ပြည်တော်သာခေတ်ဟောင်းက ပြည်မြန်မာ

ဝီကီပီးဒီးယား မှ

လွန်ခဲ့တဲ့အနှစ် ၃၀ လောက်က မဆလခေတ်မှာ အသက်နှစ်ဆယ်လောက်ရှိတဲ့ လူငယ်တစ်သိုက်ကို ပြည်တော်သာခေတ်က စာအုပ်စာတမ်းများကိုပြလိုက်မိတော့ အဲဒီအထဲမှာပါတဲ့ကုမ္ပဏီပစ္စည်း ကြော်ငြာ ဈေးနှုန်းတွေကိုကြည့်ပြီး အစစရှားပါးနေတဲ့ မဆလခေတ်နဲ့နှိုင်းယှဉ်ကာ "အကိုကြီးရယ်ဒါ ကျွန်တော်တို့ ဗမာပြည်မှ ဟုတ်ရဲ့လား"လို့ သနားစရာမေးရှာသည်။ မဆလခေတ် ဗမာပြည်ကလည်း အစစအရာရာမှာ ရှားပါးနေပြီး "ဘာမေးရှားနိုင်ငံ" ဖြစ်နေတော့ ပြည်တော်သာခေတ်က ဘာမဆိုဝယ်ချင်တာရနေပြီး၊ ဈေးတွေကလည်းပေါတော့ သူတို့အတွက်က အံဩစရာကြီးဖြစ်နေသည်။ အခုခေတ်ဗမာပြည်ကလူငယ်တွေကို ပြည်တော်သာခေတ်က စာအုပ်တွေပြရင် ပစ္စည်းမျိုးစုံကတော့ ဗမာပြည်မှာလဲဝယ်လို့ရနေပြီဖြစ်လို့ သိပ်အံဩမှာမဟုတ်ပေမဲ့ ထမင်း အဝစား ပြား၅၀၊ ရန်ကုန်နဲ့ အင်းစိန် ဘတ်စ်ကားခ ၃၅ ပြား၊ မုန်းဟင်းခါး တစ်ပွဲ ၁၅ ပြား၊ အကြော်နဲ့ ပြား၂၀၊ ဘူးသီးကြော် တစ်ချပ် ၅ ပြား၊ ဒန်ပေါက်တစ်ပွဲ ၁ကျပ်၊ ဘဲဥဆယ်လုံး ၁ကျပ်၊ ဝက်သားတစ်ပိဿာ ၂ကျပ်၊ ကြက်သား ၃ကျပ် စတဲ့ ရန်ကုန် ပေါက်ဈေးတွေကိုမြင်လိုက်ရရင် သူတို့ဘာပြောမလဲ မသိဘူး။ အစစအရာရာ ဈေးပေါနေတော့လည်း အဲဒီခေတ်ကလခအနည်းဆုံးဖြစ်တဲ့ တလ ၈၂ ကျပ်ဘဲရတဲ့ မင်းစေ ဟာလည်း မိသားစုကို ဝအောင်ကျွေးနိုင်၊ ကလေးတွေကို ကျောင်းထားနိုင်ခဲ့သည်။ သူတို့မိသားစုမှာလဲ ရွှေတွဲလဲငွေတွဲလဲနဲ့ပါ။ ရွှေဈေးကလဲ အကောင်းဆုံး ပရပိုက်ခေါက်မှ အလေးချိန် တစ်ကျပ်သားကို ကျပ်ငွေ ၂၀၀ ပေးရသည်။

ငွေကြေးစံနစ်[ပြင်ဆင်ရန်]

လွတ်လပ်ရေးရပြီးစ ကိုလိုနီခေတ်ကသုံးခဲ့သော အိန္ဒိယသုံးငွေကိုဆက်သုံးရသည်။ ၃ပိုင် တစ်ပြား၊ ၄ပြား တစ်ပဲ၊ ၁၆ပဲ (ဝါ) ၆၄ပြား တစ်ကျပ်။ အင်္ဂလိပ်လိုကတော့ ကုလားအခေါ်တွေကိုသုံပြီး 3 Pai one Paisa, 4 Paisa one Anna, 16 Annas or 64 Paisa 1 Rupee ပေါ့။ မြန်မာပြည်မှာ ကိုလိုနီခေတ် အစပိုင်းကသာ ပိုင်ကိုသုံးပေမဲ့ နောက်ပိုင်းမှာ ပြားဟာ အငယ်ဆုံးသုံးငွေပါ။ အိန္ဒိယမှာတော့ လူတွေဟာ ပိုဆင်းရဲကြလို့ ဒုတိယကမ္ဘာစစ်ဖြစ်ချိန်အထိ ပိုင် ကိုသုံးနေခဲ့သည်လို့ လူကြီးသူမတွေပြောတာ ကြားဖူးပါရဲ့။ လွတ်လပ်ရေးရပြီးပေမဲ့ ရန်ကုန်ဟာ ကုလားမြို့တစ်ပိုင်းဖြစ်နေတုန်းမို့ ကုလားတန်းမှာဈေးဝယ်ရင် ၆ ပြား (ဝါ) ၁ပဲ၂ပြားကို ကုလားလို "ဆတ်ပိုက်ဆား" (ဝါ)" ယေးအန်းနား ဒိုး ပိုက်ဆား"။ ၁ကျပ်ခွဲဆိုတာ ၁ ကျပ် ရှစ်ပဲမို့ ကုလားလို" ယေးရူပြားအတ်အန်းနား" ဆိုတာတွေကို အဲဒီခေတ်က ရန်ကုန်သူ၊ ရန်ကုန်သား တွေတတ်ခဲ့ကြသည်။ ထိုစနစ်ဟာ လွတ်လပ်ရေးရပြီး ၁၉၅၃ခုထိ ရှိသည်။ ၁၉၅၃ ခုမှာမှ မြန်မာ ဘုရင်တွေ သုံးခဲ့တဲ့ ပြား ၁၀ဝ တစ်ကျပ်စနစ်ပြန်သုံးနိုင်ခဲ့သည်။

လန်ချား[ပြင်ဆင်ရန်]

လွတ်လပ်ရေးရပြီးစက လူဆွဲတဲ့လန်ချားတွေလဲရှိခဲ့သည်။ လန်ချားကုလားတွေဟာ ဂေါ်ရင်ဂျီကုလားတွေ ဆိုတော့ "ဒိုင်းနား၊ ဘားယား" (ညာဘက်ကွေ့၊ ဘယ်ဘက် ချိုး)၊ "ဟိုး"(ရပ်)၊ "ဂျောင်း"(သွား) စတဲ့ ဂေါ်ရင်ဂျီစကားကို ရန်ကုန်သူ၊ ရန်ကုန်သားတွေတတ်ကြသည်။ ၁၉၅၁ လောက်မှာ ဖဆပလ အစိုးရက လူဆွဲရတဲ့လန်ချားဟာ လူ့သိက္ခာညှိုးနွမ်းစေတဲ့ အလုပ်ဆိုပြီး လန်ချားတွေပိတ်လိုက်သည်။ ပြည်တွင်းစစ်ဖြစ်ပြီး တောနယ်က စစ်ပြေးဒုက္ခသည်တွေ ရန်ကုန်ရောက်လာပြီး ကျူးကျော်ရပ်ကွက်တွေ၊ ကွက်သစ်တွေပေါ်လာတော့မှ ကုလားမြို့ဖြစ်နေခဲ့တဲ့ ရန်ကုန်ဟာ ဗမာမြို့ဖြစ်လာခဲ့သည်။ ၁၉၅၈ ခု ဖဆပလ နှစ်ချမ်းကွဲသောအခါ ဖဆပလ အမတ်အများစုက ဆွေ-ငြိမ်း အဖွဲ့ကိုထောက်ခံခဲ့သည်။ ဒါပေမယ့် ဦးနုက အတိုက်အခံ ပမညတနဲ့ တခြားအဖွဲ့တွရဲ့အကူအညီနဲ့အနိုင်ရသွားတဲ့အခါမှာ ဦးကျော်ငြိမ်းက "ကိုကြီးနု အစိုးရတော့ လန်ချားကုလား ယန်ကနား အစိုးရ ဖြစ်သွားဘီ။ လက်ဝဲသမား ဦးသိန်းဖေမြင့် "ဒိုင်းနား၊ ဘားယား"လုပ်သလို ဆွဲရမဲ့အစိုးရပါဘဲ" လို့ဝေဖန်ခဲ့သည်။ ကာတွန်းဆရာဦးအောင်ရှိန်ကလဲ မော်ဒန်ကာထွန်းမှာ စုံထောက်ဦးရှံစားက ဖိနပ်ချုပ်ကုလားအယောင်ဆောင်ပြီး စုံထောက်ခန်းမှာ ဗမာ ခေါင်းပေါင်းမချွတ်ပဲ ဖိနပ်တိုက်နေတော့ ဖိနပ်အတိုက်ခံသူက "အမယ်၊ ဖိနပ်ချုပ်ကုလားကလဲ ဗမာခေါင်း ပေါင်းနဲ့ပါလား"လို့ပြောလိုက်ရာမှာ ဦးရှံစားက "ဟရေး အာကိုဂျီး၊ ယန်ကနား အချိုးရတောင် ရွှေဖလားရောင် ဂေါင်းဘောင်းနဲ့မဟုတ်လား၊ ဖိနပ်ချုပ်ကုလားအပ္ပနားလဲ ဂေါင်းဘောင်းနဲ့မှခေတ်မီတာပေါ့ အာ ကိုဂျီးရဲ့" လို့ ကုလားသံနဲ့သရော်ခဲ့သည်။

ပြည်တော်သာစီမံကိန်း[ပြင်ဆင်ရန်]

၁၉၅၂ ခုနစ် ပြည်ထောင်စု မြန်မာနိုင်ငံတော် ပြည်တော်သာ စီမံကိန်းနှင့် ပြည်တော်သာ ညီလာခံတွင် ဦးဆောင်ခဲ့ကြသော ပုဂ္ဂိုလ်များ ရှေ့တန်း ဝဲမှယာ-သခင် ပန်းမြိုင်၊ ဦးကျော်မြင့်ကလေး၊ ဦးသန်းအောင် နောက်တန်း ဝဲမှယာ-ဒေါက်တာဘအေး၊ မြို့မ-ဦးသန်းကြွယ်၊ တိုးတက်ရေး ဦးသိန်း၊ ရဲဘော်ဖေတင်၊ ဦးလှ

ဖဆပလအစိုးရက တိုင်းပြည်တိုးတက်ဖို့ ပြည်တော်သာစီမံကိန်း လုပ်ခဲ့သည်။ ပြည်တော်သာစီမံကိန်းနှင့် ဆောက်တဲ့တိုက်၊ ကျောင်းတွေကို ပြည်တော်သာတိုက်၊ ပြည်တော်သာ ကျောင်းတွေလို့ခေါ်ခဲ့သည်။ ၎င်းအဆောက်အဦးတွေဟာ ယနေ့အထိအသုံးဝင်နေဆဲဖြစ်သည်။ ပြည်တော်သာစီမံကိန်းနှင့် တင်သွင်းလာတဲ့ Land Rover ကားကိုလည်း "ပြည်တော်သာဂျစ်" လို့ခေါ်ခဲ့သည်။ ပြည်တော်သာခေတ်က လွတ်လပ်စွာ ရေးသားပြောဆိုပုံနှိပ်ခွင့် အနည်းဆုံး ၉၅ ရာခိုင်နှုန်းလောက်ပေးထားတော့ အစိုးရကို သရော်တဲ့ ကာတွန်း၊ သရော်စာ၊ ပြက်လုံးတွေအများကြီးပေါ်လာခဲ့သည်။ အငြိမ့်ပွဲမှာ လူပြက်နှစ်ယောက် ဆရာနဲ့ တပည့်လုပ်ပြီး မြန်မာသင်ပုန်းကြီးဖတ်စာအခန်းမှာ"မာရှယ်တီးတိုးလာပြီ၊ တဲအိမ်တွေ ဖျက်ရမည်။ ဆင်းရဲသားတွေဒုက္ခရောက်၏။ ဒါပေမဲ့ ပြည်တော်သာသည်"။ "ပြည်တော်သာတိုက်တွေ ဆောက်ပြီးပြီ။ ဆင်းရဲသားတွေစောင့်အုန်း။ ငါတို့ဆွေမျိုးတွေအရင်ပေးမယ်။ ဒါပေမဲ့ ပြည်တော်သာပါ၏။" "လက်မှတ်ရောင်း အမျိုးသမီးတွေချော၏၊ သို့သော် ပြည်တော်သာ ဘတ်စကားရပ်မပေးပါ။ တက်စီ စီးစရာရာငွေမရှိပါ။ မာစီဒီးကားစီးသည့်ဝန်ကြီးများ ဤဒုက္ခကို သိမည်မဟုတ်။ ဒါပေမဲ့ ပြည်တော်သာသည်"။ " ပြည်တော်သာကျောင်းတွေ ခန့်ညားသည်။ အခမဲ့ပညာရေးလည်းကောင်းပါ၏။ သို့သော်ဝန်ကြီးများ သားသမီးများကို ပြည်တော်သာကျောင်း၌ မထားကြပါ။ ဝန်ကြီးသားသမီးများ အင်္ဂလိပ်ကျောင်းတက်ကြသည်။ ဒါပေမဲ့ ပြည်တော်သာသည်" လို့ပြောင်ပြောင်တင်းတင်း ဝေဖန်ရဲတဲ့ခေတ်ပါ။

ပြည်တော်သာနိုင်ငံခေတ်က စံပြအကျဉ်းထောင်တွေက အကျဉ်းသားတွေရဲ့ဘဝဟာလည်း မဆိုးပါဘူး။ ဆရာကြီးဒဂုန်ရွှေမျှားက ကိုလိုနီခေတ်ကထောင်တွေကို ပြည်တော်သာနိုင်ငံခေတ်ကစံပြထောင်တွေနှဲ့ ယှဉ်ပြကာ "မှတ်မိပါသေးသည် ပြည်မြို့က အကျဉ်းထောင်ဝယ်" ခေါင်းစဉ်နဲ့ရေးခဲ့သည်။ နိုင်ငံရေး အချုပ်သားနဲ့အကျဉ်သားတွေဟာ အထူးတန်းရသည်။ အထူးတန်းရတဲ့ရာဇဝတ်မှုနဲ့ထောင်ကျသူ ဟာ လည်း အလုပ်မလုပ်ရဘဲ နေ့တိုင်းထမင်းကောင်း ဟင်းကောင်း စားရတဲ့အပြင် ကူဖော်လောင်ဖက်အဖြစ် ရိုးရိုးတန်းကအကျဉ်သား တစ်ယောက်အနည်းဆုံးရသည်။ ရိုးရိုးတန်းကအကျဉ်သားတွေကလည်း နေ့တိုင်း ထမင်းကောင်း ဟင်းကောင်းစားရတော့ အထူးတန်းအကျဉ်သားတွေဆီမှာ ကူဖော်လောင်ဖက် အဖြစ်သွားချင်ကြသည်။ လူထုဦးလှတို့ ဗန်းမော်တင်အောင်တို့ အဖမ်းခံနေရဆဲမှာ စာအုပ်တွေရေးသား ထုတ်ဝေနိုင်ခဲ့ကြသည်။ နာမည်ကြီး နိုင်ငံရေးသမားတစ်ယောက်ဆိုရင် "ငါးဆွဲ"ခံထားရတုန်း(ပုဒ်မ ၅ နဲ့ အဖမ်းခံရတာကိုသုံးတဲ့ အဲဒီခေတ်ကဘန်းစကား) ၁၉၆၄ မှာဖျက်ပစ်လိုက်တဲ့ ရန်ကုန်ထောင်ထဲမှာ တစ်ယောက်ထဲအတွက်အိမ်ကလေးတစ်လုံး၊ ကူဖော်လောင်ဖက်အဖြစ် ရိုးရိုးတန်းကအကျဉ်သားက နှစ်ယောက်၊ သူ့ဇနီးကလဲမနက်ကတည်းက သူ့ဆီလာနေတာ တစ်ခါတစ်လေ ညလည်းမပြန်တော့ဘူး။ အစိုးရကလည်း ဘာမှမပြောလို့သာ ထောင်အရာရှိတွေက မျက်စိတ်မှိတ်နေကြတာပေါ့။ ဒီနိုင်ငံရေးသမားရဲ့ဇနီး သူ"ငါးဆွဲ"ခံထားရတုန်း သူနဲ့ကိုယ်ဝန်ရှိပြီး ကလေးတစ်ယောက်မွေးတဲ့အထိ လွတ်လပ်ခဲ့သည်။

ရိုးရိုးတန်းကအကျဉ်သားတွေကိုလည်း လက်သမားအတတ်၊ ဖိနပ်ချုပ်နည်း၊ စာအုပ်ချုပ်နည်း၊ ဂဟေဆော်နည်း၊ ဥယျာဉ်လုပ်နည်း၊ ဆပ်ပြာချက်အတတ် စတာတွေသင်ပေးသည်။ အကျဉ်းသားတွေထဲက လေ့လာလိုသူတွေ ဗုဒ္ဓဘာသာစာပေ လေ့လာနိုင်စေရန် ရဟန်းတော်များ (အကျဉ်းသူတွေအတွက် သီလရှင်များ)ကို တနင်္ဂနွေနေ့တိုင်း စံပြထောင်တွေထဲသွားပြီး သင်ကြားစေသည်။ မင်္ဂလာစာမေးပွဲတွေ ကျင်းပပြီး အောင်မြင်သူကို ကျခံနေရတဲ့ထောင်ဒဏ်ထဲက လျှော့ရက်တွေပေးသည်။ အခြားဘာသာဝင် အကျဉ်းသားတွေအတွက်လဲ ခရစ်ယာန်ဘုန်းကြီး၊ သင်းအုပ်ဆရာ၊ မော်လဝီ၊ ဆွာမိကြီး စသူတွေ စံပြ ထောင်တွေထဲသွားပြီး သက်ဆိုင်ရာဘာသာအလိုက် ဟောပြောခွင့်၊ ဝတ်ပြုခွင့်တွေပေးသည်။

ဦးနုဟာ ဗုဒ္ဓဘာသာကို အလွန်ကိုင်းရှိုင်းသူဖြစ်ပြီး နိဗ္ဗာန်ရောက်ရေးမှာတောင် ရဟန္တာအဖြစ်နဲ့ မရောက်လိုပဲ ဘုရားဆုပန်ထားသူဖြစ်သည်လို့ တရားဝင် ထုတ်ဖော်ပြောကြားခဲ့သူပါ။ သားငါးမစားပဲ သက်သတ်လွတ်စားသူ၊ အရက်မသောက်သူလို့လည်း သတင်းကြီးသည်။ ဦးနုဟာ သာသနာ့ဒါယကာဖြစ်လိုတာကြောင့် ဆဋ္ဌသင်္ဃာယနာတင်သည်။ စုစုပေါင်း အဲဒီခေတ်ကကျပ်ငွေတစ်ကုဋေ (အမေရိကန်ဒေါ်လာ နှစ်သန်း)ကုန်လို့ ပြည်တွင်းစစ်ဖြစ်နေဆဲမှာ ငွေဖြုန်းသည်လို့ ဝေဖန်သူတွေရှိခဲ့ပေမဲ့ လူများစု ဗုဒ္ဓဘာသာ ဝင်ရဟန်းရှင်လူတွေကတော့ သာဓုသုံးကြိမ်ခေါ်ပြီးထောက်ခံကြသည်။

မြန်မာပြည်ဟာ လယ်ယာစိုက်ပျိုးရေး နိုင်ငံဖြစ်လို့ ကျွဲနွားလိုသည်ဆိုတဲ့အကြောင်းပြပြီး ကျွဲနွားသတ်ခွင့်၊ အမဲသားရောင်းခွင့်တို့ကို တရားဝင်ပိတ် ပင်ထားသည်။ နှစ်စဉ် မူဆလင်ဗက္ကရီးအစ်ရောက်ခါနီးမှာ မူဆလင်တွေကလဲ နွားသတ်ချင်၊ ဦးနုကလည်း သူ့အနေနဲ့ သတ္တဝါတွေကိုသတ်ပြီးပူဇော်တာကို ခွင့်မပြု လိုပေမဲ့ ဘာသာရေးပွဲတော်ဖြစ်လို့ ခွင့်ပြုပါမယ်။ ဒါပေမဲ့ ဗက္ကရီးဆိုတာ ကုလားစကားမှာ ဆိတ်ကိုခေါ်တာဖြစ်လို့ ဆိတ်ကိုသာသတ်ပြီးပူဇော်ကြပါ၊ နွားကိုတော့ မသတ်ကြပါနဲ့ လိုတောင်းပန်၊ သူ့ကဲဘိနက်ထဲကဝန်ကြီး ဦးရာရှစ်နဲ့ ဦးခင်မောင်လတ် ခေါ် အဗ္ဗဒူလတစ်အပါအဝင် မူဆလင်တွေကလဲ နွားကိုသာ သတ်ချင်ကြတာကြောင့် တစ်ကြိမ်မှာ ဦးနုဟာ အစာငတ်ခံဆန္ဒပြခဲ့သည်။ နောက်ဆုံးမှာနှစ်ဘက်ညှိနှိုင်းကြကာ လူဦးရေအလိုက် နွားကောင်ရေ ခွဲတမ်းချပေးပြီး သက်ဆိုင်ရာဗလီထဲမှာသာသတ်ကြရန်၊ အခြား ဘာသာဝင်များ စိတ်အနှောက်အယှက် မဖြစ်စေရန် နွားတွေကို မြို့ထဲမှာ ကြိုးနဲ့ဆွဲပြီး မသွားကြဖို့၊ သွေးပေနေတဲ့ အဝတ်အစားနဲ့ မြို့ထဲမှာ မသွားကြဖို့တွေ သဘောတူကြသည်။

ရန်ကုန်ဘတ်စ်ကား[ပြင်ဆင်ရန်]

၁၉၅၅ခုနှစ်တွင် ဦးနုအစိုးရအဖွဲ့က ပြည်တောင်သာ စီမံကိန်းအတွက် ဟန်ဂေရီနိုင်ငံထုတ် Ikarus နှင့် ဂျပန်နိုင်ငံထုတ် Hino နှင့် Isuzu ဘတ်စ်ကားများကို တင်သွားခဲ့သည်။ ထိုဘတ်စ်ကားကြီးတွေကို ပြည်သူများက ပြည်တော်သာကားဟုခေါ်ကြသည်။ ပြည်တော်သာကားတွင် ယူနီဖောင်းဝတ် လက်မှတ်ရောင်း အမျိုးသမီးများ ခန့်ထားခဲ့သည်။ တစ်ကားတွင် အမျိုးသမီးဝန်ထမ်းနှစ်ယောက်စီပါသည်။ ကားရှေ့ပေါက်က အတက် ဖြစ်ပြီးနောက်ပေါက်က ဆင်းရသည်။ မောင်းသူ၊ရောင်းသူ၊ စီးသူအားလုံးစည်းကမ်းရှိကြပြီးကားကြီးတွေ ကလည်း သန့်ရှင်းကြသည်။ အဲဒီခေတ်က"စပယ်ယာမ" လို့ မခေါ်ဘဲ "လက်မှတ်ရောင်းအမျိုးသမီး" လို့ သာခေါ်ကြသည်။ ဘတ်စကားတွေမှာနံပါတ်မတတ်သေးပါဘူး။ ရုပ်ပုံတံဆိပ်တွေနဲ့ပါ။ ဗမာစာမတတ်သူ တွေအတွက်ပိုအဆင်ပြေသည်။ ရွက်လှေတံဆိပ်နဲ့ကားက ကြည့်မြင်တိုင်ဆိပ်ကမ်းက ပုစွန်ထောင်ဆိပ် ကမ်းကိုအသွားအပြန်ဆွဲတဲ့လိုင်းပါ။" တောင်ပံကား" က သိမ်ကြီးဈေးနဲ့အင်းစိန် အသွားအပြန်လိုင်းပါ။ အင်းစိန်မော်တော်ယာဉ်ရုံးတံဆိပ်ကဗြဟ္မာရုပ်ပါ။ မီးရထားတံဆိပ်နဲ့ကားက ရန်ကုန်ဘူတာကြီး (ကွမ်းခြံ ဘူတာ)ကိုရောက်သည်။ ၁၉၅၉ ခုနှစ် အိမ်စောင့်အစိုးရခေတ်မှာ အရုပ်နဲ့ဘတ်စကားလိုင်းတွေကို နံပါတ်နဲ့ပြောင်းလိုက်ရာမှာ မြင်းဖြူ၊ မြင်းနီ၊ မြင်းကျားတို့က နံပါတ် ၁၊ ၂၊ ၃ ဖြစ်သွားပြီး မီးရထားတံဆိပ် က နံပါတ် ၄၊ ဆင်ဖြူ နဲ့ ဆင်မဲက ၅ နဲ့ ၆၊ နဂါးက ၇၊ တောင်ပံကား က ၈၊ ကြံ့ က ၉၊ ကျန်တဲ့ ညောင်ပင်၊ လေယာဉ်ပျံ၊ ခြင်္သေ့၊ ရွက်လှေ စတာတွေလည်း နံပါတ်နဲ့ဖြစ်သွားသည်။ စုစုပေါင်း ၁၅လိုင်း ရှိသည်။ နံပါတ် ၁၆လိုင်းက ၁၉၆၀ လောက်မှပေါ်လာတာပါ။ ကမာရွတ်လှည်းတန်းဈေးက ဆင်မလိုက်၊ ကြည့်မြင် တိုင်၊ မြေနီကုန်း၊ ရွှေဂုံတိုင်တို့ကိုပတ်ပြီး တာမွေအထိသွားတဲ့ နံပါတ် ၁၆ လိုင်းကတော့ ဘတ်စကားပုံ မဟုတ်ဘဲ လူ၁၆ယောက်သာဆန့်တဲ့ ဂျပန်လုပ် ဒတ်ဆန်း လိုက်ထရပ်လေးတွေပါ။ ဘတ်စ်ကားကျပ် သည်ဆိုတာ ဘယ်လိုဟာလဲလို့ မေးယူရမည့်ခေတ်ပါ။ ဘတ်စ်ကားစပယ်ယာတွေကလဲ ယဉ်ကျေးကြသည်။ အစ်ကို၊ အစ်မ၊ ညီလေး၊ ညီမလေး၊ ဦးလေး၊ ဒေါ်ဒေါ် သင့်တော်သလိုခေါ်ပြီး "လာပါခင်ဗျ၊ ကားချောင်သည်ခင်ဗျ၊ စိန်အောင်မင်းတောင် ဝင်ကနိုင်လောက်အောင် နေရာရှိသည် ခင်ဗျ၊" လို့အော်ခေါ်လေ့ရှိသည်။ ရန်ကုန်တက္ကသိုလ်နားကဖြတ်သွားတဲ့ဘတ်စ်ကားလိုင်းတွေ၊ နဂါးရုပ် (နောင် နံပါတ် ၇ လိုင်း)၊ တောင်ပံ ကားရုပ် (နောင် နံပါတ် ၈ လိုင်း)၊ ကြံ့ရုပ် (နောင် နံပါတ် ၉ လိုင်း) စတဲ့လိုင်းတွေက ကားစပယ်ယာတွေဟာ ပိုပြီး ယဉ်ကျေးကြသည်။ သူတို့ပြောလေ့ရှိတာက "ကျနော်တို့ဟာ နောင်တခေတ်မှာ ခေါင်းဆောင်ဖြစ်မည့် တက္ကသိုလ်ကျောင်းသူကျောင်းသားတွေနဲ ဆက်ဆံနေရတာဆိုတော့ အထူးပိုပြီး ယဉ်ကျေးရပါမယ်" လို့ပြောလေ့ရှိသည်။ သူတို့ပြောတာလည်း မှန်သည်။ အဲဒီအချိန်က နိုင်ငံခေါင်းဆောင်ဖြစ်နေတဲ့ ဦးနု၊ ဦးကျော်ငြိမ်းတို့၊ အတိုက်အခံခေါင်းဆောင် ဦးသိန်းဖေမြင့်တို့ဟာလည်း တက္ကသိုလ်ကျောင်းသားဟောင်းတွေပါ။ ဒါကြောင့်လဲ ရန်ကုန်တက္ကသိုလ်နားကိုဖြတ်သွားတဲ့ ကားလိုင်းတွေက ယာဉ်မောင်းသူတွေ၊ လက်မှတ်ရောင်းသူတွေက "ငါတို့ဟာ ဗမာပြည်ရဲ့ခေါင်းဆောင်လောင်းတွေကို အကြို အပို့ လုပ်နေရတာ" ဆိုပြီး တခြားလိုင်းတွေက ယာဉ်မောင်း၊ လက်မှတ်ရောင်းတွေ အပေါ်မှာဂုဏ်ယူပြီး ပြောလေ့ရှိသည်။ တကယ်လည်း မှန်သည်။ အဲဒီခေတ်က တက္ကသိုလ်ကျောင်းသားတွေကို လူတကာကလေးစားကြသည်။ စာရေးဆရာတက္ကသိုလ်ဘုန်းနိုင်က သူ့ဝတ္တု တစ်ခုထဲမှာ ၁၉၄၉ ခု နှစ် ရန်ကုန်ကို သူပုန်တွေဝိုင်းထားတုန်း တက္ကသိုလ်ကျောင်းသားတွေ အစိုးရတပ်ထဲဝင်ပြီး သူပုန်တွေကို တိုက်ဖို့လုပ်ရာမှာ အစိုးရစစ်သားတွေက "ညီလေးတို့ နောက်တန်းမှာဘဲနေပါ၊ သေစရာရှိရင် ဒို့အရင်အသေခံပါမယ်၊ ညီလေးတို့ က တစ်နေ့မှာတိုင်းပြည်ခေါင်းဆောင်လုပ်ရမဲ့လူတွေပါ၊ ဒို့စစ်သားတွေဆိုတာ စစ်ပွဲမှာ သေတာမဆန်းဘူး၊ ညီလေးတို့အသက်က တိုင်းပြည်အတွက် တန်ဖိုးရှိသည်လို့ တကယ့်စစ်သားစိတ်ဓာတ်နှင့် ပြောခဲ့ဖူးကြောင်း အတိအကျရေးထားခဲ့သည်။ ဝန်ကြီးချုပ်ဦးနုရဲ့ လူထုအောင်သံပြဇာတ်ထဲမှာလဲ "တကယ့်စစ်သားဆိုတာ စည်းစိမ်ခံဖို့မလိုဘူး၊ ဝီစကီကို သောက်ပြီးစည်းစိမ်ခံချင်တဲ့သူဟာ တကယ့်စစ်သားမဟုတ်ဘူး၊ ဝီစကီကို သောက်ပြီး မှိန်းနေတဲ့ သင်းထားတဲ့နွားနဲ့ ဘာမှ မထူးဘူး" ဆိုပြီး တကယ့်စစ်သားဝါဒကို ထုတ်ဖော်ပြခဲ့သည်။

ပညာရေး[ပြင်ဆင်ရန်]

ကိုလိုနီခေတ်ပညာရေးကို ကျွန်ပညာရေးလို့ ခေါ်ခေါ် ဘာဘဲခေါ်ခေါ် ပညာရေးမှာ ကမ္ဘာ့အဆင့်ကို ကောင်းကောင်း မီခဲ့ဖူးသည်။ ကိုလိုနီခေတ်က ဘွဲ့ရခဲ့သူများဟာ လွတ်လပ်ရေးရပြီးနောက် ရန်ကုန်တက္ကသိုလ်တွင် ဆရာများ ဖြစ်လာခဲ့ကြသည်။ ၎င်းဆရာများရဲ့ သင်ကြားပေးခြင်းခံခဲ့ရတဲ့ တပည့်များလဲ ကမ္ဘာ့အဆင့်ကို မီခဲ့ကြသည်။ ဦးနုအစိုးရက အင်္ဂလန်အမေရိကန်ကနေဒါဩစတြေးလျ စတဲ့နိုင် ငံတွေကို ပညာတော်သင်များ စေလွွှတ်သည်။ ပညာတော်သင်များ ရဲ့ ၉၉ ရာခိုင်နှုန်းကလဲ နိုင်ငံကို ပြန်လာပြီး ကျရာတာဝန်များကို ထမ်းရွက်ကြသည်။ ဒါကြောင့်ပညာရေးအဆင့်အတန်းကလည်းမြင့်သည်။ စာမေးပွဲတွေမှာ မတတ်ဘဲနဲ့မအောင်ပါ။ အထူးသဖြင့် ၁၀တန်းစာမေးပွဲလို့ခေါ်တဲ့ တန်းမြင့် ကျောင်းထွက်နှင့်တက္ကသိုလ်ဝင်စာမေးပွဲမှာ အောင်သူ ၁၀% တောင်မရှိခဲ့ပါဘူး။ ၁၉၅၉ ခုနှစ်က ၃.၄% ဘဲရှိသည်။ တစ်ရာဖြေမှ လေးယောက်တောင်မအောင်ခဲ့ပါ။ အဲဒီနှစ်မှာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သားကြီးဩရသ အောင်ဆန်းဦးကဂုဏ်ထူးနှစ်ခုနဲ့အောင်ခဲ့သည်။ ရန်ကုန်တက္ကသိုလ်ရဲ့ အဆင့်ကလည်း ကမ္ဘာအဆင့်မီခဲ့သည်။ အာဖရိကတိုက်ကတချို့ကျောင်းသားတွေ ရန်ကုန်တက္ကသိုလ်မှာလာတက်ခဲ့ရသည်။ ပညာရေးစနစ်မှာလဲ နိုင်ငံပိုင်ကျောင်းများသာမက အလွတ်ပညာသင်ကျောင်းများ၊ ခရစ်ယန် သာသနာပြု ကျောင်းများပါရှိသဖြင့် ကိုယ်ကြိုက်နှစ်သက်ရာကျောင်းမှာ သင်ကြားနိုင်ခဲ့ကြသည်။ တက္ကသိုလ်ဝင်တန်းအောင်လျှင် တက္ကသိုလ်မှာ ကိုယ်ကြိုက်ရာ ဝါသနာပါရာ ဘာသာရပ်ကို ရွေးချယ်ခွင့်ရှိသည်။ ကိုယ်စိတ်မဝင်စားတဲ့ ဘာသာရပ်ကို အတင်းသင်ယူရခြင်းမရှိပါ။ စာတော်သူအများစုကလဲ ကိုယ်စိတ်မပါရင် ဆရာဝန်၊ အင်ဂျင်နီယာ ဘာသာရပ်များကို မသင်ကြဘဲ Honours ခေါ် ဂုဏ်ထူးတန်းကို ကိုယ့်စိတ်ကြိုက်ဘာသာရပ်နဲ့ တက်ရောက်သင်ကြားကြသည်။ ဝိဇ္ဇာပညာရပ်များ သင်ကြားသူများလဲ ဂုဏ်မငယ်ကြပါ။ ဆေးပညာ အင်ဂျင်နီယာအတတ်တို့မှာလဲတကယ်စိတ်ပါသူများသာတက်ရောက်ဘွဲ့ယူခဲ့ကြပြီး တကယ်တတ်သူက တတ်လိုသူကို ပညာသင်ပေးတဲ့ ခေတ်နဲ့စနစ်ဖြစ်ခဲ့သည်။ ဆက်စပ်လို့ရယ်စရာတစ်ခုပြောရရင် ၁၉၅၉ ခုနှစ်မှာ တိဘက်ပြည်ကို တရုတ်ဝင်သိမ်းသည်။ တိဘက် ရဟန်းမင်းကြီး ဒလိုင်းလားမား အိန္ဒိယကို ထွက်ပြေးရသည်။ မြန်မာသတင်းစာတွေက တိဘက်ရဟန်းမင်းကြီး ဒလိုင်းလားမားကို "ခေတ်သစ်တရုတ်ပြေးမင်း" လို့ ရေးကြသည်။ အဲဒီနှစ်မှာဘဲ သမိုင်းစာမေးပွဲ မှာ "တရုတ်ပြေးမင်း၏ဘွဲ့အမည်ကိုရေးပါ" ဆိုတဲ့မေးခွန်းပါလာသည်။ အဖြေမှန်ကတော့ နရသီဟပတေ့ ပေါ့။ ဒါပေမယ့် ခပ်နောက်နောက်ကျောင်းသားတစ်ယောက်က "မေးခွန်းမှာ မရှင်းပါ၊ မတိကျပါ။ ပုဂံခေတ် က တရုတ်ပြေးမင်းဆိုလျှင် နရသီဟပတေ့ဖြစ်သည်။ ယခုလက်ရှိ တရုတ်ပြေးမင်းဆိုလျှင် တိဘက် ရဟန်းမင်းကြီး ဒလိုင်းလားမားဖြစ်သည်။ ၁၉၄၉ ခုနှစ်က တရုတ်ပြေးမင်းဆိုလျှင် တရုပ်ဖြူ ချန်ကေရှိတ် ပါ" လို့ဖြေလိုက်သည်။ ဆရာတွေက သူ့ကို စိတ်မဆိုးဘဲ "အသေချာစဉ်းစားနိုင်ပါပေသည်၊ တော်ပါပေသည်" လို့ ချီးမွမ်းကြသည်။ ရန်ကုန်တက္ကသိုလ်နဲ့ မန္တလေးတက္ကသိုလ်တို့ဟာ ပညာရေးဝန်ကြီးရဲ့အောက်မှာမရှိဘဲ ကိုယ်ပိုင် အက်ဥပဒေတွေအရ တက္ကသိုလ်ဆီးနိတ်အဖွဲ့နဲ့တက္ကသိုလ် ကောင်စီတို့ကအုပ်ချုပ်သည်။ တက္ကသိုလ် ကောင်စီမှာ ကျောင်းသားကိုယ်စားလှယ်နှစ်ယောက်ပါသည်။ ကိုယ်စားလှယ်နှစ်ယောက်ကို ကျောင်းသားများကမဲပေးစံနစ်နဲ့ရွေးချယ်ရသည်။ ဝန်ကြီးချုပ်ဟာ မူအရ ရန်ကုန်တက္ကသိုလ်အဓိပတိ၊ ဒု-ဝန်ကြီး ချုပ်ဟာ မူအရ မန္တလေးတက္ကသိုလ်အဓိပတိဖြစ်ပေမဲ့ ပညာရေး၊ အုပ်ချုပ်ရေးကိစ္စတွေမှာ ဝင်စွက်လေ့မရှိပါ။ ကျောင်းသားဆန္ဒပြပွဲများ မကြာခဏဖြစ်ပေါ်လေ့ရှိပေမဲ့ ဘယ်အာဏာပိုင်ပုဂ္ဂိုလ်ကမှ တိုင်းပြည်နောင်ရေး ဒုက္ခပေးမဲ့ ဘုန်းဘောလအော အအောင်ပေးတဲ့စနစ်၊ ကျောင်းသားအချင်းချင်း သွေးကွဲစေမဲ့စနစ်၊ ကျောင်းသားများ မဆူပူပြီးရော အစိုးရဆန့်ကျင်ရေးလုပ်တာကလွဲပြီး ကျန်ကိစ္စများကို ကြိုက်သလိုလုပ် ထားခွင့်၊ ဥပမာ ကျောင်းဆောင်များထဲ ဖဲရိုက်။ အရက်သောက်။ မူးယစ်ဆေးဝါး သုံးစွဲတာကို လျစ်လျူပြု ထားခြင်း စတာမျိုး ခွင့်မပြုခဲ့ကြပါဘူး။

ရန်ကုန်သင်္ကြန်[ပြင်ဆင်ရန်]

လွတ်လပ်ရေးရပြီး ပြည်တော်သာခေတ်မှာလွတ်လပ်စွာရေးသားပြောဆိုပုံနှိပ်ခွင့်အနည်းဆုံး ၉၅% လောက်ပေးထားတဲ့အချိန်မို့ ရန်ကုန်သင်္ကြံမှာ မီးသတ်ပိုက်များသုံးပြီး အကြမ်းပတမ်း ရေပက်ခြင်း၊ နိုင်ငံရေးမကျေနပ်မှုများ ကို သရုပ်ဖော်ပြခြင်း၊ သံချပ်ထိုးခြင်းစတာတွေ ခေတ်စားလာသည်။ ရေပက်အကြမ်း ဆုံးနေရာများကတော့ စမ်းချောင်း၊ ရှမ်းလမ်း (ယခု ဗဟိုလမ်း)ရှိ “နေဗီကွာတား” ခေါ် ရေတပ် အရာရှိများရိပ်သာ၊ ဦးဝိစာရလမ်းနဲ့ ပြည်လမ်းကြားရှိ ယခုခေတ် ပြည်သူ့ဥယျာဉ်ဖြစ်နေတဲ့ ပြည်ထောင်စု စစ်ရဲတပ်ဌာနချုပ်၊ ဝင်ဆာလမ်း (ယခု ယုဇနပလာဇာ)နေရာမှာရှိခဲ့တဲ့ နေပြည်တော်စစ်ဌာနချုပ်တို့ ဖြစ်သည်။

“မီးသတ်ပိုက်ကြီးစက်ကုန်တင် လူသတ်ပွဲပင်ထင်လောက် ပါရဲ့”ဆိုတဲ့သံချပ်တွေ ခေတ်စားလာသည်။ စစ်ဌာနချုပ်တွေရှေ့မှာ ဝန်ကြီးချုပ်ဦးနုရဲ့ “လူထုအောင်သံပြဇာတ်”ကို ရုပ်ရှင်ရိုက်ရာမှ ခေတ်စားသွားတဲ့ “ဗိုလ်ကြီးရယ် ကျွန်မနွားကလေးကိုတော့ ပြန်ပေးခဲ့ပါရှင့်”ဆိုတဲ့စကားနဲ့သရော်လေ့ရှိကြသည်။ “ပုလိပ် တစ်မတ်၊ ပြူစောထီး ငါးမူး၊ ယူအမ်ပီ သုံးမတ်၊ အာမီ တစ်ကျပ်၊ ဂိတ်ကြေးသတ်” ဆိုတဲ့သံချပ်နဲ့ လဲ အော်ကြ သရော်ကြသည်။ ရေတပ်အရာရှိများရိပ်သာရှေ့မှာ "အမဲသားနဲ့အာလူး၊ အာလူးနဲ့ အမဲသား နေ့တိုင်းစားရတဲ့ စံပန်ဝါလား (သမ္ဗာန်သမား)တွေ” ဆိုတဲ့သံချပ်ဟာ ရေတပ်သားများ အထိအနာ ဆုံးသံချပ် ဖြစ်သည်။ ရန်ကုန် တရုတ်တန်းနဲ့ဘင်္ဂါလီစုတို့မှာ ညစ်ပတ်သူများက မြောင်းပုတ်ရေနဲ့ပက် လေ့ရှိလို့ “တစ်ကိုယ်လုံးနံစော်ချင်ရင် ဘင်္ဂါလီစုကိုသွားကြစို့ရဲ့၊ ရေပုပ်နဲ့အပက်ခံချင်ရင် တရုတ်တန်း ကို သွားလိုက်ကြဟဲ့” ဟု သံချပ်ထိုးကြသည်။

ရန်ကုန်မြို့တော်ခန်းမရှေ့ရှိ မြို့တော်ဝန်မဏ္ဍပ်မှာ ဝန်ကြီးချုပ်ဦးနုနဲ့ ဝန်ကြီးများ တစ်ခါတစ်ရံ နိုင်ငံတော် သမ္မတကြီး ဒေါက်တာဘဦးပါ ပါဝင်ရေကစားပြီး သပြေခက်ဖြင့် ရေပက်ခြင်း၊ အလွန်ဆုံး ငွေဖလားဖြင့် ရေပက်ခြင်းတို့သာရှိသည်။ ပိုက်ဖြင့်ပက်လေ့မရှိပါ။

ရန်ကုန်လျှပ်စစ်ဓာတ်အား[ပြင်ဆင်ရန်]

အဲဒီအချိန်က ရန်ကုန်မြို့မှာ မီးပျက်သည်ဆိုတာ ဘယ်လိုဟာလဲလို့ မေးယူရမည့်ခေတ်ပါ။ ညမှာ အိမ်တွေဟာမီးချောင်းတွေနဲ့ ထိန်လင်းနေပြီး လမ်းတွေကလည်း မာကျူရီမီးတွေ ထိန်ထိန်ညီးပြီး အပ်ကျရင်တောင် ကောက်လို့ရသည်လို့ ပြောနိုင်တဲ့ခေတ် ဖြစ်သည်။ သူခိုးဓားပြလည်း နည်းသည်။ တခါတလေ အဖော်တွေနဲ့ ည ၉ နာရီခွဲပွဲ ရုပ်ရှင်ဝင်ကြည့်ပြီး သန်းခေါင်ကျော်မှာ အိမ်ကို ညလေတဖြူးဖြူးနဲ့ လမ်းလျှောက်ပြန်ရတာ အရသာတမျိုးပါဘဲ။ ရန်ကုန်မှာ ညကျောင်းတွေလည်း အများကြီးပါ။ နေ့မှာအလုပ်လုပ်နေတဲ့သူတွေဟာ မီးချောင်းတွေနဲ့ ထိန်လင်းနေတဲ့ညကျောင်းတွေမှာ ကျောင်းတက်နိုင်သည်။ ရန်ကုန်မှာ ညဈေးတန်းလဲ ရှိသည်။ ည ၆ နာရီမှ ၁၀ နာရီအထိဖွင့်သည်။ အစားအစာက အစ အဝတ်အထည်အလယ် ကားနဲ့ လျှပ်စစ်ပစ္စည်း အဆုံးအားလုံးကို ညဈေးတန်းမှာ ဈေးနှုန်းချိုသာစွာ နဲ့ရနိုင်သည်။

ရန်ကုန်ရေပေးစံနစ်[ပြင်ဆင်ရန်]

ရန်ကုန်မှာရေတော့ မကြာမကြာပျက်တတ်သည်။ ရန်ကုန်ကို လှော်ကားကန်၊ သာဓုကန် နဲ့ ဂျိုးဖြူကန်တို့က သောက်သုံးရေပို့ပေးသည်။ ဂျိုးဖြူ ကန်ဟာ ရန်ကုန်နှင့် မိုင် ၅၀ လောက်ဝေးသဖြင့် လူတစ်ရပ် အမြင့်ကျော် အချင်း ၇ ပေလောက်ရှိသော ရေပိုက်လုံးကြီးများနှင့် ရေပို့သည်။ အဲဒီပိုက်လုံးကို သောင်းကျန်း သူတွေက မကြာခဏမိုင်းခွဲဖျက်ဆီးတတ်သည်။ မိုင်းခွဲလိုက်ရင် ရန်ကုန်မှာ ရေမလောက်တော့ဘဲ အင်မတန်ဒုက္ခရောက်ကြသည်။ အစိုးရဝန်ကြီးများနေသော ဝင်ဒါမီယာ၊ အရာရှိများနေသော ပြည်ထောင်စုရိပ်သာနှင့် အခြားအစိုးရဌာနများ ဖြစ်တဲ့ မီးရထား၊ စစ်တပ်၊ စစ်ရဲ၊ ရဲ၊ အကျဉ်းထောင် စတဲ့ဌာနများတွင် ကိုယ်ပိုင်အဝီစိတွင်းတွေနှင့် ရေစုပ်စက်၊ ရေပေးစက်တွေရှိလို့ ဂျိုးဖြူရေကိုမသုံးတာကြောင့် သူတို့ တော့ ဒုက္ခမရောက်ဘဲ သာမန်ပြည်သူပြည်သားတွေဘဲ ဒုက္ခရောက်သည်။ အဲဒါကြောင့်လည်း သောင်းကျန်းသူတွေဆန့်ကျင်ရေးအစိုးရရဲ့ဝါဒဖြန့်မှုဟာ ပိုပြီးအောင်မြင်သွားသည်။ လူစီးရထားတွေကို မိုင်းဗုံးခွဲတာ၊ ခရီးသည်တင်ကားတွေကို ဓားပြတိုက်တာ၊ လူသတ်တာ စတဲ့လုပ်ရပ်တွေဟာ သောင်းကျန်းသူတွေကို အကြီးအကျယ် နံမည်ပျက်စေခဲ့သည်။

အပြည်ပြည်ဆိုင်ရာဆက်ဆံရေး[ပြင်ဆင်ရန်]

ဦးနုအစိုးရဟာ တိကျတဲ့ ကြားနေရေးဝါဒကိုကျင့်သုံးခဲ့ပြီး ဦးနုဟာ အင်ဒိုနီးရှားသမ္မတ ဆူကာနို၊ အိန္ဒိယ ဝန်ကြီးချုပ် နေရူး၊ အီဂျစ်သမ္မတ နာဆာ၊ ယူဂိုဆလားဗီးယားသမ္မတ မာရှယ်တီးတိုး တို့နဲ့အတူ ဘန်းဒွန်း ကွန်ဖရင့် နဲ့ ဘက်မလိုက်နိုင်ငံများအဖွဲ့တို့ကို ဦးဆောင်သူဖြစ်ခဲ့လို့ မြန်မာနိုင်ငံဟာ အပြည်ပြည်ဆိုင်ရာ ဆက်ဆံရေးမှာ နာမည်ကောင်းခဲ့သည်။ ဒါကြောင့်လဲ မြန်မာနိုင်ငံသားဦးသန့်ကို ၁၉၆၁ မှာ နိုင်ငံတကာ က ယုံယုံကြည်ကြည် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်အဖြစ် ရွေးချယ်ခန့်အပ်ခြင်းဖြစ်သည်။

၁၉၅၄ မှာ ဦးနုဟာ သူ့အတွင်းဝန် ဦးသန့် (နောင် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်) နဲ့အတူ အိမ်နီးချင်း ယိုးဒယားနိုင်ငံကို ချစ်ကြည်ရေးခရီးသွားပြီး ဗမာဘုရင်တွေ ယိုးဒယားပြည်ကိုတိုက်ခဲ့မိတာတွေအတွက် ခွင့်လွှတ်စေလိုကြောင်းတောင်းပန်ပြီး အယုဒ္ဓယမြို့ဟောင်းပြင်ဆင်ရန်အတွက် အဲဒီခေတ်ကကျပ်ငွေနှစ်သန်း (အမေရိကန်ဒေါ်လာ လေးသိန်း) လက်ဆောင်ပေးသည်။ အတိတ်ကိုအတိတ်မှာဘဲထားခဲ့ကြဖို့ ပန်ကြားပြီး အနာဂတ်ချစ်ကြည်ရေးအတွက် ယိုးဒယားဘက်ကလဲ ရွှေတိဂုံစေတီရဲ့ထီးတော်ကို ယိုးဒယားက လုသွားတဲ့ရွှေတွေနဲ့လုပ်ထားသည်ဆိုတဲ့ ကောလဟာလမျိုးတွေ ရပ်ကြရန်ပန်ကြားခဲ့သည်။ နောက်ပိုင်းမှာ တစ်နှစ်တစ်ကြိမ် ယိုးဒယား - မြန်မာ ချစ်ကြည်ရေး အားကစားပြိုင်ပွဲတွေ သူတစ်လှည့်ကိုယ်တစ် လှည့် အိမ်ရှင်အဖြစ်လက်ခံကျင်းပလာနိုင်သည်။ ဒီချစ်ကြည်ရေးအားကစားပြိုင်ပွဲတွေဟာ ၁၉၅၉ ခု ကစပြီးကျင်းပလာနိုင်တဲ့ ကျွန်းဆွယ်အားကစားပြိုင်ပွဲ တွေရဲ့အုတ်မြစ်ဖြစ်သည်။ ၁၉၅၉ ခုမှာတော့ ယိုးဒယား ဘုရင်နဲ့မိဖုရား မြန်မာနိုင်ငံကို ချစ်ကြည်ရေးခရီး အဖြစ်လာသည်။ ရွှေတိဂုံစေတီတော်ကို ဖူးမြော်သည့်နေ့မှာ ဘုရင်နဲ့မိဖုရားနှစ်ပါးလုံး ယိုးဒယားရိုးရာ ဝတ်စုံဝတ်ထားပြီး ရွှေတိဂုံစေတီတော်ကို အဲဒီခတ်က ကျပ်ငွေငါးသောင်း (အမေရိကန်ဒေါ်လာ တစ်သောင်း) လှူဒါန်းခဲ့သည်။

အမေရိကန်ဒုတိယသမ္မတ ရစ်ချတ်နစ်ဆင်လည်း မြန်မာနိုင်ငံကို ချစ်ကြည်ရေးခရီးအဖြစ်လာသည်။ ဆိုဗီယက်ဝန်ကြီးချုပ် ဘူဂါနင်နဲ့ ပါတီအတွင်းရေးမှူးချုပ် ကရူးရော့ဗ် တို့လဲ ချစ်ကြည်ရေးခရီး အဖြစ် နှစ်ခေါက်လာသည်။ အပြန်မှာ လေယာဉ်ပျံတစ်စီးနဲ့ ကျည်ဆန်မပေါက်တဲ့ကားနှစ်စီး လက်ဆောင်ပေးပြီး တောင်ကြီးမှာ ခေတ်မီဆေးရုံတစ်လုံးနဲ့ ကြို့ကုန်းမှာ စက်မှုတက္ကသိုလ်ဆောက်ပေးမည်ဟု ကတိပေးသွားသည်။ အင်္ဂလန်ကဘုရင်မကြင်ယာတော် အီဒင်ဘာရာမြို့စား ဖီလစ် မင်းသားကြီးလည်း ချစ်ကြည်ရေး ခရီးအဖြစ်လာသည်။ မြန်မာပြည်ရဲ့နောက်ဆုံးအင်္ဂလိပ်ဘုရင်ခံ ဆာဟူးဘတ်ရန့်စ်ကိုလည်း ဦးနု အစိုးရကဖိတ်လို့ လာသည်။

ပြည်တွင်းနိုင်ငံရေး[ပြင်ဆင်ရန်]

နိုင်ငံရေး ခေါင်းဆောင်တွေ ရွေးကောက်ပွဲအတွက် မဲဆွယ်ရင် ငါဘယ်လောက်အနစ်နာခံပြီး ဆင်းဆင်း ရဲရဲနဲ့ နိုင်ငံရေးလုပ်ဖို့ ကြိုးစားရသည်ဆိုတာမျိုး မပြောကြဘူး။ ငါရွေးကောက်တင်မြှောက်ခံရရင် ဘယ်လို ရလဒ်ထွက်အောင်လုပ်မယ်ဆိုတဲ့ အချက်တွေနဲ့ မဲဆွယ်တာပါ။ မဲလိမ်မဲခိုးမှုတွေရှိခဲ့သည်။ အရပ်မဲနဲ့ တပ်မဲ ခွဲထားတဲ့အပြင် ရွေးကောက်ပွဲကျင်းပရက်ကလဲ အရပ်နဲ့ တပ် တစ်ရက်စီဆိုတော့ ဖဆပလ အမတ်လောင်းနိုင်ဖို့မသေချာတဲ့ မဲဆန္ဒနယ်တွေကို ရွေးကောက်ပွဲကျင်းပရက် ကပ်လာမှ အစိုးရတပ်ရင်းလိုက် ပြောင်းပို့တတ်သည်။ တပ်သားတွေ၊ ဗိုလ်တွေနဲ့ မိသားစုတွေ ပေါင်းလိုက်ရင် မဲ၁၅၀ဝ က ၂၀ဝ၀ လောက်ရှိပြီး အားလုံးကလဲ အထက်အမိန့်အရ ဖဆပလအမတ် လောင်းကို မဲပေးရတာကြောင့် အရပ်မဲမှာနိုင်ပြီး တပ်မဲနဲ့ကပ်ရှုံးခဲ့ရတဲ့ အတိုက်အခံနှင့် တစ်သီးပုဂ္ဂလ အမတ်လောင်းတွေရှိခဲ့သည်။ အစိုးရတပ်ချမထားနိုင်တဲ့နယ်တွေမှာ သောင်းကျန်းသူတွေက အတိုက်အခံ ပမညတ အမတ်လောင်းကိုမဲပေးရမယ်။ ပမညတ အမတ်လောင်း မနိုင်ရင် မဲဆန္ဒနယ်ကရွာတွေကို ဝင်ရောက်တိုက်ခိုက်ပြီး မီးရှို့မယ်လို့ခြိမ်းခြောက်ထားလို့ အတိုက်အခံ ပမညတ နိုင်တဲ့နယ်တွေလဲ ရှိသည်။

ပြည်တော်သာခေတ်ကအမှားများ[ပြင်ဆင်ရန်]

ပြည်တော်သာခေတ်အရသာကို ရန်ကုန်၊ မန္တလေး စတဲ့မြို့ကြီးတွေမှာခံစားနိုင်ပေမဲ့ နယ်တွေမှာတော့ နီးရာဓားကြောက်နေရသည်။ ရောင်စုံသူပုန်ကတစ်မျိုး အစိုးရတပ်တွေကတစ်ဖုံပါ။ ရှမ်းပြည်တွင် တရုတ်ဖြူ ကျူးကျော်မှုကို အကြောင်းပြကာ ဗမာစစ်သားများ ဗိုလ်ကျနေကြသည်။ ဖဆပလ အစိုးရအဖွဲ့ဝင်ဆိုရှယ်လစ်ပါတီရဲ့ ခါးပိုက်ဆောင်တပ်များလို့ နာမည်ကြီးတဲ့ စစ်ရဲတပ်များနဲ့ ပြူစောထီးတပ်တွေကလဲ နယ်တွေမှာထင်ရာစိုင်းကြသည်။ နာမည်ကျော် သယာဝတီခရိုင် မင်းလှလူသတ်မူတို့ မြိတ်မပို ဘယ်ရောက်သွားမှန်းမသိပျောက်သွားတာတို့ဟာ ဂါတ်တဲနားမှာဖြစ်ခဲ့ပေမဲ့ ပုလိပ်တွေဘာမှမလုပ်ရဲကြပေ။ နောက်ဆုံးသိပ်လွန်လာပြီး မြိတ်နားကပင်လယ်ပြင်ထဲမှာ "အောင်ကြီးသာ" ဆိုတဲ့စက်လှေကို ဓားပြတိုက်၊ ခရီးသည်တွေသတ်ပြီး စက်လှေကို ပင်လယ်ကြောမျှောသည့် ကိစ္စမှ ပြူစောထီးတွေကို အရေးယူရပြီး တရားခံပြူစောထီးဗိုလ် ချစ်လှိုင်နဲ့ထွန်းဝိုင်းတို့ကို တရားရုံးက သေဒဏ်ချမှတ်လိုက်သည်။

နောက်အဆိုးတစ်ချက်က ဖဆပလခေတ်တရားရေးဝန်ကြီးဌာနကိုဦးစီးသူ ဝန်ကြီးဟာ ဦးခင်မောင်လတ် ခေါ် အဗ္ဗဒူလတစ်ဖြစ်သည်။ လူဝင်မှုကြီးကြပ်ရေးဌာနက တရားရေးဝန်ကြီးဌာနရဲ့အောက်မှာရှိတော့ ရခိုင်ပြည်မြောက်ပိုင်းမှာ ခိုးဝင်နေသော ကုလားတစ်သိန်းကျော်ဟာ ဝန်ကြီး ဦးခင်မောင်လတ်ခေါ် အဗ္ဗဒူလတစ်ရဲ့ကောင်းမှုကြောင့် မြန်မာစကားရောစာပါတစ်လုံးမှမတတ်ဘဲ အမျိုးသားမှတ်ပုံတင်ကတ်ပြားများရသွားကြပြီး မြန်မာနိုင်ငံသားဖြစ်သွားရာကတဆင့် သမိုင်းလိမ်ရိုဟင်ဂျာအမည်ခံပြီး တိုင်းရင်းသားအတု၊ တိုင်းရင်းသားယောင်လုပ်ရန် ကြိုးစားလာကြခြင်းဖြစ်သည်။

ကွန်မြူနစ်တစ္ဆေနဲ့ ဖက်ဆစ်သရဲ[ပြင်ဆင်ရန်]

၁၉၅၇ ခုနှစ် အိမ်နီးချင်းယိုးဒယားနိုင်ငံမှာ ဖီးမာရှယ်ဆရစ်တာနာရပ်ခေါင်းဆောင်တဲ့စစ်တပ်က အာဏာ သိမ်းလိုက်လို့ ဝန်ကြီးချုပ် ပီဘူဆွန်ဂယမ်ဟာ ရန်သူ ကမ္ဘောဒီးယားနိုင်ငံကို မိုးကြိုးငှက် (Thunder Bird) အမည်ရှိကားနဲ့ထွက်ပြေးရတဲ့ဓာတ်ပုံ "မှန်ကင်းတစ်လှည့် ထင်းတစ်လှည့်" ခေါင်းစဉ်နဲ့ မြန်မာသတင်းစာတွင် ပါလာသည်။ နောက်နှစ်ရက်ခန့်အကြာ ဝန်ကြီးချုပ်ဦးနုက "ကွန်မြူနစ်တစ္ဆေနဲ့ဖက်ဆစ် သရဲ" မိန့်ခွန်းပြောသည်။ သူသည် ဒုတိယကမ္ဘာစစ်ကြီးအပြီးမှာ ကိုလိုနီနိုင်ငံတွေ လွတ်လပ်ရေးရ လာကြောင်း၊ လွတ်လပ်ခါစနိုင်ငံ အများစုက လက်ဝဲဝါဒဘက်ကို ယိမ်းကြကြောင်း၊ ဒါပေမဲ့ လုံးဝ လက်ဝဲနိုင်ငံအဖြစ်မရောက်မခြင်း လက်ဝဲအုပ်စုကမကြေနပ်လို့ ကွန်မြူနစ်သူပုန်တွေပေါ်လာကြောင်း၊ အမေရိကန်ခေါင်းဆောင်တဲ့ အခြားအုပ်စုကလဲ ကွန်မြူနစ်မဖြစ်ပြီးရောလို့ သဘောထားကာ ကွန်မြူနစ် ဆန့်ကျင်သူဆိုရင် ဘယ်သူ့ကိုမဆိုထောက်ခံ အားပေးကြောင်း၊ ဒါကြောင့် အမေရိကန်အကူအညီယူတဲ့ ဖွံ့ဖြိုးစနိုင်ငံတချို့တွင် ဒီမိုကရေစီ ဆိပ်သုဉ်းသွားပြီး စစ်အာဏာရှင်၊ ဖက်ဆစ် အာဏာရှင်စနစ်များ ပေါ်လာကြောင်းကိုပြောပြီး တောင်အမေရိကနိုင်ငံများ၊ ယိုးဒယားတောင်ကိုးရီးယားပါကစ္စတန်စတဲ့နိုင်ငံတွေကို ဥပမာပေးသွားသည်။ ဦးနုက တချို့ ဒီမိုကရေစီအစိုးရတွေဟာ ကွန်မြူနစ်ကို အကြောက်လွန်ပြီး စစ်တပ်ကိုချဲ့ထွင်ကြကြောင်း၊ ဒီကိစ္စဟာ တစ္ဆေကြောက်ပြီး သရဲမွေးသောလူနဲ့တူကြောင်း၊ တစ်နေ့မှာ ယိုးဒယားပြည်က ပြသွားတဲ့ဥပမာအတိုင်း ကွန်မြူနစ်တစ္ဆေကိုဟန့်တားနိုင်ပေမဲ့ စစ်ဖက်ဆစ်သရဲက ဂုတ်ချိုးတာခံလိုက်ရမှာဖြစ်ကြောင်း စကားပြောတရားဟောကောင်းသူပြီပြီ၊ ဥပမာ၊ ဥပမေယျအစုံစုံ နဲ့ပြောသွားခဲ့သည်။

ဦးနုဟာ ဗေဒင်ယုံသူ၊ နတ်ယုံသူ၊ အယူသည်းသူအဖြစ် နာမည်ကြီးခဲ့သော်လည်း သူကိုယ်တိုင်နှင့် မြန်မာပြည်သူ၊ ပြည်သားတွေဟာ သူပေးတဲ့ဥပမာအတိုင်း မကြာခင် သရဲဂုတ်ချိုး ခံရတော့မယ်လို့ ဘယ်ဗေဒင်ဆရာ၊ ဘယ်နတ်ကတော်၊ ဘယ်ပုဏ္ဏားကမှ ကြိုတင်ဟောကိန်းထုတ်ခြင်း၊ နိမိတ်ဖတ်ခြင်းတို့မပြုခဲ့ကြတာ အံ့ဩစရာဖြစ်သည်။ တစ္ဆေကြောက်တဲ့ ဖဆပလအစိုးရဟာ သရဲမွေးမိလို့ဂုတ်ချိုးခံလိုက်ရသည်။ သရဲကို ငယ်နိုင်လို့ ကိုယ့်ကိုယ်ကိုကိုယ်အထင်ရှိခဲ့ကြတဲ့ ဦးဗဆွေ (ကျားကြီး)၊ ဦးကျော်ငြိမ်း၊ ဗိုလ်ခင်မောင်ကလေး စတဲ့ဆိုရှယ်လစ်ခေါင်းဆောင်တွေဟာ သရဲက ဆရာကိုကာပြန်ပြီး ဂုတ်ချိုးပြတော့မှ "ဆရာမနိုင် နှစ်ဆောင်ပြိုင်" ဇာတ်ကနေရမှန်း သိသွားရပါတော့သည်။ သူတို့ချည်းခံရရုံဆိုရင် တော်ပါသေးသည်။ အခုတော့ မဆီမဆိုင် ပြည်သူကြီးခမျာ မြေဇာပင်ဖြစ်ခဲ့ရတာ အနှစ်ငါးဆယ်ကျော်ခဲ့သည်။ ဦးနုကြီး ဒီမိန့်ခွန်းကို ပြောခဲ့တဲ့အချိန်က မမွေးဖွားခဲ့သေးသူများရဲ့ သားမြေးများတောင် အခုအထိ သရဲဂုတ်ချိုးခံနေရဆဲပါ။

နိဂုံး[ပြင်ဆင်ရန်]

မြန်မာပြည်ဟာ စစ်အစိုးရအဆက်ဆက်အာဏာရူးပြီး အနှစ် ၅၀ လောက်နှိပ်စက်လိုက်လို့ ဗိုလ်ချုပ် အောင်ဆန်းနိမိတ်ဖတ်ခဲ့တဲ့ "ဟိုနိုင်ငံ"ဖြစ်လုနီးဘဝရောက်သွားခဲ့ရသည်။ ၁၉၆၂ ခု ဗိုလ်နေဝင်းတို့ အာဏာမသိမ်းခင် ဦးနုခေတ် မြန်မာပြည်အခြေအနေဟာ တောင်ကိုရီးယားအောက်မှာမရှိပါဘူး။ ကျွန်းဆွယ်ပွဲကိုအိမ်ရှင်အဖြစ်လက်ခံကျင်းပပေးနိုင်တာ ယိုးဒယားနဲ့မြန်မာဘဲ ရှိပါသေးသည်။ ၁၉၆၃ ခု ကျွန်းဆွယ်ပွဲ ကိုအိမ်ရှင်လုပ်ရမဲ့ သီဟာနုခေတ်ကမ္ဘောဒီးယားက သပိတ်မှောက်လိုက်တော့ အခုချမ်းသာနေတဲ့ မလေးရှားကတောင် သူအိမ်ရှင်အဖြစ်လက်မခံနိုင်သေးပါဘူး၊ ၁၉၆၅ ခုနှစ်မှလက်ခံပါရစေ ၁၉၆၃ ခု ကျွန်းဆွယ်ပွဲကို ယိုးဒယားနဲ့ မြန်မာတစ်ပြည်ပြည်က အိမ်ရှင်ပြန်လုပ်ပေးပါလို့ ပြောနေရတဲ့အချိန်ပါ။ အဲဒီအချိန်က တရုတ်ကျွန်းလို့အခေါ်ခံခဲ့ရတဲ့ စင်္ကာပူဟာ မလေးရှားပြည်ထောင်စုထဲက ခွဲမထွက်ရသေးပါဘူး။ ယိုးဒယားကပြည်တွင်းရေးကိစ္စကြောင့်လက်မခံနိုင်၊ မြန်မာပြည်ကဗိုလ်နေဝင်းကလည်းအာဏာသိမ်းအပြီး ဂျူလိုင် လ ၇ ရက်မှာကျောင်းသားတွေပစ်သတ်ခဲ့တဲ့ကိစ္စကစလို့နိုင်ငံရေးမတည်ငြိမ်တော့ လက်မခံနိုင်ဘူး။ ဒီလို နဲ့တတိယအကြိမ်ကျွန်းဆွယ်ပွဲကို ၁၉၆၅ ခုနှစ်မှာမှ မလေးရှားမှာကျင်းပပေးနိုင်သည်။

"မြန်မာပြည်ခုလိုဒုက္ခရောက်ရတာ ကျွန်တော်တို့တော်လှန်ရေးကောင်စီဝင်တွေရဲ့အပြစ်ပါ" လို့ ဗိုလ်အောင်ကြီးက ၁၉၈၈ မှာ ဝန်ခံခဲ့သည်။ ဗိုလ်နေဝင်းနဲ့ မဆလ ဗဟိုကော်မတီဝင်တွေဆီပို့တဲ့ ဗိုလ်အောင်ကြီး၏ အိတ်ဖွင့်ပေးစာမှာ အကြောင်းစုံပါသည်။

by- ဒေါက်တာမောင်မောင်ကြီး

http://moemaka.blogspot.com/2014/12/blog-post_850.html http://burmeseholidays.blogspot.com/p/blog-page_3.html