ဘူမိဗေဒဆိုင်ရာ အချိန်ကာလ

ဘူမိ အချိန်ကာလ (သို့) ဘူမိဗေဒဆိုင်ရာ အချိန်ကာလ (Geologic Time Scale, Geological Time Scale) သည် ကမ္ဘာမြေ၏ ကျောက်စိုင်ကျောက်သား မှတ်တမ်းအပေါ်မူတည်၍ ကိုယ်စားပြုဖော်ပြထားသည့် အချိန်ကာလ သတ်မှတ်ချက်ဖြစ်သည်။ ၎င်းသည် Chronostratigraphy (အချိန်ကာလနှင့် ကျောက်လွှာများ၏ ပတ်သက်ဆက်နွယ်မှု လေ့လာခြင်း လုပ်ငန်းစဉ်) နှင့် Geochronology (ကျောက်များ၏သက်တမ်းကို ဆုံးဖြတ်ရန်ရည်ရွယ်သည့် ဘူမိဗေဒပညာဆိုင်ရာ သိပ္ပံနည်းကျလေ့လာမှု ပညာရပ်ခွဲ) ကို အသုံးပြုသည့် အချိန်နှင့်တပြေးညီ အချိန်ကာလ ပြန်လည်ကောက်ယူသည့် စနစ်တစ်ခုဖြစ်သည်။ ၎င်းကို ဘူမိဗေဒ ပညာရှင်များ၊ နိခါတကဗေဒ ပညာရှင်များ၊ ဘူမိရူပဗေဒ ပညာရှင်များ၊ ဘူမိဓာတုဗေဒ ပညာရှင်များ အပါအဝင် ကမ္ဘာမြေ သိပ္ပံပညာရှင်များက အဓိကအားဖြင့် အသုံးပြုကြသည်။ ကျောက်သားအလွှာများနှင့် ကျောက်အမျိုးအစားတို့၏ ဆက်နွယ်မှုကို လေ့လာခြင်း နှင့် ဘူမိအတိတ်ကာလ၏ သံလိုက်စက်ကွင်း ဂုဏ်သတ္တိများနှင့် ကျောက်ဖြစ်ရုပ်ကြွင်းများကဲ့သို့သော အင်္ဂါရပ်များကို ခွဲခြားသတ်မှတ်ခြင်းတို့ဖြင့် အချိန်ကာလသတ်မှတ်မှုကို တီထွင်ခဲ့သည်။ ဘူမိဗေဒအချိန်၏ စံချိန်စံညွှန်းသတ်မှတ်ထားသော နိုင်ငံတကာယူနစ်များ၏ အဓိပ္ပါယ်ဖွင့်ဆိုခြင်း[၁] သည် နိုင်ငံတကာ ဘူမိဗေဒသိပ္ပံအဖွဲ့ (IUGS) ၏ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ နိုင်ငံတကာ ကော်မရှင် (ICS) ၏ တာဝန်ဖြစ်သည်။ ဘူမိဗေဒအချိန်ကို ပိုင်းခြားသတ်မှတ်ရန် အသုံးပြုသော နိုင်ငံတကာ သက်တမ်းအလိုက်ကျောက်လွှာစဉ် ဇယားကားချပ် (အင်္ဂလိပ်: International Chronostratigraphic Chart - ICC)[၂] အား သက်တမ်းအလိုက်ကျောက်လွှာ အုပ်စုများကို ဘူမိကာလဆိုင်ရာ ယူနစ်များအဖြစ် သတ်မှတ်ရန်အတွက် တစ်ဖန်အသုံးပြုပါသည်။[၂]
ယူနစ်သတ်မှတ်မှုများ[ပြင်ဆင်ရန်]
သက်တမ်းအလိုက် ကျောက်လွှာအုပ်စု ယူနစ် (ကျောက်လွှာ) | ဘူမိအချိန်ယူနစ် (ကာလ) | အချိန်ကာလ အတိုင်းအတာ[မှတ်စု ၁] |
---|---|---|
မဟာကပ်အဆင့် ကျောက်လွှာဆင့်စဉ်စနစ် (Eonothem) | မဟာကပ် (Eon) | နှစ်ပေါင်း ဆယ်ကုဋေနှင့် အထက် နှစ်ကုဋေကုဋာပေါင်းများစွာ |
ကပ်အဆင့် ကျောက်လွှာဆင့်စဉ်စနစ် (Erathem) | ကပ် (Era) | နှစ်ပေါင်း ဆယ်သန်း မှ ဆယ်ကုဋေ |
ကျောက်လွှာဆင့်စဉ်စနစ် (System) | ယုဂ် (Period) | နှစ်ပေါင်း တစ်သန်း မှ ဆယ်သန်း |
ကျောက်လွှာဆင့်စဉ် (Series) | အဏုယုဂ် (Epoch) | နှစ်ပေါင်း သိန်းပေါင်းများစွာ မှ ဆယ်သန်း |
ကျောက်လွှာဆင့် (Stage) | ခေတ် (Age) | နှစ်ပေါင်း ထောင်ပေါင်းများစွာမှ သန်းပေါင်းများစွာ |
ဘူမိ အချိန်ကာလ[ပြင်ဆင်ရန်]
အပြည်ပြည်ဆိုင်ရာ ကျောက်လွှာပညာ ကော်မရှင် – အိုင်စီအက်စ် (International Commision on Stratigraphy – ICS) သည် သက်တမ်းကျောက်လွှာပညာကို သဘောထားနှင့် စည်းမျဉ်း ညီညွတ်ရေးအတွက် ဦးစီးဆောင်ရွက်လျက်ရှိပြီး၊ ဘူမိအချိန်ကာလအား ဘူမိအချိန်ယူနစ် (၅)ဆင့်ပါသည့် စနစ်ဖြင့် အောက်ပါအတိုင်း ငယ်စဉ်ကြီးလိုက် ပိုင်းခြားသတ်မှတ်ထားသည် -
- ခေတ် (Age)
- အဏုယုဂ် (Epoch)
- ယုဂ် (Period)
- ကပ် (Era)
- မဟာကပ် (Eon)
တို့ ဖြစ်ကြသည်။[၃]
သက်တမ်းအလိုက် ကျောက်လွှာအုပ်စု[ပြင်ဆင်ရန်]
ကျောက်လွှာတစ်ခုစီသည် ဘူမိကာလတစ်ခုစီကို ကိုယ်စားပြုသည်ဟု ဆိုသည့်အတိုင်း၊ ဘူမိ အချိန်ကာလ သတ်မှတ်မှု၌ ဘူမိအချိန်ယူနစ် ရှိသကဲ့သို့၊ ၎င်းတို့တစ်ခုစီကို ကိုယ်စားပြုသည့် သက်တမ်းအလိုက် ကျောက်လွှာအုပ်စု ယူနစ်များ ကိုယ်စီကိုလည်း ICS မှ အောက်ပါအတိုင်း အဆင့် (၅)ဆင့်ဖြင့် ငယ်စဉ်ကြီးလိုက် သတ်မှတ်ထားသည် -
- ကျောက်လွှာဆင့် (Stage)
- ကျောက်လွှာဆင့်စဉ် (Series)
- ကျောက်လွှာဆင့်စဉ်စနစ် (System)
- ကပ်အဆင့် ကျောက်လွှာဆင့်စဉ်စနစ် (Erathem)
- မဟာကပ်အဆင့် ကျောက်လွှာဆင့်စဉ်စနစ် (Eonothem)
တို့ ဖြစ်ကြသည်။[၃]
မှတ်စု[ပြင်ဆင်ရန်]
- ↑ ဘူမိဗေဒအချိန်ယူနစ်များ၏ အချိန်ကာလ ပိုင်းခြားမှုအတိုင်းအတာများသည် ကျယ်ပြန့်စွာကွဲပြားကြပြီး ၎င်းတို့ကိုယ်စားပြုနိုင်သော အချိန်အတိုင်းအတာအပေါ် ကိန်းဂဏန်း ကန့်သတ်ချက်ထားခြင်းမရှိပေ။ ၎င်းတို့အသီးသီး သက်ဆိုင်သည့်ယူနစ်ထက် ပိုမြင့်သော ယူနစ်၏ အချိန်အတိုင်းအတာနှင့် ၎င်းတို့သတ်မှတ်ထားသော သက်တမ်းအလိုက်ကျောက်လွှာပိုင်းခြားမှု နယ်နိမိတ်များအထိ ကန့်သတ်ထားသည်။
ကိုးကား[ပြင်ဆင်ရန်]
- ↑ Statutes။ International Commission on Stratigraphy။ 2022-04-05 တွင် ပြန်စစ်ပြီး။
- ↑ ၂.၀ ၂.၁ "The ICS International Chronostratigraphic Chart" (in en) (2013-09-01): 199–204.
- ↑ ၃.၀ ၃.၁ ဘူမိအချိန်စကေး (Geologic Time Scale) (in my)။ Kyaw Zwar Lynn's Publications။ 19-01-2023 တွင် ပြန်စစ်ပြီး။