ဘလုံ၊ ဦး (ပန်းချီဆရာ)

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

ရေဆေးပန်းချီဆရာကြီး ဦးဘလုံ မြန်မာစာနယ်ဇင်း သရုပ်ဖော်ပန်းချီဆိုသည်မှာ မြန်မာ့ပန်းချီသမိုင်းအတွက် အရေးပါသော အစိတ်အပိုင်း တစ်ခုဖြစ်သည်။ ၁၉၂၀ ခုနှစ် ဒဂုန်မဂ္ဂဇင်း စတင်ထုတ်ပေါ်လာချိန်မှ စ၍ သရုပ်ဖော် ပန်းချီများကို ကျယ်ကျယ်ပြန်ပြန် သုံးစွဲလာခဲ့ရာ ပန်းချီခေတ် စာမျက်နှာတခု ထုဆစ်ရာတွင် ဆရာဦးဘလုံသည် အရေးပါသော အခန်းကဏ္ဍ၌ ပါဝင်ခဲ့သည့် ရေဆေးပန်းချီဆရာကြီး ဖြစ်သည်။

ငယ်ဘဝ[ပြင်ဆင်ရန်]

ပန်းချီကျော် ဦးဘလုံကို ၁၈၉၄ ခုနှစ်တွင် ဟံသာဝတီအပိုင် ကြည့်မြင်တိုင် တစ်ဖက်ကမ်းရှိ မငေးရွာတွင် ဖွားမြင်သည်။ ငယ်စဉ်က ရွာရှိ ဘုန်းကြီးကျောင်းတွင် ပညာသင်ခဲ့ရသော်လည်း စာပေဘက်ထက် အရုပ်ရေးတွင် အထူးဝါသနာထုံသူဖြစ်သည်။ အားလပ်ချိန်တွင် အစ်ကိုအစ်မများက အိမ်အလုပ် ကူညီလုပ်သော်လည်း ဦးဘလုံးကား အရုပ်သာလျှင် ဆွဲ၍ အချိန်ဖြုန်းနေတတ်သည်။ ညီမောင်ဝန် ကြက်ပိုက်နေပုံကိုကြည့်၍ ဆွဲရာ တထေရာတည်း တူနေသဖြင့် လူကြီးများ အတော်ပင် အံ့ဩခဲ့ရသည်ဟု ဆိုသည်။ ဦးဘလုံသည် အရုပ်ရေး၌သာမဟုတ်၊ အက၌လည်း ဝါသနာထုံရာ အရပ်ဇာတ်ကရာ၌ အစ်ကိုဖြစ်သူ ဦးဘရုံးနှင့် အမြဲတမ်း ပါဝင်ကပြလေ့ရှိသည်။

ပန်းချီပညာ သင်ကြားခြင်း[ပြင်ဆင်ရန်]

မိဘများမှာ လယ်သမားမျိုးရိုး ဖြစ်သော်လည်း ကျောင်းလည်းမနေ လယ်လည်းမလုပ်လိုဘဲ ပုံဆွဲ၌သာ ဝါသနာထုံနေသော ဦးဘလုံအား ၁၃ နှစ်အရွယ်ခန့်တွင် ရန်ကုန်ရှိ အစ်မဝမ်းကွဲ ဒေါ်စိန်၏ ခင်ပွန်း ရှုမျှောခင်းကားများ အများဆုံးဆွဲ၍ ကမ္ဘာကျော်သူ ပန်းချီဆရားကြီး ဦးထွန်းလှထံ ပညာသင်ရန် မိဘများက လွှတ်လိုက်ရသည်။ ဦးထွန်းလှထံတွင် ကူညီလုပ်ကိုင်ပေးယင်း ဦးဘလုံသည် ပညာဆည်းပူးနေရာ ပါရမီရင့်သူပီပီ သူမတူ တစ်မူကွဲလျက် သူရေးဆွဲသမျှကို အများက ချီးကျူးနှစ်သက်ရသော ဘဝသို့ မကြာမီရောက်ရှိလာလေသည်။ ဦးဘလုံ ၁၇ နှစ်သား အရွယ်တွင် ဦးထွန်းလှနှင့် အစ်မ ဒေါ်စိန်တို့သည် မော်လမြိုင် ကတိုးကော့နှပ်သို့ပြောင်း သွားရာ ဦးဘလုံလည်း လိုက်ပါ သွားသည်။ ကတိုးကော့နှပ်တွင် မွန်အမျိုးသမီး ဒေါ်သိန်းရှင်နှင့် အိမ်ထောင်ကျသည်။

ပန်းချီဆရာဘဝ[ပြင်ဆင်ရန်]

ဦးထွန်းလှ က ဆရာမြစ်ထံ အပ်နှံ၍ ပန်းချီပညာသင်စေခဲ့သည်။ ၁၉၂၄ ခုနှစ်တွင် မြန်မာအဆွေ ကုမ္ပဏီ အတွက် ရုပ်ရှင်ပိုစတာများ ရေးဆွဲခဲ့သည်။ ၁၂၉၁ ခုနှစ်တွင် မော်လမြိုင်မှ ပြန်လာပြီးနောက် မြန်မာအဆွေ ကုမ္ပဏီတွင် ပန်းချီဆရာအဖြစ် ၄ နှစ်မျှ လခစားဝင်လုပ်သည်။ မြန်မာအဆွေ ကုမ္ပဏီတွင် ရွှေတလေး ဦးဘကလေး၊ ဦးထွန်းကြွယ်၊ ဦးထွန်းမင်းတို့နှင့် အတူ အလုပ်လုပ်ယင်း တစ်ခါတစ်ရံ မြန်မာအဆွေ ရုပ်ရှင်ကားများတွင် တစ်ခန်းတစ်လေ ပါဝင်ကပြသည်။ မြန်မာအဆွေ တိုက်ရှေ့တွင်ထားသော ကြော်ငြာကြီးများ၊ ဒဂုန်မဂ္ဂဇင်းအတွင်း ရုပ်စုံများ၊ အပြင်ဖုံးအတွက် မိန်းကလေးအရုပ်များ ရေးဆွဲရာမှ နာမည်ထွက်လာသည်။ ဦးဘလုံသည် ရုပ်ပုံဆွဲတွင် အထူးနာမည်ကျော်သည်။ သူ၏ လူပုံများတွင် သူ့ခေတ်က နာမည်ကြီး ရုပ်ရှင်မင်းသမီး မင်းသားပုံများကို ထည့်၍ ဆွဲလေ့ရှိတတ်သည်။

ဒဂုန်မဂ္ဂဇင်း တွင်လည်း ရှေ့ဆောင် ပန်းချီဆရာ တစ်ဦးဖြစ်သည်။ ၁၉၂၅ တွင် ဒဂုန်မဂ္ဂဇင်း သည် သရုပ်ဖော် ပန်းချီဆရာများ လခစားမထားတော့သဖြင့် ၅၁ လမ်းတွင် LIBERTY ART အမည်ဖြင့် ပန်းချီခန်း ဖွင့်ပြီး ပန်းချီသင်တန်း များလည်း ဖွင့်လှစ်ခဲ့သည်။ ထို့နောက် WORLD'S PEN ပန်းချီခန်းမ ဖွင့်လှစ်ပြန်သည်။ ၁၉၂၅ ခုနှစ်တွင် မြန်မာအဆွေ ကုမ္ပဏီမှ ထွက်ပြီးနောက် ဦးဘလုံသည် လခစားမလုပ်တော့ဘဲ လက်ခစား အမျိုးမျိုးလုပ်သည်။ ကိုယ်တိုင်ဦးစီး၍လည်း ပန်းချီဝတ္ထု မဂ္ဂဇင်း တစ်စောင် ထုတ်ဝေသည်။ သို့ရာတွင် ကြာရှည်မခံချေ။ ထို့နောက် သူရိယမဂ္ဂဇင်း၊ ကဝိမျက်မှန် မဂ္ဂဇင်၊ လန်ဒန်အတ်ကုမ္ပဏီတို့အတွက် ပန်းချီကားများ ရေးဆွဲသည်။ အနုပညာရှင် ဦးဘလုံသည် ရာဇဝတ်ဝန် ဦးဘရီ တည်ထောင်သော ရုပ်ရှင်ကုမ္ပဏီမှ ဇာတ်ကားတွင် လူကြီးပိုင်းမှပါဝင်ခဲ့သေးသည်။ ထို့နောက် ရန်ကုန်အနောက်ပိုင်းရှိ ဗြဟ္မစိုရ ကုမ္ပဏီက ဦးဘလုံအား ဘုရားပုံတော်ပန်းချီကားများကို ရေးဆွဲစေ၍ ကာလကတ္တားမြို့တွင် ရောင်စုံပုံနှိပ်ကာ ရောင်းချရာ အလွန်အရောင်းတွင်၍ ကုမ္ပဏီလည်း အမြတ်အစွန်းရခဲ့သည်။

ဦးဘလုံသည် မြန်မာအဆွေ ကုမ္ပဏီသို့မဝင်မီတစ်ကြိမ်၊ မြန်မာအဆွေကုမ္ပဏီမှ ထွက်ပြီးတစ်ကြိမ် ကော့ကရိတ်နယ်စပ်မှ တစ်ဆင့် ထိုင်းသို့သွားရောက်ခဲ့ဖူး။ ထိုင်းတွင် ထိုင်းမင်းသားကြီး တစ်ပါးက မြှောက်စား၍ ဦးဘလုံသည် ပန်းချီကားများဖြင့် နာမည်ရခဲ့သည်။ ဦးဘလုံ၏ ပန်းချီကားများကို လူကြိုက်များသော်လည်း ချိန်းရက်မမှန်သဖြင့် ပန်းချီကားအပ်သူများ စိတ်အလွန်ဆိုးလောက်သည်အထိ စောင့်ကြရသည်။ စိတ်ပါပါနှင့် ဆွဲလျှင်လည်း ခဏနှင့်ပင်ပြီး၍ သူ့လက်ရာကိုရလျှင် စိတ်ဆိုးပြေကြသည်ချည်း ဖြစ်ကြသည်။

ဦးဘလုံသည် အရုပ်ကားကို အပြည့်ရေးလေ့မရှိ၊ ဘလောက်ပြုလုပ်သည့်အခါ ဆေးရေးခြယ်ရန် ချန်ထား လေ့ရှိသည်။ ထို့ကြောင့် ဘလောက်လုပ်သူ သက်သာ၍ အရုပ်ကား ရိုက်ပြီးသောအခါ အရုပ်သည် အရောင် တောက်သည်။ ဦးဘလုံသည် ဆီဆေးကားကို သိပ်ရေးလေ့မရှိ။ ရေဆေးကားများသာ ရေးဆွဲလေ့ရှိသည်။

ထင်းရှားသော လက်ရာများ[ပြင်ဆင်ရန်]

ဦးဘလုံ ရေးဆွဲခဲ့သော ထင်ရှားသည့် လူပုံပန်းချီကားများမှာ ညောင်ရွှေစော်ဘွား ဆာစောမောင်၊ ဒီးဒုတ် ဦးဘချိုမဟာဗန္ဓုလ ပုံများဖြစ်သည်။ မဟာဗန္ဓုလပုံပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်သူများအနက် ရွေးချယ်ရေးအဖွဲ့က ဦးဘဖန်နှင့် ဦးဘလုံပုံ ၂ ပုံ နောက်ဆုံးရွေးချယ်၍ ဦးဘဖန်၏ ဗန္ဓုလပုံသည် ပန်းချီသဘောနှင့် အကောင်းဆုံး ဖြစ်သည်ဟု ဆုံးဖြတ်ကြသည်။ ဦးဘလုံသည် ဂျပန်ခေတ် အစိုးရအိမ်တော်၌ ပန်းချီပြိုင်ပွဲလုပ်ရာ ဆေးရှားပိတ်ရှားချိန်တွင် ဂျပန်မြန်မာ မိတ်ဆွေဖြစ်ကားကို သုံးထပ်သားပေါ်တွင် ဆီဆေးဖြင့်ရေးဆွဲ၍ ပါဝင်ဆင်နွှဲခဲ့သည်။ ဦးဘလုံကား ပန်းချီသဘောကို အခြေခံမှအစ တော်တော်နှံ့စပ်သူ မွေးသန္ဓေပါ ပညာရှင်ဖြစ်သည်။ သို့ရာတွင် သူသိသလောက် ပါးစပ်မှ ပြောတတ်သူကား မဟုတ်ချေ။

ဘဝနောက်ဆုံးချိန်[ပြင်ဆင်ရန်]

သံတော်ဆင့် ဦးသိန်းမောင်၊ မဟာဆွေစသော စာရေးဆရာကြီးများသည် ဦးဘလုံ၏ အလွန်ရင်းနှီးသော မိတ်ဆွေကြီးမျာ ဖြစ်သည်။ ပန်းချီဦးအုန်းလွင်၊ ဦးဘလုံလေး၊ မန္တလေး ဘကျင်တို့သည် ဦးဘလုံ၏ တပည့်များ ဖြစ်သည်။ ဗြိတိသျှဘားမား၊ လန်ဒန်အတ်စသော ရုပ်ရှင်ကုမ္ပဏီများအတွက် ရုပ်ရှင်ပိုစတာများရေးရာ ဦးအုန်းလွင်သည် ဦးဘလုံ၏ လက်ကိုင်တပည့်ရင်း ဖြစ်သည်။ ဦးဘလုံကား အပျော်အပါး အသောက်အစား အလွန်ဝါသနာပါသူ ဖြစ်သည်။ ထို့ကြောင့် ကျန်းမာရေး ချို့တဲ့လှသည်။ ဂျပန်ခေတ်တွင် အိုရီယင်တယ်မုန့်တိုက် ရှေ့ဘက် ဗုံးကာတံတိုင်းတွင် ပန်းချီခန်းဖွင့်၍ ဂျပန်ဝါဒဖြန့် ဆီဆေးပန်းချီကားချပ်ကြီးများ ရေးဆွဲခဲ့သည်။ ထို့နောက်ပိုင်းတွင် ကျန်းမာရေး ချို့ယွင်းလာပြီး အလုပ်မလုပ်နိုင်လှတော့ပေ။ ဂျပန်များ မြန်မာပြည်မှ ထွက်မသွားမီ အသက် ၅၀ ကျော်အရွယ် ၁၉၄၄ ခုနှစ် ဒီဇင်ဘာလ ၅ ရက်နေ့တွင် ရန်ကုန်မြို့ဗဟန်း အုတ်ဖြတ်လမ်းတွင် ဇနီးဖြစ်သူ ဒေါ်တင်မြင့် လက်ထဲ၌ ကွယ်လွန်လေသည်။A [၁]

ဦးဘလုံ ကွယ်လွန်သော အခါ တပည့်ရင်း ဦးအုန်းလွင် အား ငွေဒင်္ဂါး ၁၆ ပြား နှင့် ပန်းချီစုတ်တံ အချို့ကို ရှေ့နေမှ တဆင့် အမွေပေးခဲ့သည်။ [၂]

ကိုးကား[ပြင်ဆင်ရန်]

A.^ ၁၉၇၅ ခုနှစ်၊ စာနယ်ဇင်းသမိုင်းဟောပြောပွဲတွင် ဦးအုန်းလွင် တင်သွင်းဟောပြောခဲ့သည့် စာနယ်ဇင်း၊ ပန်းချီသရုပ်ဖော် စာတမ်းမှ
  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၈)
  2. ဝင်းသဉ္ဇာမျိုး (၂၀၀၂ ခုနှစ်). ပန်းချီဦးအုန်းလွင်, ပထမအကြိမ်. စာပေဗိမာန်