ပါစယ်တာဝါ

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
ပါစယ်တာဝါ(Purcell Tower)နာရီစင်

ပါစယ်တာဝါ[ပြင်ဆင်ရန်]

ကမ္ဘာပေါ်တွင် နာမည်အကြီးဆုံး နာရီစင်ကြီးမှာ ဘစ်ဘင်(Big Ben)ခေါ် နာရီစင်ကြီးဖြစ်ပြီး အင်္ဂလန်နိုင်ငံလန်ဒန်မြို့တွင် တည်ရှိလေသည်။ ထိုနာရီစင်ကြီး နှစ်ပေါင်းတစ်ရာပြည့်သည့်နေ့တွင် ဗြိတိသျှပါလီမန်၌ နှစ်တစ်ရာ ဂုဏ်ပြုအထိမ်းအမှတ်အဖြစ် ပါလီမန်အမတ်များက သုံးမိနစ် မတ်တတ်ရပ်၍ အရိုအသေပြုခဲ့ကြဘူးပေသည်။ ဘစ်ဘင်နာရီကြီးသည် ၁၉၄၂-ခုနှစ်၊ ဒုတိယကမ္ဘာစစ်ကြီးဖြစ်သောအခါ ဂျာမန်လေတပ်မှ လန်ဒန်မြို့ကို ဗုံးကြဲသဖြင့် တုန်ခါမှုကြောင့် တစ်ကြိမ်သာ စက်ရပ်နားခဲ့ရဘူးလေသည်။ ထိုနာရီကြီးမှာ ယနေ့အထိ လန်ဒန်မြို့သူမြို့သားများအား အချိန်မှန်မှန် အလုပ်အကျွေးပြုနေဆဲပင် ဖြစ်ပေသည်။

ထို့အတူ မြန်မာနိုင်ငံတွင်လည်း ဘစ်ဘင်နာရီကြီးကဲ့သို့ သက်တမ်းအရှည်အကြာဆုံး နာရီစင်ကြီးတစ်ခု ရှိပါသည်။ ထိုနာရီစဉ်ကြီးကတော့ ပြင်ဦးလွင်မြို့ရှိ ပါစယ်တာဝါ(Purcell Tower)နာရီစင်ကြီးပဲ ဖြစ်ပါသည်။ ပြင်ဦးလွင်နာရီစင်ကြီးမှာ ၁၉၃၄-ခုနှစ်၊ အင်္ဂလန်နိုင်ငံ ဂီးလက်အင်ဂျွန်ဆင် ကုမ္ပဏီ(Gillete & Johnson Co.)မှ ဗြိတိသျှ ပဉ္စမမြောက် ဂျော့ဘုရင်၏ နန်းစံသက် (၂၅)နှစ်မြောက် ငွေရတုသဘင် အထိမ်းအမှတ်အဖြစ် ထုတ်လုပ်ခဲ့သော နာရီအနည်းငယ်အနက် တစ်လုံးအပါအဝင် ဖြစ်လေသည်။

မြန်မာနိုင်ငံအတွက် တစ်လုံး ယာထားရာတွင် မန္တလေးမြို့မှ မစ္စတာပါစယ် (Mr Purcell)နှင့် ပြင်ဦးလွင်မြို့မှ ရှေ့နေကြီး မစ္စတာ အာဇင်း(Mr M.Azin)တို့၏ ကြိုးပမ်းမှုကြောင့် ပြင်ဦးလွင်မြို့အတွက် ရရှိလိုက်ခြင်းပဲဖြစ်သည်။ နာရီစင်ကို ၁၉၃၅-ခုနှစ်တွင် ရန်ကုန်မြို့မှ ကလပ်အင်ဂရေ့ချ် ဆောက်လုပ်ရေးကုမ္ပဏီ (Clark & Graig Co.)မှ တာဝန်ယူ တာဝန်ယူတည်ဆောက်ပေးခဲ့သည်။ နာရီစင်ကြီးကို ၁၉၃၆-ခုနှစ်၊ စက်တင်ဘာလတွင် ဖွင့်လှစ်ခဲ့ပြီး စုစုပေါင်း ကုန်ကျငွေမှာ ၁၇၀၀၀-ကျပ် ဖြစ်သည်။ နာရီအလှူရှင် မစ္စတာပါစယ်က ငွေ ၁၁၀၀၀-ကျပ် မတည်လှူဒါန်း၍ ပြင်ဦးလွင် မြူနီစပယ်က ငွေ ၆၀၀၀-ကျပ် ထည့်ဝင်ခဲ့ခြင်း ဖြစ်သည်။ နာရီစင်ကြီးကိုလည်း ထိုအချိန်မှ စ၍ ပါစယ်တာဝါ(Purcell Tower)ဟု အမည်ပေးခဲ့သည်။ မစ္စတာပါစယ်မှာ နာရီစင်ကြီးအပြင် ယခုပြင်ဦးလွင် ပြည်သူ့ဆေးရုံကြီးရှိ သူနာပြုဆရာမများ နေထိုင်လျက်ရှိသော နှစ်ထပ်အဆောက်အဦ တစ်ခုကိုလည်း လှူဒါန်းခဲ့သေးသည်။ မစ္စတာပါစယ်သည် အာမေးနီးယန်းလူမျိုး တစ်ဦးဖြစ်ပြီး ၎င်း၏ ဘိုးဘွားများမှာ မင်းတုန်းမင်းနှင့် သီပေါမင်း လက်ထက်တော်များအထိ နန်းတွင်းသို့ အချိန်မရွေး ဝင်ထွက်ခွင့် ရရှိခဲ့သော ကုန်သည်ကြီးများဖြစ်သည်။

ပြင်ဦးလွင်နာရီစင်ကြီးမှာ အမြင့်ပေ ၇၅-ပေရှိပြီး အရပ်လေးမျက်နှာမှ နေ့ရောညပါ မြင်နိုင်ရန်အတွက် ဒိုင်ခွက်အကျယ် ၄-ပေခွဲစီရှိ နာရီ လေးခုကို တပ်ဆင်ထားသည်။ ထို့အပြင် အတွင်း၌ ဝက်စမင်စတာချိုင်း( Westmister Chime) ခေါ် ကြီးစဉ်ငယ်လိုက် ခေါင်းလောင်းလေးလုံးနှင့် တစ်နာရီထိုးတိုင်း အချက်ပြည့်တီးသည့် ခေါင်းလောင်းကြီးတစ်လုံး၊ စုစုပေါင်း ခေါင်းလောင်းကြီး ငါးလုံး တပ်ဆင်ထားသည်။ ခေါင်းလောင်းလေးလုံးမှာ ၁၅-မိနစ်လျှင် တစ်ကြိမ် သံစုံကျူးရင့်ရန် အတွက်ဖြစ်သည်။

ထူးခြားချက်[ပြင်ဆင်ရန်]

ထိုနာရီစင်ကြီး၏ ထူးခြားချက်မှာ ၁၅-မိနစ်လျှင် တစ်ကြိမ် မြည်သည့် သံစဉ်တီးလုံး လေးမျိုးရှိပြီး ထိုလေးမျိုးစလုံးမှာ သူ့အဓိပ္ပါယ်နှင့်သူ ရှိသည်။

  1. Lord, through this hour,
  2. Be thou our guide,
  3. So, by thy power,
  4. No foot shall slide.

အဓိပ္ပါယ်မှာ-

  1. အို အရှင် ....ဤအချိန်နာရီမှ စတင်ကာ
  2. ကျွန်ုပ်တို့၏ လမ်းညွှန်ရာ
  3. အရှင့်စွမ်းအား ပေးသနားကာ
  4. ခြေလှမ်းတိုင်း မြဲမြန်စေဖို့ရာ ဟူ၍ ဖြစ်ပါသည်။

နာရီစက်များမှာ သံပတ်ဖြင့် လည်ခြင်းဖြစ်သည်။ သီတင်းတစ်ပါတ်လျှင် နှစ်ကြိမ် သံပတ်ပေးရသည်။ နာရီတွင် တပ်ဆင်ထားသော စက်ပစ္စည်း အစိတ်အပိုင်း အမျိုးမျိုး၏ စုစုပေါင်း အလေးချိန်မှာ သုံးတန်ခန့်ရှိသည်။

ခေတ္တ ရပ်နား[ပြင်ဆင်ရန်]

ထိုနာရီစင်ကြီးမှာ ဒုတိယကမ္ဘာစစ်ကြီး ပြီးခါနီး ၁၉၄၅-ခုနှစ်၊ မတ်လနှင့် ဧပြီလ၌ ခေတ္တရပ်နားခဲ့ဘူးသည်။ ထိုစဉ်က နာရီရပ်နားခဲ့ရခြင်းမှာ နာရီကြီး၌ တပ်ဆင်ထားသော စက်ပစ္စည်းများကို လူအချို့က ဖြုတ်ယူပြီး သံတိုသံစ ရောင်းသည့် ဆိုင်တွင် ရောင်းချခဲ့သောကြောင့် ဖြစ်သည်။

၁၉၄၅-ခုနှစ် မတ်လ ၁၅-ရက်နေ့တွင် ပြင်ဦးလွင်မြို့ကို ဂျပန်လက်မှ ပြန်လည်သိမ်းပိုက်နိုင်ခဲ့သော အမှတ်(၁၉) ဗြိတိသျှတပ်မမှ ဗိုလ်မှူးဒီမက်တို့ချ်(Major DeMatoech)ဆိုသူ စစ်အုပ်ချုပ်ရေး အရာရှိက ဦးသိန်း(ယခု အတ်ချားဘရားသား နာရီဆိုင်)ကို ခေါ်ယူပြီး နာရီစင်မှ နာရီ ဘာကြောင့်အလုပ်မလုပ်သနည်းဟု ခေါ်ယူမေးမြန်းသောအခါ ဦးသိန်းက အဖြစ်အပျက် အကြောင်းစုံကို ပြောပြလိုက်လေသည်။ သို့နှင့် ဗိုလ်မှူးဒီမက်တို့ချ်သည် ပြင်ဦးလွင်ဈေးကြီးအတွင်းရှိ သံတိုသံစ ရောင်းသည့် ကုလားများအား စစ်အုပ်ချုပ်ရေးရုံးစိုက်ရာ (ယခု မေဦးလွင်ရုပ်ရှင်ရုံ၊ ယခင် ဝှိုက်တဝေး အဆောက်အဦ) သို့ ကြည်သာစွာ ခေါ်ယူတွေ့ဆုံခဲ့လေသည်။

ခင်ဗျားတို့အနေနှင့် နာရီစင်ကြီးရဲ့ စက်ပစ္စည်းတွေကို တာဝန်သိသိ မပေျာက်မပျက်အောင် ဖြုတ်ယူသိမ်းပေးထားတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်။ အခု စစ်ကြီးလည်း ပြီးပါပြီ၊ နာရီက ဖြုတ်ယူထိန်းသိမ်း ပေးထားတဲ့ စက်ပစ္စည်း အစိတ်အပိုင်းအားလုံး ကျွန်ုပ်ထံ ပြန်အပ်ကြပါ။ ဒီနာရီကြီး စက်သံက ထွက်ပေါ်လာမဲ့ သံစုံကျူးရင့်သံကို မင်းတို့ရဲ့ မိဘဆွေမျိုး၊ သားသမီး မြေးမြစ်များအပါအဝင် မြို့သူမြို့သား အားလုံးက ပြန်လည်နားသောတ ဆင်ရတဲ့အခါ မင်းတို့ကို ကျေးဇူးတင်ကြလိမ့်မယ် ဟု လိမ္မာပါးနပ်စွာဖြင့် ပြောပြလိုက်သောအခါ သံတိုသံစ ရောင်းသည့် ကုလားများမှာ နားလည်သဘောပေါက်ပြီး ဈေးထဲသို့ ပြန်သွားကာ နာရီစက် အစိတ်အပိုင်းများကို တစ်ခုမကျန် ဂုန်နီအိတ်ဖြင့်ထည့်၍ လာရောက်အပ်နှံကြသည်။ ထိုအခါ ဗိုလ်မှူးဒီမက်တို့ချ်သည် ဦးသိန်းအား နာရီစက်ပစ္စည်းများကို ပေးအပ်လိုက်ပြီး နာရီကြီး အလုပ်ပြန်လုပ်ရန် တာဝန်ပေးအပ်လိုက်လေသည်။ ထိုအချိန်မှစ၍ ယနေ့အထိ ပြင်ဦးလွင် နာရီစင်ကြီးက မြို့သူမြို့သားများအား ဆက်လက်၍ အလုပ်အကျွေးပြုလျက် ရှိကာ သက်တမ်းအားဖြင့် ၈၀ နှစ်သို့ တိုင်ခဲ့လေပြီ။

ကိုးကား[ပြင်ဆင်ရန်]