ဘတင် (သခင်)

ဝီကီပီးဒီးယား မှ
(ဘတင်၊ သခင် မှ ပြန်ညွှန်းထားသည်)

သခင်ဗတင်(ရေနံမြေ) (မြန်မာ ၁၂၆၆-၁၃၄၃)[ပြင်ဆင်ရန်]

သခင်ဗတင်ကို မြန်မာသက္ကရာဇ် ၁၂၆၆ ခု သီတင်းကွျတ်လဆန်း ၅ ရက်နေ့တွင် မြောင်းမြခရိုင် အိမ်မဲမြို့၌ အဖ ဦးဘိုးဆိုင်၊ အမိ ဒေါ်ပါဇုံတို့မှ မွေးဖွားသည်။ ၁၂၈၃ ခုနှစ်တွင် နဝမတန်းအောင်မြင်၍ ၁၂၈၄ ခုနှစ်တွင် မြောင်းမြဆရာအတတ်သင်ကျောင်းမှ အလယ်တန်းဆရာဖြစ် စာမေးပွဲကိုအောင်မြင်ခဲ့ပြီး အင်္ဂလိပ်စာကို ရန်ကုန်မြို့ ဘီအီးတီကျောင်းတွင် သင်ကြားဆည်းပူးခဲ့သည်။ ၁၂၈၈ ခုနှစ်တွင် ရေနံချောင်းမြို့ရှိ မက္ကင်ဇီ ကုမ္ပဏီတွင် ဝင်ရောက်လုပ်ကိုင်ရာမှ ၁၂၉ဝ ပြည့်နှစ်တွင် ဘီအိုစီ ကုမ္ပဏီသို့ ပြောင်းရွှေ့လုပ်ကိုင်သည်။

ဂျီစီဘီအေ ဦးစိုးသိမ်း၏ နိုင်ငံရေးတရားပွဲများသို့ သွားရောက်နားထောင်ခဲ့ရာမှ နိုင်ငံရေးတွင် စိတ်ပါ ဝင်စားလာပြီး ရေနံချောင်းမြို့ ဘီအိုစီ ပုဂံတန်းလျား၌ ဗုဒ္ဓဘာသာဝေယျာဝစ္စအသင်းကို တည်ထောင်၍ ဂျီစီဘီအေနှင့် ဆက်သွယ်ခဲ့သည်။ သခင် ဘသောင်း က သခင်စာရင်းများ ပေးသွင်းရန်ခေါ်သည့်အခါ ရေနံချောင်းမြို့မှ ပထမဆုံး စာရင်းပေးသွင်းခဲ့၍ ၁၂၉၅ခုနှစ်တွင် သခင်ဘသောင်း အိမ်၌ ကျင်းပ ခဲ့သည့် အစည်းအဝေးသို့ ဇနီးသခင်မမပုနှင့်အတူ တက်ရောက်ခဲ့သည်။

၁၂၉၇ ခုနှစ်တွင် မြင်းခြံမြို့၌ကျင်းပသော ဒုတိယအကြိမ်မြောက် တို့ဗမာအစည်းအရုံးညီလာခံမှ သခင်ဗတင်အား ဗဟိုကော်မတီဝင်နှင့် အလုပ်သမားဌာနမှူးအဖြစ် ခန့်အပ်ခဲ့သည်။ ၁၂၉၉ ခုနှစ်တွင် ချောက်မြို့ရှိ ဘီအိုစီ၊ ဘီဘီပီစီ၊ ပီဒီစီ၊ လမ်းရွာရှိ အိုင်ဘီပီနှင့်ရေနံချပ်ရှိ ဘီအိုစီအလုပ်သမားများ သပိတ်မှောက်ရာတွင် ချေက်မြို့တို့ဗမာရေနံမြေ အလုပ်သမား အစည်းအရုံး၏ အထွေထွေ အတွင်းရေးမှူးအဖြစ် ကြေညာချက်ထုတ်ပြန်ကာ လှုံ့ဆော်စည်းရုံးခဲ့သည်။ ၁၃ဝဝ ပြည့်နှစ်၊ နတ်တော်လဆန်း၊ ၉ ရက် (၃ဝ-၁၃-၃၈)နေ့တွင် ရေနံမြေ သပိတ်တပ်ကြီးသည် ချောက်မြို့မှ စတင်ထွက်ခွာ ချီတက်ခဲ့သောအခါ ရေနံမြေသပိတ်တပ်ကြီး ရန်ကုန်မြို့သို့မရောက်စေရန် အင်္ဂလိပ်အာဏာပိုင်များက သပိတ်ခေါင်းဆောင်များကို ဖမ်းဆီးသဖြင့် သခင်ဗတင်လည်း ဖမ်းဆီးခံခဲ့ရသည်။

၁၉၄၅ ခုနှစ်တွင် သခင်ဗတင်သည် ကျောက်ပန်းတောင်းမြို့တွင် နယ်စီးတောအုပ်အဖြစ် အမှုထမ်းယင်း ဂျပန်တော်လှန်ရေးကို အားပေးကူညီခဲ့သည်။ ၁၉၄၆ ခုနှစ်တွင် ရေနံချောင်းမြို့၌ အိမ်ငှား၊ မြေငှားအဖွဲ့ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သည်။

၁၉၈ဝ ပြည့်နှစ်တွင် သခင်ဗတင်အား နိုင်ငံ့ဂုဏ်ရည် ပထမအဆင့်အဖြစ် နိုင်ငံတော်ကောင်စီက ချီးမြှင့်အပ်နှင်းခဲ့သည်။ ၁၉၈၁ ခုနှစ် ဇူလိုင်လ ၃၁ ရက်နေ့တွင် ရန်ကုန်မြို့၌ ကွယ်လွန်သည်။ ဇနီးသခင်မ ဒေါ်ပုနှင့် သားသမီး ရှစ်ဦး ကျန်ရစ်သည်။

ကိုးကား[ပြင်ဆင်ရန်]

မြန်မာ့ စွယ်စုံကျမ်း