ဘာသာဗေဒ

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်

ဘာသာစကားရပ် ပညာဟူသည် စံနစ်တကျ သိပ္ပံနည်းကျကျဖြင့် ကမ္ဘာ့ဘာသာ စကားများကို နှိုင်းယှဉ်လေ့လာ ဆန်းစစ်ကြည့်သော ပညာတစ်ရပ် ဖြစ်ပေ သည်။ ထိုပညာရပ်သည် စကားဇာစ်မြစ်ပညာရပ်တွင် အကျုံးဝင်သော ပညာတစ်ရပ်လည်း ဖြစ်ပေသည်။

ကမ္ဘာပေါ်ရှိ အဓိကဘာသာစကားများ ဖြန့်ကြက်တည်ရှိနေပုံပြ မြေပုံ

ဘာသာဗေဒသည် လူသားများ တစ်ဦးနှင့်တစ်ဦး ပေါင်းသင်းဆက်ဆံရာတွင် အသုံးပြုသော ဘာသာစကားများကို သိပ္ပံနည်းကျ လေ့လာခြင်းဖြစ်ပြီး ယေဘုယျအားဖြင့် ၁) ဘာသာစကား၏ ကိုယ်ထည်သဏ္ဍန်ကိုလေ့လာခြင်း၊ ၂) ဘာသာစကား၏ အဓိပ္ပါယ်ကို လေ့လာခြင်း၊ ၃) စကားစပ်ပေါ်မူတည်၍ ဘာသာစကားကို လေ့လာခြင်းဟူ၍ သုံးပိုင်း ခွဲခြားနိုင်သည်။

ဘာသာစကား၏ ကိုယ်ထည်သဏ္ဍန်ကို လေ့လာခြင်းဆိုသည်မှာ ဘာသာစကားများ၏ တည်ဆောက်ပုံ(သဒ္ဒါ)ကို လေ့လာခြင်းကို ဆိုလိုသည်။ တစ်နည်းအားဖြင့် ဘာသာစကားများကို ပြောဆိုရေးသားရာတွင် လိုက်နာရသော စည်းမျဉ်းများကို လေ့လာခြင်း ဖြစ်သည်။ စကားလုံးများ ဖွဲ့တည်ပုံ၊ စာကြောင်းများ ဖွဲ့တည်ပုံနှင့် အသံထွက်စနစ်များကို လေ့လာခြင်းများ ပါဝင်သည်။

ထိုပညာရပ်ကို လွန်ခဲ့သော နှစ်ပေါင်း ၂ဝဝ ကျော်ခန့်ကမှ စနစ်တကျ လေ့လာလိုက်စားခဲ့ကြသည်။ သက္ကတ ဘာသာစကားကို ဥရောပပညာရှင်တို့ တွေ့သိလာခြင်းသည် ဘာသာစကားများကို နှိုင်းယှဉ်လေ့လာရာ၌ များစွာ အထောက်အကူ ဖြစ်ခဲ့လေသည်။ ဘာသာစကားရပ် ပညာအရ ကမ္ဘာပေါ်တွင် ပြောဆိုကြသော ဘာသာစကားပေါင်း ၆ဝဝဝ ကျော် ရှိသည်ဟု ဆိုသည်။ ယင်းတို့သည် မူလဘာသာစကားကြီးများမှ ဆင်းသက်ခြင်းများဖြစ်၍ များသောအားဖြင့် တစ်ခုနှင့် တစ်ခု ဆက်နွယ်မှုများ ရှိသည်ဟု ဆိုလေသည်။ ဂရိတို့သည် ရှေးခေတ်ယဉ်ကျေးမှု အမျိုးမျိုးကို ဖန်တီးခဲ့သူများ ဖြစ်ကြသည်။


သို့သော် စကားဇာစ်မြစ်ပညာရပ်၌လည်းကောင်း၊ ဘာသာအချင်းချင်း ဆက်သွယ်ပုံ၌လည်းကောင်း လမ်းမှားလိုက်ခဲ့သည်။ ဘာသာခြားစကားတို့သည် လူရိုင်းတို့၏ စကားဖြစ်သည်ဟူ၍ အယူရှိသဖြင့် မိမိတို့၏ ဒေသန္တရ ဘာသာစကားများမှလွဲ၍ အခြားဘာသာစကားများကို လေ့လာဆန်းစစ်ခြင်း မပြုခဲ့ကြပေ။ စကားလုံး၏ အရင်းအမြစ်ကို ရှာဖွေရာ၌ မည်သည်က ဓာတု၊ မည်သည်က ဝိဘတ်ဟူ၍ သက္ကတကျမ်းပြု ဆရာတို့သိကြ သကဲ့သို့ဂရိဆရာတို့ခွဲခြားမသိကြချေ။ ခရစ်ယာန်အယူဝါဒ ပျံ့နှံ့လာသောအခါ ဘာသာစကား လေ့လာမှုသည် တိုးတက်လာသည်။ ခရစ်ယာန်ဝါဒပျံ့နှံ့ရေးအတွက် ဂရိ၊ ရောမတို့ကဲ့သို့လူယဉ်ကျေးများနှင့် လူရိုင်းများ၏ အကြားရှိ အတန်းစားခွဲခြားမှုကဲ့သို့ အတားအဆီးများကို ဖြိုဖျက်ကြသည်။ ထိုအခါ မိမိတို့ဘာသာစကားမှအပ အခြားဘာသာစကားများကို သိရှိနားလည်လာကြသော်လည်း ဘာသာစကား အချင်းချင်း ဆက်သွယ်ပုံကို သိပ္ပံနည်းကျကျ မလေ့လာ မစူးစမ်းခဲ့ကြသေးပေ။ ပုံနှိပ်အတတ်ပေါ်လာပြီးသည့်နောက်တွင် ဘာသာစကား တစ်ခုနှင့် တစ်ခု နှိုင်းယှဉ်လေ့လာရန် လွယ်ကူလာခဲ့ပေသည်။ သို့သော် ဘာသာစကား တစ်ခုနှင့်တစ်ခု နှိုင်းယှဉ်၍ လေ့လာ ဆန်းစစ်ခြင်းကို ၁၈ ရာစုခေတ်တွင်မှ စံနစ်တကျ ပြုလုပ်ခဲ့ကြလေသည်။

ယခုအခါ နိုင်ငံများစွာမှ ပညာရှင်တို့သည် ထိုပညာရပ်ကို လေ့လာဆောင်ရွက်လျက် ရှိကြလေသည်။ ယင်းသို့စနစ်တကျ နှိုင်းယှဉ်ဆန်းစစ်ရာ၌ ကမ္ဘာတစ်ဝန်း၌ ပြောဆိုရေးသားလျက် ရှိကြသော ဘာသာစကားတို့သည် အရေအတွက်အားဖြင့် အလွန်များပြား လှပေရာ ယင်းတို့ကို လေ့လာစီစစ်ရန် မလွယ်ကူလှပေ။ သို့ဖြစ်စေကာမူ ဝါကျဖွဲ့ပုံဖွဲ့နည်းကို အမှီပြု၍ အောက်ပါအတိုင်း ၄ မျိုး ၄ စား ခွဲခြားထားကြသည်။

(က) နေရာမရွေး၊ သို့မဟုတ် တသီးပုဂ္ဂလ၊သို့မဟုတ် ဧကဝဏ္ဏဘာသာစကား[ပြင်ဆင်ရန်]

ထိုဘာသာစကားမျိုးမှာ မြန်မာစကားလုံးလူ၊ မြစ်၊ ၌ဟူသော စကားတစ်လုံး၊ အသံတစ်ချက်ထွက်သော ဧကဝဏ္ဏစကားလုံးမျိုးဖြစ်သည်။ အသွင်မပြောင်းဘဲ နေရာကိုလိုက်၍ ဝါကျ၏ အဓိပ္ပာယ်ကို သိရသော စကား လုံးမျိုးဖြစ်သည်။ ယင်းတို့သည် အသွင်မပြောင်းဘဲ တသီးပုဂ္ဂလ တည်နိုင်သောကြောင့်၊ တသီးပုဂ္ဂလ ဘာသာ စကားမျိုးဟုလည်း ခေါ်သည်။ ထိုဘာသာစကားမျိုးတွင် တရုတ်ဘာသာသည် အထင်ရှားဆုံးဖြစ်သည်။ ယင်း ဘာသာစကားမျိုးတွင် သဒ္ဒါကျမ်းရေးထုံးရေးနည်းကို အလေ့အထ မပြုကြချေ။

(ခ) ကိုယ်တွင်းပြည့် ဘာသာစကား[ပြင်ဆင်ရန်]

ထိုဘာသာစကားမျိုးတွင် ကတ္တား၊ ကံ၊ ကြိယာ စသည်တို့ကို စုရုံးပြီးလျှင် ရှည်လျားသော စကားလုံး တစ်ခုတည်းဖြင့် ဝါကျဖြစ်အောင် ဆက်သွယ်ထားသည်။ ယင်းသို့သော ဘာသာစကားမျိုးကို တောင်နှင့် မြောက်အမေရိကတိုက် တိုင်းရင်းသား ဘာသာစကားတို့၌ တွေ့ရသည်။ စကားတစ်လုံး၏ အတွင်းသို့အဓိပ္ပာယ် ပြည့်စုံအောင် လိုအပ်သော အစိတ်အပိုင်းများကို သွတ်သွင်းထားသောကြောင့် ကိုယ်တွင်းပြည့် ဘာသာစကားဟု ခေါ်သည်။

(ဂ) ပူးတွဲဘာသာစကား[ပြင်ဆင်ရန်]

ထိုဘာသာစကားမျိုး၌ စကားလုံး၏ အစိတ်အပိုင်းတို့သည် တစ်ခုနှင့် တစ်ခု ကော်ဖြင့်ကပ်ထားသကဲ့သို့ပူးတွဲနေကြသည်။ ယင်းသို့ပူးတွဲရရှိသော စကားလုံးတို့သည် ကိုယ်တွင်းပြည့် ဘာသာစကားမျိုးမှာကဲ့သို့အဓိပ္ပာယ်ပြည့်စုံသော ဝါကျမဟုတ်ဘဲ၊ သီးခြားတည်နေသော စကားလုံးများ ဖြစ်သည်။ တူရကီဘာသာစကားတွင် ထိုစကားလုံးမျိုး တွေ့ရသည်။ ပူးတွဲထားသော စကားလုံးတို့ကို တစ်ခုစီ ခွဲထုတ်ပြီးလျှင် သီးခြားစကားလုံးများ အဖြစ်လည်း သုံးနိုင်သေးသည်။ မြန်မာဘာသာစကား၌ ယင်းကဲ့သို့ပူးတွဲစကားလုံး အများအပြားရှိသည်။ ပုံစံအားဖြင့် သီးသန့်ခွဲခြားဟူသော စကားလုံးသည် သီး၊ သန့်၊ ခွဲခြားဟူသော သီးခြားတည်နေသည့်စကား ၄ လုံး ကို ပူးတွဲထားခြင်းဖြစ်သည။ ထို့ကြောင့် မြန်မာဘာသာစကားကို ပူးတွဲဘာသာ စကားဟုလည်း ခေါ်နိုင်သည်။ အချို့ပုံစံများတွင် စကားလုံး တစ်ပိုင်းသာ သီးခြားတည်နေနိုင်၍၊ ကျန်အပိုင်းမှာ ထိုသီးခြား ရပ်တညနိုင်သော စကားလုံး၏ အထောက်အပံ့မျှသာ ဖြစ်သည်။ ကောင်းခြင်း ဆိုရာ၌ ကောင်း သည် သီးခြား တည်နေနိုင်၍ ခြင်း သည် နောက်ဆက်တွဲပစ္စည်း ဖြစ်သည်။ အချို့ဘာသာစကားတို့၌ အထောက်အပံ့ပစ္စည်းကိုရှေ့ကလည်း ဆက်နိုင်သည်။ အာဖရိကတိုက် ကဖားဘာသာစကား၌ အထောက်အပံ့ပစ္စည်းကို ရှေ့၌ ထားလေသည်။

(ဃ) ရုပ်ပြောင်းဝိဘတ်သွယ် ဘာသာစကား[ပြင်ဆင်ရန်]

ရုပ်ပြောင်းလဲခြင်း နှစ်မျိုးရှိသည်။ အချို့စကားလုံးတို့သည် အတွင်းပြောင်းလဲနည်းဖြင့် ပြောင်းလဲကြသည်။ အချို့ကား နောက်ဆက်ပစ္စည်း ပြောင်းလဲနည်းဖြင့် ပြောင်းလဲကြသည်။ ဆီမစ်တစ်ဘာသာစကားများသည် အတွင်းပြောင်းလဲနည်းဖြင့် ရုပ်ပြောင်းကြသည်။ ယင်းတို့၌ ဓာတုသည် ဗျည်းသုံးလုံးဖြစ်၍ ထိုဗျည်းများ အတွင်းသို့သရများကို ထည့်ခြင်းဖြင့် လိုအပ်သော စကားလုံးများကို ရသည်။ အင်ဒို-ဥရာပဘာသာ စကားများသည် နောက် ဆက်ပစ္စည်းကြောင့် ရုပ်ပြောင်းကြသည်။ ထိုဘာသာစကားမျိုး၌ ဓာတုသည် သရကိုမှီ၍ အသံတစ်ချက်တည်း ထွက်သော ပင်ရင်းစကားလုံးဖြစ်သည်။ သက္ကတနှင့် ပါမ္ဗိဘာသာတို့သည် ဤသို့ရုပ်ပြောင်းသော ဘာသာစကားများ ဖြစ်ကြသည်။ ပုံစံမှာ သိခြင်းအနက်ရသည့် ဗုဓ် ဟူသော ဓာတုနှင့် တ ဟူသော နောက်ဆက်ပစ္စည်းတို့ပေါင်းစပ်ကြရာ ဗုဒ္ဓဟူသော တည်ပုဒ်ကိုရသည်။ တည်ပုဒ်ဟူသည်မှာ ဓာတုနှင့် နောက်ဆက်ပစ္စည်း တို့ပေါင်းစပ်ထားခြင်းဖြစ်သည်။ ဗုဒ္ဓဟူသော တည်ပုဒ်မှ၊ ဗုဒ္ဓေါ ( ဘုရားသည် )၊ ဗုဒ္ဓဿ ( ဘုရား၏ )၊ ဗုဒ္ဓ ( ဘုရား၌ ) အစရှိသော နာမ်ဝိဘတ်သွယ်သည့် စကားလုံးများကိုရသည်။ ဤနည်းအားဖြင့် နောက်ဆက် ပစ္စည်း ပြောင်းလဲခြင်းဖြင့် လိုအပ်သော စကားလုံးရရှိသည့် ဘာသာစကားမျိုးကို ဝိဘတ်သွယ် ဘာသာစကားဟူ၍လည်း ခေါ်ဝေါ်သည်။

ယင်းကဲ့သို့ဘာသာစကား ၄ မျိုး ၄ စားခွဲခြားထားသော်လည်း ဘာသာစကား တစ်မျိုးသည် ဖော်ပြ သော ၄ မျိုး ၄ စားအနက် တစ်မျိုး၌ ပါဝင်ပြီးလျှင် အခြားတစ်မျိုးနှင့် မသက်ဆိုင်တော့ဟူ၍ မမှတ်ယူရာ။ တစ်မျိုး၌ ပါဝင်သော်လည်း အခြားတစ်မျိုး၌လည်း ပါဝင်သော လက္ခဏာများကို ရံဖန်ရံခါ တွေ့ရသည်။ ပုံစံပြရ လျှင် မြန်မာစကားသည် ခွေး၊ အိပ်ကဲ့သို့စကားတစ်လုံး၊ အသံတစ်ချက် ထွက်သောစကားလုံးများကြောင့် မြန်မာ ဘာသာစကားသည် ဧကဝဏ္ဏဖြစ်သည်ဟု ဆိုအပ်သည်။ သို့သော် လူများ ဟူသော စကားလုံးတွင် သီးခြား စကား လူ နှင့် သီးခြားစကားများကို ပူးတွဲထားသဖြင့်၊ မြန်မာဘသာသည် ပူးတွဲဘာသာစကားဟု ဆိုအပ်ပြန်သည်။ ယင်းသည်ကို ထောက်၍ ဘာသာစကားသည် အစဉ်တည်မြဲသော အရာမဟုတ်ပေ။ စိတ်ကူး စိတ်သန်းကို ဖော်ပြခြင်း ဖြစ်သည့်အတိုင်း စိတ်သွားတိုင်း ပြောင်းလဲတတ်သော သတ္တိရှိကြောင်း သိသာပေသည်။

ဘာသာစကားရပ် ပညာကို လေ့လာစူးစမ်းကြသောပညာရှင်များသည် ကမ္ဘာ့ဘာသာစကားများကို အထက်ပါအတိုင်း ၄ မျိုးခွဲခြားနိုင်သည်သာမက၊ ဘာသာစကားများ၏ စည်းကမ်းချက်များကိုပါ တွေ့ရှိလာကြသည်။ ယင်းတို့ကို တွေ့ရှိခြင်းဖြင့် ဘာသာစကားပေါင်း များစွာတို့သည် မူလပင်မ ဘာသာစကားမျိုးမှ ခွဲထွက် ခဲ့ခြင်းများ ဖြစ်သည်ကိုလည်း တွေ့လာကြရသည်။ အထူးသဖြင့် ထိုပညာရှင်များသည် အင်ဒို-ဥရောပဘာသာ စကားများ၏ ပင်မမျိုးရင်းကိုစူးစမ်းသုတေသန ပြုကြသည်။ ထိုအခါ သက္ကတ၊ ပါးရှင်း၊ ဂရိ၊ လက်တင်၊ ဂျာမန်၊ အင်္ဂလိပ်နှင့် နော့စ ဘာသာစကာတို့သည် မူလအင်ဒို-ဥရောပ ဘာသာစကား ပင်မကြီးမှ ဆင်းသက် ဆက်နွှယ်သော ဘာသာစကားများ ဖြစ်ကြောင်းတွေ့ရသည်။ အင်ဒို-ဥရောပ ပင်မဘာသာစကားဝင် ဘာသာစကားပေါင်း မြောက်မြားစွာ ရှိသေးသည်။

ထိုဘာသာစကားများတွင် မူလဇာစ်မြစ်ချင်းတူသော စကားလုံးများကို တွေ့ရသည်။ သိပ္ပံပညာရှင်များ၏ ယူဆချက်မှာ ရှေးရှေးအခါက ဥရောပအလယ်ပိုင်းတွင် လူမျိုးတစ်မျိုးတည်းရှိ၍ အင်ဒို-ဥရောပ မူလဘာသာ စကားကို ပြောဆိုခဲ့ကြဟန်တူသည်။ နောင်အခါ လူဦးရေ တိုးပွားလာသဖြင့် ရေကြည်ရာ မြက်နုရာ ရွှေ့ပြောင်းကြရာ၊ အရက်လေးမျက်နှာသို့ရောက်သွားကြသည်။ အချို့သည် ဂရိသို့ရောက်သည်။ အချို့သည် ပြင်သစ်တို့လည်းကောင်း၊ အင်္ဂလန်သို့လည်းကောင်း ရောက်ရှိကြသည်။ အုပ်စုကွဲသွားသော လူစုများ၏ သားသမီး မြေးမြစ် အစဉ်အဆက်များ လက်ထက်တွင် နှစ်ကာလ ရှည်ကြာသော် မူလဘာသာစကားသည် တဖြည်းဖြည်း ပြောင်းခဲ့ကြဟန် တူပေသည်။ ထို့ကြောင့် မူလဇာစ်မြစ်တူသော်လည်း အသံနှင့် အသွင်အပြင် ပြောင်းလဲသော စကားလုံး များ တွေ့ရှိကြရခြင်း ဖြစ်ပေသည်။ သက္ကတဘာသာစကား၌ ပီတာ ဟူသော စကားလုံးသည် လက်တင်ဘာသာ၌ ပေတာဟူ၍လည်းကောင်း၊ ဂျာမန်၌ ဖောတာ ဟူ၍လည်းကောင်း၊ အင်္ဂလိပ်၌ ဖားသား ဟူ၍လည်းကောင်း တွေ့ကြရလေသည်။

ဥရောပနှင့် အာရှမိုင်းနား၊ မြောက်အိန္ဒိယတို့၌ အင်ဒို-ဥရောပ ဘာသာမျိုးရင်းမှ ဆင်းသက်သော ဘာသာစကားများကို သုံးနှုန်းပြောဆိုခဲ့ကြသည်။ ဘာသာစကားရပ်ပညာကိုလေ့လာသူ ပညာရှင်များက ကမ္ဘာတွင်မူလဘာသာစကားမျိုးရင်းသည် အင်ဒို-ဥရောပ ဘာသာစကားတစ်ခုတည်း မဟုတ်ကြောင်း သိရှိလာကြသည်။ ထို့ကြောင့် မူလပင်မ ဘာသာစကားကြီးများကို စူးစမ်းရှာဖွေ လေ့လာကြသောအခါ အောက်ပါတို့သည် ကမ္ဘာ၌ ထင်ရှားသော မူလပင်မ ဘာသာစကားကြီးများ ဖြစ်ကြကြောင်း တွေ့ရလေသည်။

ယင်းတို့ကား အင်ဒို-ဥရောပ၊ သို့မဟုတ် အာရိယန် ဘာသာစကား၊ ဟမီတို-ဆီးမစ်တစ် ဘာသာစကား၊ အင်ဒို-တရုတ်၊ သို့မဟုတ်၊ တိဗက်-တရုတ် ဘာသာစကား၊ယူရယ်-အယ်လတစ် ဘာသာစကားတို့ဖြစ်ကြသည်။ အင်ဒို-ဥရောပ ဘာသာစကားကြီး၏ အဆက်အနွယ်များတွင် ယခုကမ္ဘာ၌ အရေးပါ ထင်ရှားသော ဘာသာစကားများ ပါဝင်သည်။ ဟမီတို-ဆီးမစ်တစ် ဘာသာစကားကြီးတွင် ယဟူဒီ၊ ဗက်ဗီလုံးနီးယား၊ ဆီးရီးယား၊ အာရေဗျ၊ အီဂျစ်စသော ဘာသာစကားများ ပါဝင်သည်။ အင်ဒို-တရုတ်၊ သို့မဟုတ် တိဗက်-တရုတ် ဘာသာစကားကြီးတွင် တရုတ်၊ ယိုဒယား၊ တိဗက်၊ မြန်မာ စသော ဘာသာစကားများ ပါဝင်သည်။ ယူရယ်-အယ်လတစ် ဘာသာစကား ကြီးတွင် ဖင်းနစ် ဘာသာစကား၊ အင်စတိုးနီးယန်း ဘာသာစကား၊ တူရကီ ဘာသာစကား၊ မွန်ဂိုလီယန် ဘာသာ စကားနှင့် မန်ချူး ဘာသာစကားတို့ပါဝင်လလေသည်။

အမေရိကတိုက်များမှ တိုင်းရင်းသား လူမျိုးများသည် လူမျိုး တစ်မျိုးလျှင် ဘာသာစကား တစ်မျိုးစီ ပြောဆိုကြ၍ တစ်မျိုးနှင့် တစ်မျိုး ဆက်သွယ်မှုလည်း မတွေ့ရ။ ပင်ရင်းမူလဘာသာစကား တစ်မျိုးတည်းမှ ဆင်းသက်သည့် လက္ခဏာများလည်း မတွေ့ရချေ။ အမေရိကတိုက်များတွင် ဘာသာစကားအမျိုးကွဲ အများဆုံး တွေ့ရသည်။

အာဖရိကတိုက်တွင် ဘာသာစကား အသုံးအနှုန်းတိုသည် များစွာ ထူးခြား၍ မျိုးစုအားဖြင့် အနည်းဆုံး ၅ မျိုးခွဲခြားနိုင်သည်။ ယင်းတို့မှာ (၁) ဗွတ်ရှမန်းအစု (၂) ဗန္တူအစု (၃) ဆူဒန်အစု (၄) ဟမီတစ်အစုနှင့် (၅) ဆီးမစ်တစ်အစုတို့ဖြစ်ကြသည်။ အာဖရိကတိုက် ဘာသာစကားများကို လေ့လာရာတွင် များစွာ စိတ်ဝင်စား ဖွယ် ပြဿနာများနှင့် တွေ့ရ၍၊ ဘာသာစကား ဖြစ်ပေါ်လာပုံ၊ ကြီးပွားပုံ၊ စကားလုံး ပြောင်းလဲလာပုံတို့ကို ကောင်းစွာ လေ့လာနိုင်သည်ဟု ပညာရှင်တို့က ဆိုလေသည်။

အချို့ဘာသာစကားတို့မှာ ယခုထက်တိုင် မည်သည့အုပ်စု၊ မည်သည့်မျိုးရင်းတွင်မှ မပါဝင်ကြောင်း တွေ့ရသည်။ ပုံစံအားဖြင့် ဂျပန်ဘာသာစကားနှင့် ပြင်သစ်တောင်ပိုင်းဒေသ၌ လည်းကောင်း၊ စပိန်မြောက်ပိုင်းဒေသ တို့၌ လည်းကောင်း ပြောဆိုကြသော ဗတ်စ ဘာသာစကားတို့ဖြစ်ကြလေသည်။ဘာသာစကား တစ်မျိုးသည် ရှိရင်းစွဲအတိုင်း ရပ်တံ့တည်နေသည် မဟုတ်ချေ။ ယင်းတို့သည် နည်းအမျိုး မျိုးဖြင့် တိုးတက်ပြောင်းလဲနေကြသည်။ စစ်မက်အရေးကြောင့် လည်းကောင်း၊ ကုန်သွယ်မှုကြောင့်လည်းကောင်း၊ တစ်နိုင်ငံနှင့် တစ်နိုင်ငံ ဆက်ဆံကြရသဖြင့် တစ်နိုင်ငံမှ စကားလုံးများ တစ်နိုင်ငံသို့ရောက်ကြရသည်။ ထိုအခါ ရှိရင်းဘာသာစကားတွင် စကားလုံး သစ်များ တိုးလာကြသည်။ ထို့ပြင် အချိန်ကာလ ကြာမြင့်သည့်အခါ၊ စကား လုံးများ၏စာလုံးပေါင်းများ၊ အသံထွက်များ၊ အဓိပ္ပာယ်များသည်လည်း ပြောင်းလာကြသည်။ စကားလုံးများ သည် ခက်ခဲသောအသံမှ လွယ်ကူသော အသံသို့လည်း ပြောင်းကြသည်။ အရေးခက်သော စကားလုံးများကို အရေးလွယ်အောင် ပြောင်းကြသည်။ လူတို့သည် ခက်ခက်ခဲခဲ ရှိခဲ့လျှင် လွယ်လွယ်ကူကူ ဖြစ်လေအောင် ကြိုးစား တက်ကြသည်မှာ ဓမ္မတာပေတည်း။ ထို့ကြောင့် ပုဂံခေတ်မြန်မာစာ အရေးအသားနှင့် ယခုခေတ် မြန်မာစာ အရေး အသားမတူသကဲ့သို့၊ ယခုခေတ် အင်္ဂလိပ်ဘာသာ အရေးအသားနှင့် ရှေးခေတ် အင်္ဂလိပ်ဘာသာ အရေးအသား တို့သည်လည်း မတူတော့ချေ။ ထို့ပြင် လူတို့သည် အသုံးအနှုန်းသစ်များကိုလည်း ထွင်လာကြသည်။ စက်မှုလုပ်ငန်း၊ သိပ္ပံပညာတို့တိုးတက်ထွန်းကားခြင်းသည် ဘာသာစကားတို့အား ဝေါဟာရ စကားလုံးအသစ်များဖြင့် တိုးပွားစေသည်။

ဘာသာစကားတို့သည် လွန်ခဲ့သောခေတ်များက စကားလုံးများပြောင်းလဲခြင်း၊ အသစ်အသစ် တိုးပွားခြင်းတို့ဖြစ်ခဲ့သည့်နည်းတူ ရှေ့အဖို့တွင်လည်း စကားလုံးများ ပြောင်းလဲခြင်း အသစ်အသစ် တိုးပွားခြင်း တို့ရှိနေမည်သာ ဖြစ်လေသည်။ စကားသစ်များ တိုးတက်နေစဉ် အချို့စကားလုံးများသည် တဖြည်းဖြည်း အသုံး နည်းကာ တိမ်ကော ပပျောက်သွားခြင်းများလည်း ရှိလေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၈)