ပေတလူ မိလတ်

ဝီကီပီးဒီးယား မှ

ပေတလူ မိလတ် (အင်္ဂလိပ်: Pierre de Milard) သည် ပြင်သစ် ရေတပ်သားဟောင်း ဖြစ်ပြီး မြန်မာ့ရေတပ်တွင် အမှုထမ်းခဲ့သည်။ ယိုးဒယားတရုတ်တို့နှင့် ဖြစ်ပွားသည့် စစ်ပွဲတို့တွင် မြန်မာဘက်မှ ကူသည်။ ယိုးဒယားနှင့်တိုက်သည့် စစ်ပွဲတွင် ပြောင်မြောက်သော လုပ်ဆောင်ချက်တို့ကြောင့် တပယ်မြို့ကို စားရသည်။ အလောင်းမင်းတရားလက်ထက်တွင် စတင်ရောက်ရှိလာပြီး စဉ့်ကူမင်းအထိ အမှုထမ်းသည်။ ဆင်ဖြူရှင်မင်းနှင့် အလွန်ရင်းနှီးသည်။

ပြင်သစ် ရေတပ်သားဘဝ[ပြင်ဆင်ရန်]

၁၇၃၆ ခုနှစ်တွင် ဖွားမြင်သည်မှလွဲ၍ နောက်ကြောင်း အသေးစိတ် မသိရ။

၁၇၅၆ ခုနှစ်တွင် ကုန်းဘောင်နှင့် ဟံသာဝတီ စစ်ဖြစ်ရာ ဟံသာဝတီအား ကူညီရန် ပြင်သစ်တို့က သင်္ဘောသုံးစီး လွှတ်သည်။ ကုန်းဘောင်တပ်ကို သန်လျင်မှ ခုခံနေသည့် ပြင်သစ်ဗိုလ် ဗျူနို (Sieur de Bruno) အား ကူရန် ဖြစ်သည်။

၁၇၅၆ ခုနှစ်၊ ဇူလိုင်တွင် သန်လျင်ကို အလောင်းမင်းတရား သိမ်းသော် ပြင်သစ်သင်္ဘောနှစ်စီးကိုပါ ရသည်။ သင်္ဘောမှ အရာရှိများကို ကွပ်မျက်ကာ သင်္ဘောသားတို့အား မြန်မာတပ်သို့ ဝင်စေသည်။ မိလတ်မှာ အဆိုပါသင်္ဘောသားများအနက်မှ တဦးဖြစ်သည်။ ၎င်းကာလက အသက် ၂၀ သာ ရှိသေးသည်။

မြန်မာတပ်၏ အမှုတော်ထမ်းကာလ[ပြင်ဆင်ရန်]

ထို့ပြင်သစ်တပ်စုမှာ ၁၇၅၉-၆၇ အတွင်း ယိုးဒယားတို့နှင့်လည်းကောင်း၊ ၁၇၆၆-၆၉ အတွင်း မန်ချူးတို့နှင့် လည်းကောင်း စစ်မက်ဖြစ်သွားသောအခါ အရေးပါသောအခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။

ယိုးဒယား၊ မန်ချူးတို့နှင့် စစ်ဖြစ်ချိန်တွင် ပြင်သစ်သို့ဆက်သွယ်ကာ လက်နက်ဝယ်ယူရန် မိလတ်က ကူညီသည်။ စီးပွားကူးသန်းပြုလုပ်ရန် ပြင်သစ်တမန် ဖာရောက် (M. Feraud) အား ၁၇၇၀ ခုနှစ်တွင် ဖိတ်ခေါ်ပေးခဲ့ရာ ရန်ကုန်၌ ပြင်သစ်သင်္ဘောဆိပ် ပြန်လည်ထူထောင်နိုင်ခဲ့သည်။[၁]

အလောင်းမင်းတရားလက်ထက်တွင် ဗရင်ဂျီကုလားဖြူတပ်၌ စစ်ကြပ် အဖြစ် စခန့်သည်။ နောင်သော် တပ်မှူး၊ စစ်ဗိုလ် စသဖြင့် သူကောင်းပြုခံရသည်။

ဆင်ဖြူရှင်မင်းလက်ထက်တွင် ပေတလူ မိလတ်မှာ သက်တော်စောင့်ကုလားဗိုလ် ရာထူးနှင့် တပယ်မြို့ကို စားရသည်။ ရာဇသာရဘွဲ့နှင့် သီရိရာဇာ သူရကျော်ထင်ဘွဲ့ကိုလည်း ချီးမြှင့်ခံရသည်။

စဉ့်ကူးမင်းလက်ထက်တွင်လည်း သက်တော်စောင့်ကုလားဗိုလ်ဘွဲ့ကို ဆက်လက်ချီးမြှင့် ခံရသည်။ တပယ်မြို့ကို ရှေးကအတိုင်း စားစေသည်။ မူလ သီရိရာဇ သူရကျော်ထင်မှသည် နေမျိုးဘွဲ့ တိုးရာ နေမျိုး သီရိရာဇ သူရကျော်ထင် ဘွဲ့ကို ချီးမြှင့်ပြန်သည်။[၂]

ပရဟိတ ဆောင်ရွက်ချက်[ပြင်ဆင်ရန်]

မိလတ်မှာ စာသင်ကျောင်း၊ ဘုရားရှိခိုးကျောင်းများ တည်ဆောက်မှုကြောင့် ကျော်ကြားသည်။ အနောက်တိုင်းပညာရေးကို မြန်မာပြည်၌ ပြန့်ပွားစေသူလည်း ဖြစ်သည်။

ဆွေမျိုးသားချင်း[ပြင်ဆင်ရန်]

ဇနီ:ဖြစ်သူမှာ ခင်မိလတ် ဖြစ်ပြီး မြန်မာသွေးနှော ဖြစ်သည်။ သားသမီးမထွန်းကား၍ ခင်သစ် (​မေရီ) နှင့် ပေါ်သစ် (ဖိလစ်) ဟူသော ဝမ်းကွဲမောင်နှမများကို သားသမီးအဖြစ် မွေးစားထားသည်။

ဘဝနိဂုံး[ပြင်ဆင်ရန်]

၁၇၇၈ ခုနှစ်တွင် ကွယ်လွန်သည်။ စစ်ကိုင်းနယ်၊ ငါးရာပြားရွာတွင် ကျောက်ဂူတည် မြုပ်နှံပြီး "ပရင်သစ် (ပြင်သစ်) ဗိုလ်၊ သီရိရာဇ သူရကျော်ထင်၊ တပယ်မြို့စား" ဟူ၍ မှတ်တမ်းထိုးထားသည်။[၃]

ကိုးကား[ပြင်ဆင်ရန်]

  1. Keat Gin Ooi, "Southeast Asia"
  2. ရွှေစကြာ, "ကုန်းဘောင်ပြင်သစ်", ၁၉၄၀
  3. Harvey G. E., "History of Burma: From the Earliest Times to 10 March 1824", Asian Educational Services, 2000