်မှုမရှိ၍ မဟာဝံသကျမ်းသည် မဟာဝိဟာရယအကြောင်းကိုသာ သတ်သတ်မှတ်မှတ် ပို၍ဖော်ပြထားသည်။[၂]

သမိုင်းကြောင်း[ပြင်ဆင်ရန်]

အနုရာဓပူရမဟာဝိဟာရယမှ ရဟန်းများက သီရိလင်္ကာနိုင်ငံ၏ ရာဇဝင်ကျမ်းများကို ဘီစီ ၃ ရာစုမှစ၍ မပျောက်မပျက် ထိန်းသိမ်းလာခဲ့ကြသည်။ ဤသမိုင်းမှတ်တမ်းများကို အေဒီငါးရာစု အနုရာဓပုရမြို့၏ ဘုရင် ဓာတုသေနမင်း အုပ်စိုးစဉ်တွင် ပေါင်းစပ်၍ စာပေတစ်ခုတည်းဖြစ်စေရန် ပြုစုခဲ့ကြသည်။ အဋ္ဌကထာ (သီဟဠအဋ္ဌကထာ) ခေါ် ရှေးကျသော စာပေများစွာကို အခြေပြု၍ ရေးသားပြုစုခဲ့ကြသည်။ အစောပိုင်းပေါ်ထွန်းခဲ့သည့် ဒီပဝံသ (၄ ရာစု) သည် "ဒီပ" ဟုခေါ်သော လင်္ကာဒီပ (ကျွန်း) ၏ ရာဇဝင်အကြောင်းဖြစ်၍ ပို၍ရှင်းလင်းကာ မဟာဝံသ ထက်ပို၍ အကြောင်းရာပါဝင်မှုနည်းလေသည်။ ဒီပဝံသကိုလည်း အဋ္ဌကထာများပေါ်အခြေတည်၍ ဖွဲ့ဟန်တူသည်ဟု ယူဆနိုင်သည်။

မဟာဝံသဋီကာအလိုအားဖြင့် "မဟာဝံသကျမ်း"ကို မဟာနာမ ခေါ် ရဟန်းတော်တစ်ပါးက ရေးသားခဲ့သည်ဟုဆိုသည်။ ဒီဃသန္ဒသေနာပတိ (စစ်သူကြီး) ပိုင်ဆိုင်ခဲ့သော ကျောင်းတွင် မဟာနာမ နေထိုင်ခဲ့သည်ဟုဖော်ပြထားက မဟာဝိဟာရ ကျောင်းကြီးနှင့်လည်း ဆက်စပ်မှုရှိခဲ့သည်။ သို့ရာတွင် ထိုရဟန်းနှင့်ပတ်သက်သော အခြားယုံကြည်အားထားလောက်သည့် ကိုယ်ရေးအချက်အလက်များကိုမူ မသိရှိကြပေ။[၂] မဟာနာမ မထေရ်က မဟာဝံသ၌ စတင်ရေးသားပုံမှာ "ရှေးခေတ်လူများ ရေးသားပြုစုခဲ့သည့် ရာဇဝင်ကျမ်းများ၌ ချို့ယွင်းချက်များ၊ (အကြောင်းအရာကို) ထပ်ခါတလဲလဲဖော်ပြထားမှုများကို ပြင်ဆင်ပေးရန်ဟူ၍ဖြစ်ကာ ရှေးခေတ်ရာဇဝင်ကျမ်းများ ဆိုသည်မှာ သီဟာဠအဋ္ဌကထာ (သို့) ဒီပဝံသ ကိုရည်ညှန်းခြင်းဖြစ်နိုင်ပေသည်။[၂]

ဆက်စပ်အတွဲတစ်ခုဖြစ်သည့် စူဠဝံသ (ရာဇဝင်ငယ် ; Culavamsa) ကို သီဟိုဠ်ရဟန်းများက ပြုစုခဲ့ကြကာ လေးရာစုမှ သီရိလင်္ကာကို ဗြိတိသျှများ သိမ်းပိုက်သည့်နှစ် ၁၈၁၅ အထိ အကြောင်းအရာများပါဝင်လေသည်။ စူဠဝံသကိုကား ခေတ်အဆက်ဆက်မှ မြောက်များစွာသော စာဆိုတော်တို့က ရေးသားပြုစုခဲ့ကြသည်။

ထောင်စုနှစ် နှစ်ခုစာပမာဏကို (အဆက်အခြားမရှိ) လွှမ်းခြုံနိုင်သည့် ဤနှစ်တွဲကိုပင် "မဟာဝံသ" ဟူ၍ ရံခါ၌ ညွှန်းဆိုကြပြီး ကမ္ဘာ့အရှည်ဆုံး တောက်လျှောက်(မကျိုးမပြတ်သည့်) ရာဇဝင်ကျမ်းများထဲက တစ်ခုဟု သတ်မှတ်ယူဆကြပေသည်။[၃] ကာလိင်္ဂတိုင်း၊ သိင်္ဃပူရမြို့မှ မင်းသားဝိဇယ မရောက်မီ လင်္ကာကျွန်း၏ မူလဇာတိနေထိုင်ကြသော နဂါးနွယ်၊ ယက္ခနွယ်များနှင့်ပတ်သက်သော အကြောင်းအရာများပါဝင်သည့် အနည်းအကျဉ်းသာရှိသောစာပေများထဲက တစ်ခုလည်းဖြစ်သည်။

အိန္ဒိယဒေသ၏ မင်းဆက်များကို ဖော်ပြထားသောကြောင့်လည်း မဟာဝံသကျမ်းသည် အိန္ဒိယတိုက်ငယ်ရှိ ခေတ်ပြိုင်မင်းဆက်များကို ခေတ်သတ်မှတ်ခြင်း၊ ဆက်စပ်ဖော်ပြခြင်းများ ဆောင်ရွက်လိုသော သမိုင်းပညာရှင်များအတွက် လွန်စွာတန်ဖိုးရှိသည်သာမက မောရိယမင်းဆက် ဧကရာဇ် အာသောကမင်း၏ ဘာသာရေးဆိုင်ရာဆောင်ရွက်မှုများကို ခေတ်၊ နှစ်သတ်မှတ်ရာတွင်လည်း အရေးပါ၏ ။ ထို့ကြောင့် မဟာအလက်ဇန္ဒြားခေတ် နှင့် အစ်လူးဆစ်အင်ပါယာခေတ် (ဆီးရီးယားနှင့်အနောက်အာရှပိုင်း) တို့နှင့် အာသောကခေတ်တို့ငို နှိုင်းယှဉ်၊ ယှဉ်တွဲ၍ ခေတ်ဖော်ပြရာ၌ အရေးပါသည်။

ဆန်ချီစေတီတော်၊ အခြားသောနေရာများမှ တူးဖော်မှုများသည် မဟာဝံသကျမ်းပါ အာသောကမင်း၏ အင်ပါယာနှင့်ပတ်သက်သော အကြောင်းအရများကို အတည်ပြုပေးနိုင်ခဲ့သည်။ မဟာဝံသ၌ဆိုထားသော ဖော်ပြချက်များကို အခြားသော ကျောက်စာများ၊ အထူးသဖြင့် သီဟိုဠိုတွင် တွေ့ရသော ကျောက်စာအထောက်အထားများက ကျယ်ပြန့်စွာ အထောက်အပံ့ပေးနိုင်သည်။[၄] သမိုင်းနှင့် ရှေးဟောင်းသုတေသနပညာရှင် ကေ အိန္ဒြာပါလ (K. Indrapala)[၅] သည် မဟာဝံသကျမ်းစာ၏ သမိုင်းဆိုင်ရာတန်ဖိုးကို အတည်ပြုထောက်ခံခဲ့သည်။ မဟာဝံသကျမ်းကြောင့်သာလျှင် ရုဝံဝေလိသယစေတီ၊ ဇေတဝနရာမယစေတီ၊ အဘယဂိရိဝိဟာရနှင့် အခြားသော ရှေးဟောင်းလက်ရာများကဲ့သို့သော အနုရာဓပုရမြို့ရှိ အလွန်ကြီးမားသော စေတီတော်ကြီးများ အကြောင်းကို သိရှိရပေသည်။

မဟာဝံသကျမ်းသည် ပထမဆုံးအနောက်နိုင်ငံသားတို့၏ အာရုံကျရာဖြစ်လာသည်မှာ ၁၈၀၉ ခုနှစ်ဝန်းကျင်ခန့်ကဖြစ်ကာ ထိုနှစ်များတွင် ဗြိတိသျှကိုလိုနီဖြစ်ခဲ့သော သီဟိုဠ်၏ တရားသူကြီးချုပ် အလက်ဇန္ဒား ဂျွန်စတန်က မဟာဝံသနှင့်ပတ်သက်သောစာမူများ၊ အခြားသီရိလင်္ကာ ရာဇဝင်ကျမ်းများကို ဥရောပသို့ စာအုပ်ထုတ်ဝေရန် ပို့ပေးခဲ့သည်။[၆] ပြင်သစ်ပညာရှင် အူဂျဲန် ဘူယနုဖ် (Eugène Burnouf) က ၁၈၂၆ တွင် ရောမအက္ခရာသို့ဖလှယ်၍ လက်တင်ဘာသာသို့ ပြန်ဆိုခဲ့သည်။ သို့ရာတွင် အများစိတ်ဝင်စားမှု မရှိသလောက်ဖြစ်ခဲ့၏ ။[၇]:86 ဂျွန်စတန်၏ စာမူများမှနေ၍ အဒ်ဝါ့ဒ် အာ့ပ်ဟမ်း (Edward Upham)က အင်္ဂလိပ်ဘာသာသို့ပြန်ဆိုထုတ်ဝေခဲ့သော်လည်း ဘာသာပြန် အမှားအယွင်းမြောက်များစွာပါဝင်ရာ ဥပမာအနေဖြင့် ဗုဒ္ဓသည် သီရိလင်္ကာတွင် ဖွားမြင်ခဲ့၍ အာဒမ်တောင်ထိပ်တွင် ကျောင်းတစ်ကျောင်းတည်ဆောက်ခဲ့သည်ဟူသော ညွှန်းဆိုချက်များ ဖြစ်သည်။[၇]:86 ပထမဆုံးပုံနှိပ်မူဖြစ်ကာ အကျယ်ပြန့်ဆုံးဖတ်ရှုသည့် အင်္ဂလိပ်ဘာသာပြန်မူကို ၁၈၃၇ တွင် သီရိလင်္ကာအရပ်ဘက်ဝန်ထမ်းအရာရှိတစ်ဦးဖြစ်သော သမိုင်းကျွမ်းကျင်သူ ဂျော့ဂျ် တားနာ (George Turnour) က ထုတ်ဝေခဲ့သည်။[၇]:86

ဂျာမန်ဘာသာပြန်မူကို ဗစ်လ်ဟမ် ဂိုက်ဂါ (Wilhelm Geiger) က ၁၉၁၂ တွင် ပြန်ဆိုပြီးစီးသည်။ဤမူကိုပင် မေဘယ်လ် ဟေးနက်စ်က အင်္ဂလိပ်သို့ ပြန်ဆိုခဲ့၍ ဂိုက်ဂါက စိစစ်တည်းဖြတ်ပေးခဲ့သည်။[၈]

သမိုင်းနှင့် စာပေဆိုင်ရာအရေးပါမှု[ပြင်ဆင်ရန်]

သမိုင်းရေးသားခြင်းဆိုင်ရာရင်းမြစ်များသည် တောင်အာရှတခွင်တွင် ရှားပါးလှ၏ ။ မဟာဝံသကြောင့်သာ သီဟိုဠ်ကျွန်းနှင့် အနီးနားဒေသများ၏သမိုင်းကို အိန္ဒိယတိုက်ငယ်၏ အခြားအပိုင်းများ၏သမိုင်းထက်ပို၍ သိရှိရသည်။ ကျမ်းစာပါစာများသည် ရှေးဟောင်းသုတေသနဆိုင်ရာ နေရာများ၊ အစောပိုင်းဗုဒ္ဓဘာသာနှင့်ပတ်သက်သော ကျောက်စာများ၊ အာသောကမင်း၏ အင်ပါယာ၊ တောင်အိန္ဒိယရှိ တမီလ်နိုင်ငံများ စသည်တို့ကို ခွဲခြားအတည်ပြုရာတွင် အကူအညီအများအပြားဖြစ်စေခဲ့သည်။[၂]

သီရိလင်္ကာနိုင်ငံ၏ အစောပိုင်းဗုဒ္ဓဘာသာသမိုင်းများကို မဟာဝံသက ခြုံငုံဖော်ပြထားရာ ဂေါတမဗုဒ္ဓ၏ ခေတ်ကာလမှ စတင်ရေးသားထားသည်။ ဗုဒ္ဓပရိနိဗ္ဗာန်စံသည်မှ အေဒီသုံးရာစုအထိ အိန္ဒိယ၏ ရှေးဦးဗုဒ္ဓဘာသာသမိုင်းကိုလည်း အကျဉ်းမျှတင်ပြထားသည်။ မဟာဝံသပါ အခန်းတိုင်းကို "နက်ရှိုင်းသက်ဝင်ယုံကြည်သော သုခချမ်းသာဖြင့်" ဟုအဆုံးသတ်သည်။ အနုရာဓပူရမဟာဝိစာရယကျောင်းကြီး၏ ဒါယကာတော်များဖြစ်သော ဘုရင်မင်းများ၏ ကုသိုလ်ကောင်းမှုများကို ပြုစုမှတ်တမ်းတင်ထားခြင်းနှင့် ကျမ်း၏ဖော်ပြအလေးပေးထားခြင်း အရ[၉] သီဟိုဠ်အမျိုးသားရေးကို အထောက်အပံ့ဖြစ်ရန်ဟု ဆိုကြသည်။[၁၀][၁၁]

မဟာဝံသကျမ်းသည် သမိုင်းဆိုင်ရာ အရေးပါသောရင်းမြစ်တစ်ခုအဖြစ်သာမက ပါဠိဘာသာဖြင့် ဖွဲ့ဆိုခဲ့သော အရေးပါဆုံး ကဗျာလင်္ကာရှည်တစ်ခုလည်းဖြစ်၏ ။ တိုက်ပွဲများ၊ နန်းရေးနန်းရာ ကြံစည်မှုများ၊ စေတီကြီးများနှင့် ရေကာတာကြီးများ တည်ဆောက်မှု စသည်တို့နှင့်ပတ်သက်သော ဇာတ်လမ်းများအကြောင်းကို နှစ်လိုဖွယ် ကဗျာစာပိုဒ်များဖြင့် ရေးသားသီကုံးထားသောကြောင့် အလွတ်ကျတ်မှတ်ရန်အတွက်သင့်တော်သည့်အပြင် ထိုခေတ်ထိုအခါက ဗုဒ္ဓဘာသာအဝန်းအဝိုင်း၏ စိတ်အာရုံကိုလည်း ဖမ်းသားနိုင်ခဲ့ပေသည်။ ၎င်းထက်ပိုရှေးကျသော ကျမ်းစာများစွာနှင့် မတူသည်မှာ မဟာဝံသသည် သာမန်လူထုဘဝ၏ အသွင်အမျိုးမျိုး၊ ထိုလူထုက ဘုရင့်စစ်တပ်ကို ဝင်ရောက်လာပုံ (သို့) စိုက်ပျိုးမွေးမြူကြပုံ တို့ကို ဆွေးနွေးဖော်ပြထားလေသည်။ ထို့အတွက်ကြောင့်ပင် ဤကျမ်းစာကို ပိုးလမ်းမကြီးတစ်လျှောက် ဗုဒ္ဓဘာသာတိုင်းပြည်များသို့ ယူဆောင်ခဲ့ကြသည်။[၁၂] ကျမ်းစာပါအကြောင်းအရာများကို အခြားဘာသာစားများဖြင့် ဘာသာပြန်ဆိုခြင်း၊ ပြန်လည်ဟောပြောခြင်းများ၊ လေ့ကျင့်သင်အံခြင်းများလည်း ပြုလုပ်ခဲ့ကြပေ၏ ။ အသေးစိတ်များကို တင်ပြထားသော ချဲ့ထွင်ထားသည့် မဟာဝံ့သမူတစ်ခုကို အရှေ့တောင်အာရှတွင်လည်းပဲ တွေ့ရှိခဲ့သည်။[၁၃][၂] မဟာဝံသကျမ်းကြီးသည် အခြားအခြားသော ပါဠိရာဇဝင်များကိုလည်း အများအပြား ပေါ်ပေါက်လာစေခဲ့ရာ ထိုခေတ်ကာလက သီရိလင်္ကာနိုင်ငံကို ပါဠိစာပေ၏ ကမ္ဘာ့ဦးဆောင် သင်ကြားသင်ယူသော ဌာနေတစ်ခုဖြစ်လာစေခဲ့သည်မှာ ဖြစ်တန်ရာ၏ ။

နိုင်ငံရေးအရ အရေးပါမှု[ပြင်ဆင်ရန်]

မဟာဝံသကျမ်းသည် အထူးသဖြင့် ခေတ်သစ်သီရိလင်္ကာနိုင်ငံတွင် နိုင်ငံရေးအရ သတင်းစကားပါဝင်သော မှတ်တမ်းမှတ်ရာတစ်ခုအဖြစ် ထင်ရှားမှုရှိသည်။[၁၄] သီဟိုဠ်သားတို့ကား မဟာဝံသကိုပင် လက်ကိုင်ပြု၍ သီရိလင်္ကာသည် ရှေးကတည်းက သီဟဠတို့၏ တိုင်းပြည်ဖြစ်ကြောင်း ဆိုကြပေသည်။

ဗြိတိသျှသမိုင်းဆရာ ဂျိန်း ရဆဲလ်က "မဟာဝံသ ဆန့်ကျင်မှုဖြစ်စဉ်"သည် ၁၉၃၀ နှစ်များဆီက စတင်ပေါ်ပေါက်လာခဲ့၍ တမီလ်အမျိုးသားရေးဝါဒ လှုပ်ရှားမှုအတွင်းပိုင်းက စတင်သည်ဟု ပြန်ပြောင်းပြောပြခဲ့သည်။[၁၅] သီဟဠဗုဒ္ဓဘာသာဝင်များ၏ သမိုင်းဖြစ်သော ဤကျမ်းသည် သီဟဠတို့၏ လွှမ်းမိုးနိုင်မှု ဇာတ်လမ်းကြီးအဖြစ် တမီလ်အမျိုးသားရေးဝါဒီများနှင့် သီဟဠအမျိုးသားရေးဝါဒီများအကြောင်းအဖြစ် ရုတ်ချည်းဆိုသလို ဖြစ်ပေါ်သွားခဲ့သည်။ ယင်းအမြင်ကို ၁၉၃၀ နှစ်များဆီက ဆန့်ကျင်တိုက်ခိုက်သူမှာ တမီလ်အမျိုးသားရေးဝါဒီကိုယ်စားလှယ် ဂျီ ဂျီ ပုဏ္ဏန်ဘာလမ် (G. G. Ponnambalam) ဖြစ်၍ သီဟဠဘုရင်များဖြစ်သော ဝိဇယ၊ ကဿပ (Kasyapa - ကတ်ရှပ)၊ ပရာကရာမာဘာဟု (Parakramabahu) စသည့်ဘုရင်များသည် အမှန်စင်စစ် တမီလ်လူမျိုးများဖြစ်ကြောင်း အခိုင်အမာဆိုခဲ့၏ ။ ပုဏ္ဏန်ဘာလမ်က နဝလာပီတိယ (Nawalapitiya) မြို့၌ ၁၉၃၉ တွင် "သီရိလင်္ကာသည် သီဟိုဠ် ဗုဒ္ဓဘာသာတိုင်းပြည်ဆိုသည့် အဆိုကို တိုက်ခိုက်ခဲ့ရာ ထိုတိုက်ခိုက်မှုကို သီဟိုဠ်သားများက သီဟဠဗုဒ္ဓဘာသာတိုင်းပြည်တည်ထောင်ခြင်းအယူအဆကို ဆန့်ကျင်သည်ဟုဆိုကာ လူအုပ်များဖြင့် နဝလာပီတိယ၊ ပဿရ (Passara) ၊ မက်ကေလိယာနှင့် တမီလ်နယ်ဖြစ်သော ဂျက်ဖ်နား (Jaffna) မြို့များသို့ ဝိုင်းခဲ့ကြလေသည်။[၁၅]:148[၁၆]

သမိုင်းကြောင်း မှန်ကန်မှု[ပြင်ဆင်ရန်]

အော်တို ဖရန်ကာ (Otto Franke) ကဲ့သို့ အစောပိုင်းအနောက်တိုင်းပညာရှင်များက မဟာဝံသကျမ်းတွင် ယုံကြည်နိုင်လောက်သော သမိုင်းကြောင်းပါဝင်မှုရှိသည်ဆိုသော ဖြစ်နိုင်ချေများကို ပယ်ချခဲ့ကြသည်။ သို့သော် ကျောက်စာများ၊ ရှေးဟောင်းသုတေသနရှာဖွေတွေ့ရှိမှုများမှ နောက်ဆက်တွဲ သက်သေအထောက်အထားများက အတည်ပြုခိုင်မာစေသည်မှာ အာသောကမင်း၏ သာသနာပြုစေလွှတ်မှု၊ များစွာသော ကျောင်းတိုက်၊ စေတီပုထိုးများတည်ထောင်မှုတွင် ပတ်သက်ဆက်နွယ်ကြသောမင်းများ အပါအဝင် မဟာဝံသ၌ မှတ်တမ်းတင်ထားသော ဇာတ်လမ်းကြောင်းရာများစွာအတွက် မှန်ကန်သည့်အခြေခံအုတ်မြစ်ရှိသည်ဟူ၍ ဖြစ်သည်။[၇]:47,90

ဗစ်လ်ဟဲလ်မ် ဂိုက်ဂါ (Wilhelm Geiger) ဆိုသူသည် ဤကျမ်း၏ ဒဏ္ဍာရီဆန်ဆန် တင်စားချက်နှင့် ကဗျာအဖွဲ့အနွဲ့တို့ကို သမိုင်းကြောင်းဆိုင်ရာအချက်အလက်နှင့် သပ်သပ်ခွဲထုတ်နိုင်ရန် ဖြစ်နိုင်၏ဟု အကြံပြုခဲ့သည့် ပထမဆုံး အနောက်တိုင်းပညာရှင်တစ်ယောက်ဖြစ်သည်။ ဤကျမ်းစာသည် အိန္ဒိယပါဠိစာပေရင်းမြစ်များမှ ချေးယူသုံးစွဲ စီစဉ်ထားသည်ဟု အခြားပညာရှင်မျက ယူဆကြသော်လည်း ဂိုက်ဂါက သီရိလင်္ကာကျွန်းတွင် ပေါ်ထွန်းခဲ့သော အစောပိုင်း သီဟဠစာပေရင်းမြစ်များအပေါ်တွင် အခြေခံသည်ဟု မှန်းဆသည်။ ဇာတ်လမ်းဇာတ်ကွက်၊ အမည်နာမများဖြင့် ဖော်ထုတ်ရေးသားထားသော အသေးစိတ်အချက်အလက်များကို ဂိုက်ဂါအနေဖြင့် ယုံကြည်မှုမရှိသော်လည်းပဲ အခြားပညာရှင်များနှင့် အယူအဆကွဲပြားစွာကာ မဟာဝံသသည် အစောပိုင်းစာပေကို ရောင်ပြန်ဟပ်ညွှန်းဆိုနိုင်သည်ဟု ယုံကြည်သည်။ ပါဝင်သော အစောပိုင်းစာပေများသည် ဘာသာရေးခေါင်းဆောင်များ၊ အုပ်ချုပ်မင်းလုပ်သော ဘုရင်များ၏ အမည်၊ ဆောင်ရွက်မှုတို့ကို ထိန်းသိမ်းထား၍ သူရဲကောင်းဖွဲ့ စာပေသက်သက်မဟုတ်ပေ။ ထို့နောက် ၎င်းကပင် စူဠဝံသ၏ ရှေ့ပိုင်းအခန်းများသည် သမိုင်းအရ အမှန်ကန်ဆုံးဖြစ်ကာ မဟာဝံသ၏ ရှေ့ပိုင်းအခန်းများသည်ကား သမိုင်းအမှန်နှင့် လွန်စွာကွာဟ၍ စူဠဝံသ၏ နောက်ပိုင်းအခန်းများမှာမူ အလွန်တန်ဆာဆင်ချဲ့ထွင်ထားသည်ဟု ယူဆခဲ့သည်။[၇]:90–92

ကိုးကား[ပြင်ဆင်ရန်]

  1. Sailendra Nath Sen (1 January 1999)။ Ancient Indian History and Civilization။ New Age International။ p. 91။ ISBN 978-81-224-1198-0
  2. ၂.၀ ၂.၁ ၂.၂ ၂.၃ ၂.၄ ၂.၅ ၂.၆ Von Hinüber၊ Oskar (1997)။ A Handbook of Pali Literature (အင်္ဂလိပ်ဘာသာစကားဖြင့်) (1st Indian ed.)။ New Delhi: Munishiram Manoharlal Publishers Pvt. Ltd.။ pp. 87–93။ ISBN 81-215-0778-2
  3. Tripāṭhī၊ Śrīdhara, ed. (2008)။ Encyclopaedia of Pali Literature: The Pali canon1။ Anmol။ p. 117။ ISBN 9788126135608
  4. Geiger's discussion of the historicity of the Mahavamsa;Paranavitana and Nicholas, A concise history of Ceylon (Ceylon University Press) 1961
  5. K. Indrapala, Evolution of an Ethnicity, 2005
  6. Harris၊ Elizabeth (2006)။ Theravada Buddhism and the British Encounter: Religious, Missionary and Colonial Experience in Nineteenth Century Sri Lanka (အင်္ဂလိပ်ဘာသာစကားဖြင့်) (1st ed.)။ New York: Routledge။ pp. 12ISBN 0415544424
  7. ၇.၀ ၇.၁ ၇.၂ ၇.၃ ၇.၄ ကိုးကား အမှား - Invalid <ref> tag; no text was provided for refs named Kemper
  8. Mahavamsa။ Ceylon Government။ 1912။
  9. In general, regarding the Mahavamsa's point-of-view, see Bartholomeusz, Tessa J. (2002)။ In Defense of Dharma: Just-war Ideology in Buddhist Sri Lanka။ London: RoutledgeCurzon။ ISBN 978-0-7007-1681-4
  10. Senewiratne, Brian။ "Independence Day: A Day For Action, Not Mourning"၊ 4 February 2012။ 
  11. E. F. C. Ludowyk's discussion of the connection between religion in the Mahavamsa and state-power is discussed in Scott, David (1994)။ "Historicizing Tradition"။ Formations of Ritual: Colonial and Anthropological Discourses on the Sinhala Yaktovil။ Minneapolis, Minnesota: University of Minnesota Press။ pp. 191–192။ ISBN 978-0-8166-2255-9.
  12. "Mahavamsa, the great chronicle"၊ Sunday Observer၊ 29 June 2008။ 1 May 2021 တွင် ပြန်စစ်ပြီး။ Archived from the original on 2 February 2016။ 
  13. Dr. Hema Goonatilake, Journal of the Royal Asiatic Society of Sri Lanka. 2003
  14. H. Bechert, "The beginnings of Buddhist Historiography in Ceylon, Mahawamsa and Political Thinking", Ceylon Studies Seminar, Series 2, 1974
  15. ၁၅.၀ ၁၅.၁ Communal politics under the Donoughmore Constitution, 1931–1947, Tissara Publishers, Colombo 1982
  16. Hindu Organ, June 1, 1939 issue (Newspaper archived at the Jaffna University Library)